တားမြစ်ဝိညာဉ်မြို့တော်၏အထက်တွင် ကြောက်မက်ဖွယ်ဖိအားနှင့် မိုးကြိုးတိမ်တိုက်များက အဆက်မပြတ် စုဝေးနေသည်။ လူအားလုံးက ၎င်းတို့ကို ကြောက်လန့်စွာကြည့်နေကြသည်။
ယခုနောက်ပိုင်းတွင် တားမြစ်ဝိညာဉ်မြို့တော်၌ ကိစ္စများစွာဖြစ်ပျက်ခဲ့သည်။ ၎င်း၏နာမည်က ကမ္ဘာမြေအကျဉ်းထောင်တစ်ခုတည်းတွင်သာ ပျံ့နှံ့နေရုံသာမက များပြားသော ကျင့်ကြံသူများကလည်း မြို့ကိုလာရောက်လည်ပတ်ကြသည်။ ယခုအချိန်တွင် မြို့ထတွင် အတိဒုက္ခကို ရင်ဆိုင်နေရသည့် ကျင့်ကြံသူတစ်ယောက်ရှိပုံပေါ်သည်။
“ ကြည့်ကြပါဦး ဒီမိုးကြိုးအတိဒုက္ခက တခြားဟာတွေနဲ့ ထူးခြားတဲ့ပုံပဲ ...”
အတွေးအကြုံ မရှိသူများက မိုးကြိုးအတိဒုက္ခက မည်သည့်အရာကို ဆိုလိုကြောင်းမသိကြပေ။ သို့ရာတွင်အတွေ့အကြုံရှိသော ကျင့်ကြံသူများက ၎င်းကို ခဏတွင်းချင်းမှတ်မိသွားကာ ပင့်သက်ရှိုက်ကုန်ကြသည်။
“ အဲ့ဒါ မဟာသူတော်စင်အတိဒုက္ခပဲ ...”
“ မဟာသူတော်စင်နယ်ပယ်ကို ဘယ်သူရောက်သွားပါလိမ့်...”
“ ဟိုဝိုင်ကြောင့်ပဲလား ... အဲ့ဒါက်ိုသောက်ပြီးရင် ဘုံကိုးပါးသူတော်စင်ငယ်က မဟာသူတော်စင်နယ်ပယ်က ရောက်နိုင်သွားလို့လား ...”
လူအများက အံ့ဩနေကြသည်။ ထိုသို့ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
သူတော်စင်ငယ်တစ်ယောက်က မဟာသူတော်စင်ဖြစ်လာရန်အတွက် အရည်အသွေးရှိသော အသွင်ကူးပြောင်းမှုကို ဖြတ်သန်းရန်လိုအပ်သည်။ ၎င်းမှာ မိမိ၏ ကိုယ်ပိုင်လောကငယ်တစ်ခုကို ဖြစ်တည်လာအောင် လုပ်ဆောင်ရခြင်းဖြစ်ပြီး ထိုလောကငယ်အတွင် မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ဖြစ်လာအောင်ပြုလုပ်ပေးရသည်။
၎င်းက စွမ်းအင်စုဆောင်းရုံမျှသာ မဟုတ်ပေ။
ဝိုင်တစ်ခွက်တည်းနဲ့ အဲ့ဒါကို ဘယ်လိုလုပ် အောင်မြင်အောင် လုပ်နိုင်မှာပါလိမ့်... ဒါပေမဲ့ အားလုံးကို အံ့ဩသွားစေခဲ့တဲ့အကြောင်းကတော့ အဲ့ဒါက အောင်မြင်သွားခဲ့လို့ပါပဲ ...
“ အဲ့ဒါနတ်ဘုရားမမြို့တော်ရဲ့ ဧကရီပဲ ... သူမ စားသောက်ဆိုင်လေးထဲ ဝင်သွားတာ ငါကိုယ်တိုင်တွေ့ခဲ့တယ် ... သူမပဲနေမှာ ဝိုင်သောက်ပြီး အဆင့်တစ်ဆင့်ကို တက်နေတာဖြစ်မယ် ...”
“ တိုက်ဆိုင်တာများလား ... နတ်ဘုရားမြို့တော်ရဲ့ မဧကရီက အစတည်းက အပြည့်စုံဆုံးအဆင့် သူတော်စင်ငယ်လေ...”
“ တိုက်ဆိုင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒီဝိုင်က ဘုံကိုးပါးသူတော်စင်ငယ်ကို မဟာသူတော်စင်နယ်ပယ်ထဲရောက်အောင် လုပ်ပေးနိုင်တယ်ဆိုရင်တော့ တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်းဆိုတာ တန်တယ် ...”
