ခွေးဘုရင်ကို အဆင့်တက်အောင် ကူညီပေးနိုင်မယ်တဲ့လား ...
ခွေးဘုရင်၏ ဆွဲဆောင်မှုရှိသောအသံက စားသောက်ဆိုင်ထဲတွင် ပဲ့တင်ထပ်လာသည်။ ၎င်းကြောင့် အားလုံး အေးခဲသွားစေပြီး လေအေးကို ရှုရှိုက်လိုက်ရစေသည်။
ဝိုင်တစ်ခွက်က ခွေးဘုရင်ကို အဆင့်တစ်ခုကျော်ဖြတ်နိုင်အောင် လုပ်ပေးမယ်တဲ့လား ...
စမ်းချောင်းဝါမဟာမညာရှိပင် မျက်ဆံများကျုံ့သွားမိသည်။ အရေးကြီးကိစ္စတစ်ခုကို တွေးမိသွားသကဲ့သို့ သူ၏နှလုံးခုန်သံများ မြန်ဆန်လာသည်။
အဲ့ဒီဝိုင်တစ်ခွက်က ဝဲစားခွေးကို အဆင့်တက်နိုင်အောင် ကူညီပေးမယ်ဆိုရင် သူ့ကိုလည်း ကူညီပေးနိုင်မှာပဲ ... လက်ရှိအဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ရင် ကောင်းကင်ဘုံနယ်ပယ်ကို ရောက်သွားမှာပဲ ...
စမ်းချောင်းဝါမဟာပညာရှိက ထိုအကြောင်းတွေးလျက်နှင့်ပင် စိတ်လှုပ်ရှားလာသည်။
ပုဖန် ခဏတာ ကြောင်အသွားပြီးနောက် သူသည်လည်း ထိုသို့တွေးလိုက်မိသည်။ အကယ်၍ ခွေးဘုရင်က အဆင့်တက်သွားနိုင်လျှင် သူသည်လည်း ကြောက်မယ်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိသွားနိုင်သည်။ သို့ဖြစ်၍ ခွေးဘုရင်၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးရန် ပြင်လိုက်သည်။
ဝိုင်ကရားအဖုံးကို မလိုက်သည်။ မွှေးပျံ့သောရနံ့က လေထဲသို့ ချက်ချင်းစိမ့်ဝင်သွားပြီး ထိုနေရာတွင် ရှိနေသူတိုင်းကို ယစ်မူးသွားစေသည်။ ထိုဝိုင်က မဟာသူတော်စင်တစ်ယောက်ကို အဆင့်တက်အောင်မကူညီနိုင်လျှင်ပင်လည်း အနံ့တစ်မျိုးတည်းနှင့်ပင် အရသာခံကြည့်ရမည်က ထိုက်တန်လှသည်။
ပုဖန်က လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဝိုင်ခွက်ထဲသို့ ဝိုင်ကိုထည့်နေစဉ်ပင် ရနံ့ပြင်းပြင်းတစ်မျိုးက လေထဲပျံ့နှံ့လာသည်။
ခွေးဘုရင်၏ မျက်ဝန်းများက စိတ်လှုပ်ရှားနေဟန်ဖြစ်နေပြီး လျှာသပ်လိုက်သည်။ နံရိုးချိုချဉ်အပြင် ဤဝိုင်ကလည်း သူ့ကိုစိတ်လှုပ်ရှားစေသောအရာတစ်ခု ဖြစ်လာသည်။
“ မြန်မြန်သောက်ကြည့်လိုက် ဟန်ရေးပြမနေနဲ့တော့ ...”
စမ်းချောင်းဝါမဟာပညာရှိက လောလိုက်သည်။
နယ်သာရီနှင့် အခြားလူများကလည်း သိချင်စိတ်ကြောင့် စောင့်ကြည့်နေကြသည်။
ပုဖန်က ခွေးဘုရင်ကို ဝိုင်ခွက်ကမ်းပေးလိုက်သည်။ ၎င်း၏စိတ်စွမ်းအင်များ ထွက်ပေါ်လာကာ ဖန်ခွက်ကို ကိုင်လိုက်သည်။ ဝိုင်ကိုကြည့်လျက် သူ၏နှာခေါင်းကိုရှုံ့ပြီး အနံ့ခံလိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာပြီး လျှာထုတ်၍ နှုတ်ခမ်းကိုသပ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ဝိုင်ခွက်ထဲမှ ဝိုင်များက သူ့ခံတွင်းထဲ စီးဆင်းသွားသည်။
ခွေးဘုရင် ပါးစပ်ဟလိုက်သည့်အခါ သူ၏ သွားချွန်ချွန်များက လက်ခနဲဖြစ်သွားသည်။
ဂလု ...
