နူးညံ့ညင်သာသောအသံတစ်သံက တံခါးဝမှ ထွက်ပေါ်လာ၍ ပုဖန်နှင့် ငရဲဘုရင်အာဟပင် ကြောင်အသွားသည်။ ထို့နောက် မွှေးပျံ့သောရနံ့တစ်မျိုး ထွက်ပေါ်လာပြီး ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူမက နတ်ဘုရားမမြို့တော်၏ ဧကရီပိလော့ဖြစ်သည်။
သူမ ဘာလို့ ဒီရောက်နေတာလဲ ... သူမက နတ်ဘုရားမြို့တော်မှာပဲ ရှိနေမှာလေ ...
ပုဖန် တွေးလိုက်သည်။
ဧကရီပိလော့က အနီရောင်တောက်တောက်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ခြေတံရှည်များကို ဝတ်ရုံနီပေါ်မှ မသိမသာမြင်နေရပြီး မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း မျက်လုံးများက ညို့ယူဖမ်းစားနိုင်လောက်သည်အထိ တောက်ပလွန်းနေသည်။
ပုဖန် သူမကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှမပြောလိုက်ပေ။
“ ပိုင်ရှင်ပုက ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံးကိုတောင် ထိတ်လန့်သွားစေမယ့်အရာတစ်ခုကို လုပ်ထားတယ်လို့ ကြားမိတယ် ... သခင်မကတောင် အဲ့ဒါအကြောင်း ငါ့ကိုကိုယ်တိုင်စုံစမ်းခိုင်းလိုက်တယ် ...”
ဧကရီပိလော့က ဆွဲဆောင်မှုရှိသောအပြုံးတစ်ခုဖြင့်ကြည့်ကာ ပြောလိုက်သည်။
သို့ရာတွင် ပုဖန်က မထုံတတ်တေးပုံစံဖြင့်သာ ရပ်နေသည်။ ခေါင်းကိုလက်နှစ်ဖက်လုံးဖြင့်ကိုင်ထားကာ နောင်တရနေပုံပေါ်သည့် ငရဲဘုရင်အာဟကို လက်ညိုးထိုးပြလိုက်သည်။ ထိုလူက နယ်သာသလင်းကျောက်တစ်သန်းကို တစ်ကျိုက်တည်းမော့သောက်လိုက်သော်လည်း အဆင့်တက်မသွားခဲ့ပေ။
“ အိုး ... ငါ့ရဲ့ ငတုံးမောင်လေးလည်း ဒီရောက်နေတာကိုး ...”
ဧကရီပိလော့က ငရဲဘုရင်အာဟကိုကြည့်ကာ တအံ့တဩပြောလိုက်သည်။ သူ၏ကျင့်ကြံဆင့်မှာ ဖိနှိပ်နိုင်စွမ်းရှိသည့်ဖိအားတစ်ခုကို ပေးစွမ်းနေ၍ သူမ လေအေးကိုရှုရှိုက်လိုက်ရသည်။ သူမမောင်လေးက မဟာသူတော်စင်အဆင့်သို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။
“ မဟာသူတော်စင်တောင်ဖြစ်သွားပြီပဲ ... အဖေက ဒီကလေးကိုတော်တော်လေး မျှော်လင့်ထားခဲ့တာ အမှန်ပေါ့ ...”
သူမ မနာလိုစွာဖြင့် ပြောလိုက်သည်။ သို့ရာတွင် အာဟ၏ မှုန်ကုပ်ကုပ်မျက်နှာကို သတိပြုမိ၍ ပုဖန်ကိုမေးလိုက်သည်။
“ သူ ဘာဖြစ်ထားတာလဲ ...”
ပုဖန်က အာဟကို အေးစက်စွာကြည့်ပြီး ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။
“ ဘာမှမဖြစ်ပါဘူး ... ဝိုင်တစ်ခွက်ပဲ သောက်လိုက်ရုံပါ ...”
“ ဝိုင်လား ...”
