“ အဲ့မိန်းမလည်း ဒီကိုရောက်လာတာလား ...”
ငွေရောင်အရိုးစု၏မျက်လုံးအိမ်ထဲမှ တစ္ဆေမီးတောက်များက တလှုပ်လှုပ်ဖြစ်နေပြီး အသက်ပြင်းပြင်းရှုနေသကဲ့သို့ ပါးစပ်ဟထားသည်။
“ သေချာတာကတော့ မဟာသူတော်စင်တွေတောင် အဆင့်တက်နိုင်တဲ့ ဝိုင်အကြောင်းကြားပြီး နတ်ဘုရားပျောက်ကွယ်တောင်က ရူးနေတဲ့မိန်းမလည်း ဒီတိုင်း ထိုင်မနေနိုင်တော့ဘူးထင်တယ် ...”
မြူနက်ထဲမှ ပုံရိပ်ကပြောလိုက်သည်။
ဧကရီပိလော့က ခြေလှမ်းကျဲကျဲဖြင့် ချည်းကပ်လာစဉ်တွင် သူ၏အနီရောင်ဝတ်ရုံက တလွင့်လွင့်ဖြစ်နေသည်။ ဝတ်ရုံကို ခါးအောက်ဘက်ပိုင်းမှစကာ ခွဲထားသဖြင့် သူမလှုပ်ရှားလိုက်ချိန်တိုင်း လှပသော ခြေတံသွယ်သွယ်များကို မြင်နေရသည်။
ငွေရောင်အရိုးစုနှင့် ကောင်းကင်ပေါ်မှမြူနက်ကို မြင်လိုက်ရသည့်အခါ သူမမျက်နှာတွင် လှောင်ပြောင်သရော်သည့် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
ကျဆုံးနတ်ဘုရားလိုဏ်ဂူနဲ့ မဟူရာဘုရားကျောင်းပါလား ... ကြည့်ရတာ ဒီတစ်ခေါက် ပိုင်ရှင်ပု လုပ်ခဲ့တာက ပြောစမှတ်တွင်စရာ ဖြစ်သွားပုံပဲ ... ငါလည်း သူ့ဆီက မြန်မြန်ယူမှဖြစ်မယ် ...”
ပိလော့၏စိတ်ထဲ အတွေးတစ်ချက်ရောက်လာသဖြင့် သူမ၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ထို့နောက် တားမြစ်ဝိညာဉ်မြို့တော်သို့ ဖြေးဖြေးမှန်မှန် ထွက်ခွာသွားတော့သည်။
ငွေရောင်အရိုးစုက နှာမှုတ်လိုက်သည်။ ၎င်းကို တားမြစ်နယ်မြေသုံးခု၏ ဗြောင်ကျကျပြိုင်ဆိုင်မှုတစ်ခုဟု ဆိုရမည်ဖြစ်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာများအပေါ် များစွာသက်ရောက်မည့် ကိစ္စလည်းဖြစ်သည်။ ကျဆုံးနတ်ဘုရားလိုဏ်ဂူက နတ်ဘုရားပျောက်ကွယ်တောင်နှင့်ယှဉ်ပါက မျက်နှာသာ မရတတ်သော်လည်း မဟူရာဘုရားကျောင်းကို နောက်ကောက်ကျနေ၍ မရပေ။
ဝုန်းခနဲအသံကြီးထွက်လာပြီးနောက် ငွေရောင်အရိုးစုက မြို့ထဲသို့ ထွက်ခွာသွားသည်။ သူထွက်သွားပြီးနောက်တွင် ကျန်ရှိနေသောအရိုးစုများက မြေကြီးထဲ ပြန်ဝင်သွားသည်။
တစ်ဖက်က မဟူရာဘုရားကျောင်းကျင့်ကြံသူကလည်း မကောင်းဆိုးဝါးဆန်ဆန်ရယ်လိုက်ပြီးနောက် မြို့ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။
…
နယ်သာရီက ယို့ကျီးနှင့် အခြားလူများနှင့်တူတူ ပြန်လာသည်။ သူတို့အားလုံးက ငွေကြေးပမာဏအမြောက်အများ ယူလာကြပြီး တစ်ယောက်စီတွင် အနည်းဆုံး နယ်သာသလင်းကျောက်တစ်သန်းစီ ပါလာကြသည်။ သူတို့သည်လည်း စားသောက်ဆိုင်ငယ်လေးမှဝိုင်ကို မြည်းကြည့်ချင်နေကြသည်။
သူတို့ရောက်လာချိန်တွင် စားသောက်ဆိုင်ရှေ့၌ လူများပြည့်နေပြီဖြစ်သည်။ မြေခွေးဖြူလေးကို ရင်ခွင်ထဲထည့်ထားသော နယ်သာရီက လူတန်းရှည်ကြီးကိုကျော်ကာ စားသောက်ဆိုင်ထဲဝင်သွားသည်။
ပုဖန်က စားပွဲတစ်လုံးတွင် ထိုင်နေသည်။ သူ့ရှေ့တွင် ကျောက်စိမ်းကရားတစ်လုံးရှိကာ များစွာသော ဖြူပြာရောင်ကြွေပန်းကန်လုံးများကို စားပွဲပေါ်တင်ထားသည်။ ခွက်များအားလုံးထဲတွင် အရောင်စုံဝိုင်ဖြင့် ဖြည့်ထားပြီး အရောင်တလက်လက်တောက်ပနေသည်။ စားသောက်ဆိုင်မှ မီးရောင်များနှင့် ပေါင်းစပ်လိုက်သည့်အခါ အံ့မခမ်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေသည်။
နယ်သာရ ပြန်ဝင်လာသည်နှင့် ပုဖန်က သူမကိုလှမ်းကြည့်လိုက်ပြီး လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“ ပြန်လာပြီလား ...”
