မဟူရာဘုရားကျောင်း ကျင့်ကြံသူက အဲ့လိုပဲ နှင်ထုတ်ခံလိုက်ရတာလား ...
စမ်းချောင်းဝါစားသောက်ဆိုင်ငယ်လေးတွင် ဧကရီပိလော့က နှင်းဆီဖူးရောင်နှုတ်ခမ်းကို ဟထားကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ထိုမြင်ကွင်းကို တအံ့တဩကြည့်နေသည်။ ပုဖန်၏ရုပ်သေးက ဤမျှသန်မာလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။
မဟူရာဘုရားကျောင်းမှလူက အားနည်းသူမဟုတ်ပေ။ သူက တားမြစ်နယ်မြေမှ လူသူဖြစ်၍ ဘုံကိုးပါးသူတော်စင်ငယ်များအကြားတွင်မူ သူ့ကို အတော်အသင့် စွမ်းအားကြီးသူဟု ယူဆနိုင်သည်။ သူမသည်ပင် ထိုလူကို အဝတ်များချွတ်ပစ်နိုင်သည်အထိ ယုံကြည်ချက်မရှိပေ။ ထိုလူ၏ ပတ်တီးများကိုလည်း ရုပ်သေးက အကုန်ဆွဲချွတ်ပစ်လိုက်သည်။
သူမလည်း သိချင်နေမိသည်။
ရုပ်သေးက ဘာလို့ ပတ်တီးတွေကို ချွတ်ပစ်ရတာလဲ... အဝတ်တွေ ဆွဲချွတ်တတ်တာ သူ့အကျင့်လား ...
ဝှိုက်တီ ပြန်ရောက်လာသည်။ သူ့အနောက်ဘက်မှ သတ္တုတောင်ပံများကို ပြန်ခေါက်လိုက်ပြီး မိုးကြိုးဓားကို ဗိုက်ထဲ ပြန်ထည့်လိုက်သည်။
ငွေရောင်အရိုးစုက ဝှိုက်တီ့ကိုကြည့်နေလျက် မျက်လုံးအိမ်ထဲမှ တစ္ဆေမီးတောက်များက လှုပ်ရှားလာသည်။
မဟူရာဘုရားကျောင်းကကောင်က အဲ့လောက် အားမနည်းဘူးလေ ... ဒါတောင်မှ သူ့ရဲ့ပတ်တီးတွေအကုန် ဆွဲချွတ်ခံလိုက်ရတာလား ... တာဝန်က ထင်ထားတာထက် ပိုခက်နေတာပဲ ...
သူက အရိုးခြောက်တစ်ကောင်ဖြစ်သော်လည်း ငတုံးမဟုတ်ပေ။ ဤစားသောက်ဆိုင်တွင် ကမ္ဘာမြေအကျဉ်းထောင်ခွေးရှိနေ၍ အတင်းအကြပ် အင်အားသုံး၍လည်း မရပေ။ ထိုခွေးက သူ့ကိုယ်သူသွေးနားထင်ရောက်နေ၍ သူတို့ကို မတိုက်ခိုက်ပါကလည်း ယခုအခါတွင် မဟာသူတော်စင်အဆင့်သို့ ရောက်သွားသော ငရဲဘုရင်အာဟရှိနေသည်။ သို့ဖြစ်၍ သူတို့ကို မစော်ကားရဲပေ။
ထို့ကြောင့် အရိုးစုက တစ်ချိုးတည်းလစ်ပြေးရန်ပြင်တော့သည်။ သို့သော် တစ်ဖက်သို့လှည့်လိုက်ချိန်မှာပင် အေးခဲသွားမိသည်။ ငရဲဘုရင်အာဟက သူ့ရှေ့တွင်ပေါ်လာပြီး သူ့နဖူးကို လက်ဖြင့်တောက်လိုက်သည်။
အရိုးခြောက်၏ခေါင်းတွင် အားပြင်းပြင်းတစ်မျိုး ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ငွေရောင်အရိုးခြောက်မှာ သူ၏ခေါင်းက ပေါက်ကွဲထွက်သွားပြီဟုပင် ထင်လိုက်သည်။ ၎င်းက မဟာသူတော်စင်တစ်ယောက်၏ စွမ်းအားဖြစ်သည်။ ၎င်းက သူ့စွမ်းအားလက်တစ်ဆုပ်စာခန့်သာဖြစ်သော်လည်း သူတော်စင်ငယ်တစ်ယောက် မတောင့်ခံနိုင်သည့် အနေအထားဖြစ်နေသည်။
အရိုးခြောက်က အမြောက်ဆန်ကဲ့သို့ စားသောက်ဆိုင်အပြင်ဘက် ပျံထွက်သွားကာ မြေပြင်ပေါ်လဲကျသွား၍ အုတ်ခဲများကို ကြေမွသွားစေပြီး အစအနများက အရပ်မျက်နှာအနှံ့ ပျံ့သွားသည်။ အပျက်အစီးပုံထဲမှ လေးဘက်ထောက်၍ ထွက်လာချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အက်ရာများဖြင့် ပြည့်နေကာ သနားစရာအခြေအနေဖြစ်နေသည်။
“ ဒီကနေ ထွက်သွားစမ်း ...”