ဝိုင်က ခံတွင်းထဲရောက်သွားသည်နှင့် တစ်ကျိုက်တည်းသောက်ချလိုက်သည်။
လူအုပ်ကြီးက ရေတံခွန် သို့မဟုတ် လေပြင်းတစ်ခု၏ အသံကဲ့သို့ ကြားလိုက်ရ၍ မျက်နှာပေါ်တွင် တအံ့တဩအမူအယာများ ပေါ်လာသည်။
အဲ့ဒါ ဝိုင်နည်းနည်းလေးပဲ မဟုတ်ဘူလား ... သူ့ပုံစံက ရေတံခွန်ကြီးတစ်ခုလုံးကို သောက်ချလိုက်သလိုပဲဖြစ်နေတယ် ...
စမ်းချောင်းဝါမဟာပညာရှိက ဝိုင်ကရားကိုကိုင်ထားလျက် ခွေးဘုရင်ကိုကြည့်နေသည်။ သူတစ်ယောက်တည်းသာမက စားသောက်ဆိုင်ထဲမှ လူအားလုံးက ခွေးဘုရင်ကိုကြည့်နေကြသည်။ သူတို့အားလုံး သိချင်နေကြသည်။
တကယ်လို့ ကမ္ဘာမြေအကျဉ်းထောင်ခွေးက ဝိုင်သောက်ပြီး အဆင့်တစ်ဆင့် ထပ်တက်သွားမယ်ဆိုရင် ဘယ်အဆင့်ကိုရောက်သွားမှာလဲ ... မဟာသူတော်စင်အဆင့်ကို ဖြတ်ကျော်သွားမှာလား ...
စမ်းချောင်းဝါမဟာပညာရှိတစ်ယောက်သာ ခွေးဘုရင်၏ အင်အားကိုသိသည်။ ကမ္ဘာမြေအကျဉ်းထောင်ခွေးသည်လည်း သူ့ကဲ့သို့ပင် ဘုံကိုးပါးမဟာသူတော်စင်ဖြစ်သည်။ ငရဲကမ္ဘာတွင် ဘုံကိုးပါးမဟာသူတော်စင်များက အသန်မာဆုံးတည်ရှိမှုများဖြစ်သည်။ ယခင်ငရဲဘုရင်ထျန်စန်းကလည်း ထိုအဆင့်သာဖြစ်ပြီး ငရဲအကျဉ်းထောင်၏ မျိုးနွယ်ကိုးခုမှ မဟာသူတော်စင်များလည်း ထိုအဆင့်ပင်ဖြစ်သည်။
ဤကမ္ဘာတွင် ဘုံကိုးပါးမဟာသူတော်စင်ဟူသော တည်ရှိမှုက ကြီးမြတ်သောအဆင့်တစ်ခု ဖြစ်နေပြီးဖြစ်သည်။ သို့သော်လည်း ၎င်းက မဟာသူတော်စင်နယ်ပယ်တွင်သာ ရှိနေသေးသည်။ စားသောက်ဆိုင်ထဲမှ လူများက မဟာသူတော်စင်နယ်ပယ်အပြင် အခြားနယ်ပယ်များ ရှိမရှိကို မသိကြပေ။
သို့သော်လည်း စမ်းချောင်းဝါမဟာပညာရှိက သေချာပေါက်သိသည်။ ငရဲကမ္ဘာ၏အပြင်ဘက်တွင် အဆုံးမဲ့ကြယ်စင်ကောင်းကင်နှင့် စစ်မှန်မဟာလောကများ ရှိနေသေးသည်။ ဤကမ္ဘာတွင် မဟာသူတော်စင်အဆင့်ထက် ကျော်လွန်သော တည်ရှိမှုများရှိနေသေးသည်။
ငရဲအကျဉ်းထောင် မျိုးနွယ်ကိုးခုမှ လူအိုကြီးများက ပတ်ဝန်းကျင် ကမ္ဘာငယ်လေးများကို စုစည်းပြီး ငရဲကမ္ဘာကို မဟာလောကအဖြစ် အဆင့်တိုးမြှင့်လိုခြင်းဖြစ်သည်။ အကယ်၍ သူတို့အောင်မြင်ခဲ့ပါက မဟာလောကများနှင့် ထိတွေ့နိုင်မည့်အပြင် အဆင့်မြင့်နယ်ပယ်များသို့ တက်လှမ်းနိုင်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။
သို့သော်လည်း ပုဖန်၏ဝိုင်က အဆင့်တစ်ဆင့်ကို ဖြတ်ကျော်နိုင်မည်ဖြစ်၍ များစွာ အင်အားစိုက်ထုတ်ရန် မလိုအပ်တော့ပေ။ သို့ဖြစ်၍ စမ်းချောင်းဝါမဟာပညာရှိက ရလဒ်ကို အလွန်သိချင်နေခြင်းဖြစ်သည်။
ခွေးဘုရင်က မျက်တောင်ခတ်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။ ဝိုင်သောက်ပြီးသည့်နောက် မြေကြီးပေါ်လှဲနေသည်။
စားသောက်ဆိုင်တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ အားလုံးက ခွေးဘုရင်အဆင့်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်မည်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။
ဂေ့ ...
