နယ်သာသလင်းကျောက်တစ်သန်းခန့် တန်ဖိုးရှိသောဝိုင်က သာမန်လူများအတွက် မဟုတ်သော်လည်း ဤနေရာတွင်ရှိနေသူများက သာမန်မဟုတ်ကြပေ။ အကျဉ်းထောင်အရှင်သခင်ယင်းလုံ၊ စမ်းချောင်းဝါမဟာပညာရှိ၊ ငရဲဘုရင်အာဟတို့အားလုံးက ကမ္ဘာမြေအကျဉ်းထောင်မှ ထိပ်တန်းကျင့်ကြံသူများဖြစ်ကြသည်။ သူတို့က ဂုဏ်သတင်းကျော်စောသူများဖြစ်ကာ မည်သူကမှ သူတို့ကို မစော်ကားဝံ့ကြပေ။ သူတို့၏အဆင့်အတန်းအရ နယ်သာသလင်းကျောက်မြောက်များစွာလည်းရှိသည်။ တစ်သန်းက အလွန်များသည့်ပမာဏဖြစ်သော်လည်း သူတို့ တတ်နိုင်ကြသေးသည်။
ငရဲကမ္ဘာတွင် နယ်သာသလင်းကျောက်များကို ငွေကြေးစနစ်အဖြစ်သာ သုံးစွဲသည်မဟုတ်ပဲ ကျင့်ကြံခြင်းရင်းမြစ်များအဖြစ်လည်း သုံးစွဲကြသည်။ ခွန်အားကြီးလေ သူတို့၏ကျင့်ကြံဆင့်များ တိုးတက်လာရန်အတွင် ငရဲစွမ်းအင်များပါဝင်သော နယ်သာသလင်းကျောက်များစွာ ပိုင်ဆိုင်ကြလေဖြစ်သည်။ သို့ဖြစ်၍ ပျက်သုဉ်းခြင်းအကျဉ်းထောင်၊ ကမ္ဘာမြေအကျဉ်းထောင်နှင့် ငရဲအကျဉ်းထောင်တို့က ၎င်းကိုဘုံငွေကြေးစနစ်အဖြစ် အသုံးပြုကြခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နယ်သာသလင်းကျောက်တစ်သန်းက သေးငယ်သော ငွေပမာဏမဟုတ်ပေ။ ၎င်း ပမာဏရရန်အတွက် သူကောင်းမျိုးမိသားစုက သူတို့ပိုင်ဆိုင်သော အရာအားလုံးကို ရောင်းချရလိမ့်မည်ဖြစ်သည်။
ပုဖန်က ယင်းလုံပစ်ပေးသည့် အဝတ်အိတ်ကို ယူလိုက်သည်။ ၎င်းတွင် နယ်သာသလင်းကျောက်အပုံလိုက်ဝင်ဆံ့သော သိုလှောင်သည့်နေရာ ပါရှိသည်။ ရေကြည့်လိုက်သည့်အခါ အတိုးအလျှော့မရှိပဲ တစ်သန်းအတိရှိနေသည်ကို တွေ့လိုက်ရသည်။ သို့ဖြစ်၍ ပုဖန်က အကျဉ်းထောင်အရှင်သခင်ကို အံ့ဩတကြီးကြည့်လိုက်သည်။
ဒီအဘိုးကြီးက လက်ရဲဇက်ရဲရှိလှချေလား ... တစ်သန်းကို မျက်တောင်တစ်ချက်မခတ်ပဲ ပေးနိုင်တယ်ဆိုတော့ တော်တော်ချမ်းသာမယ့်ပုံပဲ ...
ပုဖန် နှုတ်ခမ်းများတွန့်လိုက်ပြီး ယင်းလုံကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
“ ငါ့ကို ဝိုင်မြန်မြန် ပေးစမ်းပါ ... ငါ့တစ်ဘဝလုံးမှာ အဲ့လောက်ဈေးကြီးတဲ့ဝိုင် တစ်ခါမှ မသောက်ဖူးဘူး ... အရသာခံကြည့်ချင်နေပြီ ...”
