ညအချိန်သို့ရောက်လာပြီး တောက်ပသောလမင်းကြီးက ကောင်းကင်ပေါ်တွင်ထွက်ပေါ်လာသည်။ တားမြစ်ဝိညာဉ်မြို့တော်မှ စမ်းချောင်းဝါစားသောက်ဆိုင်လေးမှာ မီးရောင်များဖြင့် တောက်ပနေသည်။ အတွင်းဘက်တွင် လူများများစားစားမရှိပဲ သိမြင်မှုသစ်ပင်သာ လေတိုက်လိုက်တိုင်း တရှဲရှဲအသံများထွက်နေသည်။
ခွေးဘုရင်က သစ်ပင်အောက်တွင် အိပ်မောကျနေပြီး ဟောက်နေသည်။ သူ့ပါးစပ်နှင့် နှာခေါင်းမှ အသက်ရှုလိုက်တိုင်း ထွက်လာသောလေများတွင် ကြွယ်ဝသောငရဲစွမ်းအင်များ ပါဝင်နေသည်။
နယ်သာရီက ယို့ကျီးထံသို့ရောက်လာသည်။ သူတို့နှစ်ယောက်က ညီအစ်မများဖြစ်သည့်အတွက် ပိုက်ဆံချေးငှားခြင်းအပြင် စကားစမြည်ပြောဆိုချင်သောကြောင့်ဖြစ်သည်။
ဤတစ်ကြိမ်၌ နယ်သာရီသည်လည်း ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်အတွက် ငွေပေးချေရမည်ဖြစ်သည်။ နယ်သာရီက ယခင်ဟင်းလျာများအတွင်မူ ငွေပေးချေရန် မလိုအပ်ခဲ့သော်လည်း ၌တစ်ကြိမ်တွင် စနစ်က စည်းကမ်းတင်းကြပ်ထား၍ ပုဖန်မှလွဲ၍ ဝိုင်ကိုသောက်သုံးလိုသည့် မည်သူမဆို ငွေပေးချေရမည်ဖြစ်သည်။ သို့ဖြစ်၍ ခွေးဘုရင်နှင့် နယ်သာရီတို့ကဲ့သို့ ပုဖန်နှင့် ရင်းနှီးသူများလည်း ကွေပေးချေရမည်သာ။
သို့ရာတွင် ပုဖန်က ထိုကိစ္စအတွက် စိတ်အနှောင့်အယှက် မဖြစ်နေပေ။ ခွေးဘုရင်၏ ခွန်အားဖြင့်ဆိုလျှင် နယ်သာသလင်းကျောက်တစ်သန်းကို လွယ်လွယ်ရှာနိုင်သည်။ ထို့အပြင် သူ၏ အကျင့်ယုတ်သော စရိုက်အရဆိုလျှင် မည်သည့်ကျင့်ကြံသူထံမှမဆို အဖိုးတန်ရတနာများကို ခိုးယူလာနိုင်သည်။ သို့ဖြစ်၍ နယ်သာသလင်းကျောက်တစ်သန်းရရန်က သူ့အတွက် ပြဿနာမရှိပေ။
နယ်သာရီအတွက်မူ သူ့အစ်မဖြစ်သူယို့ကျီးက ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်ဖြစ်၍ နယ်သာသလင်းကျောက်တစ်သန်းကို လွယ်ကူစွာရှာဖွေနိုင်သည်။ သို့ဖြစ်၍ ပုဖန်က ဤကိစ္စကို အထွေအထူးတွေးမနေပေ။
ယခုချိန်၌ စားသောက်ဆိုင်ထဲတွင် သူနှင့် ခွေးဘုရင်သာရှိသည်။
ပုဖန်က ဝိုင်ခွက်ကိုကိုင်ထားပြီး အတွင်းမှစမ်းချောင်းဝါဝိုင်ကိုကြည့်နေသည်။ သူ့အပေါ်တွင် ဝိုင်၏သက်ရောက်မှုအားနည်းမည်ဖြစ်၍ အဆင့်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ရန်မဖြစ်နိုင်သော်လည်း စမ်းသပ်ကြည့်ချင်သေးသည်။
“ ဒီဝိုင်ကို ချက်ရတဲ့အတွက် လျော်ကြေးလို့ သဘောထားလိုက်မယ် ...”