ငရဲဘုကင်အာဟ၏အသံက စားသောက်ဆိုင်ထဲမှ ထွက်လာသည်။
ငွေရောင်အရိုးခြောက်မှာ အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားမိသွားသည်။ သူက ကျဆုံးနတ်ဘုရားလိုဏ်ဂူမှ ကျင့်ကြံသူဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို စားသောက်ဆိုင်ထဲမှ နှင်ထုတ်လိုက်သည်။ သူတို့က ကျဆုံးနတ်ဘုရားလိုဏ်ဂူကို မလေးစားကြောင်း ပြသနေသည်။
“ မင်းတို့က ကျဆုံးနတ်ဘုရားလိုဏ်ဂူကို စော်ကားဖို့ကြံနေတာလား ...”
၎င်း၏ ပါးစပ်က ဖွင့်လိုက်ပိတ်လိုက်ဖြစ်ကာ ထူးဆန်းသော အသံတစ်မျိုး ထွက်ပေါ်နေသည်။ သူ အလွန် ဒေါသထွက်နေပြီဖြစ်သည်။
ဒီလူတွေက တားမြစ်နယ်မြေတစ်ခု ဘယ်လောက်ထိ ကြောက်စရာကောင်းမှန်း မသိကြဘူးပဲ ...
သို့ရာတွင် သူ၏စကားများကို ငရဲဘုရင်အာဟက မထီမဲ့မြင်လေသံဖြင့် တုံ့ပြန်လိုက်သည်။
“ မင်း ဘာလို့ ရှိနေသေးတာလဲ ... မင်းအရိုးတွေအကုန် ရိုက်ချိုးပစ်မှ သွားမှာလား ...”
အက်ရာများဖြင့်ပြည့်နေသော ငွေရောင်အရိုးခြောက်က နှာမှုတ်ပြီး ချက်ချင်း ပြေးထွက်သွားသည်။
ထိုမြင်ကွင်းကို လူပေါင်းများစွာက မြင်တွေ့လိုက်ရပြီး သူတို့အားလုံး ပင့်သက်ရှိုက်လိုက်ကြသည်။ ထိုနှစ်ယောက်က တားမြစ်နယ်မြေများမှလာကြသည့် ဘုံနှစ်ပါးသူတော်စင်များဖြစ်ကြသည်။ကမ္ဘာမြေအကျဉ်းထောင်အတွက်မူ တားမြစ်နယ်မြေများက အမြဲတမ်းအတွက် မပြောအပ် မစော်ကားအပ်သော နေရာများဖြစ်သည်။
“ အစ်မကြီး ကျွန်တော်ခုနက နဖူးတောက်လိုက်တာကို ဘယ်လိုထင်လဲ ...”
စားသောက်ဆိုင်ထဲတွင် ငရဲဘုရင်အာဟ၏ ရယ်သံကြီး ထွက်ပေါ်လာသည်။ ဧကရီပိလော့က ခပ်တိုးတိုးရယ်၍ တုံ့ပြန်လိုက်သည်။ ပတ်ဝန်းကျင်အခြေအနေက စည်းချက်ကျနေသည်။
မဟူရာဘုရားကျောင်းနှင့် ကျဆုံးနတ်ဘုရားလိုဏ်ဂူမှ ကျင့်ကြံသူများက စားသောက်ဆိုင်မှ ကန်ထုတ်ခံလိုက်ရသည်။ အကြောင်းရင်းတစ်ချို့ကြောင့် ဧကရီပိလော့က ပျော်ရွှင်နေမိသည်။ သို့ရာတွင် သူမ၏မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်နေဆဲပင်။ သူမက ဝိုင်ကိုယူ၍ ပြန်သွားလိုသော်လည်း အနည်းငယ်အခက်အခဲဖြစ်နေသည်ကို သူမ သဘောပေါက်သည်။
ပုဖန်က သူတို့ကြားမှ ဆက်ဆံရေးကို စဉ်းစားမပေးပဲ သူမဆန္ဒကိုလည်း မလိုက်လျောပေးပေ။
သခင်မကို နတ်ဘုရားပျောက်ကွယ်တောင်က ထွက်လာခိုင်းရမှာလား ...
