မီးခိုးရောင်ဝတ် အဘိုးအို၏ ပေါ်ထွက်လာ
မှုမှာ ကမ္ဘာမြေ အကျဥ်းထောင် ကျင့်ကြံသူများ အားလုံး၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ သူတို့က စိုးရိမ်တကြီးဖြစ်ကာ မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ချေ။ ခွေးဘုရင်ပင်လျှင် သူ့၏ အလေးထားမှုကို ဖော်ပြရန်အတွက် ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ ပုဖန်က ထွေထွေထူးထူးမခံစားမိသော်လည်း သူတို့၏ ခံစားချက်များ အနည်းငယ် ပြောင်းလဲသွားသည်ကို ခံစားမိသည်။
သူက ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို သိမ်းဆည်းထားလိုက်သည်။ နေ့ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဝိုင်ကိုဝယ်ရန် လာရောက်သူ ပိုပို၍ နည်းပါလာလေတော့သည်။ ထိုသည်ကို ဝယ်နိုင်သော လူများ အားလုံးနီးပါးက ဝယ်ယူထားပြီးဖြစ်ပြီး ပထမဆုံးခွက်သည်သာ အကျိုးသက်ရောက်မှုရှိသည်ဖြစ်ရာ မည်သူကမျှ ဒုတိယခွက်အတွက် နယ်သာသလင်းကျောက် တစ်သန်းကို ထပ်မသုံးချင်ကြပါတော့ချေ။ တစ်စုံတစ်ဦးက ဒုတိယခွက်အတွက် ဝယ်ယူခဲ့ပါလျှင်ပင် ထိုသည်က အရသာခံရန်အတွက်သာ ဖြစ်ပေ၏။ ငရဲဘုရင်အာဟမှာ ထိုရည်ရွယ်ချက်ဖြင့် ထိုမျှ များပြားလှသော ငွေများကို သုံးဖြုန်းပစ်မည်ဟု မည်သူကမှ မျှော်လင့်မထားပါချေ။
ရလဒ်အနေဖြင့် ပုဖန်၏ စားသောက်ဆိုင် စီးပွားရေးမှာ တဖြည်းဖြည်းနှင့် သာမန်အခြေအနေသို့ ပြန်ရောက်လာပေတော့သည်။
မကြာသေးမီက စမ်းချောင်းဝါ မဟာပညာရှိမှာ စားသောက်ဆိုင်ကို ဆက်တိုက်လာနေသည်။ ထိုသည်မှာ သူက ထိုနေရာ၏လေထုကို သဘောကျ၍ မဟုတ်ပဲ ထိုနေရာတွင် သူ့၏ ကျောက်စိမ်း ခရားကို ကိုင်ကာ ပွတ်သပ်ချင်နေ၍ ဖြစ်ပေ၏။ တစ်စုံတစ်ဦးက လှမ်းကြည့်လာသည့်အချိန်တိုင်း ထိုခရားအတွင်း၌ တစ်ခွက်လျှင် နယ်သာသလင်းကျောက် တစ်သန်းတန်သော ဝိုင်ရှိနေသည်ကို ရှင်းပြမည်ဖြစ်ပေ၏။ သူက ထိုသို့ ပြုလုပ်သည့်အချိန်တိုင်း လူများက အံ့သြတကြီး ဖြစ်ကြပေလိမ့်မည်။ ခရားမှာ လက်သီးဆုပ်အရွယ်ခန့်ရှိပြီး ထိုသည်မှာ ခွက်ပေါင်း တစ်ဒါဇင်ကျော် ဖြည့်ပေးနိုင်သည်ဟု ဆိုလိုသည်။ ထိုသည်က ထိုအရာကို နယ်သာသလင်းကျောက် ဆယ်သန်းကျော် တန်ဖိုးရှိစေပေ၏။
စမ်းချောင်းဝါ မဟာညာရှိမှာ ထိုအံ့ဩတကြီး အကြည့်များကို နှစ်ခြိုက်လှ၏။ တစ်စုံတစ်ဦးက အံ့အားသင့်သွားသည့်အချိန်တိုင်း သူက အလွန်ပျော်ရွှင်ပေ၏။ သူ့အဆင့်တွင် သာမန်ပစ္စည်းများက သူ့ကို ပျော်ရွှင်မှု မပေးနိုင်ပါတော့ချေ။ သူအလိုရှိသည်မှာ စိတ်ဝိညာဉ် အဆင့်ရှိသော ပျော်ရွှင်မှုဖြစ်ပေသည်။
ငရဲဘုရင်အာဟနှင့် တခြားသူများက သူ့အား မျက်လုံးလှန်ကြည့်ရန် တုံ့ဆိုင်းမနေကြပဲ သူ့၏ သေးသိမ်လှသော အပြုအမူအတွက် သူတို့၏ အထင်အမြင်သေးခြင်းကို မဖုံးကွယ်ကြပါပေ။
မည်သူကမှ ဝိုင်ကို မဝယ်တော့သည်ဖြစ်၍ ပုဖန်မှာ ချက်ပြုတ်ခြင်းကို စတင်တော့သည်။ နောက်ဆုံးတွင်တော့ စားသောက်ဆိုင်ဟူသည်မှာ ဝိုင်အရောင်းဆိုင်တစ်ခု မဟုတ်ပေ။ မည်သည့် စားသောက်ဆိုင်တွင်မဆို အစားအသောက်မှာ အဓိက အာရုံစိုက်ရာဖြစ်သည်။ သူ့ဟင်းပွဲများ၏ အကျိုးသက်ရောက်မှုမှာ ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကဲ့သို့ မကောင်းမွန်သော်လည်း သူတို့က အကျိုးသက်ရောက်မှုအနည်းငယ်တော့ ရှိသေးသည်။
ကလင် ကလင်...
