“ ဘာကြီး ...”
ငရဲဘုရင်အာဟနှင့် အခြားလူများက ပုဖန်ပြောသည်ကိုကြားလိုက်ချိန်တွင် အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်သွားပြီး စမ်းချောင်းဝါမဟာပညာရှိကမူ စားလက်စ ခေါက်ဆွဲများပင် ပါးစပ်ထဲမှ ထွေးထုတ်မိလိုနီးပါးဖြစ်သွားသည်။
ကမ္ဘာမြေအကျဉ်းထောင်ရဲ့ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ဆွဲဆောင်ပြီး ဝိုင်ကရားထဲကို ထည့်မယ်တဲ့လား ... ဒီစားဖိုမှူးလေးက တော်တော်ရဲတင်းနေတာပဲ ... စိတ်ဆန္ဒက ဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာ သိရဲ့လား ...
ပုဖန်က သူတို့ကို ရုပ်တည်ဖြင့်သာ ကြည့်နေသည်။ သူဘာမှ ထပ်မပြောတော့ပဲ သူတို့ကို ကြည့်ရုံသာကြည့်နေသည်။ ထိုအကြည့်ကြောင့် စမ်းချောင်းဝါမဟာပညာရှိကြီးမှာ ခေါက်ဆွဲဆက်မစားနိုင်တော့ပေ။
မျက်ခေါင်းပေါက်တောင်ဝှေးကို ကိုင်ထားသော ယင်းလုံမှာ ဘာပြောရမည်ပင် မသိတော့ပေ။ ပုဖန်၏ အချက်အပြုတ်စွမ်းရည်များအကြောင်း သူသိသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင်ရှိစဉ်က သူ့ဟင်းပွဲများကို မြည်းစမ်းခဲ့ဖူးသည်။ သူ တစ်ဖက်သို့လှည့်ကာ နယ်သာရီကိုကြည့်လိုက်သည်။ သူမကိုယ်မှ ကျိန်စာကို ပုဖန်က အချက်အပြုတ်စွမ်းရည်ဖြင့် ဖိနှိပ်ပေးထားခြင်းဖြစ်သည်။
ဒါပေမဲ့ သူက ဝိုင်တစ်ကရားကို အာဟာရဖြည့်တင်းဖို့အတွက်နဲ့ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ဆွဲဆောင်ချင်တယ်ပေါ့လေ ... ဝိုင်ကရားက အဲ့လိုစွမ်းအားတွေ ပေါင်းစပ်တဲ့ဒဏ်ကို ခံနိုင်ပါ့မလား... သူတို့ လုပ်နိုင်ခဲ့တယ်ဆိုရင်တောင် ကရားက စွမ်းအားကို ခံနိုင်ဖို့ မသေချာဘူးလေ ... ဘာလို့ ဘုံတစ်ပါးသူတော်စင်ငယ်အဆင့်ပဲရှိသေးတဲ့ စားဖိုမှူးလေးက ဒီအကြံကို ရလာတာပါလိမ့် ...
သို့ရာတွင် ခွေးဘုရင်က လျှာထုတ်၍ စိတ်ဝင်တစားကြည့်နေသည်။ ငရဲဘုရင်အာဟကမူ မျက်လုံးများမှေးကျဉ်းကာ ပြုံးနေသည်။
“ စမ်းချောင်းဝါအစ်ကိုကြီးကို လုပ်ခိုင်းလိုက်လေ ... ငါတို့အားလုံးထဲမှာ သူနဲ့ အသင့်တော်ဆုံးပဲ ...”
စမ်းချောင်းဝါမဟာပညာရှိက ခဏတာ ရပ်တန့်သွားသည်။
“ ဘာလို့ ငါက အသင့်တော်ဆုံးဖြစ်ရတာလဲ ... “
ဝိုင်ချက်သည့်လုပ်ငန်းစဉ်တွင် သူပါဝင်နေရသည့်အကြောင်းရင်းကို မသိနိုင်ဖြစ်နေသည်။
“ လူအိုကြီးယင်းလုံက နည်းနည်းပိုပြီး အားနည်းတယ်လေ ... ဝဲစားခွေးကျတော့ မဟာနိယာမလမ်းစဉ်ကို အမြဲစားချင်နေတော့ သူလုပ်လိုက်တာတာနဲ့ မိုးကြိုးပစ်ခံရလိမ့်မယ် ... ကျုပ်ကတော့ ဟီးဟီး ... လုပ်ရမှာပျင်းလို့လေ ...”
ငရဲဘုရင်အာဟကို ခြေထောက်ကိုချိတ်လျက်ပြောလိုက်သည်။
စမ်းချောင်းဝါမဟာပညာရှိက ဆွံ့အသွားသည့်ပုံပင်။
“ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို မင်းဘာလို့ မဆွဲဆောင်နိုင်လဲသိလား မင်းက အရမ်းအားနည်းလို့လေ ... “
သူ့နှုတ်ခမ်းများကိုတွန့်ကာ အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
“ ကျုပ်ကိုကူညီပြီး မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ဆွဲဆောင်ပေးနိုင်မယ်ဆိုရင် ဝိုင်ကရားအသေးတစ်လုံး အလကားရမယ် ... တစ်ခုတော့ ကြိုပြောထားမယ် ဒီဝိုင်က အရမ်းဈေးကြီးတယ်နော် ...”