နယ်သာရီ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် မျက်လုံးများမှေးကျဉ်းကာ အဝတ်အိတ်တစ်အိတ်ကိုထုတ်ပြီး ပုဖန်ကိုပေးလိုက်သည်။
“ ဒီမှာ နယ်သာသလင်းကျောက်တစ်သန်း ငါ့ကိုလည်း ဝိုင်တစ်ခွက်ပေး ...”
သူမက လေးနက်စွာပြောလိုက်သည်။
ပုဖန်ကသူမဆန္ဒကို ဖြည့်ဆည်းပေးရန် မတွန့်ဆုတ်နေပေ။ ဖန်ခွက်တစ်ခွက်ကို သူမထံ ကမ်းပေးလိုက်သည်။
စားပွဲရှေ့တွင်ရပ်နေသော သူကောင်းမျိုးမိသားစုခေါင်းဆောင်များစွာက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ ဒီဝိုင်က တကယ်ပဲ နယ်သာသလင်းကျောက်တစ်သန်းတောင်တန်တာလား ...”
ဈေးနှုန်းက သေးငယ်သောပမာဏမဟုတ်၍ သူတို့အားလုံး အနည်းငယ်တွန့်ဆုတ်နေကြသည်။ ၎င်းက သူကောင်းမျိုးမိသားစုတစ်စုအတွက်ဆိုလျှင်ပင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။ နယ်သာသလင်းကျောက်များက ရိုးရိုးသာမန်သလင်းကျောက်များမဟုတ်၍ ၎င်းတို့နှစ်မျိးကြားမှ ကွာဟချက်က ကြီးမားလွန်းသည်။
ဝိုင်တစ်ခွက်က မြို့ပေါင်းများစွာလောက်နီးနီး တန်ဖိုးကြီးနေတယ် ...
နယ်သာရီက ပုဖန်ပေးသောခွက်ကိုကြည့်ပြီး နှုတ်ခမ်းများ တင်းတင်းစေ့ထားမိသည်။ သူမ စိတ်မရှည်ဖြစ်နေပြီဖြစ်သည်။
ယို့ကျီး၊ လော့ကျီးနှင့် အခြားအကျဉ်းထောင် အရှင်သခင်များကလည်း တံခါးမှတစ်ဆင့် ဝင်လာကြသည် ။ ယခုချိန်တွင် စားသောက်ဆိုင်က အလွန်စည်ကားနေသည်။ သူတို့အားလုံး၏မျက်လုံးများက နယ်သာရီ့အပေါ်သာရောက်သွားသည်။
ဖြူပြာရောင် ကြွေခွက်ကိုကိုင်ထားသောနယ်သာရီက ပါးစပ်ကိုဖြည်းဖြည်းဟကာ ဝိုင်ကိုလောင်းထည့်လိုက်သည်။
မဟာသူတော်စင်တစ်ယောက်က ဒီဝိုင်ကိုသောက်ပြီး အဆင့်တစ်ဆင့် တက်သွားတယ်ဆို သူတော်စင်ငယ်တစ်ယောက် သောက်လိုက်ရင်ရော ဘယ်လိုအကျိုးသက်ရောက်မှာလဲ ...
၎င်းက လူအများစု၏ရင်ထဲမှ မေးခွန်းတစ်ခုဖြစ်သည်။
ဝိုင်က မဟာသူတော်စင်တစ်ယောက်ကို အဆင့်တစ်ဆင့် တိုးသွားစေတယ်ဆိုရင် သူတော်စင်ငယ်တစ်ယောက်ကိုတောင် သုံး လေးဆင့်လောက် တိုးသွားစေမှာပေါ့ ဟုတ်တယ်မလား ...