ဝိုင်က အရောင်စုံ၍ တောက်ပနေသည်။ ပုဖန်က ဝိုင်ခွက်ကို နှုတ်ခမ်းနားတေ့ကာ တစ်ကျိုက်တည်းသောက်လိုက်သည်။
သူ ပထမဆုံးရသည်မှာ အစပ်အရသာဖြစ်ပြီး အလွန်ပြင်းထန်သောကြောင့် ဦးရေပြားများပင် ထုံကျဉ်သွားသည်။ တစ်ခဏတွင်းချင်းမှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပူလှိုင်းတစ်ခုက မုန်တိုင်းကဲ့သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။ ထို့နောက်တွင် ဝိုင်၏ကြွယ်ဝသောအရသာက ပေါက်ကွဲထွက်လာသည်။
မူလက ဝိုင်တစ်ခွက်ကို အလွန်မများဟု ထင်လိုက်သော်လည်း သောက်ကြည့်ပြီးသည့်နောက်တွင်မူ လည်ချောင်းထဲသို့ စီးဆင်းသွားသော ဝိုင်စီးကြောင်းလေးက တစ်ဟုန်ထိုးစီးဝင်သွားသည့် ရေများကဲ့သို့ဖြစ်လာသည်။
ဤခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။
အရသာကလည်း အလွန်ကောင်းမွန်သည်။ ၎င်းက ပုဖန်သောက်ဖူးသမျှထဲတွင် အကောင်းဆုံးဝိုင်ဖြစ်သည်။ အရသာတစ်မျိုးတည်းနှင့်ပင် နယ်သာသလင်းကျောက်တစ်သန်း ထိုက်တန်ပေသည်။
ဝိုင်ရနံ့က သူ၏ခံတွင်းထဲတွင် စွဲမြဲနေဆဲဖြစ်၍ ပုဖန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မျက်မှောင်ကြုတ်ထားကာ ဝိုင်ကို အရသာခံနေသည်။
သိမြင်မှုသစ်ပင်အောက်တွင် အိပ်ပျော်နေသောခွေးဘုရင်က မျက်လုံးများပွင့်လာပြီး ဝိုင်တစ်ခွက်ကို ယခုလေးတင်သောက်လိုက်သည့် ပုဖန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် ရွှင်ပြသော အရိပ်အမြွက်တစ်ခုဖြင့် ပြည့်နှက်သွားသည်။
ရုတ်တရက် ပုဖန်၏ မျက်နှာ အနီရောင်သန်းလာသည်။ ပါးစပ်ဟ၍ အသက်ပြင်းပြင်းရှုလိုက်ပြီး ခေါင်းခါလိုက်သည်။ တစ်ခဏခန့် သူ့ပတ်ဝန်းကျင်မှ ကမ္ဘာကြီးကလည်သွားသည်ဟု ခံစားလိုက်ရသည်။
မဟာသူတော်စင်တွေတောင်မှ ဒီဝိုင်တစ်ခွက်ကို တောင့်မခံနိုင်တာ အံ့ဩစရာမရှိပါဘူး ... သူ့ရဲ့ အရက်ပါဝင်နှုန်းက ပြောမပြနိုင်လောက်အောင်ပဲ ...
ပုဖန် လေအေးကိုရှုရှိုက်လိုက်ရသည်။ မတ်တပ်ရပ်လိုက်သောအခါ သူ၏ခြေလက်များက အားအင်ချိနဲ့သွားသည်ဟုပင် ခံစားလိုက်ရသည်။
ခွေးဘုရင်က ပုဖန်၏ အဖြစ်ကိုမြင်သောအခါ ကြိတ်ရယ်လိုက်မိသည်။ ပုဖန်မှာ ယခုအနေအထားဖြင့်ဆိုလျှင် ခွေးဘုရင်၏ ရန်စသကဲသို့ရယ်နေပုံကို မြင်နိုင်မည်မဟုတ်ပေ။
ပုဖန်မှာ သူ့ဘေးမှကမ္ဘာကြီးက လည်လာပြီး သူ့မျက်စိကို ပြူးကျယ်သွားစေမည့် ပုံရိပ်များစွာကို မြင်လာမိသည်။ မိုးမျှော်တိုက်ကြီးများ၊ ကားများဖြင့်ပြည့်နေသောလမ်းများနှင့် တစ်စုံတစ်ယောက်က မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေစဉ်တွင် ကခုန်နေသော မီးတောက်များကိုပါ မြင်မိလာသည်။
ရင်းနှီးနေသောပုံရိပ်များက သူ့ကို အံ့ဩမှင်သက်သွားစေသည်။
ဒါတွေက ငါ့ရဲ့ အရင်ဘဝက ကမ္ဘာပေါ်က ပုံရိပ်တွေလိုပဲ ...