သူမ သခင်မ တားမြစ်နယ်မြေမှ နောက်ဆုံးအကြိမ် ထွက်ခွာလာခဲ့စဉ်က ငရဲဘုရင်ထျန်စန်းက ငရဲအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့စဉ်ကဖြစ်ပြီး ပြန်သွားချိန်တွင်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
တားမြစ်နယ်မြေဆိုသည်မှာ ကြီးမြတ်သောစွမ်းအားတစ်ခုဖြင့် ချိပ်ပိတ်ခံထားရသော ကျိန်စာသင့်နယ်မြေဖြစ်သည်။ သူမ သခင်မ၏အစွမ်းက ကြောက်မက်ဖွယ်ပင်ဖြစ်သော်လည်း နတ်ဘုရားပျောက်ကွယ်တောင်မှ ထွက်ခွာမိပါက အပြစ်ပေးခံရလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ ဧကရီပိလော့က သူမ သခင်မကို ဝိုင်တစ်ခွက်ကြောင့်နှင့် တားမြစ်နယ်မြေကို မထွက်ခွာလာစေချင်ပေ။
သို့ဖြစ်၍ သခင်မအတွက် သူမ ဆက်လက်တောင်းဆိုခဲ့သည်။ သူမ အချိန်ကြာမြင့်စွာ စည်းရုံးပြောဆိုခဲ့သော်လည်း ပုဖန်က သူမကို ညှာတာခြင်းမရှိစွာ ငြင်းပယ်နေ၍ အနည်းငယ်ဒေါသထွက်လာပြီဖြစ်သည်။
သူမ စည်းရုံးနေစဉ်တွင် ငရဲဘုရင်အာဟက အစပ်ချောင်းများလိုချင်၍ ပုဖန်ကို အကြိမ်အနည်းငယ်ခန့်လာရောက်နှောင့်ယှက်ခဲ့သော်လည်း သူ ပြန်ရလိုက်သည်မှာ အေးစက်စက်အကြည့်များနှင့် ငြင်းပယ်ခံရမှုသာဖြစ်သည်။ သို့ဖြစ်၍ အာဟမှာ ဘဝ၏မျှော်လင့်ချက်များပျက်သုဉ်းသွားသကဲ့သို့ ခေါင်းမှ ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆွဲဆုတ်ထားမိသည်။
ပုဖန်ထံမှ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရပြီးနောက် ဧကရီပိလော့ မချင့်မရဲဖြစ်လာသည်။ မကြာမီ ငရဲဘုရင်အာဟကို လက်မှဆွဲ၍ စားသောက်ဆိုင်ထဲမှ ထွက်သွားသည်။
ပုဖန် သူတို့ကို မည်သည့်မှတ်ချက်မှ မပေးပေ။
ဤဝိုက်တွင် ပြစ်ချက်တစ်ခု ရှိနေသည်။ ၎င်းက မဟာသူတော်စင် သို့မဟုတ် သူတော်စင်ငယ်ကို အဆင့်တစ်ဆင့်သာ တိုးသွားစေနိုင်သည်။ ထိုအကြောင်းကို ဖော်ထုတ်ခံလိုက်ရပြီးဖြစ်၍ ဝိုင်ကို ဝယ်လိုသူ တဖြည်းဖြည်းနည်းသွားသည်။ ရလဒ်အနေဖြင့် စားသောက်ဆိုင်မှာ ဆူညံပွက်လောရိုက်နေရာမှ ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။
ပုဖန်က ထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်မပူနေပေ။ အားလုံးက ဝိုင်တစ်ခွက်အတွက် နယ်သာသလင်းကျောက်တစ်သန်း မသုံးနိုင်မည်ဖြစ်၍ ဤသို့ မလွဲဧကန်ဖြစ်လာမည်ကို ပုဖန်သိသည်။
…
နေဝင်ရီတရောအချိန်တွင် ဧကရီပိလော့က သားသောက်ဆိုင်ရှိရာသို့ ဆွဲဆောင်မှုရှိရှိ လျှောက်လှမ်းလာသည်။ သူမ၏ လက်ချောင်းသွယ်သွယ်များထဲတွင် နယ်သာသလင်းကျောက်တစ်သန်းပါဝင်သော အဝတ်အိတ်တစ်အိတ်ကို ကိုင်ဆောင်လာသည်။
ထိုအိတ်ကို စားပွဲပေါ်တင်လိုက်သည်။ သူမ၏ အနီရောင်နှုတ်ခမ်းက ကွေးညွတ်နေ၍ ရှည်လျားသောမျက်တောင်များကို တဖျပ်ဖျပ်ခတ်ကာ လေသံဖျော့ဖျော့ဖြင့် နှာမှုတ်လိုက်သည်။
“ ဒီမှာ နယ်သာသလင်းကျောက်တစ်သန်းနော် ...ဝိုင်တစ်ခွက်ပေးလို့ရပြီ ...”