လူအများစုက ထိုသို့ပင်တွေးနေကြသည်။
တကယ်လို့ ဝိုင်က အဲ့လိုအကျိုးသက်ရောက်မှုမျိုးရှိရင် တကယ်ပဲ နယ်သာသလင်းကျောက်တစ်သန်း တန်တာပေါ့ ... သူတော်စင်ငယ်တစ်ယောက်ကသာ သုံး လေးဆင့်လောက်ကို တစ်ခါတည်းတိုးသွားမယ်ဆိုရင် ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံး ရူးသွားတော့မှာပဲ ...
နယ်သာရီက ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သူမမျိုချလိုက်ချိန်တွင် လည်တံသွယ်သွယ်က လှုပ်ရှားသွားသည်။ သူမ မျက်လုံးများမှိတ်ထားပြီး မီးခိုးစိမ်းရောင်ဆံပင်က ယိမ်းနွဲ့နေသည်။
ဝိုင်က သူမခံတွင်းထဲ ရောက်သွားသည်နှင့် သူမမျက်နှာက ရှုံ့တွသွားပြီး ပါးသပ်ဟလိုက်မိသည်။ လက်ရှိအချိန်တွင် သူမက ဝိုင်၏ စူးရှရှအရသာကို ခံစားနေရခြင်းဖြစ်သည်။
“ တော်တော်စပ်တာပဲ ...”
နယ်သာရီက နှာခေါင်းရှုံ့ကာပြောလိုက်သည်။
မြေခွေးဖြူလေးက လက်ဖဝါးပိစိလေးများဖြင့် ဖန်ခွက်ကို ကိုင်ကြည့်ပြီး အနံ့ခံလိုက်သည်။ သူမ မျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။ ထို့နောက် လျှာထုတ်ကာ ခွက်ထဲမှ ကျန်ရှိနေသော ဝိုင်အားလုံးကို လျက်လိုက်သည်။
ထိုနေရာမှလူအားလုံးက သိချင်စိတ်ကြောင့် နယ်သာရီ့ကို မျက်လုံးများပြူးကျယ်လျက် ကြည့်နေကြသည်။ ဝိုင်သောက်ပြီးသည့်နောက် သူမတွင် မည်သည့်အရာများဖြစ်မည်ကို မသိကြပေ။
သူမ အဆင့်တစ်ဆင့်ကို ကျော်နိုင်သွားမှာလား ... အဆင့် နည်းနည်းလောက်တော့ တစ်ခါတည်းကျော်သွားမယ်ထင်တယ် ...
ဝိုင်သောက်ပြီးချိန်တွင် နယ်သာရီ၏ ဖြူဖျော့နေသောမျက်နှာက ချက်ချင်းပင် သွေးရောင်လွှမ်းလာသည်။ သူမ ပါးစပ်ဟလိုက်ပြီး လျှာထုတ်ကာ အသက်ပြက်းပြင်းရှုနေရသည်။
ဝိုင်လက်ကျန်များကို လျက်လိုက်သော မြေခွေးဖြူလေးကလည်း စိတ်ရှုပ်ထွေးနေပုံရကာ မျက်နှာနီရဲလျက် နယ်သာရီ၏ ပခုံးပေါ် လှဲနေသည်။
နယ်သာရီ ရုတ်တရက် ဒယိမ်းဒယိုင်ဖြစ်ပြီး လဲကျလုမတတ်ဖြစ်သွားသည်။ ပုဖန် နှုတ်ခမ်းကိုတွန့်လိုက်မိသည်။ ဤသို့ဖြစ်မည်ကို ခန့်မှန်းထားပြီးသားဖြစ်၍ သူမခါးကိုဖက်ကာ ထိန်းထားလိုက်သည်။
နယ်သာရီ၏မျက်နှာက အလွန်အမင်းနီရဲလာသည်။ သူမ ပါးစပ်ဟကာ အသက်ရှုလိုက်ချိန်တွင် အရက်နံ့များထွက်လာသည်။
“ အ ... အရသာရှိတယ် ...”