အချိန်အတော်ကြာပြီးနောက် ခွေးဘုရင်က ပါးစပ်ဟကာ လေတက်လိုက်သည်။ လေထဲတွင် အရက်နံ့ပြင်းပြင်းတစ်မျိုး ပျံ့နှံ့လာပြီး ၎င်းက နှမျောတသဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ ဒီဝိုင်က ကောင်းရဲ့သားနဲ့ နှမျောစရာကောင်းလိုက်တာ... “
သူခေါင်းခါလိုက်ပြီး မျက်ဝန်းထဲတွင် နောင်တရသော အငွေ့အသက်များဖြစ်ပေါ်လာသည်။
သူ အဆင့်တစ်ဆင့်သို့ မကျော်ဖြတ်နိုင်သည်မှာ သေချာသွားပြီဖြစ်သည်။ ဤကမ္ဘာမှ အတားအဆီးများက အလွန်သန်မာလှသည်။ ပုဖန်ကဝိုင်က မှော်ဆန်သော်လည်စ မဟာသူတော်စင်တစ်ယောက်က အဆင့်တစ်ဆင့်မှ အတားအဆီးများကို ကျော်ဖြတ်မသွားနိုင်ပေ။ ဤဝိုင်က ဓားအသေးတစ်ချောင်းနှင့်တူသည်။ ဤဝိုင်က မဟာသူတော်စင်များကို ထိန်းချုပ်ထားသော ကြိုးများကို ဖြတ်တောက်ပေးနိုင်သော်လည်း ကြီးမားသော သစ်ပင်၏ ပင်စည်များဖြင့် ပြုလုပ်ထားသော လှောင်အိမ်ကို ဖြတ်တောက်နိုင်သည်အထိ မမာကြောပေ။
“ ဒါပေမဲ့ အံ့ဩစရာကောင်းတာတွေ ရှိနေတယ် ...”
ခွေးဘုရင် ရယ်လိုက်သည်။ သူ့နှာခေါင်းမှထွက်ပေါ်နေသော အငွေ့များက အရက်နံ့ထွက်နေသည်။
ခွေးဘုရင်က အဆင့်တစ်ခုကို မဖြတ်ကျော်နိုင်ကြောင်း မြင်လိုက်ရသည့်အခါ စမ်းချောင်းဝါမဟာပညာရှိက နောင်တရသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
အဆင်မပြေဘူးပေါ့လေ ...
သူ့မျက်နှာပေါ်တွင် ခါးသက်သက်အပြုံးတစ်ခု ဖြစ်တည်လာသည်။ ဝိုင်ကရားတစ်လုံးအပေါ် မျှော်လင့်ချက်ထားမိသည့်အတွက် သူ့ကိုယ်သူအရူးတစ်ယောက်ဟု ခံစားမိသွားသည်။ သို့ရာတွင် ခွေးဘုရင်၏အော်ရာကို အာရုံခံမိသည့်အခါ သူ၏စိတ်ဓာတ်ကျမှုများက ပျောက်ကွယ်သွားသည်။
လောလောဆယ်တော့ ဒီဝိုင်ကလုံးဝအကျိုးမရှိတာ မဟုတ်ဘူးပဲ ... ဝဲစားခွေးက သူ့ရဲ့ဒဏ်ရာတွေကနေ ပြန်ကောင်းသွားပြီ ...
ခွေးဘုရင်၏ဖိအားကို အာရုံခံမိသွားကြောင့် အနည်းငယ် ကြောက်လန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒီခွေးက မဟာနိယာမလမ်းစဉ်တွေ အများကြီးကို မျိုချထားမိလို့ထင်တယ် ငါလည်း သူ့လိုမျိုးစားကြည့်ရမလား ...”
စမ်းချောင်းဝါမဟာပညာရှိက ကရားကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ မျက်လုံးထဲ အရောင်လက်လာသည်။
သို့သော်လည်း ခဏတွေးတောပြီးသည့်နောက် ထိုအကြံကို လက်လျှော့လိုက်သည်။ မဟာသူတော်စင်က ခွန်အားကြီးသော်လည်း မဟာနိယာမလမ်းစဉ်၏ အနက်ရောင်ကြာပွတ်ကို ပြဿနာသွားမရှာရဲပေ။
“ ငါ အိပ်ငိုက်လာပြီ တစ်ရေးလောက်အိပ်ဦးမယ် ...”