အားလုံး ရင်ခုန်စိတ်လှုပ်ရှားကုန်ကြသည်။ ယခုအချိန်တွင် အစောပိုင်းက စားသောက်ဆိုင်ထဲမှ ထွက်သွားကြသော သူကောင်းမျိုးမိသားစုခေါင်းဆောင်များက နယ်သာသလင်းကျောက်တစ်သန်းကိုင်ကာ ပြန်ရောက်လာကြပြီး တားမြစ်ဝိညာဉ်မြို့တော်ထဲ စုဝေးကာ မဟာသူတော်စင်အတိဒုက္ခကို စောင့်ကြည့်နေကြသည်။
ဧကရီပိလော့က စားသောက်ဆိုင်ထဲတွင် ထိုင်နေသည်။ သူမမျက်နှာက နီရဲနေသဖြင့် ပိုမိုလှပနေသယောင်ထင်ရသည်။ ဖန်ခွက်များကိုသုတ်နေသည့် ပုဖန်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ တိုက်ဆိုင်ဖြစ်စေ ထိုသို့မဟုတ်သည်ဖြစ်စေ သူမက ယနေ့တွင် မဟာသူတော်စင်နယ်ပယ်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။
ဧကရီပိလော့က သူမခေါင်းထဲမှ ခပ်ထွေထွေခံစားချက်ကို ဖိနှိပ်ကာ ထိုင်ခုံမှထလာသည်။ ဝိုင်က အလွန်ပြင်းသည့်အတွက် သူမ မူးမေ့လဲလုနီးပါးဖြစ်သွားသည်။ သူမက အဆင့်တစ်ဆင့်ကို ကျော်ဖြတ်နိုင်လုနီးဖြစ်နေသည့်အတွက် လဲကျသွား၍မဖြစ်သေးပေ။ သို့ဖြစ်၍ ပုဖန်ကို နှုတ်ဆက်ပြီးသည့်နောက် စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်လာလိုက်သည်။
ဧကရီပိလော့ စားသောက်ဆိုင်ထဲမှ ထွက်သွားသည်နှင့် တားမြစ်ဝိညာဉ်မြို့တော်တစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်သည်။ ယခုအချိန်တွင် ကြောက်မက်ဖွယ်ပေါက်ကွဲမှုများနှင့် မိုးခြိမ်းသံများက လေထဲတွင် ပြည့်နေသဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် တိတ်ဆိတ်နေပုံရသည်။
သူမက အတိဒုက္ခကို ကျော်ဖြတ်ရတော့မည်ဖြစ်သည်။ မဟာသူတော်စင်အတိဒုက္ခက မရေမတွက်နိုင်သောလူများ အိမ်မက်မက်ခဲ့ရပြီး ကြောက်ရွံ့ရသောအရာလည်းဖြစ်သည်။
အတိဒုက္ခက တစ်ညတာလုံး ကြာမြင့်ခဲ့သည်။ နောက်တစ်နေ့မနက် နေရောင်ခြည်ဖြာထွက်လာချိန်တွင် မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားသည်။ ဧကရီပိလော့၏ ထည်ဝါသော ခန္ဓာကိုယ်က လေထုထဲမျောနေသည်ကို တွေ့နိုင်ကြသည်။ သူမ မျက်လုံးများ မှေးကျဉ်းနေကာ သူမကိုယ်တွင်းမှ စွမ်းအားတစ်မျိုးကို ခံစားနေသကဲ့သို့ထင်ရသည်။
ကောင်းကင်ယံတွင် ရယ်သံတစ်သံထွက်ပေါ်လာသည်။ ငရဲဘုရင်အာဟ ရောက်ရှ်ိလာပြီး ဧကရီပိလော့နှင့် ရယ်မောပျော်ရွှင်စွာ စကားပြောနေသည်။
မကြညမီအချိန်တွင် ယင်းလုံသည်လည်း တောင်ဝှေးကိုထောက်ကာ ရောက်လာသည်။ သူက ဧကရီကိုခေါင်းငြိမ့်ပြလိုက်သည်။ ပိလော့သည်လည်း ယခင်ငရဲ၏ သမီးတစ်ယောက်ပင်ဖြစ်၍ သူမနှင့်ထိုက်တန်သော ရိုသေလေးစားမှုကို ပေးရသည်။ သူမကိုကြည့်လိုက်ချိန်တွင် ယင်းလုံ၏ရင်ထဲ၌ ခံစားချက်များ ရောထွေးသွားတော့သည်။
ယခင်ငရဲဘုရင်က အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်။ သူ့၏သားသမီးများကလည်း မဟာသူတော်စင်အဆင့်သို့ရောက်သွားပြီး ကမ္ဘာမြေအကျဉ်းထောင်၏ ထိပ်တန်းကျင့်ကြံသူများထဲမှတစ်ယောက် အပါအဝင်ဖြစ်လာပြီဖြစ်သည်။ ဧကရီပိလော့က နတ်ဘုရားပျောက်ကွယ်တောင်မှ ဖြစ်နေသည်မှာ နှမျောစရာပင်ဖြစ်သည်။ သို့မဟုတ်ပါက ငရဲဘုရင်၏ သားသမီးတစ်ယောက်အနေဖြင့် ကမ္ဘာမြေအကျဉ်းထောင်ကို အာဟနှငိ့အတူဦးဆောင်ကာ မကြာခင် စတင်လာတော့မည့် ငရဲအကျဉ်းထောင်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်ဖြစ်သည်။