ယင်းလုံက မျက်ခေါင်းပေါက်တောင်ဝှေးကိုမှီကာ ရပ်နေပြီး သူ၏ခြောက်ကပ်ကပ်မျက်နှာက ရှုံ့မဲ့နေသည်။ ပုဖန်က သူ့ပိုက်ဆံများကို သိမ်းယူသွားသည်ကိုကြည့်ကာ ရင်ထဲမှ သွေးများယိုစီးကျလာသကဲ့သို့ ခံစားရသည်။ သူက အကျဉ်းထောင်အရှင်သခင်ဖြစ်သော်လည်း ထိုငွေများက သူကိုယ်တိုင် ကြိုးကြိုးစားစား စုဆောင်းထားခဲ့ရသည်များဖြစ်သည်။
ပုဖန် ဘာမှထပ်မပြောပေ။ လက်ဖျောက်တီးလိုက်သည်နှင့် သူ့လက်ထဲတွင် ဖြူပြာရောင်ကြွေဝိုင်ခွက်တစ်ခွက် ပေါ်လာသည်။ ၎င်းက ခြေတံရှည်ဖန်ခွက်အသေးစားလေးနှင့်တူပြီး လက်မနှစ်ချောင်းပူးထားသည်နှင့်တူကာ အောက်ခြေကလည်း သွယ်သည်။
၎င်းကို လက်မနှင့် လက်ညှိုးကြားညှပ်ကာ ကိုင်ထားလျက် ပုဖန်က နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လက်ညှိုးနောက်တစ်ချောင်းကို ဝိုင်ကရားဘက်ထိုးလိုက်သည်။ သက်တံ့ရောင်ဝိုင်အငွေ့များက ကရားထဲမှ ဝေကျလာသည်မှာဖန်ခွက်ထဲသို့ မြွေအသေးလေးတစ်ကောင် ဝင်သွားသည်နှင့်ပင်တူနေသည်။
ခွက်ထဲသို့ ဝိုင်များစီးကျလာသံက နားဝင်ပီယံရှိလှပြီး ကျောက်စိမ်းပန်းကန်ပြားထဲသို့ စကျင်ကျောက်များ လောင်းထည့်လိုက်သည်နှင့်ပင်တူနေသည်။ ရနံ့က ကြွယ်ဝ၍ နှစ်သက်စဖွယ်ကောင်းကာ နှလုံးသားတစ်ဝိုက်တွင် ရစ်ဝဲနေသည်။
ဖန်ခွက်ထဲ ဖြည့်ပြီးသောအခါ ပုဖန်က ကျောက်စိမ်းကရားကို အဖုံးဖြင့်ပြန်ဖုံးလိုက်သည်။ ထို့နောက် ဝိုင်ခွက်ကို ယင်းလုံအား ပေးလိုက်သည်။
ထိုနေရာတွင် ရှိနေကြသူများအားလုံး အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်ကုန်သည်။ ပုဖန်သည်ပင် နှုတ်ခမ်းအနည်းငယ် တွန့်မိသွားသည်။
စနစ်ရဲ့ ကပ်စေးနဲပုံကတော့ ... ဝိုင်ခွက်လေးက တကယ့်ကို သေးလွန်းနေတာပဲ ...
မည်သို့ပင်ဖြစ်စေ ပုဖန်က ဝိုင်အပေါ် မဟာယုံကြည်ချက်ကြီးရှိသည်။
ယင်းလုံ ဝိုင်ခွက်ကိုယူလိုက်သည်။ ဝိုင်ခွက်ကို ကြည့်နေလျက်နှင့်ပင် သူ၏မျက်နှာက သိသိသာသာရှုံ့မဲ့လာသည်။ ဤမျှသေးငယ်သော ဝိုင်တစ်ခွက်စာအတွက် နယ်သာသလင်းကျောက်တစ်သန်းကို မတွန့်ဆုတ်ပဲ ပေးလိုက်မိသည့်အတွက် အလွန်ရူးနှမ်းလွန်းသည်ဟု တွေးလိုက်မိသည်။
ဝိုင်ကလည်း ငါ့သွား တစ်ချောင်းနဲ့တစ်ချောင်းကြားကနေရာကိုတောင် ဖြည့်မရဘူး ... ဒါကိုသောက်ပြီးရင်တောင် ဘယ်လိုလုပ် ပျော်ပျော်နေနိုင်မှာလဲ ... ဝိုင်သောက်တာ စိတ်ပျော်ရွှင်ဖို့အတွက် မဟုတ်ဘူးလား ... ဝိုင်ကနည်းလွန်းလို့ သောက်ပြီးရင် ဗိုက်ထဲကို သွားကြားထိုးတံလေးတစ်ချောင်း ဝင်သွားသလိုဖြစ်နေမှာပဲ ...
နယ်သာသလင်းကျောက်တစ်သန်း အလကားဖြစ်သွားမည်စိုးသောကြောင့်သာ ဝိုင်ခွက်ပိစိလေးအား ပုဖန်၏ အကြောသေနေသောမျက်နှာပေါ်သို့ မပစ်ပေါက်လိုက်ခြင်းဖြစ်သည်။
အမြတ်ကြီးစားတဲ့ကောင် ...
အံ့ဩသွားတာလား ...