ခွေးဘုရင်က နှာခေါင်းရှုံ့ကာ ပုဖန်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ခွေးဘုရင်က သိမြင်မှုသစ်ပင်အောက်သို့ လျှောက်သွားကာ ထိုအောက်တွဲလှဲလျောင်းပြီးနောက် အိပ်ပျော်သွားသည်။
ပုဖန်သည်လည်း အနည်းငယ် နောင်တရနေမိသည်။ ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က မဟာသူတော်စင်များကို အဆင့်တစ်ခု ဖြတ်ကျော်သွားစေသော်လည်း ခွေးဘုရင်ကိုမူ မကူညီနိုင်ခဲ့ပေ။ ၎င်းကိုကြည့်ခြင်းအားဖြင့် ခွေးဘုရင်က ဘုံကိုးပါးမဟာသူတော်စင်ဖြစ်၍ မဟာသူတော်စင်များအကြားမှ ကြီးမြတ်သော တည်ရှိမှုတစ်ခု ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။
အချိန်အတော်အတန်ကြာပြီးမှ နောက်ဆုံးတွင် ခွေးဘုရင်၏ ကျင့်ကြံဆင့်ကို သိလိုက်ရသည်။ ပုဖန် နှုတ်ခမ်းများတွန့်လိုက်သည်။
“ စမ်းချောင်းဝါမဟာပညာရှိကြီး ကျွန်မတို့ ပြန်ပါတော့မယ် ...”
ယို့ကျီးနှင့် လော့ကျီးက ပုဖန်၏ဝိုင်ကို မြည်းကြည့်လိုသော်လည်း ဝက်သေတစ်ကောင်ကဲ့သို့အိပ်ပျော်နေသော ငရဲဘုရင်အာဟကိုကြည့်ကာ သူ့ကို ငရဲဘုရင်နန်းတော်သို့ ဦးစွာခေါ်ဆောင်သွားရန် ရွေးချယ်လိုက်သည်။ ငရဲဘုရင်က လူပေါင်းများစွာ၏ရှေ့တွင် အရူးတစ်ယောက်ကဲ့သို့ ပြုမူနေသည်ကို မြင်သွားကြလျှင် ကောင်းသည့်ကိစ္စများ ဖြစ်မလာနိုင်ပေ။
စမ်းချောင်းဝါမဟာပညာရှိက ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်တွင် ယို့ကျီးနှင့် လော့ကျီးက ငရဲဘုရင်အာဟကို ထူပေးပြီး ကောင်းကင်ပေါ် ပျံတက်သွားကြသည်။
ယို့ကျီးနှင့် လော့ကျီးတို့က တစ်ဖက်တစ်ချက်ဆီမှ တွဲထားရသော ငရဲဘုရင်အာဟမှာ လေထဲရောက်မှ ရုတ်တရက် နိုးလာသည်။ သူ့လက်ကိုဆန့်ပြီး ရင်ခေါင်းသံကြီးဖြင့် အော်တော့သည်။
“ အစပ်ချောင်း အစပ်ချောင်း ... ငါ့ဆီကိုပြန်လာကြပါ အစပ်ချောင်းလေးတွေ ...”
ပုဖန် သူ့ကို အေးစက်စွာကြည့်လိုက်သည်။
မင်းရဲ့အစပ်ချောင်းလား ဟီးဟီး ...
ပုဖန်၏ အမူအယာကြောင့် ဘေးနားတွင်ရပ်နေသောနယ်သာရီက ချက်ချင်းပင် ကြက်သီးထသွားသည်။ ငရဲဘုရင်အာဟ နိုးလာပါက ပုဖန်၏ အညှာအတာမဲ့ဆက်ဆံမှုများနှင့် ကြုံရတော့မည်ဟု သူမ တွေးနေမိသည်။
ပုဖန်က ကရားအဖုံးကိုပိတ်ပြီး စမ်းချောင်းဝါမဟာပညာရှိကို ကြည့်လိုက်သည်။
“ မြည်းမကြည့်သေးဘူးလား ...”
စမ်းချောင်းဝါမဟာပညာရှိက သူ့လက်ထဲမှ ကရားအသေးလေးနှင့် ပုဖန်၏လက်ထဲမှ ကရားကြီးကိုကြည့်လိုက်သည်။ သူ့မျက်လုံးများပြူးကျယ်လာကာ နယ်သာသလင်းကျောက်များပါဝင်သော အဝတ်အိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။
စမ်းချောင်းဝါမဟာပညာရှိက သူ့ဝိုင်ကရားကိုသိမ်းလိုက်ပြီး ခုံတွင်ထိုင်၍ ရက်ရောစွာပြောလိုက်သည်။
“ ငါ့ကိုလည်း ဝိုင်တစ်ခွက်ပေး ...”
နယ်သာရီ ကြောင်အအဖြစ်သွားသည်။
“ စမ်းချောင်းဝါမဟာပညာရှိ ရှင့်မှာ ဝိုင်တွေ ရှိပြီးသားမလား ...”
သူမ ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။
“ အခု သောက်ဖို့ မအောင့်ထားနိုင်တော့လို့လေ ... ကောင်မလေး ဝိုင်တွေက ကြာကြာထားလေ သောက်လို့ကောင်းလေပဲဆိုတာ မသိဘူးလား ... ငါက ဒီဝိုင်ကရားကို နှစ်ပေါင်းတစ်ထောင်လောက် သိမ်းထားဦးမှာ ...”