နယ်သာရီ မျက်လုံးများမှေးစင်းကာ ပြောလိုက်သည်။
ပုဖန်က သူမခါးကို ဖက်ထားပြီးနောက်တွင် သူမက ဆက်တိုက်ခေါင်းခါနေပြီး ပုဖန်၏ခေါင်းကို သူမခေါင်းဖြင့်တိုက်လိုက်သည်။
ပုဖန်၏ မျက်နှာက တဖြည်းဖြည်းရှုံ့မဲ့လာသည်။ နယ်သာရီက အရက်မူးပြီးနောက်တွင် ထိန်းရမလွယ်သောလူဖြစ်ကြောင်း သူသိသည်။
နယ်သာရီ၏ ပခုံးပေါ် လှဲလျောင်းနေသော မြေခွေးဖြူလေးမှာမူ ခြေချောင်းလက်ချောင်းများ အားလျော့နေပြီး ပြုတ်ကျတော့မတတ်ဖြစ်နေသည်။ ပုဖန်က မြေခွေးလေးကို သူ့ပခုံးပေါ်တင်လိုက်သည်။ မြေခွေးဖြူလေး၏ နွေးထွေးသောခေါင်းပွတ်နေလျက် ပုထန် ငိုရမည် ရယ်ရမည်ကို မသိတော့ပေ။
သူ့ခေါင်းကို အကြိမ်အနည်းငယ် အတိုက်ခံထားရ၍ သည်းမခံနိုင်တော့ပေ။
တခြားလူတွေ အရက်မူးရင် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောတာဖြစ်ဖြစ် အိပ်ရာပေါ်မှာ တန်းအိပ်သွားတာဖြစ်ဖြစ်လုပ်တာလေ ... နယ်သာရီက သူမ မူးနေရင် ဘာလို့ သူများခေါင်းတွေကို လိုက်တိုက်နေရတာလဲ ...
“ ဝှိုက်တီရေ ...”
ပုဖန် ခပ်တိုးတိုးခေါ်လိုက်သည်။
ဝှိုက်တီက လိုက်ကာစကိုမ၍ မီးဖိုချောင်ထဲမှ ထွက်လာပြီး သူ၏မျက်လုံးများက အပြာရောင်တောက်နေသည်။
“ ဝိုင်ကို စောင့်ကြည့်နေဦး ငါပြန်လာမယ် ...”
ပုဖန် ပြောလိုက်သည်။ ထို့နောက်တွင် မြေခွေးဖြူလေးကို ပခုံးပေါ်တင်ကာ နယ်သာရီကို တွဲ၍ ဒုတိယထပ်သို့ တက်လာသည်။ နယ်သာရီက သူမခေါင်းနှင့် ပုဖန်ကို ထပ်တိုက်ရန် ပြင်နေသော်လည်း သူ့လက်ဖြင့်ကာထားလိုက်သည်။ သူမ ခေါင်းကို ဖြည်းဖြည်းပုတ်လိုက်ပြီး ကူကယ်ရာမဲ့နေသည်။
လူအားလုံးက သူ့ကဲ့သို့ အရက်မူးပြီးချိန်တွင် အေးဆေးနေတတ်သူများမဟုတ်ကြောင်း သူသဘောပေါက်သွားသည်။
ဝီ ...
ရုတ်တရက် ပုဖန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်လုံးများမှေးကျဉ်းလိုက်သည်။ ယို့ကျီး၊ အကျဉ်းထောင် အရှင်သခင်များနှင့် သူကောင်းမျိုးမိသားစုခေါင်းဆောင်များက လှည့်ကြည့်လိုက်ကြသည်။
နယ်သာရီက အရက်မူးနေပြီဖြစ်၍ သူမကိုယ်သူမ မေ့သွားသည့်အပြင် အားလုံးသိချင်နေကြသော အဆင့်တစ်ဆင့်ကို ဖြတ်ကျော်တော့မည်ဖြစ်သည်။
ဂျိန်း ...
သူမ အော်ရာက အဆက်မပြတ်တိုးလာသည်။ သူမ အဆင့်တစ်ဆင့်ကိုရောက်တော့မည့်အကြောင်း သင်္ကေတပင် ဖြစ်သည်။
သို့ရာတွင် အံ့အားသင့်စရာကောင်းသည်မှာ အော်ရာများ မြင့်တက်လာမှုက ခဏသာ ကြာလိုက်ပြီး အဆုံးတွင် နယ်သာရီက အဆင့်တစ်ခုသာ တိုးသွားခဲ့သည်။ ယခုအခါတွင် သူမက ဘုံနှစ်ပါးသူတော်စင်ငယ်ဖြစ်သွားပြီဖြစ်သည်။
ကျိန်စာမြွေများ ပေါက်ကွဲထွက်ပြီးနောက်တွင် နယ်သာရီက ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ခံစားခဲ့ရသော်လည်း သူမ၏ ကျင့်ကြံဆင့်က သိသိသာသာ တိုးလာခဲ့သည်။ ထို့အပြင် ကျိန်စာမြွေက သူမ၏ ကျင့်ကြံဆင့်ကို မသိမသာတိုးမြှင့်ပေးခဲ့သည်။ ယခု ဝိုင်တစ်ခွက်သောက်ပြီးသည့်နောက်တွင် သူမ၏ ကျင့်ကြံဆင့်တစ်ဆင့် တိုးသွားခဲ့သည်။
“ တစ်ဆင့်တည်းလား ...”