ဧကရီပိလော့၏မျက်လုံးက ချက်ချင်း အရောင်လက်သွားသည်။ သူမနှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး ဆွဲဆောင်မှုရှိသောခြေလှမ်းများဖြင့် ပုဖန်၏ရှေ့သို့ရောက်လာကာ သူမမျက်လုံးများက စားပွဲပေါ်မှ ဝိုင်ကရားပေါ် ရောက်သွားသည်။ ခွက်များထဲမှ ဝိုင်ရနံ့ကြောင့် သူမ ချက်ချင်းပင် ညှို့ယူဖမ်းစားခံလိုက်ရသည်။
“ ဒါ သူများတွေပြောနေကြတဲ့ မဟာသူတော်စင်ကိုတောင် အဆင့်တက်သွားစေတယ်ဆိုတဲ့ဝိုင်လား ...”
သူမ မေးလိုက်သည်။
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
သူမစိတ်ထဲ တုန်လှုပ်မိသွားသည်။
“ ကြည့်ရတာ သခင်မက ဒါကိုရှာနေတာဖြစ်မယ် ... အကျဉ်းထောင်အရှင်သခင်ယင်းလုံနဲ့ ငရဲဘုရင်အာဟတို့ အဆင့်တက်သွားတာ မင်းရဲ့ဝိုင်ကြောင့်ပဲမလား ...”
ဧကရီပိလော့က သူမ၏ချောမွတ်နေသော မေးစေ့ကိုပွတ်ကာ အတွေးထဲနစ်မျောနေမိသည်။ ထိုဝိုင်က အမှန်ပင် ကောင်းကင်ဘုံကို ဖီဆန်နိုင်သည်။ ထို့အပြင် ငရဲဘုရင်အာဟ၏ သနားစရာပုံစံအရဆိုလျှင် ပထမတစ်ခွက်ကိုသောက်မှသာ သိသာသောအကျိုးသက်ရောက်မှု ဖြစ်ပေါ်သည့်ပုံပင် ဖြစ်လိမ့်မည်။ ထိုသို့ဖြစ်လျှင်ပင် ဤဝိုင်က ကောင်းကင်ဘုံကို ဖီဆန်နိုင်နေသေးသည်။
မဟာသူတော်စင်ကို အဆင့်တစ်ဆင့်ကျော်ဖြတ်နိုင်အောင် ကူညီပေးတဲ့ ဝိုင်တဲ့လား ...
ထိုအကြောင်း စဉ်းစားမိရုံဖြင့်ပင် သူမစိတ်လှုပ်ရှားလာသည်။
သူမ မျက်လုံးများမှေးကျဉ်းကာ ပုဖန်ကို အပြုံးဖြင့်ပြောလိုက်သည်။
“ ငါ တစ်ခွက်လိုချင်တယ် ... ဒီဝိုင်ကို သခင်မဆီ ယူသွားမှဖြစ်မယ် ...”
ပုဖန် သူမကိုကြည့်ပြီး တံခါးနားမှ သစ်သားပြားကို လက်ညှိုးထိုးပြလိုက်သည်။
“ ဝိုင်တစ်ခွက်လျှင် နယ်သာသလင်းကျောက်တစ်သန်း ... ရင်းနီးစွာဖြင့် သတိပေးခြင်း : စားသောက်ဆိုင်က အမှာစာတွေကို အပြင်သယ်သွားခွင့်မပြုလို့ ဝိုင်ကို ဒီနေရာမှာပဲ သောက်သုံးပေးကြပါ ...”
တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်းတောင်လား ...
ထိုစကားက်ိုကြားသည့်အခါ ဧကရီပိလော့ အံ့ဩပြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။
နယ်သာသလင်းကျောက်တစ်သန်းကတော့ ဈေးကြီးလွန်းတယ်လေ ... သူက လူတွေကို အရူးလုပ်နေတာပဲ ... ပြီးတော့ ဝိုင်ကို ဒီနေရာမှာပဲ သောက်ရမယ်တဲ့လား ... ဒီကိစ္စကို သခင်မကို ဘယ်လို သတင်းပို့ရတော့မလဲ ... ဝိုင်ကို သူမဆီယူသွားဖို့ လိုပါတယ်ဆိုမှ ...