စမ်းချောင်းဝါမဟာပညာရှိက လေးနက်စွာဖြေလိုက်သည်။
နယ်သာရီနှင့် မြေခွေးလေးတို့ ဆွံ့အသွားကြသည်။
ရှင်ပြောတာ ကျိုးကြောင်းဆီလျော်လွန်းလို့ ကျွန်မနဲ့ မြေခွေးလေးတောင် ဘာပြောရမှန်းမသိတော့ဘူး ...
“ ကောင်းပါပြီ ...”
ပုဖန်က စမ်းချောင်းဝါမဟာပညာရှိ၏ အကြံကို သဘောတူလိုက်သည်။ သူ့ဝိုင်က ကြာကြာသိမ်းဆည်းထားလေ ပို၍ အစွမ်းထက်လာလေဖြစ်လိမ့်မည်။ သို့သော်လည်း မည်သို့သိမ်းဆည်းထားရန်ဟူသောအချက်ကလည်း အရေးပါလှသည် ။
သူက စမ်းချောင်းဝါမဟာပညာရှိအတွက် ဝိုင်ခွက်တစ်ခွက် ငှဲ့ပေးလိုက်သည်။
မကြာမီအချိန်တွင် စားသောက်ဆိုင်ထဲတွင် အမူးသမားတစ်ယောက် ရောက်လာပြန်သည်။
“ ငါမင်းကို ပြောပြမယ် ... နှစ်ပေါင်းများစွာအကြာက ငါ အသူရာချောက်ကို အလည်သွားခဲ့ပြီး ဝိုက်ခွက်တစ်ထောင်လောက် သောက်ပြီးမှ မူးသွားခဲ့တာ ... ငါ အသူရာချောက်ရဲ့ အကောင်းဆုံးဝိုင်သုံးမျိုးကိုတောင် သောက်ခဲ့ဖူးတယ် ... အဲ့အရသာ ... အခုတွေးကြည့်လိုက်မှ ... အမ် ... အဲ့အရသာက ဘယ်လိုလဲဆိုတာတောင်မမှတ်မိတော့ဘူး ... ကောင်မလေး ငါနင့်ကိုပြောပြမယ် ထျန်စန်း ငါ့ဆီလာတုန်းက ငါ ငါ ...”
စမ်းချောင်းဝါမဟာပညာရှိ၏ မျက်နှာက နီရဲနေပြီး အရက်နံ့များနံစော်နေကာ နယ်သာရီ့ကို စားပွဲနားဆွဲခေါ်ပြီး တဗျစ်တောက်တောက်ပြောနေသည်။ နယ်သာရီလည်း ရွေးချယ်စရာမရှိ၍ မရိုင်းပြမိစေရန် ရှက်ရွံ့စွာသာ ပြုံးနေလိုက်ရသည်။ သူမရင်ခွင်ထဲမှ မြေခွေးဖြူလေးက ရွံရှာနေသည့်ပုံဖြင့် နှာခေါင်းပိတ်ထားသည်။
ပုဖန်လည်း နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။ ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်မှ အရက်ပါဝင်မှုနှုန်းက အလွန်များသည့်ပုံပေါ်သည်။ ၎င်းကို မြည်းကြည့်လိုက်မိသည့် မဟာသူတော်စင်တိုင်းက တစ်ခွက်သာသောက်လိုက်ရသော်လည်း အားလုံး အရက်မူးကုန်သည်။
စနစ်က ဖန်ခွက်သေးသေးလေးပဲပေးတာ မအံ့ဩတော့ပါဘူး ... တကယ်လို့ ဒီဝိုင်ကိုသာ ခွက်အကြီးကြီးနဲ့ ချပေးလိုက်မယ်ဆို သူတို့သေသွားနိုင်တယ် ...
ပုဖန် စိတ်ထဲတွင် တွေးနေလိုက်သည်။
ထိုအချိန်တွင် စားသောက်ဆိုင်အပြင်ဘက်ရှိ လူအုပ်ကြီးက ထိုင်မရ ထမရဖြစ်နေသည်။ ဤစားသောက်ဆိုင်က မဟာသူတော်စင်တစ်ယောက်ကို အဆင့်တစ်ဆင့် ကျော်လွှားသွားနိုင်ရန် ကူညီပေးလိမ့်မည်ဟု မထင်ခဲ့ပေ။ ၎င်းက ခွေးဘုရင်နှင့် စမ်းချောင်းဝါမဟာပညာရှိတို့အပေါ် အကျိုးမသက်ရောက်သော်လည်း သူတို့က ငရဲကမ္ဘာတစ်ခုလုံးတွင် ကြီးမြတ်သောတည်ရှိမှုများဖြစ်၍ ထည့်မတွက်တော့ပေ။
မဟာသူတော်စင်တွေတောင် ဝိုင်တစ်ခွက်သောက်ပြီး အဆင့်တက်သွားမယ်ဆိုရင် အခုမှ သူတော်စင်ငယ်အဆင့်ပဲရှိသေးတဲ့ သူတို့ကလည်း သေချာပေါက် အဆင့်တက်မှာပဲပေါ့ ဟုတ်တယ်မလား ...