သူမ အသံထဲတွင် ဒေါသအရိပ်အယောင်များ ပါဝင်နေသည်။ သူမက ပုဖန်ကို စိတ်မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားလှသည်။ သို့သော်လည်း သူမအမြင်တွင် ပုဖန်က စီးပွားရေးသမားတစ်ယောက်သာဖြစ်၍ သူ့အကျိုးအမြတ်အတွက်သာ အာရုံစိုက်သည်မှာ ပုံမှန်ဖြစ်၍ သူမ၏ စိတ်မကျေမနပ်ဖြစ်မှုက အလွန် မကြာလိုက်ပေ။
ပုဖန်၏ သူမ၏အလှတွင် ညှို့ယူမခံလိုက်ရသည်ကြောင့်လည်း သူ့ကို အနည်းငယ်လေးစားနေမိသည်။
ဧကရီပိလော့က ငွေပေးချေပြီးပြီဖြစ်၍ ပုဖန်က သူမကို မငြင်းဆန်တော့ပေ။ ရောင်စုံဝိုင်တစ်ခွက်ကို ဖြူပြာရောင်ကြွေခွက်ထဲထည့်ပြီး သူမကို ကမ်းပေးလိုက်သည်။
ဧကရီက ဖန်ခွက်ကို သူမ၏ လက်ချောင်းသွယ်သွယ်များဖြင့် ယူလိုက်ပြီး ကြွယ်ဝသောရနံ့ကို အနည်းငယ်ရှုသွင်းလိုက်သည်။ ရနံ့က သူမစိတ်ကို ပျော်ရွှင်ဝမ်းမြောက်စေသည်။
ပုဖန်က အဝတ်အိတ်ကို ကျေနပ်နေသောအမူအယာဖြင့် သိမ်းလိုက်သည်။ သူ၏ ကြီးမြတ်အဆင့် တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်က ပြုလုပ်ရ မလွယ်ကူသော်လည်း ၎င်းက သူ့ကို ငွေကြေးအင်အားတောင့်တင်းအောင် ပြုလုပ်ပေးသည်ကို ဝန်ခံရပေမည်။ ဤရက်အနည်းငယ်အတွင်းဝင်ငွေက ဆိုင်ခွဲများစွာ၏ လပေါင်းများစွာဝင်ငွေနှင့် ညီမျှသည်။ ထိုရလဒ်ကို သူ အလွန်ကျေနပ်နေမိသည်။
နောက်ထပ် ၀င်ငွေပန်းတိုင်ကို အရောက်လှမ်းရန် အလှမ်းဝေးနေသေးသော်လည်း ပစ်မှတ်က ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး ကျယ်ပြောလှသည့် တွင်းကြီးဖြစ်နေပါကလည်း တစ်နေ့တွင် ပြည့်လာမည်ဟု သူယုံကြည်ခဲ့သည်။
ထိုအချိန်တွင် ချမ်းသာကြွယ်ဝမည့်နည်းလမ်းတစ်ခုကို သူရှာတွေ့သွားပြီဖြစ်သည်။ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကဲ့သို့ အဆင့်မြင့်စားသောက်ဖွယ်ရာများကို ဖန်တီးနိုင်ပါက မကြာမီ နောက်ထပ်အဆင့်ကို ကျော်ဖြတ်သွားနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် ပုဖန်က ဘုံနှစ်ပါးသူတော်စင်ငယ်သာ ဖြစ်နေသေးသည်။ အကယ်၍ ရောင်းအားကို ပြီးမြောက်နိုင်ပါက ဘုံကိုးပါးသူတော်စင်ငယ်အဆင့်သို့ တိုက်ရိုက်ရောက်သွားနိုင်မည်ဖြစ်သည်။ ၎င်းက စနစ်၏အဆင့်မြင့်ခြင်းများ၏ အလုပ်လုပ်ပုံဖြစ်ပြီး အမြဲတစေ ပြောင်းလဲနေတတ်သည်။ သို့ရာတွင် မစ်ရှင်ကို မအောင်မြင်ပါက သူ၏ကျင့်ကြံဆင့်တိုးလာရန် အလွန်ခက်ခဲမည်ဖြစ်ပြီး အခြားလူများထက် ပို၍ခက်ခက်ခဲခဲ ကြိုးစားရတော့မည်ဖြစ်သည်။
သို့သော် ဤကိစ္စကိုလည်း ပုဖန်က စိတ်ပူမနေပေ။
ဧကရီပိလော့က ခုံပေါ်တွင် ကျက်သရေရှိစွာ ထိုင်လိုက်သည်။ သူ၏ခြေထောက်များကို ချိတ်လိုက်ချိန်တွင် ဖြူဖွေးသောအသားအရည်နှင့် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပေါ်လွင်သွားစေသည်။ သူမ လက်ချောင်းများကြားမှ ဝိုင်ခွက်ကိုကြည့်ကာ မျက်ဝန်းထဲတွင် ထူးဆန်းသော အကြည့်တစ်မျိုးဖြစ်ပေါ်လာသည်။
ဒီလက်မလောက်ပဲရှိတဲ့ဝိုင်ကို နယ်သာသလင်းကျောက်တစ်သန်းနဲ့ရောင်းတာ ယုံတောင်မယုံနိုင်ဘူး ...