“ သူတော်စင်ငယ်တွေက ဝိုင်သောက်ပြီးရင် အဆင့်တစ်ဆင့်ပဲ တိုးနိုင်တာလား ...”
“ သူမက ဝိုင်အတုကို သောက်လိုက်မိတာများလား ...”
သူကောင်းမျိုးမိသားစုခေါင်းဆောင်များက အံ့ဩလွန်း၍ ဘာပြောရမည်ပင် မသိတော့ပေ။ သူတို့ မျက်မှောင်မကြုတ်ပဲ မနေနိုင်ဖြစ်သွားပြီး သံသယများဖြင့် ပြည့်လာသည်။
သို့ရာတွင် ပုဖန်၏ဝိုင်က အတုမဟုတ်ကြောင်း သိသာလှသည်။ ဝိုင်က သူတော်စင်ငယ်တစ်ယောက်ကိုလည်း အဆင့်တစ်ဆင့်သာတက်အောင် လုပ်ပေးနိုင်သည်ဟူသော သဘောပင်ဖြစ်သည်။ တခြားတစ်မျိုးပြောရမည်ဆိုလျှင် သောက်သုံးလိုက်သူက မည်သည့်အဆင့်ပင်ရောက်နေသည်ဖြစ်စေ အဆင့်တစ်ဆင့်ကိုသာ ကျော်ဖြတ်နိုင်စေမည်ဖြစ်သည်။
ရလဒ်က ကောင်းကင်ဘုံကိုပင်ဖီဆန်နိုင်သည့် အကျိုးသက်ရောက်မှုမျိုးဖြစ်သော်လည်း လူအများက နောင်တရကုန်ကြသည်။ အထူးသခြင့် သူတော်စင်ငယ်များဖြစ်သည်။ အကယ်၍ ဝိုင်က သူတော်စင်ငယ်များအတွင် အဆင့်တစ်ဆင့်သာ တိုးမြင့်ပေးသည်ဆိုပါက နယ်သာသလင်းကျောက်တစ်သန်းက သူတို့အတွက် မတန်ပေ။ နယ်သာသလင်းကျောက်တစ်သန်းဟူသောပမာဏက သူတော်စင်ငယ်များနှစ်ပေါင်းများစွာ ကျင့်ကြံရန် ရင်းမြစ်များဝယ်ယူနိုင်သော ငွေကြေးပမာဏဖြစ်သည်။
သို့သော်လည်း မဟာသူတော်စင်နှင့် ဘုံကိုးပါးသူတော်စင်ငယ်များအတွက်မူ ဤဝိုင်က နတ်ဘုရားအဆင့်ဝိုင်မျိုးဖြစ်နေသည်။ ဘုံကိုးပါးသူတော်စင်ငယ်များက ဤဝိုင်ကို သောက်လိုက်ပါက မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားနိုင်သည်။ ၎င်းက ကမ္ဘာမြေအကျဉ်းထောင်အတွက်မူ မဟာသတင်းကောင်းတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤဝိုင်ကိုသောက်လိုက်ခြင်းဖြင့် မဟာသူတော်စင်များစွာ ပေါ်ထွက်လာနိုင်၍ များစွာအကျိုးရှိလှသည်။
နယ်သာရီ၏ အဆင့်တက်ခြင်းပြီးဆုံးသွားသောအခါ ပုဖန်၏မျက်နှာက လေးနက်တည်ကြည်လာသည်။ နယ်သာရီ၏မျက်နှာကို မြင်သည့်အခါ အဝေးတွင် ဓားပြားကြီးကိုလွယ်ကာ ရပ်နေသောယို့ကျီး၏မျက်နှာ ဖြူဆုတ်သွားသည်။
နယ်သာရီ၏ကိုယ်မှ အစိမ်းရောက်တောက်တောက်အလင်းတန်းများထွက်လာပြီး အေးစက်၍ မကောင်းဆိုးဝါးဆန်သောမြွေများက သူမခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်နေကာ ပုဖန်ကို စူးစူးရဲရဲကြည့်နေကြသည်။
အစိမ်းရောင်အလင်းတန်းကြီးပျောက်ကွယ်သွားရန် အချိန်အတော်ကြာလိုက်သည်။
“ ကျိန်စာမြွေ ...”