သူတို့အားလုံး ထိုသို့တွေးမိကြသဖြင့် လူအုပ်ကြီးက ဆူညံပွက်လောရိုက်လာသည်။
“ ဘာပဲဖြစ်ဖြစ် ငါ ဒီဝိုင်ကို မြည်းကြည့်ရတော့မယ် ...”
“ ငါလည်း အဲ့ဝိုင်သောက်ချင်တယ် ... ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ရောင်းရမယ်ဆိုရင်တောင်သောက်မယ် ...”
“ မြန်မြန်သွားစမ်း ... ငါ့မိသားစုကို နယ်သာသလင်းကျောက်တွေ ပြင်ထားဖို့ သတင်းပို့လိုက် ... ဒီဝိုင်က နယ်သာသလင်းကျောက်တစ်သန်းတောင် ပေးရမှာ သောက်ရမ်းဈေးကြီးတယ် ...”
သူကောင်းမျိုးမိသားစုမှ ကျင့်ကြံသူများက အတွေးတစ်ခုတည်းမျှနေကြသည့်ပုံပင်။ မကြာမီ စားသောက်ဆိုင်ရှေ့မှ လူတန်းကြီး ပျောက်ကွယ်သွားသည်။ မဟာသူတော်စင်များမှလွဲ၍ မည်သူကမှ နယ်သာသလင်းကျောက်တစ်သန်းကို ကိုယ်နှင့်မကွာ မဆောင်ထားကြပေ။ တန်းစီနေကြသူထဲတွင် မဟာသူတော်စင်များမပါဝင်ကြ၍ နယ်သာသလင်းကျောက်တစ်သန်းက သူတို့အတွက် ပမာဏများလွန်းသည်။ အမှန်တွင် ၎င်းက မိသားစုငယ်တစ်ခု၏ ပိုင်ဆိုင်မှုအားလုံးနီးပါးရှ်ိသော ပမာဏဖြစ်သည်။
…
ကမ္ဘာမြေအကျဉ်းထောင်၏ ငရဲဘုရင် နန်းတော်တွင် ...
ကောင်းကင်ယံတွင် မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ ကမ္ဘာမြေအကျဉ်းထောင်၏ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒက တလိမ့်လိမ့်တက်နေကာ နေရာတစ်ခုလုံးကို ကြောက်မက်ဖွယ်ဖိအားကြီးဖြင့် လွှမ်းခြုံထားသည်။
တင်းတင်းကြပ်ကြပ်ပိတ်ထားသော နန်းတော်တံခါးချပ်များ၏ အပြင်ဘက်မှ လောင်တျဲမှာ ကောင်းကင်ပေါ်မှ အပြောင်းအလဲများကို မှင်သက်စွာကြည့်ပြီး တအံ့တဩဖြစ်နေသည်။
“ ဘာတွေဖြစ်ကုန်တာလဲ အရှင်က နောက်အဆင့်တစ်ခုကို ကျော်ဖြတ်ဦးမှာလား သူ့ရဲ့ ပျင်းတတ်တဲ့အကျင့်နဲ့ဆိုရင် ဒီလောက်မြန်မြန် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးလေ ... ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်ကုန်ပါလိမ့် ...
ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသော မဟာနိယာမလမ်းစဉ်စိတ်ဆန္ဒက ယင်းလုံနေထိုင်သောနေရာ၏ ကောင်းကင်ထက်တွင် ပျံနှံ့နေပြီး မိုးခြိမ်းသံများလည်း ကြားနေရသည်။
မဟာသူတော်စင်နှစ်ယောက်က တစ်ချိန်တည်းတွင် အဆင့်တစ်ခုကို ဖြတ်ကျော်သွားကြသည်။
“ ဘာတွေ ဖြစ်နေပြန်တာလဲ ...”
လောင်တျဲစိတ်ထဲတွင် သူက ကမ္ဘာမြေကြီးနှင့် မထိတွေ့တော့သည်မှာ ဤမျှကြာသွားပြီလားဟု တွေးနေမိသည်။
လေထုထဲတွင် နားပင်းလုမတတ် မိုးခြိမ်းသံများ ထွက်ပေါ်နေသည်။ ယနေ့တွင် ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံး လျှပ်စီးပင်လယ်ကြီး လွှမ်းခြုံခံထားရသည်။ မဟာသူတော်စင်တစ်ယောက်၏ အဆင့်တက်ခြင်းက ကျယ်လောင်၍ ဆူညံလွန်းလှသည်။ မဟာသူတော်စင်တစ်ယောက် နောက်ဆုံး အဆင့်တက်ခဲ့သည်မှာ လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကဖြစ်၍ ၎င်းက အောင်မြင်ရန်အတွက် မလွယ်ကူသောအရာဖြစ်သည်။
ကျဆုံးနတ်ဘုရားလိုဏ်ဂူတွင်...