ယင်းလုံ၏ ဒေါသတကြီးဖြစ်နေသောမျက်နှာကို ငရဲဘုရင်အာဟ ရယ်လိုက်ပြီး စိတ်ထဲတွင် ပျော်ရွှင်နေသည်။ ယင်းလုံ၏အကြည့်က သူ ပုဖန်ထံမှ ပထမဆုံးအကြိမ် အစပ်ချောင်းတောင်းခဲ့ချိန်ကို ပြန်အမှတ်ရသွားစေသည်။ ထိုစဉ်အချိန်က သူကအလွန်တုံးအ၍ ချစ်စရာကောင်းကာ အရူးလုပ်ရလွယ်ခဲ့သည်။ အစပ်ချောင်းအတွက်ဆိုလျှင် သူ့ခန္ဓာကိုယ်မှင့် ခံ့ညားသောမျက်နှာကိုပင် ရောင်းစားနိုင်သည်။
အဘိုးကြီးယင်းလုံလည်း အဲ့လိုခံစားနေရတာပဲဖြစ်မယ် ...
စမ်းချောင်းဝါမဟာပညာရှိက ပါးစပ်ကိုနားရွက်တက်ချိတ်မတတ် ရယ်နေသည်။ လက်ထဲမှ ကရားအသေးလေးကိုပွတ်နေကာ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နေသည်။ မူလက ဤကရားအသေးလေးမှာ ဆယ်ခွက်ခန့်သာဝင်ဆံ့မည်ဟု ထင်ခဲ့သော်လည်း ဝိုင်ခွက်ကိုမြင်ပြီးသည့်အခါ ပုဖန်ကို တရားမျှတသူတစ်ယောက်ဟု ထင်သွားမိသည်။
ငါ့ရဲ့ အကြိုက်ဆုံးမြက်နဲ့ ထိုက်တန်ပါပေတယ် ...
သူ့စိတ်ထဲ ရွှင်မြူးနေသည်။
“ မြည်းကြည့်ပါဦး ... ခင်ဗျား ပိုက်ဆံရှင်းတယ်မလား ... မမြည်းကြည့်ရင် နှမျောစရာကြီးဖြစ်သွားလိမ့်မယ် ...”
ပုဖန်က ယင်းလုံ၏ နာကျင်နေသောမျက်နှာကိုကြည့်ပြီး လေးနက်စွာပြောလိုက်သည်။
သူ့စကားလုံးများက ယင်းလုံ၏နှလုံးသားကို မမြင်ရသောမြားတစ်စင်းဖြင့် ပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ယင်းလုံနှာမှုတ်လိုက်ပြီး မျက်ခေါင်းပေါက်တောင်ဝှေးဖြင့် ကြမ်းပြင်ကိုထောက်လိုက်သည်။ ပုဖန်က စူးစူးရှရှကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ဖန်ခွက်ကို လက်မနှင့်လက်ညိုးအကြားတွင်ကိုင်ပြီး တစ်ငုံတည်းသောက်ချလိုက်သည်။
၎င်းက အနည်းငယ်ခန့်သာဖြစ်သော်လည်း သူက ဝိုင်ခွက်အကြီးကြီးကဲ့သို့ သောက်လိုက်ချင်သည်။ ဝိုင်သောက်ရသည်မှာလည်း သူရဲကောင်းဆန်သောဝိညာဉ်နှင့်သက်ဆိုင်သည်။
ဝိုင်က ခံတွင်းထဲဝင်ရောက်သွားသည်နှင့် ယင်းလုံ၏မှုန်ဝါးဝါးမျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်သွားသည်။ သူ့ပုံစံက ဝိုင်ခွက်အသေးလေးကို သောက်ရသည်နှင့်မတူပဲ စမ်းချောင်းဝါမြစ်ကြီးမှ ရေများအားလုံးကို သောက်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ စမ်းချောင်းဝါမြစ်မှ ရေများက ကောင်းကင်ပေါ်မှသူ့ပါးစပ်ထဲလောင်းချလိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်တွင် ငရဲစွမ်းအင်များဖြင့်ပြည့်သွားပြီး မျက်နှာက ချက်ချင်းနီမြန်းလာသည်။ ကြွယ်ဝသောရနံ့က သူ့ကိုသမုဒ္ဒရာတစ်စင်းကဲ့သို့ ဝန်းရံသွားကာ ၎င်းတွင် နစ်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။ ယခုအချိန်တွင် ယင်းလုံက နဂါးပေါက်စလေးဘဝဖြစ်ခဲ့ချိန်ကို ပြန်သတိရသွားသည်။ ထိုစဉ်အချိန်က သူက အတောင်ပံတဖျတ်ဖျတ်ခတ်ကာ အိမ်နီးချင်းနဂါးမလေးနောက်သို့လိုက်ခံဖူးသည်။ ၎င်းက သူကသူ၏ ပျောက်ဆုံးနေခဲ့သော ငယ်ရွယ်မှုပင်ဖြစ်သည်။
“ အား ငါ့ရဲ့ပျောက်ဆုံးနေခဲ့တဲ့ ငယ်ရွယ်မှုလေး ...”