ဧကရီပိလော့ ခဏတာတွေးပြီးနောက် ပြောလိုက်သည်။
“ စည်းကမ်းတွေကို နည်းနည်းပြောင်းပေးလို့ မရဘူးလား ... ငါက နတ်ဘုရားမြို့တော်ရဲ့ ဧကရီလေ ...”
သူမ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ နယ်သာသလင်းကျောက်တစ်သန်းမပြောနှင့် နယ်သာသလင်းကျောက်တစ်သိန်းပင် မရှိပေ။ မည်သူကမှ ခရီးသွားနေစဉ်တွင် ဤမျှ များပြားသော နယ်သာသလင်းကျောက်များ မသယ်လာကြသည့်အပြင် ဤမျှ ဈေးကြီးလိမ့်မည်ဟုလည်း မထင်ခဲ့မိပေ။
ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ငွေရောင်အရိုးခြောက်တစ်ကောက်က တံခါးမှဝင်လာသည်။
ဧကရီပိလော့က ကျဆုံးနတ်ဘုရားလိုဏ်ဂူမှ ကျင့်ကြံသူ အရိုးခြောက်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
“ ပိုက်ဆံမရှိရင် မဝယ်နဲ့လေ ...”
အရိုးခြောက်၏ပါးစပ်က ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပြီး ထူးဆန်းသည့်အသံတစ်မျိုး ထွက်ပေါ်နေသည်။
ဧကရီပိလော့၏မျက်နှာက ချက်ချင်းအေးစက်သွားသည်။
သူမက ငွေယူဖို့ မေ့လာတာလေ ... နတ်ဘုရားမမြို့တော်ရဲ့ ဧကရီဖြစ်ပြီး နယ်သာသလင်းကျောက်တစ်သန်း မရှိပဲ နေမလား ...
“ ငါ့ကို ရန်စနေတာလား အရိုးခြောက်ကောင် ...”
သူမ မျက်လုံးများမှေးကျဉ်းကာ ပြောလိုက်သည်။
အရိုးစု၏မျက်လုံးထဲမှ တစ္ဆေမီးတောက်က တွန့်သွားသည်။ ထို့နောက် အရိုးခြောက်လက်ကို လှန်လိုက်သောအခါ ပိုက်ဆံအိတ်တစ်အိတ်ပေါ်လာပြီး ၎င်းက စားပွဲပေါ်သို့ ထောက်ခနဲကျသွားသည်။
“ စားဖိုမှူးလေး ငါ့ကိုဝိုင်တစ်ခွက်ပေးပါ ...”
ငွေရောင်အရိုးစုက ပြောလိုက်သည်။
ကျဆုံးနတ်ဘုရားလိုဏ်ဂူက အရိုးခြောက်ပဲ ...
ပုဖန်က ထိုအရိုးခြောက်ကို ခပ်တည်တည်ဖြင့် ကြည့်နေသည်။ သူ့ကိုသတ်ရန်ကြိုးစားခဲ့သော ရွှေရောင်အရိုးစုကိုပင် ပုဖန်သတိရသွားသည်။ သူက မဟာသူတော်စင်လှည့်ကွက်ကိုသုံးကာ သူ့ကိုရွှေရောင်အရိုးစုလက်မောင်းဖြင့် ရိုက်ချခဲ့သည်။
သူ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေ၍ သူ့ကိုသတ်ရန် ကြိုးစားခဲ့သူများကို ယဉ်ကျေးမနေနိုင်ပေ။ သူ့စားသောက်ဆိုင်သို့ လာသူတိုင်းကို ဧည့်သည်များကဲ့သို့ ဆက်ဆံသော်လည်း သူတို့ကို ဟင်းတစ်ပွဲရောင်းမည်မရောင်းမည်ကို ဆုံးဖြတ်သူက ပိုင်ရှင်ဖြစ်သည့် သူသာဖြစ်သည်။
“ အရိုးခြောက်တွေက ဘယ်လိုသောက်မှာလဲ ...”