ပုဖန် ခဏတာ အေးခဲတောင့်တင်းသွားသည်။ ထို့နောက် နံရံကိုမှီကာ အပေါ်ထပ်သို့ဦးတည်ပြီး သူ့အခန်းထဲ ဝင်သွားသည်။ အရက်နံတထောင်းထောင်းထလျက်နှင့်ပင် ကုတင်ပေါ်တက်ပြီး အိပ်မောကျသွားသည်။
…
နောက်တစ်နေ့မနက် နေထွက်ပြီး ကမ္ဘာကြီးတစ်ခုလုံး တောက်ပလာချိန်တွင် လူအုပ်ကြီးက စမ်းချောင်းဝါစားသောက်ဆိုင်ငယ်လေးရှေ့တွင် စုဝေးလာသည်။ တင်းတင်းပိတ်ထားသော တံခါးချပ်ကို မျက်လုံးများပြူးကျယ်လျက်ကြည့်ပြီး အချင်းချင်း အကြည့်ချင်းဖလှယ်ကုန်ကြသည်။
ထိုလူအားလုံးမှာ အင်အားကြီးသော သူကောင်းမျိုးမိသားစုများမှ ရောက်လာသည့်ကျင့်ကြံသူများဖြစ်ပြီး သူတို့တစ်ဦးတစ်ယောက်ချင်းစီက ဝိုင်တစ်ခွက်ဝယ်ရန်အတွက် နယ်သာသလင်းကျောက်တစ်သန်းစီ ပြင်ဆင်လာကြသည်။ သူတို့အားလုံး မနက်မိုးလင်းချိန်တည်းမှ စောင့်နေကြခြင်းဖြစ်သော်လည်း နေမြင့်လာသည်အထိ စားသောက်ဆိုင်တံခါးက ပိတ်ထားဆဲဖြစ်သည်။
“ ဘာဖြစ်တာပါလိမ့် ... စားသောက်ဆိုင်က ဘာလို့မဖွင့်သေးတာလဲ ...”
“ စားသောက်ဆိုင်က တစ်နေ့မှာ ခြောက်နာရီဖွင့်တယ်လို့ ငါထင်နေတာ ... အခုပဲ နေ့တစ်ဝက်ရောက်နေပြီ ... မဖွင့်ဘူးဆိုရင်တော့ နေဝင်ရီတရောအချိန် ရောက်လာတော့မယ် ...”
“ ပိုင်ရှင်က သူ့စကားသူ ပြန်ရုတ်သိမ်းသွားတာများလား ...”
စားသောက်ဆိုင်ရှေ့ရှိ သူကောင်းမျိုးမိသားစုဝင်များက တစ်ယောက်တစ်ပေါက် ဆူညံစွာပြောဆိုနေကြသည်။ သို့ရာတွင် မည်သည့်ကိစ္စဖြစ်ပျက်နေကြောင်း မည်သူမျှ မသိကြပေ။ တံခါးခေါက်ကြည့်သော်လည်း မည်သည့်အသံမှ မကြားကြရပေ။ တံခါးကို ဖျက်ဝင်ကြရန် တွေးလိုက်မိသော်လည်း ဤစားသောက်ဆိုင်ကို စောင့်ကြပ်နေသော ကမ္ဘာမြေအကျဉ်းထောင်ခွေးကို တွေးလိုက်မိကြ၍ ထိုအကြံအတိုင်း မလုပ်ကြတော့ပေ။
အားလုံးက ဝိုင်သောက်ချင်သောကြောင့် ယားကျိကျိဖြစ်လာကြသည်။ ၎င်းက မဟာသူတော်စင်တစ်ယောက်ဟ ကျင့်ကြံဆင့်ကို တိုးတက်စေနိုင်မည်ဖြစ်၍ သူတော်စင်ငယ်ဖြစ်သော သူတို့ကိုပါ တိုးတက်စေလိမ့်မည်ဖြစ်သည်။
သူတို့အားလုံး တန်းစီနေကြရုံသာ တတ်နိုင်သည်။
ရလဒ်အနေဖြင့် တားမြစ်ဝိညာဉ်မြို့တော်ထဲတွင် စိတ်ဝင်စားစရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကမ္ဘာမြေအကျဉ်းထောင် အဓိကမြို့တော်များ၏ သူကောင်းမျိုးမိသားစုမှ ခေါင်းဆောင်များက စားသောက်ဆိုင်ငယ်လေးရှေ့တွင် ရပ်နေကြသည်ကို တွေ့နိုင်ကြသည်။ တားမြစ်ဝိညာဉ်မြို့တော်မှ နေထိုင်သူများက ဤမြင်ကွင်းကိုမြင်သည့်အခါ သူတို့အားလုံးတအံ့တဩဖြစ်ကာ ထိုလူများကို လက်ညိုးထိုးလျက် ပြောဆိုကုန်ကြသည်။ သို့ဖြစ်၍ မိသားစုခေါင်းဆောင်များက ရှက်ရွံ့မှုကြောင့် မျက်နှာများ နီမြန်းကုန်သည်။ လူအများက သူတို့ကို တိရစ္ဆာန်များကဲ့သို့ကြည့်ကာ လက်ညိုးထိုးပြောဆိုခံနေရခြင်းမျိုး ဘဝတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ကြဖူးပေ။ သို့သော်လည်း ဝိုင်အတွက်ကြောင့် သူတို့ဒေါသများကို ချုပ်တည်းလိုက်ကြသည်။