ပုဖန် လေးနက်စွာပြောလိုက်သည်။
ဝိုင်ကရားအသေးတစ်လုံး ပေးလိုက်ခြင်းကပင် သူ့အဖို့ အလွန်ရက်ရောနေပြီဟု ပြောရမည်ဖြစ်သည်။ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို လိုအပ်နေ၍ သူ့ထံတွင် ရွေးချယ်စရာမရှိတော့ပေ။ သူကိုယ်တိုင်လုပ်ရန်ကလည်း လုံလောက်သောအစွမ်း ရှိမနေသေးပေ။ အမှန်တွင်လည်း သူက ထိုအဆင့်ရောက်ရန် အလှမ်းဝေးလွန်းနေသေးသည်။
“ ကရားအသေးလေးလား မလောက်ဘူး ... အဲ့ဒါကို ငါတစ်ငုံတည်းသောက်လိုက်ရင်တောင်ရတယ် ...”
“ တစ်ငုံတည်းသောက်မယ်တဲ့လား ...”
ပုဖန်က မဟာသူတော်စင်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
သူက ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို တစ်ငုံတည်းသောက်ပစ်ဦးမယ်ပေါ့ ... သူ့ကိုယ်သူ ဝိုင်သူတော်စင်များ ထင်နေလား ... ကမ္ဘာမြေအကျဉ်းထောင်မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ကောင်းကင်ကမ္ဘာမြေလယ်ယာမြေရဲ့ သိတ်ဆန္ဒနဲ့ ပေါင်းထားတဲ့အပြင် မသေမျိုးချက်ပြုတ်ခြင်းဝိုင်ပါ ထည့်ပေါင်းလိုက်ရင် ဒီဝိုင်က စိတ်ဆန္ဒသုံးမျိုးတောင် ပါလာမှာလေ ... သူ အဲ့ဒါကို တစ်ငုံတည်းသောက်လိုက်မယ်ဆို တစ်ဘဝလုံး မူးနေတေ့ာမှာပဲ ...
ပုဖန် ဘာမှ မပြောလိုက်မိတော့ပေ။ စမ်းချောင်းဝါမဟာပညာရှိကြီးကိုသာ စိုက်ကြည့်နေလိုက်တော့သည်။
“ ငါ့ကို အဲ့ကရားပေးစမ်း ... ဝိုင်ကောင်းကောင်းတစ်မျိုးအတွက် ငါလုပ်ပေးလိုက်မယ် ဒါပေမဲ့ အဲ့ဒီဝိုင်က ငါ့ကို စိတ်မကျေနပ်စေရင်တော့ မင်းငိုယိုနေတဲ့အထိ စားသောက်ဆိုင်ကို ဝါးစားပစ်မယ် ...”
စမ်းချောင်းတါ မဟာပညာရှိက နောက်ဆုံးလက်ကျန်ခေါက်ဆွဲကို စားပြီးချိန်၌ပြောလိုက်သည်။
ပုဖန်က ကရားကို သူ့အားပေးလိုက်သည်။ ကရားကို ယူလိုက်သည်နှင့် သူ့သံသယများကြီးထွားလာသည်။ ကရားအတွင်းတွင် ထူးဆန်းသောစွမ်းအင်အတက်အကျများမရှိပဲ သာမန်ဝိုင်ကရားတစ်ခုသာဖြစ်သည်။
“ ဟင် ...”
မဟာသူတော်စင်က မျက်လုံးများမှေးကျဉ်းကာ ပုဖန်ကို သံသယမကင်းဟန်ဖြင့် ကြည့်နေသည်။ ပုဖန်အပေါ် သူ၏ မယုံကြည်မှုက ပို၍ပို၍ ထင်ရှားလာသည်။ ဝိုင်ကို အရွက်ကိုးရွက် စမ်းချောင်းဝါမြက်ဖြင့် ချက်လုပ်ထားခြင်းဖြစ်၍ ၎င်းက သာမန်မဖြစ်နိုင်တော့ပေ။
ကရားကိုကိုင်ထားလျက် စမ်းချောင်းဝါမဟာပညာရှိက စားသောက်ဆိုင်ထဲမှထွက်သွားပြီး ပုဖန်နှင့် အခြားလူများက သူ့နောက်မှလိုက်လာသည်။
စားသောက်ဆိုင်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော လူအုပ်ကြီးက အလန့်တကြားထအော်ကုန်ကြသည်။ စားသောက်ဆိုင်အတွင်းမှ ထိပ်တန်းကျင့်ကြံသူများထွက်လာကြသဖြင့် ကြည့်ရှု့နေသူများက ထိတ်လန့်ကုန်ပြီး အချို့မှာ ပင့်သက်ရှိုက်ကုန်ကြသည်။
“ အဲ့ဒါ အကျဥ်းထောင်အရှင်သခင်ယင်းလုံမလား ... သူ တကယ်ပဲ ဒီနေရာ ရောက်နေတာပေါ့ ...”