ပိလော့က ဧကရီတစ်ယောက်ဖြစ်သော်လည်း ထိုဈေးနှုန်းပမာဏက သူမကို ထိတ်လန့်သွားစေသည်။ ထို့နောက်တွင်မှ ပုဖန်က ငွေရှာသည့်နေရာတွင် ထူးချွန်သူဖြစ်ကြောင်း အမှတ်ရသွားသည်။ နတ်ဘုရားမမြို့တော်မှ ဖန်ဖန့်ရေခဲမုန့်စတိုးနှင့် သူမရှေ့မှ နယ်သာသလင်းကျောက်တစ်သန်းတန် ဝိုင်က သူ၏ ငွေရှာခြင်းစွမ်းရည်ကို ပြည့်စုံစွာ သရုပ်ဖော်ပြသနေသည်။
“ တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်းတန်တဲ့ ဝိုင်ပေါ့လေ ... အရသာကတော့ ဘယ်လိုရှိမလဲမသိဘူး ...”
ဧကရီပိလော့က ကောင်တာနောက်တွင် မတါတပ်ရပ်နေကာ ဖန်ခွက်များကို အဝတ်စဖြင့်သုတ်နေသောပုဖန်ကိုကြည့်ကာ ရယ်လိုက်သည်။
သိမြင်မှုသစ်ပင်အောက်တွင် လှဲလျောင်းနေသောခွေးဘုရင်က အနည်းငယ် ပျင်းရိနေပုံပေါ်သည်။ ယခုအခါတွင် သူ၏ဒဏ်ရာများက ပြန်လည်ကောင်းမွန်သွားပြီဖြစ်၍ မကြာခဏအိပ်နေရန် မလိုအပ်တော့ပေ။ သူ့မျက်လုံးများဖွင့်ကာ ဧကရီပိလော့ကို စပ်စုနေသည်။
“ အသုံးမဝင်ဘူး ... ဝိုင်က လူတစ်ယောက်ကို အဆင့်တစ်ဆင့် တက်သွားစေတယ်ဆိုပေမယ့် ... အဓိကနယ်ပယ်ကြီးတစ်ခုရဲ့ တံခါးဝနားကို ရောက်နေတဲ့သူဆိုရင် အကျိုးသက်ရောက်မှုမရှိဘူး ... သူတော်စင်ငယ်နယ်ပယ်ကနေ မဟာသူတော်စင်နယ်ပယ်ကို တက်လှမ်းရတာက စွမ်းအင်တွေကို စုဆောင်းတာလ်ိုမျိုး လွယ်တဲ့ကိစ္စမှ မဟုတ်တာ...”