ဖုတ် ...
အကျဉ်းထောင်အရှင်သခင်ယင်းလုံက မျက်လုံးမှေးစင်းထားကာ သူ့မျက်နှာတွင်လည်း ယစ်မူးနေသောအကြည့်တစ်ခု ပေါ်လာသည်။
ဝိုင်သောက်လိုက်သည်နှင့် သူ၏ မျက်နှာမှာချက်ချင်းနီရဲသွားသည်။ နောက်အခိုက်အတန့်တွင် မြေကြီးပေါ် ဖုတ်ခနဲလဲကျသွားသည်။ သူ၏ မျက်ခေါင်းပေါက်တောင်ဝှေးလည်း ဘေးနားကျသွားသည်။ ခြေလက်များကိုလည်းလှုပ်ရမ်းပြီး အသံနက်နက်ဖြင့်ရယ်နေသည်။
သူ့ပုံစံကိုကြည့်ခြင်းဖြင့် အရက်မူးနေကြောင်း သိနိုင်သည်။
စားသောက်ဆိုင်ထဲမှလူအားလုံး မျက်လုံးများပြူးကျယ်ကုန်ကာ အကြည့်ချင်းဖလှယ်နေကြပြီး အကျဉ်းထောင်အရှင်သခင်များမှာ သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်ကုန်သည်။ ယင်းလုံက ကလေးတစ်ယောက်ကဲ့သို့ ပြုံးကာ မြေကြီးပေါ်လှဲလျောင်း၍ ခြေလက်များလှုပ်ရှားနေသဖြင့် သူတို့ အံ့ဩတကြီးဖြစ်ကုန်သည်။
ဒါက ခက်ထန်ပြီး အရယ်အပြုံးမရှိတဲ့ သူတို့ရဲ့ခေါင်းတောင် အရှင်ယင်းလုံရော ဟုတ်ရဲ့လား ... သူ့ကိုကြည့်ရတာ ယစ်ထုပ်ကြီးလိုပဲ ...
အားလုံး လေအေးကိုရှုရှိုက်လိုက်ရပြီး ပုဖန်ကိုလှမ်းကြည့်လိုက်ကြသည်။
ပုဖန်က ပခုံးတွန့်ပြကာ ရိုးသားမှုကို ပြသလိုက်သည်။
“ ဒီအဘိုးကြီးက အင်အားကြီးပေမယ့် သူ့ကို ယစ်ထုပ်ကြီးဖြစ်သွားမယ့်လူလို့ မထင်ထားမိဘူး ...”
ပုဖန် ပြောလိုက်သည်။
ယစ်ထုပ်ကြီးတဲ့ ... အကျဉ်းထောင်အရှင်သခင်ယင်းလုံကို ယစ်ထုပ်ကြီးလို့ ပြောလိုက်တာလား ...
ကျင်းကျောင်းနှင့်ယင်ကျောင်းက ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။ ယင်းလုံက ယစ်ထုပ်ကြီးဖြစ်နေလျှင်ပင် မဟာသူတော်စင်တစ်ယောက် ဖြစ်နေသေးသည်။
စမ်းချောင်းဝါမြစ်တစ်ခုလုံးစာသောက်လိုက်ရင်တောင်မှ မူးချင်မှမူးမှာကို ဝိုင်ခွက်ပိစိလေးတစ်ခွက်သောက်ပြီးတော့ ကလေးတစ်ယောက်လို ဖြစ်သွားတယ်တဲ့လား ... ဒီဝိုင်က အဆိပ်ရှိနေတာများလား ...
“ တော်တော်ပြင်းတဲ့ပုံပဲ ...”
ငရဲဘုရင်အာဟလည်း ပါးစပ်ထဲတွင် အစပ်ချောင်းကိုက်ထားလျက် ပင့်သက်ရှိုက်မိလိုက်သည်။
ယင်းလုံက မြေပြင်တွင်လှုပ်ရှားနေခြင်းကို ရုတ်ချည်း ရပ်တန့်လိုက်သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ မြင့်တက်လာသည်။ ဤနေရာတွင် ရှိနေသူအားလုံးက ဤကဲ့သို့သောခံစားချက်မျိုးဖြင့် အလွန်ရင်းနှီးနေကြသည်။
စမ်းချောင်းဝါမဟာပညာရှိက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ခွေးဘုရင်က လျှာထုတ်ထားသည်။
ဒီအဘိုးကြီးက ဝိုင်တစ်ခွက်သောက်လိုက်ရုံနဲ့ အဆင့်တစ်ဆင့်ကို ဖြတ်ကျော်နိုင်တော့မှာလား ...