“ နေဦး ... အဲ့လူက စမ်းချောင်းဝါမဟာပညာရှိနဲ့ တူသလိုပဲ ...”
“ ဟိုဘက်ကလူက ငရဲဘုရင်အရှင်မင်းကြီးမလား ... ငါကြားတာတော့ အရှင်က နတ်ဆိုးတံခါးပေါက်တွေကို ကျော်ဖြတ်နေတယ်ဆို ...”
မိသားစုပေါင်းစုံမှ ကျင့်ကြံသူများက မျက်လုံးများပြူးကျယ်လျက် အံ့အားသင့်ကုန်ကြသည်။
နောက်ဆုံးတွင် သိမ်မွေ့သော ကြောင်ခြေလှမ်းများဖြင့် လျှောက်လာသည့် ခွေးနက်ကြီးကို မြင်သည့်အခါ လူအုပ်ကြီးတတ်ဆိတ်ငြိမ်သက်သွားသည်။
“ ဘုရားရေ ... အဲ့ဒါ ကမ္ဘာမြေအကျဉ်းထောင်ခွေးပဲ ...”
“ ကမ္ဘာမြေအကျဉ်းထောင်ရဲ့ စောင့်ရှောက်သူမလား ...”
“ ဒဏ္ဍာရီအရဆိုရင် သူက အရင်ငရဲဘုရင်နဲ့အတူ ငရဲအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့တဲ့သူမလား ...”
ခွေးဘုရင်ကို မြင်လိုက်သည်နှင့် လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။ အကျဉ်းထောင်အရှင်သခင်ယင်းလုံ တစ်ဦးတည်းကသာလျှင် စားသောက်ဆိုင်ထဲတွင် စွမ်းအားကြီးသောတည်ရှိမှုဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် စွမ်းအားကြီးကျင့်ကြံသူ အုပ်လိုက်ကြီးက ဆိုင်ထဲမှထွက်လာသည်။
သူတို့အားလုံး စိတ်ရှုပ်ထွေးကုန်ကြသည်။ သူတို့က အကျဉ်းထောင်အရှင်သခင်ယင်းလုံ တစ်ယောက်တည်းအတွက် လက်ဆောင်များ ပြင်ဆင်လာကြသော်လည်း ကြီးမြတ်သောကျင့်ကြံသူများစွာ ရှိနေသည့်အတွက် သူတို့လက်ဆောင်များကို ထုတ်ပြရမည်ကိုပင် ရှက်ကုန်သည်။
စမ်းချောင်းဝါမဟာပညာရှိက သူ့နားတစ်ဝိုက်မှ လူအုပ်ကြီးကို ဂရုစိုက်မနေပေ။ မဟာသူတော်စင်တစ်ယောက်၏ မျက်လုံးထဲတွင် ၎င်းတို့က တီကောင်သာသာ ဖြစ်သည်။ ကမ္ဘာမြေအကျဉ်းထောင်တွင် မဟာသူတော်စင်အနည်းငယ်သာရှိပြီး ထိုလူများကိုသာ သူဂရုစိုက်သည်။ ပုဖန်၏ ဟင်းပွဲများက အရသာမရှိပါက သူ့ကိုလှည့်ကြည့်မည်ပင်မဟုတ်ပေ။
ယခုအခါတွင် သူက ပုဖန်နောက်ကိုသာ လိုက်တော့မည်ဖြစ်သည်။ အရသာရှိသော အစားအစာများ၏ ဆွဲဆောင်မှုက အလွန်မက်မောဖွယ်ကောင်းလွန်းလှသည်။
မဟာသူတော်စင်က ဝိုင်ကရားကို စားသောက်ဆိုင်ရှေ့မှ မြေကွက်လပ်တွင် ချထားလိုက်သည်။ ထို့နောက် သူ့ဝတ်ရုံလက်ကို ခါလိုက်သည့်အခါ လေပြင်းတစ်ခု ချက်ချင်းတိုက်ခတ်သွားသည်။ စားသောက်ဆိုင်ရှေ့မှ လူအုပ်ကြီးကို မမြင်ရသောအားတစ်ခုက တွန်းထုတ်လိုက်သဖြင့် အားလုံး လေပေါ်လွင့်သွားသည်။ အချို့လူများက မြေပေါ် ဖင်ထိုင်လျက် ကျကုန်ပြီး စိတ်ရှုပ်ထွေးနေကြသည်။
“ မဟာသူတော်စင်အဆင့် ကျင့်ကြံခြင်းဆိုတာ ကမ္ဘာငယ်လေးတစ်ခုဖြစ်အောင် ဖန်တီးကျင့်ကြံရတာပဲ ... အဲ့ကမ္ဘာငယ်လေးက သူတို့ရဲ့ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကြောင့် ဖြစ်တည်လာပြီး စိတ်ဆန္ဒကို အပြည့်အဝ ပုံဖော်နိုင်ပြီဆိုမှ ဒီကမ္ဘာကနေ ခွဲထုတ်သွားနိုင်လိမ့်မယ် ...”