ဧကရီပိလော့က လေထဲတွင်ပျံကာ ပြုံးနေသည်။ ယခုအချိန်တွင် အားလုံးက အိမ်မွေ့ချခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ကမ္ဘာပေါ်မှ ပန်းပွင့်များကလည်း တိတ်ဆိတ်စွာပွင့်နေသည်ဟု ထင်ရသည်။
ငရဲဘုရင်အာဟနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် စမ်းချောင်းဝါစားသောက်ဆိုင်လေးကို နက်နက်နဲနဲကြည့်လိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ်သွားသည်။ သူမက နတ်ဘုရားပျောက်ကွယ်တောင်သို့သွားကာ သူမ၏သခင်ကို ဤကိစ္စများအကြောင်း သတင်းပို့ရမည်ဖြစ်သည်။
ကောင်းကင်တွင် ပုံရိပ်တစ်ခုက ကျောက်စိမ်းကရားငယ်လေးကို ကိုင်ထားကာ ပါးစပ်က နားရွက်တက်ချိတ်မတတ်ဖြစ်နေသည်။ ထိုလူမှာ စမ်းချောင်းဝါမဟာပညာရှိမှလွဲ၍ တခြားသူမဟုတ်ပေ။ သူက မြေပြင်ပေါ်ဆင်းလာပြီးနောက် စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်။ ပုဖန်နှင့် ခဏတာ စကားစမြည်ပြောပြီးသည့်နောက်တွင် အားလုံးထွက်သွားသည်။
…
ငရဲအကျဉ်းထောင်က စစ်ဆင်ရေးများစွာကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ၎င်း၏ဘေးပတ်ပတ်လည်မှ ကမ္ဘာငယ်လေးများကိုစုစည်းကာ မဟာလောကကြီးတစ်ခု တည်ထောင်ချင်နေခြင်းဖြစ်သည်။ အချို့ ကမ္ဘာငယ်လေးများမှာမူ ၎င်း၏စွမ်းအားကြောင့် အညံ့ခံလိုက်ကြသည်။
မရေမတွက်နိုင်သော စစ်တပ်ကြီးများက ကျယ်ပြောလှသော မြေပြန့်နေရာတွင် စုဝေးခဲ့ကြသည်။ တစ်ကမ္ဘာလုံးအတွက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်တော့မယောင် ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ရောထွေးကာ ကောင်းကင်သို့ပျံတက်သွားသည်။
ထိုစစ်တပ်များက ငရဲအကျဉ်းထောင်၏ မျိုးနွယ်ပေါင်စများစွာမှရောက်လာခြင်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောပုံများဖြင့် ကျင့်ကြံသူပေါင်းများစွာပါဝင်ကြသည်။
ဂျိန်း ...
မျိုးနွယ်စုကိုးခုမှ မဟာသူတော်စင်များက မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာကာ လေထုကို အုပ်မိုးထားသည်။ ကြောက်လန့်တုန်လှုပ်ဖွယ်အော်ရာများက ၎င်းတို့ထံမှ ပျံ့နှံ့ထွက်ပေါ်လာကာ ပတ်ပတ်လည်မှ လေဟာနယ်ကိုပင် တွန့်သွားစေသည်။ သူတို့အားလုံး ကောင်းကင်ယံတွင် ရပ်နေကြပုံမှာ ကမ္ဘာကြီးကို ထောက်ထားသည့် ကျောက်တိုင်များနှင့်ပင် တူနေသည်။
ငရဲအကျဥ်းထောင်က ကမ္ဘာမြေအကျဉ်းထောင်ထက် မဟာသူတော်စင် အရေအတွက် ပိုများသည်။ အဓိက အကြောင်းရင်းမှာ ၎င်း၏ရင်းမြစ်များက ကမ္ဘာမြေအကျဉ်းထောင်ထက် ပိုမိုပေါကြွယ်ဝသောကြောင့်ဖြစ်သည်။
ရုတ်တရက် လေဟာနယ်ဆုတ်ပြဲသွားပြီး အက်ရာကိုးခုပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် ငရဲအကျဉ်းထောင်ကျင့်ကြံသူများက စိတ်အားတက်ကြွလာကာ တစ်ဦးတစ်ယောက်ချင်းစီကလည်း အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။
“ ဂိုဏ်းချုပ်တို့ ...”