ပုဖန်က ငွေရောင်အရိုးခြောက်ကိုကြည့်လျက် မျက်နှာသေဖြင့် ပြောလိုက်သည်။
အရိုးခြောက်၏မျက်လုံးထဲမှ မီးတောက်များ လှုပ်ရှားလာသည်။
“ အရိုးခြောက်တွေ ဘယ်လိုသောက်တယ်ဆိုတာ မင်းနဲ့ဘာဆိုင်လဲ... မင်းလုပ်ဖို့လိုတာက ငါ့ကိုအဲ့ဝိုင်ရောင်းဖို့ပဲ ...”
အရိုးခြောက်က အေးစက်စွာပြောလိုက်သည်။ သူ၏လေသံထဲတွင် ခြိမ်းခြောက်မှုများ ပါဝင်နေသည့်ပုံပင်။
ဧကရီပိလော့က အနည်းငယ် ပြုံးလိုက်သည်။
အရိုးခြောက်တွေ ဘယ်လိုသောက်တယ်ဆိုတာ လေးနက်တဲ့မေးခွန်းတစ်ခုပဲလေ ...
“ ကျုပ် တောင်းပန်ပါတယ် ဒီဝိုင် ခင်ဗျားကို မရောင်းနိုင်ဘူး ...”
ပုဖန်က ခုံတွင်ထိုင်လျက် ခပ်ဖျော့ဖျော့ပြောလိုက်သည်။
ငွေရောင်အရိုးခြောက်က စိတ်မပျော်မရွှင်ဖြစ်သွားပုံပေါ်ပြီး သူ၏မျက်လုံးထဲမှ မီးတောက်က အရာအားလုံးကို လောင်ကျွမ်းစေတော့မည့်ပုံဖြစ်နေသည်။
“ မင်းကများ ...”
“ ဟီးဟီးဟီး စားဖိုမှူးလေးပြောတာ မှန်သားပဲ ... မင်းက အရိုးခြောက်လေ ဝိုင်ကိုဘယ်လိုသောက်မှာလဲ... အစာချေလို့တောင် ရပါ့မလား ...”
အေးစက်သော အသံတစ်သံက တံခါးဝမှ ဖြတ်သန်းဝင်ရောက်လာသည်။ ထို့နောက် စားသောက်ဆိုင်ထဲသို့ အနက်ရောင်မီးခိုးလုံးကြီးဝင်လာပြီး လေပေါ် ပျံဝဲနေသည်။ နောက်ဆုံးတွင် ထိုမီးခိုးလုံးကြီးပျောက်ကွယ်သွားကာ အနက်ရောင်ပတ်တီးများစည်းထားသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။
“ မဟူရာဘုရားကျောင်းကကောင်ပဲ မင်းက တိုက်ချင်နေတာလား ...”
ငွေရောင်အရိုးခြောက်က အေးစက်စွာပြောပြီး လက်သီးတင်းတင်းဆုပ်လိုက်သည့်အခါ လေထဲတွင် ခရက်ခနဲ အသံများပေါ်လာသည်။
“ ကျစ်ကျစ်ကျစ်... ရှက်လို့ ဒေါသထွက်ကုန်တာလား ... ဒီနေ့ငါလာတာ မင်းနဲ့ စကားစမြည်ပြောဖို့ မဟုတ်ဘူး ... ပိုင်ရှင် ငါ့ကို ဝိုင်တစ်ခွက်ပေးပါ ...”
ပတ်တီးအနက်ရောင်များစည်းထားသည့် မဟူရာဘုရားကျောင်းမျကျင့်ကြံသူက ပုဖန်ကို အသံအက်အက်ဖြင့် ပြောလိုက်သည်။
စိတ်ဝင်စားစရာပဲ ... မဟူရာဘုရားကျောင်းနဲ့ ကျဆုံးနတ်ဘုရားလိုဏ်ဂူက သူတို့လူတွေကို ဒီနေရာအထိ လွှတ်လိုက်တယ်ပေါ့လေ ...