သူတို့ ဆက်လက်စောင့်နေကြသည်။ မကြာမီ နေဝင်သွားပြီး လမင်းကြီးက ကောင်းကင်ပေါ်ရောက်လာ၍ နူးညံ့စွာတောက်ပနေကာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ငွေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည်။ တန်းစီ၍ စောင့်ဆိုင်းနေသော မိသားစုခေါင်းဆောင်များမှာ မြေပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ပျင်းရိနေသောကြောင့် လက်များဝှေ့ယမ်းနေကြသည်။
“ ပြန်ကြရအောင် ... ကြည့်ရတာ စားသောက်ဆိုင်က ဒီနေ့တော့ မဖွင့်တော့ဘူးထင်တယ် ...”
“ ငါ တစ်နေကုန် ဒီမှာစောင့်လိုက်ရတာ အချိန်ဖြုန်းမိသလိုပဲ ...”
“ သူက ငါတို့ကို ပညာပြတာပဲ ...”
သူကောင်းမျိုးမိသားစုခေါင်းဆောင်များမှာ ဒေါသထွက်ကုန်ကြပြီး စားသောက်ဆိုင်မှ ထွက်သွားရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
ထို့နောက်တွင် စားသောက်ဆိုင်မှသတင်းက ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဂျိန်း ...
တစ်ရက်ကြာပြီးနောက် မဟာသူတော်စင် အတိဒုက္ခပြီးဆုံးသွား၍ ၎င်းကိုစောင့်ကြည့်နေကြသော တားမြစ်နယ်မြေများက စောင့်ကြည့်နေခြင်းများကို ပြန်ရုတ်သိမ်းလိုက်ကြသည်။
ကမ္ဘာမြေအကျဉ်းထောင်၏ ငရဲဘုရင်နန်းတော်တွင် ...
ငရဲဘုရင်အာဟက သူ၏ကိုယ်မှ စွမ်းအားများတိုးတက်လာသည်ကို ခံစားမိ၍ အားရပါးရအော်ဟစ်ရယ်မောနေသည်။ အဆင့်တစ်ဆင့်သို့ ကျော်ဖြတ်နိုင်မှုကို နယ်သာသလင်းကျောက်တစ်သန်းဖြင့် ဝယ်ယူနိုင်ခဲ့၍ ဤကို ထူးချွန်ပြောင်မြောက်သော ဈေးဆစ်မှုဟု တွေးလိုက်မိသည်။
ကောင်လေးပုဖန်က မှန်မှန်ကန်ကန်ရောင်းဝယ်တတ်တဲ့သူပဲ ...
သူ့ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေပြီး ငရဲဘုရင်နန်းတော်ထဲတွင် ရှာဖွေမှုစတင်လိုက်သည်။ များမကြာမီအချိန်မှာပင် နယ်သာသလင်းကျောက်တစ်သန်းကို စုဆောင်းမိပြီး ပုဖန်ဆီမှ နောက်ထပ်ဝိုင်တစ်ခွက်ဝယ်သောက်ရန် ပြင်လိုက်သည်။
သူအရက်မူးနေစဉ်အချိန်က မည်သည့်အရာများပြောခဲ့ပြီး မည်သည့်ကိစ္စများ လုပ်ခဲ့သည်ကို လုံးဝ မေ့သွားပြီဖြစ်သည်။ အိပ်ရာမှ နိုးလာပြီးသည့်နောက်တွင် သူ၏အစပ်ချောင်းများ အဘယ့်ကြောင့်ပျောက်ဆုံးသွားသည်ကိုမူ သိချင်နေခဲ့သည်။
ယင်းလုံ နေထိုင်ရာအိမ်တော်တွင် ...