ခွေးဘုရင်က ရုတ်တရက် ထပြောလိုက်သည်။
သူက ပုဖန်ကိုပြောပြနေခြင်းဖြစ်သော်လည်း ဘေးနားမှလူများကြားသည့်အခါ နားထဲကို မိုးကြိုးပစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့အားလုံး တင်ပျဉ်ခွေထိုင်ကာ ဂရုတစိုက် နားထောင်နေကြသည်။ ကမ္ဘာမြေအကျဉ်းထောင်ခွေးထံမှစကားဖြစ်၍ သူတို့အားလုံး အာရုံစိုက် နားထောင်ချင်နေသည်မှာ သဘာဝပင်ဖြစ်သည်။
“ ဒါပေမဲ့ အဲ့လိုခွဲထုတ်နိုင်ဖို့ဆိုတာ မလွယ်ဘူး ... တကယ်ဆို ပျက်သုဉ်းခြင်းအကျဉ်းထောင်၊ ကမ္ဘာမြေအကျဉ်းထောင်နဲ့ ငရဲအကျဉ်းထောင်တို့က အရမ်းစွမ်းအားကြီးတဲ့ မဟာနိယာမလမ်းစဉ်တစ်ခုတည်းကို မျှသုံးနေရတာ ... ဒီဟာက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကထက်ပိုပြီး စွမ်းအားကြီးတယ် ...”
ခွေးဘုရင်၏မျက်နှာတွင် လေးနက်သော အကြည့်တစ်ခုဖြစ်ပေါ်လာ၍ ပုဖန် ခဏတာရပ်တန့်သွားသည်။ မဟာနိယာမလမ်းစဉ်က ပို၍ သန်မာလေ ခွဲထုတ်ရသည်မှာ ပိုမိုခက်ခဲလေဖြစ်သည်။ ၎င်းကြောင့် ခွေးဘုရင်က ဝမ်းနည်းနေရခြင်းဖြစ်သည်။
“ ကဲ စပါပြီ ...”
ငရဲဘုရင်အာဟက အစပ်ချောင်းကို နှုတ်ခမ်းကြားထဲတွင် ကိုက်ထားလျက် ပြောလိုက်သည်။
လူပေါင်းများစွာ၏ မျက်လုံးများက စမ်းချောင်းဝါ မဟာပညာရှိအပေါ် ကျရောက်သွားပြီး ချက်ချင်းပင် အေးခဲကုန်သည်။
“ စမ်းချောင်းဝါ မဟာပညာရှိက ဘာလုပ်မလို့ပါလိမ့် ... သူ့ကြည့်ရတာ အရမ်းကို ထည်ဝါလွန်းနေတယ် ...”
စမ်းချောင်းဝါ မဟာပညာရှိ၏ကိုယ်မှ ကြောက်မက်ဖွယ်အော်ရာတစ်မျိုး ပေါက်ကွဲထွက်လာသည်ကို လူအုပ်ကြီးက ခံစားမိလိုက်သည်။ ၎င်းက နှစ်သောင်းပေါင်းများစွာ အိပ်ပျော်နေခဲ့သော ရှေးဟောင်းတည်ရှိမှုတစ်ခုက ယခုချိန်မှ နိုးထလာသကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။ ထိုအော်ရာထွက်ပေါ်လာသည်နှင့် လူအားလုံးတိတ်ဆိတ်ကုန်ပြီး အသံတစ်သံမှ မထွက်ရဲကြတော့ပေ။
ယခုအချိန်၌ ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံး ကမောက်ကမဖြစ်ကုန်သည်။
…
နတ်ဘုရားပျောက်ကွယ်တောင်တွင် ရေခဲများကြား၌ ရှိနေသော လှပသည့်မိန်းမပျိုလေး၏ မျက်တောင်ရှည်များ တဖပ်ဖျပ်လှုပ်သွားသည်။ နောက်အခိုက်အတန့်တွင် သူမ၏ မျက်လုံးများပွင့်လာပြီး စူးရှသော အကြည့်တစ်ချက် ပေါ်ထွက်လာသည်။
“ အိုး ... စမ်းချောင်းဝါလူအိုကြီးရဲ့အော်ရာပဲ ... သူ ဘယ်သူနဲ့များ တိုက်ခိုက်မလို့ပါလိမ့် ...”
မဟူရာဘုရားကျောင်းထဲမှ မီးခိုးငွေ့တန်းအနက်ရောင်များပေါ်ထွက်လာကာ လေးနက်သောအကြည့်ဖြင့် မျက်နှာတစ်ခုအဖြစ်ပြောင်းသွားသည်။ စမ်းချောင်းဝါမဟာပညာရှိ၏အော်ရာက သူ့ကို ပူပန်သွားစေသည်။
“ အဲ့လူအိုကြီးက သူ့စွမ်းအားတွေကို ကြွားနေတာများလား ...”