ပုဖန် မျက်လုံးများမှေးကျဉ်းကာ လက်ပိုက်ထားလိုက်သည်။
“ ခင်ဗျားကရော ဝိုင်လာဝယ်တာလား...”
ပုဖန် မေးလိုက်သည်။
မဟူရာဘုရားကျောင်းကျင့်ကြံသူက ခေါင်းငြိမ့်အယပြလိုက်သည်။
“ ငါက ရုပ်ဆိုးပြီး အသုံးမကျတဲ့ အရိုးစုမဟုတ်တော့ ဝိုင်သောက်လို့ရတယ်လေ ...”
“ စိတ်တော့မကောင်းပါဘူး ခင်ဗျားက အသုံးမကျတဲ့သူမဟုတ်ရင်တောင်မှပဲ ဝိုင်မရောင်းနိုင်ဘူး ...”
ပုဖန် အေးစက်စွာပြောလိုက်သည်။
မဟူရာဘုရားကျောင်းကျင့်ကြံသူ၏ အမူအယာက သိသိသာသာပြောင်းလဲသွားသည်။
“ ဘာလို့လဲ ...”
“ ဘာလို့လဲတဲ့ ... ငရဲအကျဉ်းထောင်မှာရှိနေတုန်း ကျုပ်ကိုလုပ်ကြဖို့လာတဲ့သူက ခင်ဗျားတို့ရဲ့ မဟူရာဘုရားကျောင်းကလေ ... မဟုတ်ဘူးလား ...”
ပုဖန်က မံမီကဲ့သို့သော ကျင့်ကြံသူကိုကြည့်ကာ ပြောလိုက်သည်။
မဟူရာဘုရားကျောင်းကျင့်ကြံသူ၏ မျက်နှာက အေးခဲတောင့်တင်းသွားသည်။ ပုဖန်က ထိုအဖြစ်အပျက်ကို မှတ်မိသေးသည်မှာ သေချာသွားလေပြီ။ သို့ရာတွင် ထိုသို့သော ကိစ္စမျိုးကို မမေ့နိုင်သည်မှာ ပုံမှန်သာဖြစ်သည်။ လုပ်ကြံသူတစ်ယောက်ကြောင့် သေလုမျောပါးအခြေအနေထိ ရောက်သွားခြင်းကို မည်သူမျှ မေ့နိုင်မည်မဟုတ်ပေ။
“ ငါ့ကို အဲ့ဝိုင် ရောင်းလိုက်မှဖြစ်မယ် ... ငါ့သခင်က မဟူရာဘုရားကျောင်းကို အဲ့ဝိုင် မဖြစ်မနေသယ်လာရမယ်လို့ မှာသွားတယ် ... မင်းရဲ့ ဘဝတစ်လျှောက်လုံး လုပ်ကြံခံရမှာကိုကြောက်လန့်ပြီး မဖြတ်သန်းချင်ဘူးမလား...”
ကျင့်ကြံသူက ပုဖန်ကို သရော်သည့်ဟန်ဖြင့် ပြောလိုက်သည်။
ငွေရောင်အရိုးခြောက်က ရယ်လိုက်သည်။
“ မဟူရာဘုရားကျောင်းက ခုချိန်ထိ အရှက်မဲ့ပြီး ရွံစရာကောင်းနေတုန်းပဲလား ... နှစ်ပေါင်းများစွာကြာတဲ့အထိ လူတွေကို ခြိမ်းခြောက်တဲ့နည်းလမ်းက လုံးဝမပြောင်းလဲသေးဘူးပဲ ...”