အကျဉ်းထောင်အရှင်သခင်ယင်းလုံက မျက်လုံးများဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် လျှပ်စီးကြောင်းများစီးဆင်းနေပြီး သူ၏အော်ရာကလည်း အဆပေါင်းများစွာသန်မာလာ၍ ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။
နဂါးဟိန်းသံကြီးဖြင့် ကောင်းကင်ပေါ်ပျံတက်သွားကာ ဧရာမယင်းနဂါးကြီးအဖြစ် အသွင်ပြောင်းသွားသည်။ ၎င်းက နတ်နဂါးကြီးကဲ့သို့ ရှည်လျားသောခန္ဓာကိုယ်ရှိပြီး အနောက်ဘက်တွင် တောင်ပံတစ်စုံရှိကာ အနက်ရောင် နဂါးကြေးခွံများလည်းရှိသည်။
သူ၏နဂါး အော်သံကြီးက ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ယင်းလုံ အလွန်အမင်းစိတ်လှုပ်ရှားနေသည်။ သူ၏အသက်အရွယ်တွင် အဆင့်တစ်ဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု မထင်ခဲ့မိပေ။ ၎င်းက ဝိုင်တစ်ခွက်ကြောင့်သာဖြစ်၍ ကြည်နူးစရာခံစားချက်တစ်မျိုးဖြစ်သည်။
“ ဝိုင်က ပေးရတဲ့တန်ဖိုးနဲ့ တန်သားပဲ ...”
ယင်းလုံ လူအသွင်ပြန်ပြောင်းလိုက်သည်။ မျက်ခေါင်းပေါက်တောင်ဝှေးကိုကိုင်လျက် သူ့ပုံစံက အလွန်စိတ်လှုပ်ရှားနေပြီး တားမြစ်ဝိညာဉ်မြို့တော်ဘက်သို့ ကြည့်လိုက်သည်။ သူ၏စိတ်လှုပ်ရှားမှုကို ပြန်လည်ထိန်းချုပ်ထားပြီး မြို့ထဲသို့ တစ်ခါတည်းမသွားပဲ သူ၏ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်နေသည်။
ထိုစဉ် ကမ္ဘာမြေအကျဉ်းထောင်၏ မျိုးစုံသောတားမြစ်မြို့တော်များတွင် သူတို့လွှတ်ထားသော ကျင့်ကြံသူများထံမှ သတင်းအချက်အလက်များ ရရှိလာသည်။
အကျဉ်းထောင်အရှင်သခင်ယင်းလုံနှင့် ငရဲဘုရင်အာဟတို့၏ အဆင့်တက်သွားနိုင်ခြင်းက တားမြစ်ဝိညာဉ်မြို့တော်ရှိ စားသောက်ဆိုင်လေးတစ်ဆိုင်မှ ဝိုင်တစ်ခွက်ကြောင့်ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသတင်းက ငရဲအကျဉ်းထောင်အထိ ပျံ့နှံ့သွားသည်။ သို့ရာတွင် ငရဲအကျဉ်းထောင်ကျင့်ကြံသူများက ငရဲကမ္ဘာမဟာလမ်းစဉ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့်အတွက် အောင်ပွဲခံနေကြဆဲဖြစ်သောကြောင့် ဤသတင်းကို ကမ္ဘာမြေအကျဉ်းထောင်က မျက်နှာမပျက်ရန်အတွက် လုပ်ကြံဖန်တီးခြင်းဟုသာထင်ခဲ့ကြသည်။ ထိုသတင်းကို အတည်မယူကြပေ။
ကမ္ဘာမြေအကျဉ်းထောင်မှ တားမြစ်နယ်မြေများကမူ ထိုသို့မဟုတ်ပေ။ တားမြစ်နယ်မြေတစ်ခုချင်းစီတိုင်းက တားမြစ်ဝိညာဉ်မြို့တော်သို့ ကျင့်ကြံသူတစ်ယောက်စီလွှတ်ကာ ဝိုင်တစ်ခွက်စီ ယူလာရန်အမိန့်ပေးလိုက်ပြီး ထိုကျင့်ကြံသူများကိုလည်း နယ်သာသလင်းကျောက်တစ်သန်းစီပေးလိုက်သည်။ ကောဘဟာလများက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကြိုးစားရှင်းက အရှုံးမရှိပေ။
ခဏတွင်းချင်း ကမ္ဘာမြေအကျဉ်းထောင်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ စွမ်းအားရှိသူများလည်းလှုပ်ရှားလာကြပြီး တားမြစ်ဝိညာဉ်မြို့တော်သို့ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် လွှတ်လိုက်သည်။ ဝေးလံခေါင်းဖျားသောနေရာတွင်ရှိ၍ တိတ်ဆိတ်နေခဲ့သော မြို့လေးတစ်မြို့မှာ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲပြီးသည့်နောက်တွင်လည်း လူပေါင်းများစွာ ရောက်ရှိလာကြပြန်၍ တစ်ဖန်ပြန်လည်စည်ကားလာသည်။
ပုဖန်၏ မျက်လုံးများပွင့်လာပြီး သန်းဝေလိုက်သည်။ သူ့အဝတ်အစားများနှင့် ဆံပင်က ဖရိုဖရဲဖြစ်နေသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်တို့က ယခုအခါတွင် ပိုမိုကြည်လင်လာသည်။
“ အိုး ငါ့ရဲ့ ကျင့်ကြံဆင့် ...”