ရွှေရောင်အရိုးစုက လိုဏ်ဂူအပြင်ဘက်တွင်ရပ်နေပြီး ၎င်း၏သွေးရောင် တစ္ဆေမီးတောက်က ဗလာကျင်းနေသော မျက်လုံးအိမ်ထဲတွင် ကခုန်လျက်ရှိသည်။
“ အဘိုးကြီးယင်းလုံက အဆင့်တစ်ဆင့်ကို တက်သွားတာလား ... အဲ့အဘိုးကြီးက သူ့အစွမ်းတွေအားလုံးနီးပါးသုံးထားလို့ အဆင့်တက်ဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေမယ်ထင်တာ ခုတော့ အောင်မြင်သွားပြီတဲ့လား ...
“ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုတော့ ထူးဆန်းနေပြီ ... ထျန်စန်းရဲ့သားလေးကလည်း ခုမှနတ်ဆိုးဝင်ပေါက်တွေကို ဖြတ်ကျော်နေတုန်းကို ထပ်ပြီး အဆင့်တက်ပြန်ပြီလား ... ဒီတစ်ခါ နတ်ဆိုးဝင်ပေါက်တွေကိုဖြတ်ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ဖော်ထုတ်စရာမလိုပဲ ဖြတ်ကျော်နိုင်သွားလို့ အဲ့လောက်အသံကျယ်နေတာပေါ့လေ ... ငရဲအကျဉ်းထောင်ရဲ့ အာရုံစိုက်ခံရတော့မှာ သေချာတယ် ...”
ငွေရောင်အရိုးခြောက်တစ်ခုက လိုဏ်ဂူထဲမှ ထွက်လာသည်။
“ ငရဲဘုရင်နန်းတော်ကိုသွား ... မဟာသူတော်စင်တွေက ဘာလို့ဆက်တိုက်ကြီး အဆင့်ကျော်ဖြတ်နိုင်နေတာလဲဆိုရတဲ့ အကြောင်းအရင်းကို သွားစုံစမ်း ...”
ရွှေရောင် အရိုးစုက ပြောလိုက်သည်။
ငွေရောင်အရိုးစု၏ မျက်လုံးအိမ်ထဲမှ အပြာရောင်တစ္ဆေမီးများ တောက်ပလာပြီး ချက်ချင်းပျောက်ကွယ်သွားသည်။
အနက်ရောင်မီးခိုးများက မဟူရာဘုရားကျောင်းအထက်တွင် ရစ်ဝဲနေကာ ကတ္တီပါနီရောင် မျက်ဝန်းတစ်စုံလည်း ရှိနေသည်။
“ အံ့ဩစရာပဲ ... နဂါးအိုကြီးယင်းလုံက ဒုတိယမြောက် အခွင့်အရေး ရသွားတယ်ပေါ့ ဒီလိုအသက်ကြီးမှ အဆင့်တစ်ဆင့်ကို ကျော်ဖြတ်သွားနိုင်တယ်ပေါ့ ... ဘာလို့ပါလိမ့် ... တစ်ခုခုတော့မှားနေပြီ လူလွှတ်ပြီး အဲ့အကြောင်းကို စုံစမ်းမှပဲ ...
နတ်ဘုရားမြို့တော်တွင်မူ ဧကရီပိလော့က ဖန်ဖန့်ရေခဲမုန့်စတိုးမှ ချောကလက်ကိတ်ကိုစားကာ အရသာရှိသော ပုလဲနို့လက်ဖက်ရည်ကို သောက်နေသည်။ သူမက ဧရာမပြတင်းပေါက်ကြီးရှေ့တွင်ထိုင်နေပြီး တောက်ပသော အနီရောင်ဝတ်ရုံကို ဆင်မြန်းထားလျက် သူမ၏ ခြေတံသွယ်သွယ်များကို တွဲလောင်းချထားသည်။ ပြတင်းပေါက်မှတစ်ဆင့် ဝင်လာသောအလင်းရောင်က မျက်နှာပေါ်ဖြာကျနေ၍ သူမကိုကြည့်ရသည်မှာ အလွန်လှပနေလျက်ရှိသည်။
မြို့ထဲမှလူတိုင်းက သူမကိုကြည့်နေပြီး သူမအလှကြောင့် ညှို့ယူဖမ်းစားခံနေရသည်။
သူမရှေ့တွင် သိမ်မွေ့လှပ၍ အဖြူရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ယောက် ဝင်ထိုင်လိုက်၍ ဧကရီပိလော့၏ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။
၎င်းက မြင့်မြတ်အပျိုစင်ဖြစ်သည်။
“ အရှင်မ ... သခင့်ဆီက အကြောင်းကြားစာရောက်လာပါတယ် ... ယင်းလုံက ဒုတိယမြောက်အခွက့်အရေးရပြီး အဆင့်ကျော်ဖြတ်နိုင်သွားရတဲ့အကြောင်းအရင်းကိုစုံစမ်းပြီး တတ်နိုင်သမျှ မြန်မြန် သူမကို အကြောင်းကြားပါလို့ မှာလိုက်ပါတယ် ...”