ကျဆုံးနတ်ဘုရားလိုဏ်ဂူ ဂိတ်တံခါးများက ကျွီခနဲအသံဖြင့်ပွင့်လာပြီး တစ္ဆေမီးတောက်များ ထွက်ပေါ်လာသည်။ ရွှေရောင်အရိုးစုက လိုဏ်ဂူထဲမှ ထွက်ပေါ်လာသည်။ ၎င်း၏အရိုးများကို မီးတောက်များဖြင့် ရစ်ပတ်ထားပြီး မျက်လုံးအိမ်ထဲတွင် အနီရောင်တစ္ဆေမီးတောက်များ ကခုန်လျက်ရှိသည်။
အရိုးစုက ခေါင်းမော့လိုက်သည့်အခါ မျက်လုံးထဲမှ တစ္ဆေမိးတောက်များက အရာအားလုံးကို ရောင်ပြန်ဟပ်နေသည်ဟု ထင်ရသည်။ နောက်အခိုက်အတန့်တွင် ၎င်း၏မေးရိုးများ ဟလာပြီး လျှို့ဝှက်ဆန်းကြယ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ သူ ဘာလုပ်နေပါလိမ့် ... ဒီအဘိုးကြီးက နှစ်ပေါင်း သောင်းနဲ့ချီကြာတဲ့အထိ သူ့အစွမ်းတွေအားလုံး မထုတ်ခဲ့ပါဘူး... ဒီနေ့မှ အော်ရာကို အစွမ်းကုန်ဖွက့်ထုတ်ပြီး ဘာလုပ်မလို့ပါလိမ့် ...”
ယခုချိန်တွင် စမ်းချောင်းဝါမဟာပညာရှိ၏ ပုံစံက လေပေါ်လွင့်မျောနေသော နတ်ဘုရားတစ်ပါးနှင့်တူနေသည်။ ကမ္ဘာမြေအကျဉ်းထောင်၏ အသက်ကြီးဆုံး မဟာသူတော်စင်ဖြစ်သည့်အတွက် သူက အလွန်းအမင်း အင်အားကြီးလှပြီး မည်သူမျှ သူ၏ခွန်အားအစစ်အမှန်ကို မသိကြပေ။ ယခုချိန်တွင် သူ၏အော်ရာက ပျံ့နှံ့သွားပြီဖြစ်၍ ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံး ထိတ်လန့်သွားသည်။
စမ်းချောင်းဝါမြစ်ထဲမှ ရေများလည်း ဘောင်ဘင်ခတ်နေသည်။ ကျိုးပဲ့နေသောဝိညာဉ်များက မြစ်ထဲတွင် အော်ဟစ်မြည်ကြွေးနေပြီး ငါးများကလည်း မြစ်ထဲမှ တဖျတ်ဖျတ်ခုန်ထွက်နေကြသည်။ တစ်ချိန်တည်းမှာပင် စမ်းချောင်းဝါတောင်ကြားထဲမှ ဝိညာဉ်သားရဲများက မြေပြင်ပေါ် ဒူးထောက်ဝပ်တွားကုန်ကြသည်။
စမ်းချောင်းဝါမဟာပညာရှိက လက်နောက်ပစ်ထားပြီး နှုတ်ခမ်းထောင့်ကလည်း အနည်းငယ်တွန့်ကွေးသွားသည်။
“ ကမ္ဘာမြေအကျဉ်းထောင်ရဲ့ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒ ဟားဟား ...”
နောက်အခိုက်အတန့်တွင် သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ တဝှီဝှီအသံဖြင့် ဧရာမလက်ဖဝါးကြီးတစ်ခု ကောင်းကင်ပေါ် တက်လာကာ ကြယ်စင်ကောင်းကင်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ၎င်းက ကြယ်စင်ကောင်းကင်ပေါ်သို့ ရောက်ရှိသွားချိန်တွင် လက်ဖဝါးကြီးက အပေါ်မြင့်မြင့် တက်လိုသော်လည်း မမြင်ရသော အရံအတားတစ်ခုက တားမြစ်လိုက်သည်။
စမ်းချောင်းဝါမဟာပညာရှိက မျက်လုံးများ မှေးကျဉ်းလိုက်ကာ ထိုလက်ဖဝါးကို ပြန်ရုတ်လိုက်သည်။
ဂျိန်း ...
ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံးတွင် ကြီးမားသော ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးခြိမ်းသံများထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးမဲမှောင်သွားသည်။ မိုးကြိုးသွားများက စမ်းချောင်းဝါမဟာပညာရှိထံသို့ ပစ်ချနေသော်လည်း သူ၏ခန္ဓာကိုယ်က ရွှေအစစ်အဖြစ် ပြောင်းသွားသကဲ့သို့ အရောင်တောက်ပလာပြီး သူ့ထံသို့လာနေသောမိုးကြိုးများကို ကာကွယ်ပေးထားသည်။
အောက်ဘက်မှလူများ၏ ရင်ထဲတွင် တုန်လှုပ်နေကြသည်။
“ ဒါက မဟာသူတော်စင်ဆိုတာပေါ့ ... ဒီကမ္ဘာက ထိ့ပ်တန်းကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားပဲ ...”