ငရဲအကျဉ်းထောင်မှ မဟာသူတော်စင်များက တည်ကြည်လေးနက်သော အမူအယာဖြင့် လေဟာနယ်ကို ဦးညွှတ်လိုက်ကြသည်။ မကြာမီအချိန်၌ လေထဲတွင် ပုံရိပ်များစွာပေါ်လာသည်။
“ ငရဲကမ္ဘာကို တစ်ခုတည်းဖြစ်လာဖို့ ငါတို့ရှေ့ဆက်တိုးရတော့မယ်... ကမ္ဘာငယ်လေးတွေက သေချာပေါက် လက်နက်ချရမယ် တကယ်လို့ အကျိုးကြောင်း ရှင်းပြလို့ မရရင် အင်အားသုံးပါ ...
အရှိန်အဝါရှိသော အသံတစ်သံက လေထဲတွင် ပဲ့တင်ထပ်နေသည်။
“ လက်နက်ချဖို့ ငြင်းဆိုတဲ့ အနောက်ပိုင်းဗုဒ္ဓနယ်ပယ်၊ ရွေ့လျားဝိညာဥ်နယ်ပယ် ၊ အသူရာချောက်မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်နဲ့ ကမ္ဘာမြေအကျဉ်းထောင်ကို အနိုင်ယူခဲ့ကြပါ .... ငရဲကမ္ဘာက မဟာလောကကြီးဖြစ်လာဖို့လမ်းကြောင်းကနေ နောက်ပြန်လှည့်လို့ မရတော့ဘူး... ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဥပဒေသ ဧကန်မုချဖြစ်လာမယ့် သရုပ်သကန်ပဲ ...”
ထိုအသံထွက်လာသည်နှင့် အောက်ဘက်မှ စစ်တပ်ကြီးက အော်ဟစ်အားပေးကုန်ကြသည်။ သူတို့၏ မြည်ကြွေးသံကြီးများက ကောငကင်ပေါ်အထိ ရောက်လာကာ ကမ္ဘာတစ်ခွင်လုံးကို တုန်လှုပ်သွားစေခဲ့သည်။ လေထဲမှ မဟာသူတော်စင်များလည်း လင်သီးကျစ်ကျစ်ပါအောင်ဆုတ်လိုက်ကြသည်
ယခုချိန်က ငရဲအကျဉ်းထောင်၏ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ပြသရမည့်အချိန်ဖြစ်သည်။
ခဏအကြာတွင် ကောင်းကင်ပေါ်၌ နားပင်းလုမတတ် အသံကြီးများ ထွက်ပေါ်လာသည်။ မျိုးနွယ်ကိုးခုမှ ကြီးမြတ်အဆင့် ကျင့်ကြံသူများက သူတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆွေးနွေးတိုင်ပင်နေကြသည်။ မျိုးနွယ်တစ်ခုချင်းစီက လက်နက်ချရန် ငြင်းဆိုမည့် ကမ္ဘာငယ်လေးတစ်ခုကို တိုက်ခိုက်ရမည်ဖြစ်ပြီး ၎င်းတို့ကိုလည်း မဟာသူတော်စင်များက ဦးဆောင်သွားမည်ဖြစ်သည်။
မီးနတ်ဆိုးမျိုးနွယ်က ပထမဆုံး စတင်ထွက်ခွာရသည်။ အရာအားလုံးကို မီးလောင်တိုက်သွင်းပစ်တော့မည့် မီးတောက်များ လွှမ်းခြုံထားလျက် သောင်းနှင့်ချီသော မီးနတ်ဆိုးများက မီးပင်လယ်ကြီးသဖွယ် အဝေးမှ ကောင်းကင်ယံသို့ ထွက်ခွာသွားကြသည်။
ဓားနတ်ဆိုးမျိုးနွယ်နှင့် နယ်သာစားဖိုမှူးမျိုးနွယ်နှင့် အခြားလူများက သူတို့အမိန့်များဆောင်ရွက်ရန် နေရာအသီးသီးသို့ ထွက်ခွာသွားကြသည်။ မျိုးနွယ်တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်ပစ်မှတ်တစ်ခုရှိသည်။ မျိုးနွယ်တစ်ခုချင်းစီ၏ အစွမ်းက ကွဲပြားသောကြောင့် သူတို့အနိုင်ယူရမည့် ကမ္ဘာငယ်များကလည်း မတူညီကြပေ။ အားနည်းသော ကမ္ဘာငယ်လေးများကို အားနည်းသည့်မျိုးနွယ်များ စေလွှတ်လိုက်သည်။ ငရဲအကျဉ်းထောင်၏ လုပ်ဆောင်ချက်များအားလုံးက ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်တွက်ချက်ထားခြင်းဖြစ်သည်။