ပုဖန် မျက်လုံးများ မှေးကျဉ်းသွားသည်။ နယ်သာရီစကိုယ်မှ ကျိန်စာအကြောင်းတွေးမိသည့်အခါ သူအနည်းငယ် ခေါင်းကိုက်မိလာသည်။
သူမလက်ကိုဆွဲ၍ ဒုတိယထပ်ကိုခေါ်သွားသည်။ ထို့နောက် သူမအခန်းတံခါးကိုဖွင့်ကာ အထဲဝင်သွားပြီး ကုတင်ပေါ်တင်ပေးလိုက်သည်။ မြေခွေးဖြူလေးကိုလည်း ပခုံးပေါ်မှချကာ နယ်သာရီ၏ ခေါင်းရင်းတွင် ထားလိုက်သည်။
မိန်းကလေးနှင့် မြေခွေးဖြူလေးက ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။ ပုဖန် အခန်းထဲမှထွက်လာပြီး တံခါးပိတ်ကာ အောက်ထပ်ပြန်ဆင်းလာသည်။
ထိုအချိန်တွင် ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က သူတော်စင်ငယ်များအား အဆင့်တစ်ဆင့်သာ တိုးမြှင့်သွားစေနိုင်သောသတင်းက ပျံ့နှံ့နေပြီးဖြစ်သည်။ တန်းစီ၍ စောင့်ဆိုင်းနေကြသော မိသားစုခေါင်းဆောင်များက အကြည့်ချင်းဖလှယ်နေကြသည်။ အများစုက မစောင့်ဆိုင်းလိုသော်ပဲ ထွက်သွားကြသည်။ သူတို့က ဝိုင်၏ အဆင့်တိုးမြင့်စေနိုင်သည့် သက်ရောက်မှုကြောင့် ဤနေရာတွင် ရောက်နေကြခြင်းဖြစ်သည်။ ၎င်းက မဟာသူတော်စင်ကို အဆင့်တက်သွားစေနိုင်၍ သူတော်စင်ငယ်ဆိုပါက သုံး လေးဆင့် တက်သွားစေနိုင်သည်ဟု ထင်ခဲ့ကြသည်။
သို့ရာတွင် ဝိုင်က သူတို့ထင်သကဲ့သို့ မှော်ဆန်သည့်ပုံမဟုတ်တော့ပေ။
တန်းစီနေခဲ့သောလူများထွက်သွားသည်ကို ပုဖန် တည်ငြိမ်စွာကြည့်နေသည်။ ထိုသို့ဖြစ်မည်ကို သူမှန်းဆမိသည်။ ထိုလူများက အခွင့်အရေးသမားများသာဖြစ်သည်။ ဝိုင်တစ်ခွက်တည်းဖြင့် အဆင့်ပေါင်းများစွာတိုးသွားချင်ကြသော်လည်း လောကတွင် ဤမျှလွယ်ကူသောအရာမရှိပေ။
ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က မှော်ဆန်သော်လည်း အဆင့်သုံးလေးဆင့် တစ်ချိန်တည်းတက်သွားခြင်းက ကျင့်ကြံသူများအတွက်လည်း မကောင်းလှပေ။ အဆင့်တစ်ဆင့်သာတက်သွားခြင်းကလည်း အလွန်ကောင်းသည်ဟု ပုဖန်တွေးနေမိသည်။ အဘယ့်ကြောင့်ဆိုသော် ဝိုင်က ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးလိုက်ပြီး အခြေခံအုတ်မြစ်များက်ု ပိုမိုသန်မာလာစေသောကြောင့်ဖြစ်သည်။
ကျင့်ကြံသူများတစ်ယောက်ပြီးတစ်ယောက် ထွက်သွားသော်လည်း ပုဖန်၏ အမူအယာက မပြောင်းလဲပေ။
ယို့ကျီးနှင့် အခြားလူများက သူ့ကိုလေးစားစွာကြည့်နေကြပြီး ဤကဲ့သို့သော အလှည့်အပြောင်းဖြစ်ချိန်၌ပင် တည်ငြိမ်နေနိုင်သော သူ၏တည်ကြည်မှုကို အံ့ဩနေကြသည်။
သူတို့သည်လည်း ငွေပေး၍ ဝိုင်ကိုဝယ်လိုက်ကြသည်။ ဝိုင်ကို စားသောက်ဆိုင်အပြင်ဘက်သို့ ယူသွားခွင့်မပြုသည်ဖြစ်၍ ထိုနေရာ၌ပင် တစ်ထိုင်တည်းသောက်လိုက်ကြသည်။
သောက်ပြီးသည်နှင့် အားလုံးအရက်မူးကုန်ကြသည်။