မဟာသူတော်စင်တစ်ယောက်၏ လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီး အရောင်ပြောင်းလဲပစ်နိုင်သည်ဟု ဆိုကြသော်လည်း ယနေ့တွင်မှ အားလုံးက မျက်မြင်ကိုယ်တွေ့မြင်ဖူးခဲ့ကြရသည်။
“ နတ်ဘုရားတစ်ယောက်ပဲ ...”
စားသောက်ဆိုင်ပတ်ပတ်လည်မှလူများက ဒူးထောက်ကာ မြေကြီးနှင့်ခေါင်းကိုထိပြီး အရိုအသေပေးကြသည်။ အမှန်တွင် တားမြစ်ဝိညာဉ်မြို့တော်မှ လူအားလုံးက မြေကြီးပေါ် ဒူးထောက်လိုက်ကြပြီး လူတစ်ယောက်ချင်းစီတိုင်းက အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။
တားမြစ်နယ်မြေအသီးသီးမှလူများကလည်း ထိုအရပ်မျက်နှာဘက်ကိုသာ ကြည့်နေကြသည်။
သို့ရာတွင် စမ်းချောင်းဝါမဟာပညာရှိက သူတို့ကို စိတ်ပူမနေပေ။
ယခုအချိန်၌ ကမ္ဘာလောကတစ်ခုလုံး အမှောင်ကျသွားပြီး မမြင်နိုင်သောလက်ဖဝါးတစ်ဖက်က ကောင်းကင်မှနေ၍ စမ်းချောင်းဝါမဟာပညာရှိကို ရိုက်ချလိုက်သည်။
“ ဒါက မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒရဲ့ အမျက်ဒေါသပဲ ...”
ခွေးဘုရင်က လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ ထိုအရာနှင့် သူအလွန်ရင်းနှီးလှပေသည်။
ပုဖန် ခွေးဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။ ခွေးဘုရင်က ၎င်းနှင့် ကျွမ်းဝင်မှုရှိနေသည်ကို သူ အံ့အားသင့်မနေပေ။ အဘယ့်ကြောင့်ဆိုသော် ခွေးဘုရင်က ၎င်းကိုစားခဲ့သောကြောင့်ဖြစ်သည်။
ပုဖန်၏အကြည့်ကို ခံစားမိ၍ ခွေးဘုရင်မျက်ဆံလှန်ကာ ပြောလိုက်သည်။
“ တကယ်လို့ ငါကသာ အဲ့စိတ်ဆန္ဒကို ထွက်လာအောင် လုပ်လိုက်တဲ့သူဆိုရင် လက်ဖဝါးချက်တစ်ချက်လောက်နဲ့တင် ပြီးသွားမှာမဟုတ်ဘူး ...”
သူက ရယ်မောကာ ပြောလိုက်သည်။
ပုဖန်၏ နှုတ်ခမ်းထောင့်များကွေးညွတ်သွားသည်။
ဒီခွေးဝကြီးက မဟာနိယာမလမ်းကြောင်းကို ဘယ်လောက်တောင် စော်ကားထားတာလဲ ...
ကောင်းကင်ယံတွင် မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒက မမြင်ရသော လက်ဖဝါးတစ်ချက်အသွင်ဖြင့် ရိုက်ချလိုက်သည်။
စမ်းချောင်းဝါမဟာပညာရှိ၏ ဝတ်ရုံက လေနှင့်အတူ လွင့်နေသဖြင့် သူ့ကိုကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးနှင့်တူနေသည်။ သူ၏ ခန္ဓာကိုယ်ဖြင့်သာ လက်ဖဝါးချက်ကို ခံယူလိုက်သည်။ ထိုအချိန်တွင် စမ်းချောင်းဝါမြစ်တစ်ခုလုံးမှရေများက တစ်ဟုန်ထိုးမြင့်တက်လာသည်။
“ စမ်းချောင်းဝါမြစ်တစ်ခုလုံး ကောင်းကင်ပေါ် ရောက်လာပြီပေါ့ ဟားဟားဟား ...”
သူ့မျက်လုံးများက ကောင်းကင်ဘုံကိုပင် ထွန်းဖောက်မြင်လိုက်ရသကဲ့သို့ တောက်ပလာသည်။ ထို့နောက်တွင် သူ့လက်ကိုပြန်ရုတ်လိုက်သည်။
ကောင်းကင်မှ အလင်စရောင်ခြည်တန်းတစ်ခုက ရုတ်တရက်ဖြာကျလာပြီး မြေပြင်ပေါ်မှ ကရားပေါ်သို့ ရောက်လာကာ မျက်စိကျိန်းလုမတတ် တောက်ပနေသည်။
“ ကောင်လေး ... ဒါက ကမ္ဘာမြေအကျဉ်းထောင်ရဲ့ မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒပဲ ... ငါကတော့ လက်တစ်ဆုပ်စာလောက်ပဲ ယူထားလိုက်တယ် ဒါပေမဲ့ အဲ့ဒါက သာမန်မဟာသူတော်စင်တစ်ယောက်ကိုတောင် အလဲထိုးပစ်နိုင်တယ် ... မင်းရဲ့ကရားက ခံနိုင်ပါ့မလား ...”