ဤ စစ်ဆင်ရေးက ငရဲကမ္ဘာတစ်ခုလုံးကို ကြောက်ခမန်းလိလိ ပြောင်းလဲမှုများ ဖြစ်သွားစေမည်ဖြစ်သည်။
သို့ရာတွင် ငရဲအကျဥ်းထောင် မျိုးနွယ်စုကိုးခုက ကမ္ဘာမြေအကျဉ်းထောင်ကို မတိုက်ခိုက်ကြပေ။ အဓိကအကြောင်းအရင်းမှာ အဆင့်အတန်းက အလွန်ကွာခြားလွန်းလှ၍ ဖြစ်သည်။ သာမန်မျိုးနွယ်တစ်ခုက ကမ္ဘာမြေအကျဉ်းထောင်ကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။
စစ်ပွဲ စတင်ခဲ့ပြီဖြစ်လေသည်။ ငရဲအကျဉ်းထောင်စစ်တပ်များ တပ်ဖြန့်ချလိုက်ခြင်းက ငရဲကမ္ဘာတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။ ငရဲအကျဉ်းထောင်သို့ လက်နက်ချလိုက်သော ကမ္ဘာငယ်လေးများက သူတို့၏ ကျင့်ကြံသူများကို စစ်မြေပြင်သို့ အတင်းအကြပ်ပို့ဆောင်ရန် ဖိအားပေးခံရသည်။ လက်နက်ချရန် ငြင်းဆန်သော ကမ္ဘာငယ်လေးများကို အနိုင်ယူရန် ငရဲကမ္ဘာတစ်ခုလုံး စုစည်းသွားပြီဖြစ်သည်။
အသူရာချောက်၏ အောက်ခြေတွင်...
ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် လက်ဖဝါးကြီးကို မဟာတရားသူကြီးက ဒေါသတကြီးကြည့်နေသည်။ မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် တရားသူကြီးအဖွဲ့ဝင်များက သွေးထွက်သံယိုဖြစ်ပြီး သေလုနီးပါးဖြစ်ကုန်ကြသည်။ မဟာသူတော်စင်မြောက်များစွာ၏ တိုက်ခိုက်မှုကြောင့် အသူရာချောက်မြို့တော်၏ မြို့ရိုးများပြိုကျသွားပြီး အကာအကွယ်လည်း လုံးဝပျက်စီးသွားသည်။
ငရဲအကျဉ်းထောင်၏ထိန်းချုပ်မှုမှ လွတ်သွားရုံသာရှိသေးသော အသူရာချောက်မှာ ၎င်း၏ ခွန်အားအောက်တွင် တစ်ကြိမ်ထပ်မံ၍ လက်နက်ချလိုက်ရပြန်သည်။ မီးနတ်ဆိုးမျိုးနွယ်၏ မဟာသူတော်စင်က သူ၏မျိုးနွယ်ဝင်များနှင့်အတူ ပျက်စီးနေသော အသူရာချောက်မြို့တော်ထဲ အလုံးအရင်းဝင်လာသည့်အခါ မဟာတရားသူကြီးနှင့် အသူရာချောက်မြို့တော်၏ မြို့တော်သခင်တို့က လက်နက်ချလိုက်ရသည်။
ရွေ့လျားဝိညာဉ်နယ်ပယ်က ဝိညာဉ်များ နေရာအနှံ့တွင် ပျံသန်းနေသော အေးစက်သည့်ကမ္ဘာလေးဖြစ်သည်။
ကြမ်းကြုတ်သော ဧရာမသားရဲကြီးက လေထဲတွင်ရှိနေပြီး ၎င်း၏ခွာက ရွေ့လျားဝိညာဉ်နယ်ပယ်၏ အဓိကမြို့တော်မြို့ရိုးကြီးကို နင်းချေလိုက်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက ခွာကြီး၏အောက်တွင် ပျက်စီးသွားသည့် ဝိညာဉ်များဖြစ်ကုန်ကြ၍ ကျန်ရှိနေသော ကျင့်ကြံသူများကလည်း လက်နက်ချရန် ငြင်းဆန်လိုက်ကြသည်။ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်လျက် အပျက်အစီးများကြားတွင် လွှင့်ထူလိုက်သော ဦးချိုနတ်ဆိုးမျိုးနွယ်အလံကို ကြည့်နေကြငည်။
ငရဲကမ္ဘာတစ်ဝိုက်မှ ကမ္ဘာငယ်လေးများတွင် ထိုကဲ့သို့သော အဖြစ်အပျက်များ ဆက်လက်ဖြစ်ပေါ်နေသည်။
လူပျံတောင်ကြားက ငရဲအကျဉ်းထောင်၏ ဖိအားအောက်တွင် လက်နက်ချလိုက်ပြီဖြစ်၍ ၎င်းတို့ထံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကမ္ဘာငယ်လေးများထံသို့ ငရဲအကျဉ်းထောင်စစ်တပ်နှင့်အတူ ပို့လွှတ်လိုက်ရသည်။