ပုဖန်က ဖန်ခွက်ကိုသုတ်နေခြင်းအားရပ်လိုက်ပြီး ခွေးဘုရင်ကို ပဟေဠိဆန်စွာကြည့်လိုက်မိသည်။ အမှန်တိုင်းပြောရမည်ဆိုလျှင် သူသည်လည်း ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်၏ အကျိုးသက်ရောက်မှုများကို မသေချာမရေရာပေ။ သူတော်စင်ငယ် သို့မဟုတ် မဟာသူတော်စင်တစ်ယောက်ကို အဆင့်တစ်ဆင့်တက်သွားစေသည်မှာ မှန်ကန်သော်လည်း ခွေးဘုရင်ကဲ့သို့ အထွတ်အထိပ်အဆင့် မဟာသူတော်စင်ဆိုလျှင် အသုံးမဝင်ပေ။ သို့ရာတွင် အပြည့်စုံဆုံးအဆင့်သူတော်စင်ငယ်ကို ကူညီနိုင်မည်လားကို သူ မသိပေ။
( T/N - သူတော်စင်ငယ်တွေမှာ ဘုံတစ်ပါးကနေ ကိုးပါးအထိ ပြီးသွားရင် အထွတ်အထိပ်အဆင့်ဆိုတာရှိပါတယ် အဲ့ထက်မြင့်တာက အပြည့်စုံဆုံးအဆင့်ပါ ပြီးတော့မှ မဟာသူတော်စင်နယ်ပယ်ကို ရောက်ပါတယ် .. မဟာသူတော်စင်နယ်ပယ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ ... ပြောရရင် ခွေးဘုရင်က မဟာသူတော်စင်နယ်ပယ်မှာ အထွတ်အထိပ်အဆင့်ကိုပဲ ရောက်သေးပြီး အပြည့်စုံဆုံးအဆင့်မှာ မရှိသေးလို့ ဝိုင်သောက်ပြီး ဘာမှမဖြစ်သွားတာပါ... ပိလော့ကတော့ သူတော်စင်ငယ်နယ်ပယ်မှာ အပြည့်စုံဆုံးအဆင့်ရောက်နေတဲ့သူမို့ ဖြစ်နိုင်ချေရှိပါတယ် ...)
“ အသုံးမဝင်ဘူးတဲ့လား...”
ဧကရီပိလော့က ခွေးဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝိုင်ကို သူမပါးစပ်ထဲလောင်းချလိုက်သည်။
ဝိုင်က အစာအိမ်ထဲရောက်သွားချိန်တွင် ဧကရီပိလော့၏မျက်နှာက လုံးဝနီရဲသွားသဖြင့် သူမကိုကြည့်ရသည်မှာ အသက်ရှုမှားလောက်အောင် လှပနေသည်။ သူမမျက်နှာက ရေဖြင့်ဆေးထားသော ပန်းသီးတစ်လုံးနှင့်တူနေကာ မြင်သမျှလူတိုင်းကို ကိုက်ချင်စိတ်ဖြစ်အောင် ဖိတ်ခေါ်နေသကဲ့သို့ဖြစ်နေသည်။ သူမက အမှန်ပင် ဆွဲဆောင်မှုရှိလှသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
“ အံ့ဩစရာကောင်းလောက်အောင်ကို အရသာရှိတာပဲ ...”
ဧကရီပိလော့၏မျက်နှာမှာ ညကောင်းကင်ယံမှ ကြယ်စင်များကဲ့သို့ တောက်ပနေသည်။ သူမ လျှာကိုသပ်လိုက်ပြီး နှာဖျားမှထွက်လာသော ဝင်လေထွက်လေများကလည်း ပူလာသကဲ့သို့ ခံစားနေသည်။
နောက်အခိုက်အတန့်တွင် မိုးခြိမ်းသံထွက်ပေါ်လာပြီး သူမ ခန္ဓာကိုယ်မှ အားကြီးသောစွမ်းအင်များ မြင့်တက်လာသည်။
“ ဟမ် ... သူမ အဆင့်တက်နေတာများလား ....”
ပုဖန် အနည်းငယ် ထိတ်လန့်သွားသည်။
“ ဘုံကိုးပါးသူတော်စင်ငယ်တစ်ယောက်ဆိုရင် အခွင့်အရေးမရှိတော့ဘူးလို့ ခွေးဘုရင်ပြောခဲ့တယ်မလား ...”
ပိလော့၏ခန္ဓာကိုယ်မှ စွမ်းအင်များက အရပ်မျက်နှာအနှံ့ ဖြန့်ကျက်သွားသည်ကို ကြည့်နေလျက်နှင့်ပင် သူ၏မျက်နှာက ပို၍ပို၍ ထူးဆန်းလာသည်။
ခွေးဘုရင် ဆွံ့အသွားမိသည်။
အဲ့လိုဖြစ်လာရမှာ မဟုတ်ဘူးလေ ...
ဝိုင်သောက်မိသူတိုင်းက ဝိုင်တွက်ပါဝင်သည့် စွမ်းအင်တစ်မျိုးကြောင့် မဟာသူတော်စင် သို့မဟုတ် သူတော်စင်ငယ်ဖြစ်နေပါက အဆင့်တစ်ခုသို့ ရောက်ရှိသွားနိုင်သော်လည်း ဘုံကိုးပါးသူတော်စင်ငယ်တစ်ယောက်မှာ အရံအတားကိုကျော်ဖြတ်၍ မဟာသူတော်စင်နယ်ပယ်သို့ရောက်ရန် အကူအညီမဖြစ်နိုင်ပေ။ သူတော်စင်ငယ်နယ်ပယ်နှင့် မဟာသူတော်စင်နယ်ပယ်အကြားမှ ကွာဟချက်က အလွန်ကြီးမားလွန်းသည်။
မဟာသူတော်စင်တစ်ယောက်ဖြစ်လာရန်အတွက် သူတော်စင်ငယ်တစ်ယောက်မှာ သူ၏ကိုယ်ပိုင် မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒဖြင့် လောကငယ်လေးတစ်ခု တည်ဆောက်ရမည်ဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့် ကမ္ဘာမြေအကျဉ်းထောက်တွင် မဟာသူတော်စင်များ နည်းပါးနေရခြင်းဖြစ်သည်။
ဒီမိန်းမက ဝိုင်တစ်ခွက်သောက်ပြီး မဟာသူတော်စင် ဖြစ်လာတော့မှာလား ...