ကျင်းကျောင်း၏ မျက်နှာက နီရဲနေပြီး သူ့ရင်ဘတ်ကို အဆက်မပြတ်ထုရိုက်ကာ အော်ဟစ်နေသည်။ ယို့ကျီးက တခစ်ခစ်ရယ်နေသည်မှာ မရပ်တော့ပေ။ ပုံမှန်အချိန်တွင် သူတို့အားလုံးက လူအများရိုသေလေးစားရသော အကျဉ်းထောင်အရှင်သခင်များဖြစ်ကြသော်လည်း အရက်မူးလာသည့်အခါ အရူးတစ်ယောက်ကဲ့သို့ ပြူမူနေကြသည်။
အပြုံးအရယ်မရှိသော ယို့ကျီးသည်ပင် ဝိုင်သောက်ပြီးသည်နှင့် သူမဓားကြီးကို စားသောက်ဆိုင်ထဲတွင် လွှဲရမ်းနေသည်။
ပုဖန် မျက်ခုံးနှစ်ခုကြားအလယ်ကိုပွတ်နေပြီး သူတို့အားလုံးက်ု အပြင်ထုတ်လိုက်ရန် ဝှိုက်တီ့ကို မှာလိုက်သည်။
သူကောင်းမျိုးမိသားစုခေါင်းဆောင်အများအပြားက ဝိုင်ကို နယ်သာသလင်းကျောက်တစ်သန်းကို မတန်သည်ဟုထင်၍ စိတ်ပျက်သွားကြသော်လည်း တန်းသစီနေသည့် လူပေါင်းများစွာ ကျန်နေသေးသည်။ သူတို့က ဝိုင်အတွက် ငွေပေးချေပြီး ချက်ချင်းသောက်လိုက်ကာ ဤနေရာတွင်ပင် အဆင့်တစ်ဆင့်ကျော်ဖြတ်နိုင်သွားကြသည်။ သို့သော်လည်း သူတို့အားလုံးအရက်မူး၍ ရမ်းကားကုန်သဖြင့် ဝှိုက်တီက အကုန်လုံးကို ဆိုင်အပြင်ဘက်နှင်ထုတ်လိုက်ရသည်။
သူတို့အားလုံးက အရက်မူးနေ၍ ပုဖန်က သူတို့ကို ပြဿနာရှာသူများဟု မသတ်မှတ်လိုက်ပေ။ ထိုသို့မဟုတ်ပါက အဝတ်ချွတ်နတ်ဆိုး ထပ်ပေါ်လာလိမ့်မည်။
ငရဲဘုရင်အာဟက တိတ်ဆိတ်စွာရောက်လာပြီး စားသောက်ဆိုင်ထဲဝင်လိုက်သည်နှင့် ဝါးလုံးကွဲအော်ရယ်တော့သည်။
“ ဟားဟားဟားဟား ကောင်လေးပုဖန် မင်းရဲ့ဝိုင်က တကယ်ကောင်းလွန်းတာပဲ ... ငါကိုင်တိုင် ချီးကျူးရတဲ့သူ ဖြစ်ထိုက်ပါပေတယ် ...”
ထိုလူ ယမန်နေ့က အရက်မူးနေစဉ်ပြောခဲ့သောစကားများကို ပုဖန်မှတ်မိနေသေးသည်။ ထိုအကြောင်းကို တွေးမိသွား၍ သူ့မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
သောက်ကျင့်မကောင်းတဲ့ဟာလေး တဲ့လား...
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများကွေးညွတ်သွားသည်။
ငရဲဘုရင်အာဟက အေးစက်စက်အရာတစ်ခုက သူ့ထံသို့ ရိုက်ခတ်လာသည်ဟု ခံစားမိ၍ ချက်ချင်းပင် ရယ်သံ ရပ်တန့်သွားသည်။
ဘာတွေဖြစ်ကုန်တာလဲ ...
အဘယ့်ကြောင့် ထိုသို့ခံစားရသည်ကို သူ မတွေးနိုင်အောင်ဖြစ်နေသည်။
“ ငါ့ကို ဝိုင်နောက်တစ်ခွက်ပေးပါဦး ...”
ငရဲဘုရင်အာဟ ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
ဝိုင်သောက်ရင်း အဆင့်တက်နိုင်မယ်ဆို သူဘာလို့ ကျင့်ကြံနေဦးမှာလဲ ... သူလုပ်ဖို့လိုတာက နေ့တိုင်းဝိုင်တစ်ခွက်သောက်နေရုံပဲလေ ... ဒါဆို ရက်နည်းနည်းကြာရင် သူ့အဖေထက်တောင် ပိုစွမ်းအားရှိသွားလောက်ပြီ ...
“ ပြီးတော့ အစပ်ချောင်းတွေလည်း ပေးပါဦး ...”
သူ၏ အစပ်ချောင်းများ ကုန်သွားပြီဖြစ်သည်။
“ အစပ်ချောင်းလား မရှိတော့ဘူးလေ ...”