မကြာမီအချိန်တွင် ငရဲကမ္ဘာတစ်ခုလုံး စစ်ပွဲ၏ အခိုးအငွေ့များ ပျံ့နှံ့လာသည်။ ကမ္ဘာငယ်လေးအများစုမှ ခြိမ်းခြောက်ခံလိုက်ရသည်။ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ငရဲအကျဉ်းထောင်ကို ရင်ဆိုင်လိုက်ရသည့်အခါ ဒုတိယတန်းစားနှင့် တတိယတန်းစားကမ္ဘာငယ်လေး အချို့က လက်နက်ချရန်သာ ရွေးချယ်လိုက်ရသည်။ ထိုကဲ့သို့သော မကောင်းဆိုးဝါးမျိုးကို သူတို့ မခုခံနိုင်ကြပေ။
နောက်ခံအင်အားရှိသော ကမ္ဘာငယ်လေးအချို့မှာမူ ချက်ချင်းလက်နက်မချကြပေ။
အနောက်ပိုင်းဗုဒ္ဓနယ်ပယ်တွင် ဗုဒ္ဓ၏ အမည်နာမကို ရွတ်ဆိုနေသံက ကောင်းကင်နှင့် ကမ္ဘာပေါ်တွင် ပဲ့တင်ထပ်နေသည်။ ဗုဒ္ဓ၏အလင်းရောင်ဖြင့် မဟာသူတော်စင်တစ်ယောက်က နယ်ပယ်တစ်ခုလုံးကို လွှမ်းခြုံပေးထားကာ ရန်သူများကို လက်ဖဝါးချက်ဖြင့် တိုက်ခိုက်နေသည်။
အနောက်ပိုင်းဗုဒ္ဓနယ်ပယ်ကို တိုက်ခိုက်ရန် စေလွှတ်ခံလိုက်ရသော သားရဲဆရာသခင်မျိုးနွယ်မှ မဟာသူတော်စင်က လက်ဖဝါးချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားသည်။ သူ၏စစ်တပ်ကြီးက ဖရိုဖရဲဖြစ်နေပြီး သူတို့ ဆင့်ခေါ်ထားသည့် ရက်စက်သောသားရဲများက သွေးအလိမ်းလိမ်းဖြင့် အသေကောင်များ ဖြစ်ကုန်ကြသည်။
အနောက်ပိုင်းဗုဒ္ဓနယ်ပယ်က ပထမတန်းစားကမ္ဘာငယ်လေးတစ်ခု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်သည်။
ထိုအချိန်၌ ဗာဂျရာနယ်ပယ်တွက် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကိုယ်လုံးတီးကျင့်ကြံသူနှစ်ယောက်မှာ အရပ်ဆယ်မီတာအမြင့်ထိ တဖြည်းဖြည်းကြီးထွားလာသည်။ သူတို့၏ လက်သီးချကိကြီးဖြင့် ကောင်းကင်ယံရှိ နယ်သာစားဖိုမှူးမျိုးနွယ်မှ နတ်ဘုရားစားဖိုမှူးကို တိုက်ခိုက်နေကြသည်။
ကြောက်မက်ဖွယ်အော်ဟစ်သံကြီးများက ကမ္ဘာမြေပြင်ကိုပင် တုန်လှုပ်သွားစေသည်။
အချို့ကမ္ဘာငယ်လေးများက လက်နက်ချကြပြီး အချို့က ခုခံတိုက်ခိုက်နေကြဆဲဖြစ်သည်။ အားလုံးကိုခြုံငုံကြည့်ပါက လက်နက်ချခြင်းနှင့် ခုခံတိုက်ခိုက်ခြင်းတိုက်ပွဲများက ငရဲကမ္ဘာတစ်ဝိုက်တွင် ပျံ့နှံ့သွားသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဧရာမကြေးတံခါးကြီးက နားပင်းလုမတတ် အသံကြီးဖြင့် တဖြည်းဖြည်းပွင့်လာသည်။ မသေမျိုးသစ်ပင်ကြီးဟ အကိုင်းအခတ်များက ဖြန့်ကျက်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကို ရိုက်ခတ်ကာ ပဉ္စမအလွှာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