သူ ခဏတာ ကြောင်အသွားပြီးနောက် သူ့အစွမ်းကို ပြန်သုံးသပ်နေသည်။ မူလက သူ၏ဝိညာဉ်ပင်လယ်ထဲတွင် ရေဝဲတစ်ခုသာရှိသော်လည်း ယခုအခါ နှစ်ခုဖြစ်နေသည်။
သူ့ရဲ့ ကျင့်ကြံဆင့်က ဘုံနှစ်ပါးသူတော်စင်ငယ်နယ်ပာ်ထဲ ရောက်သွားတာများလား...
“ ဟင်းပွဲတွေက ငါ့ရဲ့ကျင့်ကြံဆင့်တွေတိုးလာဖို့ အကျိုးသက်ရောက်မှုမရှိဘူး ထင်ထားတာ ...”
ပုဖန် အံ့အားသင့်သွားသည်။ ဝိုင်တစ်ခွက်သောက်လိုက်ခြင်းဖြင့် ကျင့်ကြံတင့်က တစ်ဆင့်တိုးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။
မည်သို့ပင်ဖြစ်စေ သူ၏ကျင့်ကြံဆင့်တစ်ဆင့်တိုးလာခြင်းက သူ့ကိုယုံကြည်မှုမြင့်မားလာစေသောကြောင့် ကောင်းသည့်ကိစ္စရပ်တစ်ခု ဖြစ်သည်။
သူ့ကိုယ်သူ ညစ်ပတ်နေသည်ဟုထင်၍ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ရေပူများက ရေပန်းပေါ်မှပန်းထွက်လာပြီး ရေချိုးခန်းတစ်ခုလုံးတွင် အငွေ့များဖြင့် ပြည့်လာသည်။ ရေနွေးငွေ့များပေါ်၌ ဝါဖျော့ဖျော့အလင်းရောင်လင်းနေသဖြင့် လေထုအခြေအနေက နွမ်းလျနေသကဲ့သို့ ဖြစ်နေသည်။
ရေချိုးပြီးသည့်နောက် ပုဖန် ရေချိုးခန်းထဲမှ ထွက်လာသည်။ ရေချိုးဝတ်စုံကို ဝတ်ထားကာ သူ၏ဆံပင်က စိုရွှဲနေပြီး ရေစက်များကျနေသည်။ ခေါင်းကို တဘတ်ဖြင့်သုတ်လိုက်သော်လည်း အနည်းငယ်စိုနေသေးသည်။ သို့ရာတွင် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်နေရမယ့်အစား အနီရောင်စားဖိုမှူး ဝတ်စုံကို ဝတ်လိုက်သည်။ နေမြင့်လာပြီဖြစ်၍ စားသောက်ဆိုင်ဖွင့်ရန် အချိန်ရောက်ပြီဖြစ်သည်။
သူ အိပ်ရေးဝဝအိပ်ခဲ့ရသည်။ အိပ်ရာမှ နိုးလာပြီးသည့်နောက် သူ၏စိတ်စွမ်းအင်က အနည်းငယ်တိုးလာသည်ဟုပင် ခံစားလိုက်ရသည်။
ပုဖန် အောက်ထပ်သို့ဆင်းပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။ ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ အရောင်တောက်လာသည်ကို မြင်လိုက်ရသောအခါ ပုဖန်က ၎င်း၏ဗိုက်ကို ပုတ်လိုက်သည်။
“ နောက်ထပ် လှပတဲ့နေ့ရက်လေးတစ်ရက်ပဲ ...”