ယင်းလုံ၏အော်ရာက ပို၍ပို၍သန်မာလာကာ ကြောက်မက်ဖွယ် အတက်အကျလှိုင်းများ စတင်ပျံ့နှံ့လာသည်။ ၎င်းက အဆင့်တစ်ဆင့်ကို ဖြတ်ကျော်နိုင်တော့မည်ဟူသော သင်္ကေတပင်ဖြစ်သည်။
ခွေးဘုရင် ခဏတွေးလိုက်ပြီး ပြောလိုက်သည်။
“ ဒီဝိုင်မှာ မဟာနိယာမလမ်းကြောင်းသုံးခုပေါင်းထည့်ထားတော့ မဟာသူတော်စင်တစ်ယောက်အတွက်ဆိုရင်တောင် အာဟာရတွေအရမ်းပြည့်လျှံနေတယ်... အဲ့ဒါက မဟာသူတော်စင်ကိုယ်တိုင်ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးကိုတောင် အာဟာရ ဖြည့်တင်းပေးနိုင်တယ် ...”
ခွေးဘုရင်၏ လေ့လာဆန်းစစ်မှုကြောင့် အားလုံး တအံ့တဩဖြစ်သွားသည်။ စမ်းချောင်းဝါမဟာပညာရှိက သူ၏ဝိုင်ကရားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
“ ဒီအဘိုးကြီးက အရက်မူးနေပြီ ... သူ့ရဲ့အတိဒုက္ခကို အိပ်နေတုန်းကျော်ဖြတ်သွားရင် ဒုက္ခပဲ ... မဟာသူတော်စင်တစ်ယောက်ရဲ့ အတိဒုက္ခက အိပ်နေတုန်းကျော်ဖြတ်သွားလို့မရနိုင်ဘူး ...”
ခွေးဘုရင် ပြောလိုက်သည်။
“ မင်းတို့တွေ ယင်းလုံကို ပြန်ခေါ်သွားကြတော့ ...”
ငရဲဘုရင်အာဟက ယင်းယုံကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျင်းကျောင်းနှင့် ယင်ကျောင်းကိုပြောလိုက်သည်။
အမိန့်ကိုနာခံသော ကျင်းကျောင်းနှင့်ယင်ကျောင်းက တောင်ဝှေးကိုပြန်ကောက်ကာ ယင်းလုံကိုထူပေးပြီး စားသောက်ဆိုင်ထဲမှ ထွက်သွားကြသည်။
သူတို့ထွက်သွားသည်နှင့် အကျဉ်းထောင်အရှင်သခင်ယင်းလုံက စားသောက်ဆိုင်ထဲတွင် မူးလဲသွားသည်ဟူသောသတင်းက ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ကောင်းကင်ပေါ်မှ ကောင်းကင်ဘုံအတိဒုက္ခနန်းတော်ကို ကြည့်ရှု့နေကြသောလူများအားလုံး ဆူညံပွက်လောရိုက်ကုန်သည်။
“ ဘာ ... အကျဉ်းထောင်အရှင်သခင်ယင်းလုံက ဝိုင်တစ်ခွက်သောက်ပြီးတာနဲ့ မှောက်သွားတယ်တဲ့လား ...”
“ ဝိုင်တစ်ခွက်သောက်ပြီး အဆင့်တစ်ဆင့်က်ို ကျော်ဖြတ်နိုင်သွားတယ်ပေါ့လေ သူက မဟာသူတော်စင်နော် ...”
“ မဟာသူတော်စင်အဆင့်မှာ ဘုံတစ်ပါးစီကိုရောက်နိုင်ဖို့က ကောင်းကင်ဘုံပေါ်တွယ်တက်နေရသလို ခက်တယ်မလား ... ဒါဆိုရင်တော့ ဒီဝိုင်က ငါတို့လို သူတော်စင်ငယ်တွေအတွက် ရောဂါဘယကင်းဝေးစေတဲ့ ဆေးလိုပဲနေမှာ ...”