မုန့်ချီနှင့် အခြားမြို့တော်သခင်များက ပဉ္စမအလွှာအပြင်ဘက်မှ စောင့်ကြည့်နေကြသည်။ သူတို့အားလုံး အလွန်ထိတ်လန့်ပြီး မျက်နှာပင် ခဲပြာရောင်သန်းလာသည်။ ငရဲအကျဉ်းထောင်က ရူးနှမ်းစွာဖြင့် စစ်ပွဲတစ်ခုကို စတင်လိုက်မည်ဟု သူတို့မထင်ခဲ့မိပေ။ ရုတ်တရက် ကြေးတံခါးကြီး၏နောက်မှ စစ်ဗုံသံများထွက်ပေါ်လာသည်။ ၎င်း၏ အသံတစ်ချက်ချင်းစီက သူတို့ရင်ထဲတွင် ရိုက်ခတ်သွားသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများအားလုံး တိတ်ကျသွားသည်။
ယခုလက်ရှိ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ အားလုံးက အနိုင်ကျင့်နေကြသည့် ကမ္ဘာငယ်လေးများဖြင့် ထူးမခြားနား ဖြစ်နေသည်။ အချိန်တိုအတွင်း တိုးတက်လာပြီးသည့်နောက်တွင် ကျင့်ကြံသူများက သူတို့ကိုယ်တိုင် စေ့စေ့စပ်စပ် ကျင့်ကြဲကြသော်လည်း စစ်မှန်သည့်စွမ်းအားဖြင့်ယှဉ်ပါက ကွာခြားနေသေးသည်။
ရွှီ ..
ချွန်ထက်သော ဓားစွမ်းအင်က ကမ္ဘာကြီးကို နှစ်ခြမ်းခွဲလိုက်ပြီး မဟာသူတော်စင်နှစ်ယောက်က အရံအတားထဲမှ ထွက်လာကာ နယ်ပယ်တစ်ခုလုံးကို အေးစက်စက်ကြည့်နေသည်။ နားပင်းလုမတတ်အော်ဟစ်ကြွေးကြော်သံများနှင့်အတူ ဓားနတ်ဆိုးမျိုးနွယ်မှ ကျင့်ကြံသူများ အရံအတားကို ကျော်ဖြတ်လာပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွင်းသို့ သတ်ဖြတ်လိုစိတ်များဖြင့် တစ်ဟုန်ထိုး ပြေးဝင်လာသည်။
ရုတတရက် တဲအိမ်ငယ်လေးတစ်ခုက ပေါက်ကွဲသွားပြီး အလင်းတန်းတစ်ခု ကောင်းကင်ပေါ်တက်သွားသည်။ နယ်ပယ်သခင်တိထိုက်က ဂူပိတ်ကျင့်ကြံနေရာမှ ထွက်လာပြီဖြစ်သည်။ သူ၏ရွှေရောင်ဆံပင်များက လေထဲလွင့်နေပြီး မျက်ဝန်းများထဲတွင်လည်း အရောင်တောက်ပနေသည်။ သူ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားပြီး အော်ရာကလည်း ကောင်းကင်အထိ မြင့်တက်နေသည်။
ထိုအချိန်တွင် မသေမျိုးသစ်ပင်၏ အကိုင်းအခတ်များက သူ့ကိုလာရောက်ရစ်ပတ်လာသည်။ သူ့မျက်ဝန်းထဲတွင် ကမ္ဘာငယ်လေးတစ်ခုပုံစံ ထင်ဟပ်လာပြီး ကျင့်ကြံဆင့်က တဖြည်းဖြည်းမြင့်လာကာ သူတော်စင်ငယ်နယ်ပယ်၏ အရံအတားကို ချိုးဖောက်ပြီး မဟာသူတော်စင်နယ်ပယ်ထဲ ရောက်ရှိသွားသည်။
သူ့မျက်ဝန်းထဲတွင် ဝမ်းနည်းသောအရိပ်အယောင်များ ရှိနေသည်။ ငရဲအကျဉ်းထောင်၏ ဖိအားကြောင့် သူ့ရင်ထဲတွင် ကပ်ဆိုးတစ်ခုဖြစ်လာတော့မည်ကို ခံစားမိ၍ ယခုလေးတင် နိုးထလိုက်နိုင်သည့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒဖြင့် သူ့ကိုယ်သူ ပေါင်းစပ်လိုက်
သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းက သူ၏ကျင့်ကြံဆင့်ကို မဟာသူတော်စင်နယ်ပယ်တွင်သာ ရပ်တန့်နေစေပြီး အဆင့်ထပ်တက်နိုင်မည့်လမ်းကြောင်းကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏အစွမ်းက ဤနေရာတွင်သာ အမြဲထာဝရ ရပ်နေတော့မည်ဖြစ်သည်။ သို့ရာတွင် နယ်ပယ်တစ်ခုလုံး ကပ််ဆိုးကြီးနှင့် ရင်ဆိုင်ရနိုင်သည်ဖြစ်သောကြောင့် ထိုသို့လုပ်လိုက်ခြင်းကို နောင်တမရပေ။
ဝီ ...