စမ်းချောင်းဝါမဟာပညာရှိက လေထဲမှပြောလိုက်သည့်အခါ သူ့အသံက ကောင်းကင်တစ်ခွင်လုံး ပဲ့တင်ထပ်နေသည်။
လူအားလုံး အံ့ဩမှင်သက်ကုန်ကြသည်။ စမ်းချောင်းဝါမဟာပညာရှိက ကမ္ဘာမြေအကျဉ်းထောင် မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒကို ဆွဲဆောင်လိုက်နိုင်သည်ကို မယုံကြည်နိုင်ကြသေးပေ။ ၎င်းက ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်ကို ခိုးယူသည်နှင့် တူညီသည်။
“ စမ်းချောင်းဝါ အဘိုးကြီးက တော်တော်အတင့်ရဲနေတာပဲ ...”
ကျဆုံးနတ်ဘုရားလိုဏ်ဂူနှင့် မဟူရာဘုရားကျောင်းမှ အကြီးမြတ်ဆုံးတည်ရှိမှုများက တစ်ချိန်တည်းတွင် ပြောလိုက်ကြပြီး ထိုမြင်ကွင်းကို ဆက်ကြည့်နေသည်။
ပုဖန်က မျက်လုံးများမှေးကျဉ်းကာ ပြောလိုက်သည်။
“ ဒီလောက်ဆို အဆင်ပြေပါတယ် ...”
မြေကရားနှင့် ဝိုင်ချက်နည်းများကို စနစ်မှ ထောက်ပံ့ပေးထားသည်ဖြစ်၍ ထိုသို့ဖြစ်ပေါ်လာနိုင်သည်ကို တွက်ချက်ပြီးသား ဖြစ်လိမ့်မည်။
“ ကောင်းတာပေါ့ ... အဲ့ဒါဆိုရင်လာပြီ...”
အလင်းတန်းကို စမ်းချောင်းဝါမဟာပညာရှိက ဆွဲထုတ်လိုက်ပြီး ခပ်ပြင်းပြင်း ပြန်ရိုက်ချလိုက်သည်။ ဝုန်းခနဲအသံဖြင့် ၎င်းက ကရားကိုထိသွားသည်။ နောက်အခိုက်အတန့်တွင် အဖုံးကပွင့်သွားပြီး အခြား မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒများပါ ကရားထဲမှ ထွက်ပေါ်လာသည်။
ခွေးဘုရင်၊ စမ်းချောင်းဝါမဟာပညာရှိ၊ ယင်းလုံနှင့် အခြားလူများက မျက်လုံးသူငယ်အိမ်များကျုံ့ထားကာ ချက်ခင်းပင့်သက်ရှိုက်လိုက်ကြသည်။
မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒသုံးခုလား ...
ပုဖန်က ဘယ်လိုဝိုင်ကို ချက်နေတာလဲ ...
ပုဖန်က ရှေ့နည်းနည်းတိုးလာပြီး မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အကြည့်တစ်မျိုးဖြစ်ပေါ်လာသည်။
“ စတော့မှာပဲ ...”
သူပြုံးလိုက်သည်။
စမ်းချောင်းဝါမဟာပညာရှိ ဆွဲဆောင်လိုက်သော ကမ္ဘာမြေအကျဉ်းထောင် မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒက ကရားထဲ စီးကျလာသည်။ ကောင်းကင်တွင် မိုးခြိမ်းသံကြီးထွက်ပေါ်လာကာ မျက်စိကျိန်းလုမတတ် အလင်းရောင်ကြီးကြောင့် လူအားလုံး မျက်လုံးကို အုပ်ထားရသည်။
ဤဖြစ်စဉ်က အချိန်အတော်ကြာ ဆက်ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် အလင်းရောင်က ပျောက်ကွယ်သွားပြီး ကရာက ပုံမှန်အနေအထား ပြန်ဖြစ်လာသည်။
ဝိုင်ကရားထဲမှ အလွန်အမင်းကြွယ်ဝသော ရနံ့တစ်မျိုးထွက်ပေါ်လာကာ နေရာအနှံ့ ပျံ့နှံ့သွားသည်။ ခဏတာခန့် စမ်းချောင်းဝါတောင်ကြားတစ်ဝက်ခန့် ထိုရနံ့က လွှမ်းမိုးသွားသည်။
ရနံ့က လူအားလုံးပေါ်မှ ဖြတ်သန်းသွားချိန်၌ အားလုံး၏ ကျင့်ကြံဆင့်များပင် ပြေလျော့သွားသည်ဟု ထင်ရသည်။ ထိုခံစားချက်ကြောင့် လူအများစုက တံ့တဩဖြင့် ပင့်သက်ရှိုက်မိကြသည်။
အနံ့ကို ရှုလိုက်ရုံနဲ့တင် ဒီလောက်ဖြစ်နေရင် ဝိုင်ကိုမြည်းကြည့်လို့ရရင် ဘယ်လိုများဖြစ်နေမှာပါလိမ့် ...