ဤသတင်းမှ သယ်ဆောင်လာသည့် ထိတ်လန့်မှုများက အလွန်ကြီးမားလှသည်။ ကောင်းကင်ထက်မှ ကောင်းကင်ဘုံအတိဒုက္ခနန်းတော်ကို ကြည့်ရှု့နေကြသော လူအုပ်ကြီး၏အာရုံက စားသောက်ဆိုင်ဆီသို့ ရောက်သွားသည်။ ဤကဲ့သို့ ဝိုင်ကောင်းတစ်မျိုးကို လိုချင်တောင့်တစိတ်များက ပိုမိုကြီးထွားလာကြသည်။ အဆင့်တစ်ဆင့်ဖြတ်ကျော်ရန် ကူညီပေးမည့် ဝိုင်က သူတို့အတွက် ယစ်မူးဖွယ်ရာပင်ဖြစ်သည်။ အထူးသဖြင့် ပုလင်းဝတွင်ပင်ရပ်တန့်နေပြီး သက်တမ်းအဆုံးရောက်မည့်အချိန်ထိ အဆင့် မတက်နိုင်တော့မည့်လူများက ပို၍ အရူးအမူးဖြစ်ကုန်သည်။ ဤဝိုင်က သူတို့အားလုံး အလိုရှိသော နတ်ဆေးတစ်မျိုးဖြစ်လာသည်။
စားသောက်ဆိုင်ထဲမှ လူများကလည်း အသက်ပြင်းပြင်းရှုနေကြသည်။
အစပ်ချောင်းကို ပါးစပ်တွင်ကိုက်ထားသော ငရဲဘုရင်အာဟကလည်း အဝတ်အိတ်တစ်အိတ်ပစ်ပေးလိုက်သည်။ ကမ္ဘာမြေအကျဉ်းထောင်က သူ၏နေရာဖြစ်၍ သူ့ထံတွင် နယ်သာသလင်းကျောက်များစွာရှိသည်။ ကမ္ဘာမြေအကျဉ်းထောင်၏ ငရဲဘုရင်ဖြစ်သဖြင့် သူ ဆင်းရဲမွဲတေနေပါက လူမြင်ကောင်းမည်မဟုတ်ပေ။
“ ဒီမှာ နယ်သာသလင်းကျောက်တစ်သန်း ... ကောင်လေးပုဖန် ငါ့ကိုလည်း ဝိုက်တစ်ခွက်ပေးပါဦး အရမ်းရေဆာနေပြီ ...”
ငရဲဘုရင်အာဟက စိတ်မရှည်စွာပြောလိုက်သည်။
ပုဖန်က ငရဲဘုရင်အာဟ၏ ငွေအိတ်ကို ပျော်ရွှင်စွာသိမ်းလိုက်ပြီး ရုပ်တည်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် အစောပိုင်းက လုပ်ငန်းစဉ်အတိုင်းလုပ်ကာ ဝိုင်ခွက်ကိုဖြည့်လိုက်သည်။ မွှေးပျံ့သောရနံ့က လေနှင့်အတူလွင့်မျောလာပြီး အတပြင်ဘက်မှလူများနှင့် စားသောက်ဆိုင်ထဲမှ လူများကိုပါ ယစ်မူးသွားစေသည်။
ဝိုင်က အလွန်မများသော်လည်း ၎င်း၏ရနံ့က ညှို့ယူဖမ်းစားနိုင်လွန်းသည်။ ဆိုင်အပြင်ဘက်တွင် တန်းစီနေသူများက စုဝေးလာပြီး လည်ပင်းများစောင်းကာ ငရဲဘုရင်အာဟကို လှမ်းကြည့်လိုက်ကြသည်။ လူအများစုကမူ သူ့လက်ထဲမှ ဝိုင်ခွက်ကိုသာ ကြည့်နေကြခြင်းဖြစ်သည်။
ဒီဝိုင်က တကယ် အံ့အားသင့်စရာကောင်းတာလား ... မဟာသူတော်စင်တစ်ယောက်ကိုတောင် တကယ်အဆင့်တက်သွားအောင် လုပ်နိုင်တာလားဆိုတာ အခု သေချာကြည့်ရတော့မယ့် အချိန်ပဲ ...
မကြာမီအချိန်တွင်းမှာပင် အကျဉ်းထောင်အရှင်သခင်ယင်းလုံ၏ အဆင့်တက်သွားခြင်းက တိုက်ဆိုင်မှု သို့မဟုတ် ထိုဝိုင်ကြောင့်ဆိုသည်ကို သိရတော့မည်ဖြစ်သည်။
ငရဲဘုရင်အာဟက ဝိုင်ကို အနံ့ခံကြည့်လိုက်သည့်အခါ သူ့မျက်နှာပေါ်တွင် ယစ်မူးဖွယ်ရနံ့တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ နောက်အခိုက်အတန့်တွင် ဝိုင်ကို တစ်ကျိုက်တည်းသောက်ချလိုက်သည်။
ဝိုင်စီးကြောင်းက သူ့အစာအိမ်ထဲသို့ ပြင်းထန်သောရေစီးကြောင်းကဲ့သို့ စီးဝင်သွားသည်။ စမ်းချောင်းဝါမြစ်တစ်ခုလုံးက လည်ချောင်းထဲစီးဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်ကြောင့် ငရဲဘုရင်အာဟ၏ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ မသိလိုက်မီအချိန်မှာပင် ပါးစပ်ထဲက အစပ်ချောင်း ပြုတ်ကျသွားသည်။
ငရဲဘုရင်အာဟက စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းကို တဖြည်းဖြည်းလှည့်လိုက်ပြီး ကြမ်းပေါ်မှ အစပ်ချောင်းကိုကြည့်လိုက်သည်။ ၎င်းကို ပြန်ကောက်ရန်ပြင်လိုက်သော်လည်း အစပ်ချောင်းက မှုန်ဝါးလာပြီး တစ်ချောင်းမှ နှစ်ချောင်း၊ နှစ်ချောင်းမှ လေးချောင်းအထိ ဖြစ်လာသည်။
အမ် ... ဝိုင်သောက်ပြီးတော့ အစပ်ချောင်းတွေ ပိုများလာတာလား ...