နတ်ဘုရားစားဖိုမှူး၏ ကိရိယာတန်ဆာပလာများဖြစ်သော မီးဖိုချောင်သုံးဓား၊ အနက်ရောင်ဒယ်အိုး၊ ယောက်ချိုနှင့် သံပန်းကန်လုံးတို့က သူ့ဘေးပတ်ပတ်လည်တွင် ပေါ်လာသည်။ နယ်ပယ်သခင်တိထိုက်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ပဉ္စအလွှာမှ စစ်မြေပြင်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။
“ ငရဲအကျဉ်းထောင်က မျိုးမစစ်တွေ ... မင်းတို့ရဲ့ နယ်ပယ်သခင်တိထိုက် ပြန်ရောက်လာပြီကွ ...”
ကမ္ဘာမြေအကျဉ်းထောင်၏ လေထုထဲတွင် ဓားအလင်းရောင်တစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲလျက်ထွက်ပေါ်လာသည်။ မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က အက်ကွဲကြောင်းထဲမှ ထွက်လာသည်။ သူ၏မျက်လုံးများက ဓားစွမ်းအင်ကြောင့် အရောင်လက်နေသည်။ လက်မြှောက်လိုက်သည့်အခါ လက်ဖဝါးတွင် သေးငယ်သော မီးခိုရောင်ဓားလေးတစ်ချောင်း ဖြည်းညင်းစွာ လှည့်ပတ်နေသည်။ ဓားအသေးလေးဖြင့် ဆော့ကစားနေလျက် လူအိုကြီးက အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ မဟာသူတော်စင်ကိုတောင် အဆင့်တက်သွားနိုင်စေတဲ့ဝိုင်လား... ဒီခံစားချက်ကို ရင်းနှီးနေတယ် ... အဲ့လူရဲ့ အမွေဆက်ခံသူများလား ... ဘယ်သူပဲဖြစ်ဖြစ် အဲ့လူနဲ့ ဆက်နွယ်နေတယ်ဆိုရင် သေရမယ်... အဲ့လူနဲ့ ပတ်သက်တဲ့ ဘယ်သတင်းမှ ငရဲကမ္ဘာမှာ ထပ်ပေါ်လာလို့မဖြစ်ဘူး ...”
မီးခိုးရောင်ဝတ်ရုံဖြင့် အဘိုးအို၏အသံက နူးညံ့နေသော်လည်း လေထုထဲတွင် မိုးခြိမ်းသံတစ်သံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။
နတ်ဘုရားပျောက်ကွယ်တောင်တွင် ဝတ်ရုံအဖြူရောင်ဝတ်ထားသော အမျိုးသမီး၏ မျက်လုံးထဲတွင် စူးရှသောအကြည့်တစ်ခု ဖြတ်သန်းသွားသည်။
ကျဆုံးနတ်ဘုရားလိုဏ်ဂူတွင် တင်ပျဉ်ခွေထိုင်နေသော ရွှေရောင်အရိုးခြောက်၏ သွေးနီရောင် တစ္ဆေမီးတောက်များက မျက်လုံးအိမ်ထဲတွင် ကခုန်နေသည်။
မဟူရာဘုရားကျောင်တွင် လေထဲတွင် ဖြည်းဖြည်းမှန်မှန် အသက်ရှုသံတစ်ခုနှင့်ပြည့်လာပြီး ပတ်တီးများ။မြေပေါ်ပြုတ်ကျသွားသည်။
စမ်းချောင်းဝါ စားသောက်ဆိုင်ငယ်လေးတွင် ...
ပုဖန်နှင့် စကားစမြည်ပြောနေသော စမ်းချောင်းဝါမဟာပညာရှိက “အို” ဟူသော အသံပြုကာ နောက်လှည့်ကြည့်လိုက်စဉ်တွင် မျက်ခေါင်းပေါက်တောင်ဝှေးကို မှီထားသော အကျဉ်းထောင် အရှင်သခင်ယင်းလုံက ရီဝေနေသောမျက်လုံးများကို ဖွင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သိမြင်မှုသစ်ပင်အောက်တွင်အိပ်နေသော ခွေးဘုရင်က သမ်းဝေလျက်နှင့် ပြောလ်ုက်သည်။
“ ကြည့်ရတာ ငရဲအကျဉ်းထောင်က ဒီထက်ပိုပြီး မချုပ်တည်းထားနိုင်တော့ဘူးထင်တယ် ...”
***