ဧကရီပိလော့က အပြုံးတစ်ဝက်ဖြင့် မဟုူရာဘုရားကျောင်းနှင့် ကျဆုံးနတ်ဘုရားလိုဏ်ဂူမှ ကျင့်ကြံသူကို မျက်လုံးများမှေးစင်းကာ ကြည့်လိုက်သည်။ ထိုအချိန်တွင် သိမြင်မှုသစ်ပင်အောက်၌အိပ်နေသော ခွေးဘုရင်က အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကာ ကျင့်ကြံသူနှစ်ယောက်ကိုကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် သူတို့နှစ်ယောက်လုံး ရင်တုန်သွားကြသည်။ ကမ္ဘာမြေအကျဉ်းထောင်ခွေးက ဤစားသောက်ဆိုင်ကို စောင့်ရှောက်နေသည်ဟူသော ကောလဟာလက မှန်ကန်နေသည်ပင်။
မဟူရာဘုရားကျောင်းကျင့်ကြံသူက ထောင်လွှားမှုကို ရုတ်သိမ်းလိုက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းမပြုမူရဲတော့သော်လည်း ပုဖန်ကိုကြည့်နေသောအကြည့်က ပို၍အေးစက်လာသည်။
ပုဖန်က သူ့ခုံတွင်သာ ရုပ်တည်ဖြင့်ထိုင်နေသည်။
သူ့ကိုဝိုင်မရောင်းတာနဲ့ပဲ ငါ့က်ိုခြိမ်းခြောက်တယ်ပေါ့လေ ... ငါ့ပုံစံက ခြိမ်းခြောက်ခံရတာ ကြောက်တဲ့ပုံနဲ့ တူနေလို့လား ...
“ ပိုင်ရှင်ပု ... စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အဲ့နှစ်ကောင်ကို ငါရှင်းပစ်ပေးလို့ရတယ် ဒါပေမဲ့ ငါ့အတွင် စည်းမျဉ်းတွေကို နည်းနည်းလျှော့ပေါ့ပေးလို့ရမလား ...”
ဧကရီပ်လော့က တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။
မဟူရာဘုရားကျောင်းကျင့်ကြံသူနှင့် ငွေရောင်အရိုးစုက သူမဘက်လှည့်လာသည်။
“ မင်းလိုမိန်းမက ငါတို့ကို ရှင်းပစ်ဖို့ ဘာခွန်အားတွေများရှိလို့လဲ ...”
ကျင့်ကြံသူနှစ်ယောက်က တစ်ချိန်တည်းတွင် ပြောလိုက်သည်။
ဧကရီပိလော့က ခေါင်းခါပြလိုက်သည်။ ထို့နောက် ထိတ်ထိတ်ပျာပျာဖြစ်နေဆဲဖြစ်သော ငရဲဘုရင်အာဟကိုကြည့်ကာ လေသံကိုမြှင့်ပြောလိုက်သည်။
“ မောင်လေး ငါ့ကိုကူညီဦးမလား ...”
သူမအသံထွက်လာသည်နှင့် ငရဲဘုရင်အာဟ ကြောင်အသွားမိသည်။ ထို့နောက်ဒယိမ်းဒယိုင်ဖြင့် သူမထံ လျှောက်လာသည်။ သူခေါင်းခဖြ ရီဝေဝေဖြစ်နေသည်။ ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က အလွန်ပြင်းသည်။ ၎င်းတွင် အဆင့်တက်ရန်အကျိုးသက်ကောက်မှု မရှိသော်လည်း ၎င်း၏ အရက်ပါဝင်မှုက မြင့်လွန်းလှသည်။
ငရဲဘုရင်အာဟ ထလိုက်ပြီး သေချာရပ်မည်အပြုတွင် ဒယိမ်းဒယိုင်ဖြစ်ကာ မြေကြီးပေါ် လဲကျမတတ်ဖြစ်သွားသည်။
ဧကရီပိလလော့ သူမနှဖူးကိုသာ ပြန်ရိုက်မိပြီး ပြောစရာစကားများ ပျောက်ရှသွားသည်။
“ အရူးသမားတစ်ယောက်က ငါတို့ကို ရှင်းပစ်နိုင်မယ်များ ထင်နေတာလား ...”