ပုဖန်က မျက်နှာသေဖြင့်ပြောလိုက်သည်။
ဓားကိုင်နည်းစနစ်များကို ခဏတာလေ့ကျင့်ပြီးသည့်နောက် စားပွဲများရှိရာသို့ ရောက်လာသည်။
“ နိုးလာပြီလား ကောင်လေးပုဖန် ...”
ခွေးဘုရင်က သိမြင်မှုသစ်ပင်အောက်တွင်လှဲလျက် ဆံပင်များ စိုနေဆဲဖြစ်သည့်ပုဖန်ကို ရွှင်မြူးနေသော အမူအယာဖြင့်ကြည့်လိုက်သည်။
“ ကျုပ် အကြာကြီးအိပ်ခဲ့မိတယ်ထင်တယ် ဒါပေမဲ့ ဝိုင်ရဲ့အရသာက ကောင်းလွန်းတယ် ... အရွက်ကိုးရွက်စမ်းချောင်းဝါမြက်နဲ့လုပ်ထားတဲ့ ဝိုင်ပီသပါပေတယ် ...”
ပုဖန် ခေါင်းငြိမ့်ကာပြောလိုက်သည်။
ခွေးဘုရင်၏ စကားများထဲမှ ကျီစယ်လိုသည့်လေသံကို သတိမပြုမိပေ။ ခွေးဘုရင်၏ မျက်လုံးထဲမှ အမူအယာက သူအရက်မူးနေစဉ် တစ်ခုခုပြုလုပ်ခဲ့မိသည်များကြောင့်ဖြစ်လိမ့်မည်ဟုသာ တွေးလိုက်သည်။ ယခုအချိန်တွင် တည်ငြိမ်စွာနေမှသာ ရှက်စရာမကောင်းမည်ဟု တွေးလိုက်မိသည်။
ကျွီခနဲအသံဖြင့် စားသောက်ဆိုင်တံခါးကို ဖွင့်လိုက်သည်။ နေရောင်ခြည်က တံခါးပေါ်ဖြာကျလာသည်။ တောက်ပနေသော နေရောင်ခြည်ကြောင့် မျက်လုံးကို မှေးစင်းလိုက်မိသည်။
စားသောက်ဆိုင်အပြင်ဘက်မှ လူတန်းရှည်ကြီးကို မြင်လိုက်သည့်အခါ အံ့ဩသွားပြီး ရုပ်တည်ဖြင့်ပြောလိုက်သည်။
“ အိုး လူတွေအများကြီးပါလား ... ဒီနေ့ အစောကြီးရောက်နေကြတာပဲ ...”
စားသောက်ဆိုင်အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော သူကောင်မျိုးမိသားစုမှ ခေါင်းဆောင်များက ပုဖန် တံခါးဖွင့်သည်ကို မြင်လိုက်ရသည့်အခါ ငိုချင်သွားကြသည်။
“ စောတယ်ဟုတ်လား မင်းမေလင်ကိုစောလေ ... ငါတို့ဒီနေရာမှာ တစ်ညနဲ့တစ်ရက်တောင် စောင့်ခဲ့ရတာ ...”
မိသားသု ခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။ သူ့မျက်လုံးများက နီရဲနေကာ အလွန်ဒေါသထွက်နေကြောင်း သိသာလှသည်။
တစ်ညနဲ့ တစ်ရက်တောင်လား ...
ပုဖန် ကြောင်အသွားမိသည်။ ထို့နောက်တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် သူ့မျက်နှာမှအကြည့်က ထူးဆန်းသွားသည်။
ငါ ဝိုင်တစ်ခွက်သောက်ပြီး တစ်ညနဲ့တစ်ရက်တိတိ အိပ်ပျော်သွားတာလား ... ငါ တစ်ညပဲ အိပ်မိတယ်လို့ထင်နေတာလေ ... ခွေးဘုရင်က ငါ့ကို ထူးထူဆန်းဆန်းကြည့်နေတာ မထူးဆန်းတော့ပါဘူး ...
“ သေချာတန်းစီထားကြပါ အခုပဲ စားသောက်ဆိုင်ဖွင့်ပြီ ...”