မြင့်မြတ်အပျိုစင်က နူးညံ့စွာပြောလိုက်သည်။
သို့ရာတွင် သူမစကားကြောင့် ဧကရီပိလော့၏မျက်နှာတွင် ထူးဆန်းသွားသည်။
“ အဘိုးကြီးယင်းလုံက ဒုတိယမြောက်အခွင့်အရေး ရသွားတယ်ပေါ့ ... ဒီအသက်အရွယ်မှ နဂါးမတစ်ကောင် ရှာတွေ့သွားတာလား ...”
ဧကရီပိလော့က ချောကလက်ကိတ်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး သူမပါးစပ်ထဲသို့ ပျော်ရွှင်စွာထည့်လိုက်သည်။ ထို့နောက် မြင့်မြတ်အပျိုစင်ကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။
“ အိုး ... ငါက နဂါးမတစ်ကောင်က အဲ့အဘိုးကြီးကိုဘာလို့သဘောကျသွားတာလဲ သိချင်ရုံပါ ... နေ့လယ်ခင်းလက်ဖက်ရည်သောက်ပြီးရင် ဒီကိစ္စကို စီမံလိုက်မယ် ...”
ဧကရီက ပြောလိုက်သည်။
“ သခင်မက အမှန်တရားကို အရှင်မကို ကိုယ်တိုင်ရှာစေချင်တာပါ ...”
မြင့်မြတ်အပျိုစင်၏လေသံက လေးနက်နေသည်။
သို့ဖြစ်၍ ဧကရီပိလော့ ကြောင်အသွားသည်။
“ အိုး ကောင်းပြီလေ ...”
“ အရှင်မရဲ့ လက်ဖက်စိမ်းအရသာရေခဲမုန့်ရပါပြီ ...”
ကျင်းယွမ်၏ညင်သာသောအသံ ထွက်ပေါ်လာပြန်သည်။
“ ဪ ပေး ပေး ...”
ဧကရီက ချောကလက်ကိတ်ကို ကိုက်နေလျက် နို့လက်ဖက်ရည်ကို သောက်ပြီးထွက်သွားသည်။
ဧကရီပိလော့၏ ကျောပြင်ကိုကြည့်လျက် မြင့်မြတ်အပျိုစင်၏ မျက်နှာက သိသိသာသာရှုံ့မဲ့သွားသည်။
အရှင်မရေ အချိုပွဲတွေက အရသာရှိမှန်းသိပါတယ် ဒါပေမဲ့ ကိုယ့်စိတ်ကိုယ်ထိန်းပါဦး ...
ယင်းလုံနှင့် ငရဲဘုရင်အာဟတို့ တစ်ချိန်တည်း အဆင့်တက်သွားသည့်သတင်းက ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ မဟာသူတော်စင်များ အဆင့်တက်ပြီးနောက်ဖြစ်လာမည့် အကျိုးဆက်များက ထူးခြားဆန်းကြယ်၍ သူကောင်းမျိုးမိသားစုများ၊ အဓိကမြို့ကြီးများနှင့် တားမြစ်နယ်မြေများပင် ထိတ်လန့်ကုန်ကြသည်။
ငရဲအကျဉ်းထောင်သည်ပင် အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်ကုန်သည်။
စမ်းချောင်းဝါစားသောက်ဆိုင်လေးတွင် ...
ညက အလွန်မှောင်မည်းလာပြီဖြစ်သည်။ စားသောက်ဆိုင်တံခါးများကို ကျွီခနဲအသံဖြင့် ပိတ်လိုက်သည်။ အတွင်းဘက်ထဲတွင်မူ မီးထွန်းထားပြီး ညစာစားပွဲတွင် ပုဖန်ထိုင်နေသည်။ စားပွဲပေါ်တွင် ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကရားကို တင်ထားသည်။
နယ်သာရီက သူ့အစ်မဆီမှ ပိုက်ဆံချေးရန် ထွက်သွားသည်။
ပုဖန်က ဝိုင်ကရားအဖုံးကိုပွင့်ပြီး သူ့ဘာသာသောက်ရန်အတွက် တစ်ခွက်ငှဲ့လိုက်သည်။ သင်းပျံ့သောရနံ့တစ်မျိုး ချက်ချင်း ထွက်ပေါ်လာသည်။ သက်တံ့ရောင်ဝိုင်က ဖန်ခွက်ထဲတွင် ရစ်ဝဲနေကာ တောက်ပ၍ အလွန်လှပနေသည်။ အနံ့ကိုရှုကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများတွန့်ကွေးကာ ဖန်ခွက်ကို ပါးစပ်ဖြင့် ထိလိုက်သည်။
***