တားမြစ်ဝိညာဉ်မြို့တော်၏ မြေပြင်ပေါ်တွင် စိမ်းစိုနေသောမြက်ပင်များ ပေါက်ရောက်လာပြီး ပန်းများလည်း စတင်ပွင့်လန်းလာသည်။ တစ်ခဏတာအချိန်တွင်းမှာပင် မြို့တစ်မြို့လုံး လှပသောပန်းပွင့်များဖြင့် ပြည့်နှက်သွားသည်။ ဝိုင်ရနံ့က လေနှင့်အတူ ပါလာသည်နှင့် ပန်းများလည်း ဖူးပွင့်လာကြသည်။ ဤဝိုင်က စစ်မှန်သော မသေမျိုးဝိုင်နှင့်ပင် တူနေသည်။
ပုဖန် အာရုံစိုက်နေသည်။ အားလုံးက ရနံ့ကြောင့် စွဲလန်းယစ်မူးနေကြစဉ်တွင် ခြေတစ်လှမ်းစီရှေ့တိုးပြီး ဝိုင်ကရားဆီသို့ လျှောက်သွားလိုက်သည်။ ကရားထဲတွင် ဝိုင်များလှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ တွန့်ဆုတ်ခြင်းမရှိပဲ အဖုံးမကာ ကရားကိုပိတ်လိုက်သည်။
ဝိုင်ရနံ့က ချက်ချင်းကွယ်ပျောက်သွားသည်။ အားလုံး၏ မျက်ဝန်းများထဲတွင် အသက်မဲ့သောအကြည့်များ ဖြစ်ပေါ်ကုန်သည်။
ထိုစဉ် နတ်ဘုရားပျောက်ကွယ်တောင်မှ လှပသော မိန်းကလေး၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုတို့ဖြင့် ဖုံးလွှမ်းသွားသည်။
စမ်းချောင်းဝါမဟာပညာရှိက ဝိုင်လုပ်ဖို့အတွက်နဲ့ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ခိုးတယ်ပေါ့လေ... အဲ့ဒါက ဘယ်လိုဝိုင်မျိုး မို့လို့လဲ ... မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို အဲ့ဒါအတွက် ဘာလို့ခိုးတာလဲ ...
လှပသော မိန်းကလေးမှာ အဖြေကိုသိချင်စိတ်ပေါ်နေသည်။
ကျဆုံးနတ်ဘုရားလိုဏ်ဂူနှင့် မဟူရာဘုရားကျောင်းတို့သည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။
စမ်းချောင်းဝါမဟာပညာရှိက ကောင်းကင်မှ ဆင်းသက်လာသည်။ ဝိုင်ကရားကိုကိုင်ထားသည့် ပုဖန်ကိုကြည့်ကာ ပါးစပ်က နားရွက်တက်ချိတ်မတတ်ပြုံးနေပြီး မျှော်လင့်တကြီးပုံစံဖြင့် လက်များကိုပွတ်နေသည်။
“ မိတ်ဆွေလေးပုဖန် ... ငါ့ကို ဝိုင်ကရားအသေးလေးပေးမယ်လို့ပြောတယ်လေ အကျင့်မယုတ်နဲ့နော် ... အကျင့်ယုတ်တာ ခွေးတွေပဲ လုပ်တာ ...”
သူက လျှာသပ်ပြီးပြောလိုက်သည်။
အဝေးမှ ခွေးဘုရင်က သူ့ကိုအေးစက်စွာကြည့်လိုက်သည်။ စမ်းချောင်းဝါမဟာပညာရှိက ၎င်းကိုမြင်သဖြင့် ခြောက်ကပ်စွာရယ်လိုက်သည်။
ပုဖန်က စမ်းချောင်းဝါမဟာပညာရှိကို တစ်ချက်ကြည့်လိုက်သည်။ သူက ဝိုင်ကရားလေးပေးမည်ဟု ပြောထားသဖြင့် သူ့စကားသူ ပြန်ရုတ်သိမ်း၍ မရတော့ပေ။ အတွေးတစ်ချက်ဖြင့် ပုဖန်၏လက်ထဲတွင် လက်သီးဆုပ်အရွယ်အစားခန့် ကရားတစ်လုံး ပေါ်လာသည်။ သက်တံ့ရောင်အရည်များက ကရားအကြီးထဲမှ အသေးထဲသို့ စီးဆင်းသွားသည်။
လက်သီးဆုပ်အရွယ်အစားခန့် ဝိုင်ကရားကိုကြည့်ကာ စမ်းချောင်းဝါမဟာပညာရှိက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
“ မိတ်ဆွေလေးပုဖန် ... ကရားမှားပြီး ယူလာတာလား ... ဒီကရားက သေးလွန်းတယ်လေ ...”
***