ပုဖန်က ရုပ်တည်ဖြင့် တည်ငြိမ်စွာပြောလိုက်သည်။ ထို့နောက် စားသောက်ဆိုင်ထဲ ပြန်ဝင်သွားသည်။
မိသားစုခေါင်းဆောင်များက သူထွက်သွားသည်ကိုကြည့်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ပုဖန်၏ တည်ငြိမ်နေမှုကြောင့် ရင်ထဲတွင်ပင်တဆစ်ဆစ်နာကျင်လာသည်။
“ ဒီကောင်လေးက တစ်ရက်လုံးလုံး အိပ်ပျော်နေတာပေါ့ ဒါတောင် တစ်စက်မှ မရှက်ဘူးလား ...”
သို့ရာတွင် ယခုက ထိုမေးခွန်းကို စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ သူကောင်းမျိုးမိသားစုခေါင်းဆောင်များက စားသောက်ဆိုင်ထဲ အပြေးတစ်ပိုင်းဖြင့် အလုအယက်ဝင်ကြတော့သည်။
ပုဖန်က မီးဖိုချောင်တံခါးဝတွင်ရပ်ကာ တစ်ဖက်သို့လှည့်လိုက်သည်။ ရှေ့တံခါးမှလူများကိုကြည့်ကာ မတုန်မလှုပ်ဖြင့် ပြောလိုက်သည်။
“ သေချာတန်းစီကြပါ တခြားလူတွေကို မတွန်းပါနဲ့ ...”
တားမြစ်ဝိညာဉ်မြို့တော်အပြင်ဘက်တွင် လေထုထဲမှ ပုံရိပ်တစ်ခုရှိနေသောနေရာ၌ မီးခိုးအနက်ရောင်များ ရှိနေသည်။
“ ကြည့်ရတာ အဲ့ဒီစားဖိုမှူးက ခေါင်းဆောင်အရင်တုန်းက ငါ့ကိုသတ်ခိုင်းတဲ့တစ်ယောက်ထင်တယ် ...”
ထိုအရိပ်က အချိန်အတော်ကြာသည်အထိ အတွေးထဲ နစ်မျောနေသည်။
“ ငါ သူ့ကို အရင်တုန်းက သတ်ဖို့ကြိုးစားခဲ့ပေမယ့် အခုတော့ သူ့ဆီက ဝိုင်တစ်ခွက်ဝယ်ဖို့ပဲ လိုတော့တာပေါ့ ရှက်စရာကောင်းလိုက်တာ ... ခေါင်းဆောင်က တာဝန်တွေပေးရင် ငါတို့ရဲ့ ခံစားချက်ကို ထည့်မစဉ်းစားဘူးပဲ ...”
တားမြစ်ဝိညာဉ်မြို့တော်အနီးမှ မြေပြင်အက်ကွဲသွားပြီး အရိုးစုများက ထိုနေရာမှထွက်လာသည်။ ထိုအရိုးစုများအားလုံးက သူတို့၏မျက်လုံးအိမ်များထဲတွင် အပြာရောင် တစ္ဆေမီးတောက်များ ရှိကြသည်။
ငွေရောင်အရိုးစုက ထိုအရိုးစုများအပေါ် ရပ်လိုက်သည်။ ယခုအချိန်တွင် ၎င်းက သူ၏တုန်ယင်နေသော အရိုးခြောက်လက်များဖြင့် မေးစေ့ကိုထိကာ တွေးတောနေသည်။
ရုတ်တရက် သူ၏မျက်လုံးအိမ်ထဲမှ ငွေရောင်အရိုးစုမျက်လုံးများ တွန့်သွားသည်။ အပေါ်သို့မော့ကြည့်လိုက်သည့်အခါ အနက်ရောင်မီးခိုးက ကောင်းကင်ပေါ်တွင် လွင့်မျောနေသည်ကို မြင်လိုက်ရသည်။
“ မဟူရာဘုရားကျောင်းက ကောင်ပဲ ...”
“ ဟင် ကျဆုံးနတ်ဘုရားလိုဏ်ဂူက အရိုးခြောက်ပါလား ...”
သူတို့နှစ်ယောက်ကြားထဲတွင် ပြိုင်ဆိုင်မှုအချို့ ရှိနေသည့်ပုံပင်။
ရုတ်တရက် သူတို့နှစ်ယောက်လုံး အရပ်မျက်နှာတစ်ဖက်တည်းကို တစ်ချိန်တည်းကြည့်လိုက်သည့်အခါ အဝေးမှ မိုးကုပ်စက်ဝိုင်းတွင် အနီရောင်တောက်တောက်ဝတ်ရုံဝတ်ထားသော ပုံရိပ်တစ်ခုက သူမ၏လှပသောခြေတံများကို ယိမ်းနွဲ့လျက် တဖြည်းဖြည်းချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
***