ကျင့်ကြံသူနှစ်ယောက်က လှောင်ပြောင်လိုက်သည်။
ငရဲဘုရင်အာဟက မပျော်မရွှင်ဖြစ်သွားသည်။
သူတို့ ငါ့ကို အထင်သေးနေတာလား ...
သူ မလှုပ်ရှားနိုင်မီမှာပင် ပုဖန်က နူးညံ့သောလေသံဖြင့် ခေါ်လိုက်သည်။
“ ဝှိုက်တီရေ ...”
မီးဖိုချောင်ထဲမှ လိုက်ကာစကိုဖယ်ကာ ဝှိုက်တီ ချက်ချင်းပြေးထွက်လာပြီး ပုဖန်၏ဘေးတွင် ရပ်လိုက်သည်။
“ အဲ့လူနှစ်ယောက်ကို ဆိုင်ထဲက နှင်ထုတ်လိုက်...”
ပုဖန် ပြောလိုက်သည်။
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ အရောင်တောက်လာပြီး ကျင့်ကြံသူနှစ်ယောက်ထံသို့ ပြေးသွားသည်။
“ မဟူရာဘုရားကျောင်းနဲ့ ကျဆုံးနတ်ဘုရားလိုဏ်ဂူက နာမည်ပျက်စာရင်းထဲပါတယ် ... ဒီစားသောက်ဆိုင်က ဘယ်စားစရာမဆို မင်းတို့ကို မရောင်းဘူး ...”
ပုဖန်က မျက်နှာသေဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် ကျင့်ကြံသူနှစ်ယောက် ဒေါသထွက်သွားသည်။ သူတို့က တားမြစ််မြေမှဖြစ်၍ ပုဖန်က သူတို့ကို မျက်နှာသာမပေးပဲနေလိမ့်မည်ဟု မထင်ခဲ့ကြပေ။
“ မင်းလိုကောင်ကများ ...”
မဟူရာဘုရားကျောင်းကျင့်ကြံသူ၏ ကတ္တီပါနီရောင်မျက်လုံးများက အလင်းများ ဖြာထွက်လာသည်။ ထို့နောက်တွင်မူ သူ၏ခန္ဓာကိုယ်က ချက်ချင်းပင် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားကာ ပုဖန်ကိုဖမ်းဆီးရန်အတွင် သူ့ဆီသို့ တစ်ဟုန်ထိုးပြေးလာသည်။
“ ပြဿနာရှာတဲ့သူတွေကို တခြားလူတွေကို ဥပမာပေးတဲ့အနေနဲ့ အဝတ်ချွတ်ပြီး နှင်ထုတ်ပစ်ရမယ် ...”
ကျင့်ကြံသူက လှုပ်ရှားလိုက်သည်နှင့် ဝှိုက်တီ၏ မျက်လုံးများ အရောင်လက်လာကာ ၎င်း၏ ခန္ဓာကိုယ်က ပုဖန်၏အရှေ့တွင် တမဟုတ်ချင်း ပေါ်လာသည်။
မဟူရာဘုရားကျောင်းမှကျင့်ကြံသူကို ဝှိုက်တီက လက်ဖဝါတစ်ချက်ဖြင့် ရင်ဆိုင်လိုက်သည်။
ဝုန်း
၎င်းတို့နှစ်ခု တိုက်မိသွားကြသည်။ မဟူရာဘုရားကျောင်းကျင့်ကြံသူက နောက်သို့တစ်လှမ်းဆုတ်ကာ မယုံကြည်နိုင်စွာဖြင့် လေအေးကို ရှုရှိုက်လ်ိုက်ရသည်။
ဒီရုပ်သေးက သန်မာလှချေလား ... ငါ့ရဲ့တိုက်ခိုက်မှုကိုတောင် ပိတ်ပင်နိုင်တယ်ပေါ့လေ ... အဲ့ဒါဆိုရင်သူက ဘုံကိုးပါးသူတော်စင်ငယ်လောက်နီးနီး သန်မာနေတာပဲ... နယ်သာရုပ်သေးပညာရှင်မျိုးနွယ်က အထွတ်အမြတ်ရုပ်သေးများလား ...