ငရဲဘုရင်အာဟ၏ ချောမောခံ့ညားနေသောမျက်နှာတွင် အနီရောင်သန်းလာပြီး စတင်ပြုံးလာသည်။
လူအုပ်ကြီးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဘာတွေဖြစ်နေတာလဲ ...
ငရဲဘုရင်အာဟ မြေပြင်ပေါ် လဲကျသွားသည်။
“ အစပ်ချောင်းတွေ .. အစပ်ချောင်းတွေ အများကြီးပဲ ... ငါအခုတော့ အစပ်ချောင်းတွေ အများကြီးပိုင်တဲ့သူဖြစ်သွားပြီ ... ရေတောင် မရေတွက်နိုင်တော့ဘူး ... ကောင်လေးပုဖန် ငါ့မှာ အစပ်ချောင်းတွေအများကြီးရှိနေပြီ ... သောက်ကျင့်မကောင်းတဲ့ဟာလေး ငါ့ကိုအစပ်ချောင်း ဗန်းပြပြီး အလွဲသုံးစားလုပ်လို့မရတော့ဘူး ...”
ငရဲဘုရင်အာဟက ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေကာ သူ့ရှေ့မှ ဘာမှမရှိသောလေကိုဖမ်းဆွဲနေကာ အရူးကဲ့သို့ ရယ်နေသည်။
ပုဖန်က နှုတ်ခမ်းများတွန့်ကွေးကာ ငရဲဘုရင်အာဟကို အေးစက်စွာကြည့်နေသည်။
ဝိုင်ထဲမှာ အမှန်တရားကိုပြောစေတဲ့ဆေးတွေ ပါနေသလိုပဲ ... ကြည့်ရတာ အာဟက ငါ့ကိုသိပ်ကျေနပ်ပုံမရဘူး ...
သူ့ မျက်လုံးများမှေးစင်းလိုက်သည်။
ယို့ကျီးနှင့် လော့ကျီးလည်း ရှုံ့မဲ့နေကြသည်။
ငရဲဘုရင်အာဟက အရက်မူးသွားသည်မှာ သံသယဝင်စရာပင်မလိုပေ။ ထို့အပြင် ဝိုင်သောက်ပြီးသည့်နောက် အရှင်ယင်းလုံကဲ့သို့ ထင်ယောင်ထင်မှားဖြစ်သွားပုံရသည်။ အရေးကြီးဆုံးအရာမှာ သူ၏အော်ရာထဲမှ ပြောင်းလဲမှုများကို သူတို့အာရုံခံမိနေသည်။ ရှိသမျှလူအားလုံးက သူ၏စကားများကို စိတ်မပူကြပဲ အော်ရာကိုသာ အာရုံစိုက်လာကြသည်။
ဝီ ...
ငရဲဘုရင်အာဟ၏အော်ရာက စတင်မြင့်တက်လာသည်။ အဆင့်တစ်ခုကျော်ဖြတ်ထားသည်မှာ မကြာမြင့်လှသေးသော သူ၏ကျင့်ကြံဆင့်က စတင်တိုးတက်လာပြန်သည်။
“ သူလည်း အဆင့်တစ်ခုကို ကျော်ဖြတ်တော့မှာလား ...”
“ ဘုရားရေ ဒါက တိုက်ဆိုင်တာ မဟုတ်ဖူးပဲ ... ဒီဝိုင်က ကောင်းကင်ဘုံကိုတောင် ဖီဆန်နိုင်တယ် ...”
“ ကြည့်ရတာ ဒီဝိုင်တစ်ခွက်သောက်ပြီးရင် အဆင့်တစ်ခုကိုကျော်ဖြတ်နိုင်ဖို့ တစ်ရာ ရာခိုင်နှုန်း သေချာတဲ့ပုံပဲ ...”