ခွေးဘုရင်မှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည်ဟူသော ခံစားချက်ကို နောက်ဆုံးတွင် နားလည်သွားသည်။ နှာမှုတ်လိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ဖက်သို့လှည့်လိုက်သည်။
“ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ ...”
ဧကရီပိလော့က မိန်းမောနေသောမျက်နှာဖြင့် ထိုင်နေလျက် သူမ၏ဆံပင်များကလည်း ထောင်တက်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏အော်ရာက ကျောက်တိုင်တစ်ခုအဖြစ်ပြောင်းပြီး ကောင်းကင်သို့ ထောင်တက်သွားသည်။
ထိုစဉ် နတ်ဘုရားပျောက်ကွယ်တောင်တွင် ...
ဖော်ညွှန်းမပြနိုင်လောက်အောင် လှပသည့် အမျိုးသမီးတစ်ယောက်က နှစ်တစ်သောင်းခန့်ရှိသည့် ရေခဲတုံးကြီးပေါ်တွင်ထိုင်နေလျက်ရှိသည်။ လေပြည်လေညှင်းလေးများက သူမဆံပင်ကို ဖြတ်သန်းတိုက်ခတ်နေသည်။ ရုတ်တရက် သူမ၏အနက်ရောင်မျက်ဝန်းများက စွမ်းအင်ရောင်ခြည်တန်းကြီးတက်လာသည့် အဝေးမှ မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်မိသည်။
“ ဒါက ပိလော့ရဲ့အော်ရာပဲ သူမ အဆင့်တက်သွားတာများလား ...”
ထိုမိန်းကလေး၏ မျက်လုံးများ အရောင်တောက်သွားကာ ရေရွတ်ပြောဆိုလိုက်သည်။
မဟာသူတော်စင်များ အဆင့်တက်သွားရသည့်အကြောင်းအရင်းကို ပိလော့အား စုံစမ်းခိုင်းလိုက်သော်လည်း သူမ အဖြေကို မရမီမှာပင် ပိလော့က အဆင့်တက်သွားပြီဖြစ်သည်။
“ အဲ့ဒါက ဒါကြောင့်များလား ...”
ကျဆုံးနတ်ဘုရားလိုဏ်ဂူနှင့် မဟူရာဘုရားကျောင်းတို့ကလည်း အော်ရာကို အာရုံခံမိကြသည်။ နှစ်သောင်းပေါင်းများစွာ ရန်သူဖြစ်ခဲ့ကြ၍ ပိလော့၏အော်ရာနှင့် သူတို့အားလုံးရင်းနှီးနေကြပြီး ဖြစ်သည်။
ဝှိုက်တီ၏ အဝတ်ချွတ်ခြင်းခံလိုက်ရသော မဟူရာဘုရားကျောင်းကျင့်ကြံသူနှင့် ငရဲဘူရင်အာဟ၏ လက်ချောင်းကြောင့် အရိုးများကျိုးသွားသော အရိုးခြောက်က သူတို့ယခုလေးတင် အာရုံခံလိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
သူတို့ ထွက်သွားပြီးတဲ့နောက်မှ သူမ အဆင့်တက်သွားတာများလား ... သူမက ခွန်အားတွေကို ဖုံးကွယ်ထားတာများလား ဝိုင်ကပဲ အရမ်းမှော်ဆန်နေတာလား ...
ဧကရီပိလော့၏ အဆင့်တက်ခြင်းက မီးစာကို ဆီလောင်းပေးလိုက်သကဲ့သို့ဖြစ်သွားတာ တားမြစ်နယ်မြေနှစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားစေခဲ့သည်။ ၎င်းတို့အတွင်းမှ ကြီးမြတ်သောတည်ရှိမှုများပင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။
ဓားနတ်ဆိုးမျိုးနွယ်၏နယ်မြေတွင် ...