ဝှိုက်တီ့ကို ပြန်လည်ပြင်ဆင်ပြီးသည့်နောက်တွင် ၎င်း၏တိုက်ခိုက်နိုင်စွမ်းက သိသိသာသာတိုးတက်လာသည်။ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်၏ ကောင်းကင်ဘုံနန်းတော်အတိဒုက္ခကို ဝါးမျိုပြီးနောက်ပိုင်းတွင် ၎င်း၏ခွန်အားက ပိုမိုတိုးမြင့်လာခဲ့သည်။ ရလဒ်အနေဖြင့် ၎င်း၏ခွန်အားက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိလာခဲ့သည်။
ဝှိုက်တီ၏ အော်ရာက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ၎င်း၏ ဧရာမလက်ဖဝါးကြီးကို ခပ်ပြင်းပြင်းလွှဲရမ်းလိုက်ကာ မဟူရာဘုရားကျောင်းကျင့်ကြံသူ၏ခေါင်းကိုကိုင်ပြီး သူ့ကိုစားသောက်ဆိုင်မှ တွန်းထုတ်လိုက်သည်။
သူတို့နှစ်ယောက် အပြင်သို့ တစ်ဟုန်ထိုးထွက်သွားသည်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာသည်။
ဝှိုက်တီက သူ၏ မိုးကြိုးဓားကို ထုတ်လိုက်သည်။ ကောင်းကင်ဘုံနန်းတော်အတိဒုက္ခကို ဖြတ်ကျော်ပြီးသည့်နောက်တွင် သူ၏ နတ်ဘုရားသတ်တုတ်က ဓားတစ်ချောင်းအဖြစ် အသွင်ပြောင်းသွားပြီး ပို၍စွမ်းအားကြီးလာသည်။
တိုက်ပွဲက တားမြစ်ဝိညာဉ်မြို့တော်တစ်ခုလုံး၏ အာရုံစိုက်မှုကို ရယူသွားသည်။ သို့ရာတွင် တိုက်ပွဲက စတင်ပြီး မကြာမီမှာပင် လျင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။
ကောင်းကင်ပေါ်မှ ပတ်တီးအပိုင်းအစများ ပြုတ်ကျလာကာ မြေပြင်ပေါ် ပြန့်ကျဲကုန်သည်။ ပတ်တီးများ စည်းထားသည့် မဟူရာဘုရားကျောင်းကျင့်ကြံသူက အနက်ရောင်မီးခိုးများထဲ ထွက်ပြေးသွားပြီး သူ၏အဝတ်မဲ့ကျောပြင်ကိုလည်း မမြင်ရတော့ပေ။
ထိုမြင်ကွင်းက အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ သူက ထိုမျှလျင်မြန်စွာဖြင့် အနိုင်ယူခံရလိမ့်မည်ဟု မထင်ခဲ့ကြပေ။ အကယ်၍ အနက်ရောင်မီးခိုးများသာ မရှိပါက သူ၏ ကိုယ်လုံးတီးကြီးကို တစ်မြို့လုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရမည်ဖြစ်သည်။
လေထဲတွင် သတ္တုတောင်ပံကို တဖျတ်ဖျတ်ခတ်နေကာ မိုးကြိုးဓားကိုကိုင်ထားသောဝှိုက်တီကို အားလုံးက ကြောက်လန့်တကြားကြည့်နေကြသည်။
ပုဖန်၏ မျက်လုံးများပင် တလက်လက်တောက်နေသည်။
ပြန်လည်ရောက်ရှိလာသော ဝှိုက်တီမှာ ယခင်ကဲ့သို့ ထိတ်လန့်တုန်လှုပ်စရာကောင်းနေဆဲပင် ဖြစ်သည်။
***