အားလုံးက ထိုသို့ဖြစ်မည်ဟု အကြွင်းမဲ့ယုံကြည်သွားကြသည်။
ငရဲဘုရင်အာဟက မဟာသူတော်စင်ဖြစ်ပြီး အဆင့်တစ်ခုကို ဖြတ်ကျော်ထားသည်မှာ အချိန်မကြာမြင့်သေးပေ။ အချိန်တိုအတွင်း နောက်အဆင့်တစ်ခု ရောက်ရှိရန်က အလွန်ခက်ခဲလှသည်။ သို့ရာတွင် ဝိုင်တစ်ခွက်ကို သောက်ပြီးသည့်နောက် သူ၏အော်ရာက မြင့်တက်လာပြီး ကျင့်ကြံဆင့်ကလည်း စတင်ပြောင်းလဲလာကာ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒသုံးခုအောက်တွင် တိုးတက်လာသည်။
ဤသတင်းက ကမ္ဘာမြေအကျဉ်းထောက်တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး အားလုံးက ရူးနှမ်းမတတ်ဖြစ်သွားသည်။
စားသောက်ဆိုင်အပြင်ဘက်မှလူများက အတွင်းထဲသို့ စုပြုံဝင်လာလိုကြသည်။
ပုဖန်က ဆူညံနေသောလူအုပ်ကြီးကို ရုပ်တည်ဖြင့်ကြည့်ကာ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“ တန်းစီကြပါ ... ပြဿနာရှာတဲ့သူတွေက ဆိုးဝါးတဲ့ အကျိုးဆက်တွေ ကြုံရမယ် ...”
သူ့အသံ ထွက်လာသည်နှင့် ခြေသံပြင်းပြင်းက ပဲ့တင်ထပ်လာသည်။ ဝှိုက်တီက စားသောက်ဆိုင်အပြင်ဘက်မှ ဝင်လာကာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းများ တလက်လက်ဖြစ်နေသည်။ ၎င်း၏ဧရာမလက်ဖဝါးကြီးတွင် စွမ်းအားပြင်းအော်ရာများ ထွက်ပေါ်နေသော ရွှေရောင်လျှပ်စီးဓားတစ်ချောင်းကို ကိုင်ထားသည်။
“ ပြီးတော့ ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်း ကျပါမယ် ... တတ်နိုင်တယ်ဆိုရင် တန်းစီကြပါ ... မဟုတ်ရင် ခုပဲ ထွက်သွားလို့ရပါပြီ ...”
ပုဖန် ထပ်ပြောလိုက်သည်။
ထိုအချိန်တွင် သူ့စကားများက ရှိနေသူအားလုံးကို အံ့အားသင့်သွားစေပြီး ငြိမ်ကျသွားစေသည်။
ဝိုင်တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်းလား ...
ခွေးဘုရင်က ကြောင်ခြေလှမ်းများဖြင့် ကျက်သရေရှိစွာလှမ်းလာပြီး ငရဲဘုရင်အာဟဘေးသို့ရောက်လာကာ အရက်မူးနေသော အာဟ၏ခန္ဓာကိုယ်ကို ဟိုစမ်းသည်စမ်းလုပ်နေသည်။ မကြာမီအချိန်မှာပင် အဝတ်အိတ်တစ်အိတ်ကို ရှာတွေ့သွားသည်။ အထဲတွင် ပါဝင်သည့် ငွေကြေးများကို ရေတွက်ပြီးသည့်နောက် ပြုံးလိုက်သည်။
ယို့ကျီးနှင့် လော့ကျီးတို့၏ ထိတ်လန့်နေသောအကြည့်များအောက်တွင် ခွေးဘုရင်က အဝတ်အိတ်ကို ပုဖန်ဆီသို့ ပစ်ပေးလိုက်သည်။
“ ကောင်လေးပုဖန် ငါ့ကို ဝိုင်တစ်ခွက်ပေး ... ဒီဝိုင်ကငါ့ကို အဆင့်တစ်ဆင့် ကျော်ဖြတ်အောင်လုပ်ပေးနိုင်မလား ကြည့်ရသေးတာပေါ့ ...”
ခွေးဘုရင်ပြောလိုက်သည်။
စမ်းချောင်းဝါမဟာပညာရှိနှင့် အခြားလူများ ကြောင်အသွားပြီး အသက်ရှု မြန်လာကြသည်။
ခွေးဘုရင်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဝိုင်ကသူ့ကို အဆင့်တစ်ဆင့် ကျော်ဖြတ်သွားနိုင်မယ်ဆိုရင် ဒီဝိုင်ကကောင်းကင်ကိုဖီဆန်နိုင်တဲ့ ဝိုင်ဖြစ်သွားမှာပဲ ...
***