စွမ်းအားပြင်းသော ဓားစွမ်းအင်များ အဆက်မပြတ်ထွက်ပေါ်လာကာ ပုံရိပ်တစ်ခုဖြစ်လာသည်။ ရုတ်တရက် ထိုပုံရိပ်က မျက်လုံးများဖွင့်လိုက်သည်။ သူ၏မျက်ဝန်းတစ်စုံထဲတွင် နတ်ဓားများ အရေယင်တောက်နေသည်ဟုပင် ထင်ရသည်။
မျိုးနွယ်ကိုးခုထဲတွင် ဓားနတ်ဆိုးမျိုးနွယ်စုက ကမ္ဘာမြေအကျဉ်းထောင်၏ တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်သည့် နတ်ဘုရားပျောက်ကွယ်တောင်ကို မျက်ခြေမပြတ်စောင့်ကြည့်ရသော တာဝန်ကိုယူထားရသည်။ ယခုအခါတွင် နတ်ဘုရားပျောက်ကွယ်တောင် ကျင့်ကြံသူက မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်၍ အာရုံစိုက်မှုများက ထိုနေရာသို့ရောက်သွားသည်မှာ သဘာဝဖြစ်သည်။
အမှန်တွင် ထိုသူ၏စိတ်ထဲတွင် သံသယများစွာရှိနေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်မှစ၍ ကမ္ဘာမြေအကျဉ်းထောင်တွင် မဟာသူတော်စင်များ၏ အဆင့်တက်ခြင်းများ အောင်မြင်စွာဖြစ်ပေါ်လျက်ရှိနေသည်။ ဤကိစ္စကို သာမန်ကာလျှံကာမျှ မတွေးရဲပေ။ ငရဲအကျဉ်းထောင်က အကြံအစည်ကြီးများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်၍ ၎င်းတို့၏ အရေးကြီးဆုံးအချိန်တွင် ကမ္ဘာမြေအကျဉ်းထောင်တွင် အပြောင်းအလဲများဖြစ်ပေါ်နေသည်က ကောင်းသော လက္ခဏာမဟုတ်ပေ။
“ ကမ္ဘာမြေအကျဉ်းထောင်မှာ ဘာတွေဖြစ်နေတာလဲ ... မဟာသူတော်စင်တွေက အတူတူ အဆင့်တက်ကုန်တာလား ...ပြီးတော့ အပြည့်စုံဆုံးအတင့် သူတော်စင်ငယ်တစ်ယောက်က မဟာသူတော်စင်အဆင့်ကို နောက်ဆုံးတက်ခဲ့တာ နှစ်ပေါင်းများစွာကြာလှနေပြီလေ ...”
ဓားနတ်ဆိုးမျိုးနွယ်ခေါင်းဆောင်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့မျက်လုံးထဲ၌ပင် ဓားစွမ်းအင်များ တလက်လက်တောက်နေသည်ကို မြင်ရနိုင်သည်။
ဤအချိန်၌ ကမ္ဘာမြေအကျဉ်းထောင်တွင် မဟာသူတော်စင်အသစ်တစ်ယောက် ပေါ်ထွက်လာခြင်းမှာ ငရဲအကျဉ်းထောင်အတွက် သတင်းကောင်းမဟုတ်ပေ။
ထိုအချိန်မှာပင် ဓားအဆောင်လက်ဖွဲ့တစ်ခုက တောင်ကြားအတွင်းမှ အရှိန်မြှင့် ပျံသန်းလာပြီး ဓားနတ်ဆိုးမျိုးနွယ်စုခေါင်းဆောင်၏လက်ထဲ ရောက်လာသည်။ ၎င်းက အပိုင်းပိုင်းဖြစ်သွပြီးနောက် အတွင်းဘက်မှ စာတစ်စောင်ထွက်ပေါ်လာသည်။ ထိုစာကို မြင်သည့်အခါ သူ၏ အေးစက်နေသောမျက်နှာပေါ်မှ အမူအယာက ချက်ချင်းပြောင်းလဲသွားသည်။
“ ငါတို့ လှုပ်ရှားတော့မှာလား ...”
သူ အသက်ပြင်းပြင်းရှုကာ မတ်တပ်ရပ်လိုက်ချိန်တွင် သူ့ဘေးပတ်ပတ်လည်မှ ဓားစွမ်းအင်များက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
ထို့နောက် ကိုယ်လုံးတီးဖြစ်နေသော ဓားနတ်ဆိုးမျိုးနွယ်ခေါင်းဆောင်က အပြာရောင်ဓားတစ်ချောင်းကို ထုတ်လိုက်သည်။
“ ငါ့ရဲ့ဓားကလည်း သွေးဆာနေတာကြာပြီ ...”
***