ပုဖန်က ငရဲဘုရင်အာဟကို ဝိုင်တစ်ခွက်ပေးလိုက်ပြီးနောက် အစပ်ချောင်းများ မပေးတော့ပေ။
မနေ့က ငါ့ကို သောက်ကျင့်မကောင်းတဲ့ဟာလို့ခေါ်တာ ဘယ်သူလဲ ...
“ အစပ်ချောင်းတွေက ဘာလို့မရှိတော့တာလဲ မဖြစ်နိုင်ပါဘူး ... မင်းဆီမှာ အများကြီးရှိနေတာ မနေ့ကတောင် တွေ့လိုက်သေးတယ်လေ ...”
ငရဲဘုရငါအာဟ၏မျက်လုံးများ ပြူးကျယ်သွားသည်။ ပုဖန်ကို သူမယုံပေ။
“ ဟေး စိတ်ပုတ်တဲ့ လူငယ်လေး ... လာပါ ငါ့ကိုအစပ်ချောင်းတွေရောင်းပါ ငါပိုက်ဆံပေးပါ့မယ်...”
သူ ပြုံးလိုက်ပြီး အဝတ်အိတ်တစ်အိတ်ကိုထုတ်ကာ ပုဖန်၏မျက်နှာရှေ့တွင် ယမ်းပြလိုက်သည်။
ပုဖန်၏ နှုတ်ခမ်းကတွန့်သွားပြီး မျက်နှာက တဖြည်းဖြည်းအေးစက်လာသည်။
“ ကျုပ်က သောက်ကျင့်မကောင်းတဲ့ကောင်ဆိုတော့ အစပ်ချောင်းတွေ မရှိတော့ဘူး ... တကယ်တော့ ဘယ်တော့မှ ထပ်မရှိတော့ဘူးဆိုရင် ပိုမှန်မယ် ... ဒီဘဝမှာ ထပ်ရှိတော့မှာ မဟုတ်ဘူး ...”
ထိုစကားကိုကြားသည့်အခါ ငရဲဘုရင်အာဟ ထိတ်လန့်သွားသည်။
ပုဖန်က သောက်ကျင့်မကောင်းတဲ့ကောင်ဆိုတဲ့စကားကို ဘယ်က တတ်လာတာလဲ ... ဘာတွေဖြစ်ကုန်တာလဲ ... ဘုရားရေ ငါတော့ အရက်မူးနေတုန်းက ဘာတွေလုပ်မိလဲမသိဘူး တစ်ခုမှလည်း မမှတ်မိတော့ဘူး ...
သို့ရာတွင် ပုဖန်၏ မျက်နှာသေကြီးကို မြင်သောအခါ အာဟ ပါးစပ်ပိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ ဝိုင်ခွက်ကိုကိုင်ထားပြီး ဘေးတစ်နေရာသို့သွားကာ သောက်လိုက်သည်။ မျက်လုံးမှိတ်၍ မေးစေ့ကိုပွတ်ကာ အဆင့်တက်ခြင်း၏ သာယာမှုရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသည်။
သူ အချိန်ကြာမြင့်စွာ စောင့်နေသော်လည်း အဆင့်တက်ခြင်းက မဖြစ်ပေါ်လာပဲ အနည်းငယ်သာ မူးဝေလာသည်။
ဘာလဲဟ ...
ငရဲဘုရင်အာဟ အေးခဲသွားမိသည်။
ဝိုင်က ပထမဆံးတစ်ကြိမ်သောက်ရင်ပဲ အဆင့်တက်ဖို့ ကူညီပေးတာများလား ... တကယ်ကြီးအဲ့လိုလား ...
မွှေးပျံ့သောရနံ့တစ်မျိုးနှင့်အတူ ခြေသံထွက်ပေါ်လာသည်။
“ အိုး မွှေးလိုက်တဲ့ အနံ့လေးပါလား ... ပိုင်ရှင်ပုနဲ့တောင် မတွေ့ရတာကြာပြီ ဒီတစ်ခါရော ဘယ်လိုအရာတွေ ဖန်တီးထားသေးတာလဲ ...”
နူးညံ့ချိုသာသော အသံတစ်သံက လေထဲတွင် ပဲ့တင်ထပ်လာသည်။
ကျန်နေသေးသည့် သူကောင်းမျိုးမိသားစုခေါင်းဆောင်များက သူတို့မြင်လိုက်ရသည်ကြောင့် အံ့ဩသွားကြသည်။ သိမ်မွေ့၍ ကျက်သရေရှိသော ပုံရိပ်တစ်ခုက ရင်သပ်ရှု့မောစရာကောင်းလောက်အောင် လှပလွန်းနေသည်။
ဧကရီပိလော့က သူမ၏ ပြစ်မျိုးမှဲ့မထင်လှပသော မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် စားသောက်ဆိုင်ထဲ ဝင်လာသည်။
***