မီးဖိုးဆောင်၏ ခန်းဆီးမှာ မြင့်တက်သွားပြီး ခေါင်းလောင်းလေးက မြည်လာပေ၏။ ပုဖန်က အငွေ့တစ်ထောင်းထောင်းထနေသော ဟင်းပွဲတစ်ခုဖြင့် ထွက်လာကာ စားသောက်ဆိုင်ထဲရှိ လူများအားလုံးကို နှာခေါင်းရှုံ့ကာ အနံ့ခံအောင် ပြုလုပ်လိုက်ပေ၏။
“မွှေးလိုက်တာ...”
လူတိုင်း၏ မျက်လုံးများက အရောင်တောက်သွားပေ၏။ ပုဖန်က ဟင်းပွဲကို စားပွဲပေါ်တွင် ချလိုက်၏။ ခွေးဘုရင်က စိတ်မရှည်သော သွင်ပြင်ဖြင့် အပြေးရောက်လာကာ စားပွဲပေါ်တွင် ရှေ့ခြေထောက်များကိုတင်ပြီး လျှာကို ထုတ်ထားလေ၏။ ထိုသည်က သူအနှစ်သက်ဆုံး နဂါးနံရိုးချိုချဉ် ဖြစ်သည်။
နယ်သာရီက နိုးလာပြီဖြစ်သည်။ သူမက ဝိုင်သောက်ပြီးနောက် ၂ရက်ခန့် အိပ်ကာ ဆာလောင်နေပြီဖြစ်သည်။ သူမက မြေခွေးဖြူလေးကို ချီထားကာ ဘေးတွင်ထိုင်ချပြီး နဂါးသွေးထမင်းတစ်ပန်းကန်ကို စတင်စားသောက်လိုက်လေ၏။
အစားအစာ၏ ရနံ့မှာ နေရာတွင် ရှိနေသော လူအများစု၏ အစားစားလိုစိတ်ကို လှုံ့ဆော်ပေး၍ သူတို့အားလုံးက ဟင်းပွဲများကို မှာယူကာ စတင်စားသောက်ကြပေတော့သည်။ စားသောက်ဆိုင်အတွင်းရှိ လေထုမှာ သင့်တင့်လှကာ ကမ္ဘာမြေအကျဥ်းထောင်ရှိ လေထုနှင့် လုံးဝပင် ခြားနားနေပေ၏။
သူ့၏ စားသောက်ခြင်းကို အဆုံးသတ်ပြီးနောက် အကျဥ်းထောင်အရှင်သခင် ယင်းလုံမှာ စမ်းချောင်းဝါ မဟာပညာရှိနှင့် တခြားသူများကို နှုတ်ဆက်ကာ စားသောက်ဆိုင်အပြင်သို့ လျှောက်သွားပြီး အဝေးသို့ ပျံသန်းသွားလိုက်လေ၏။ မြေကမ္ဘာအကျဥ်းထောင်၏ အရှင်သခင်များထဲမှ တစ်ဦးနှင့် အမိန့်ပေးကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူက ငရဲအကျဥ်းထောင် မဟာတော်စင်တစ်ဦး၏ ကျူးကျော်ခြင်းကို ထိုင်ကြည့်မနေနိုင်ပါချေ။
…
မီးခိုးရောင်ဝတ် အဘိုးအိုမှာ မဟူရာဘုရားကျောင်း၏ အပြင်ဘက်၌ မြောလွင့်နေကာ သူ၏ လက်များကို နောက်ပြန်ချိတ်ကာ အဆောက်အဦးအား သာမန်ကာလျံကာ ငေးကြည့်နေလေ၏။ မကြာမီပင် အနက်ရောင် မီးခိုးငွေ့များက ဘုရားကျောင်းထဲမှ ထွက်ကာ သူ့ဆီသို့ ရောက်ရှိလာလေ၏။
“ရှင် ကျွန်မဆီကို လာစရာမလိုပါဘူး... ကျွန်မက သေခြင်း ရှင်ခြင်းကို စိတ်မပူတော့ဘူး... ဒီကနေ ထွက်သွားတော့...”
အေးစက်စက် အသံတစ်ခုက ပဲ့တင်ထွက်လာသည်။
“ပြန်ပြီး မတွေးကြည့်ချင်တော့ဘူးလား... ရေခဲ သူတော်စင်... အဓိကကတော့ နင့်ရဲ့ ရေခဲပျောက်ကွယ်နန်းတော်က ငရဲလောက တစ်ခုလုံးကို အထင်သေးတဲ့ မကောင်းဆိုးဝါးတစ်ကောင်လေ... နင်က အဲ့တာကို မြေပြင်ဆီကို နစ်မြုပ်ခွင့်ပြုလိုက်ဖို့ ဆန္ဒရှိတယ်လား...”
အဘိုးအိုက ခပ်ဖွဖွ ပြောလိုက်လေ၏။
“အဲ့ဒီငရဲဘုရင် ထျန်စန်းအတွက် အဲ့တာကိုလုပ်ဖို့ မတန်ပါဘူး...”
“ငါ့ကို ဘာလုပ်ရမလဲဆိုတာ လာသင်ပေးဖို့ မလိုဘူး... အခုချက်ချင်း ထွက်သွားစမ်း...” နှစ်တစ်သောင်း ရေခဲပေါ်တွင် ထိုင်နေသော မဖော်ပြနိုင်အောင် လှပသည့် အမျိုးသမီးတစ်ဦးက ဆိုလိုက်လေ၏။
“နင်က လေပြင်းကို ဆန့်ကျင်ရင် သေချာပေါက်ကို ဖျက်ဆီးခြင်း ခံရမှာပဲ... ဘယ်သူကမှ ငရဲကမ္ဘာရဲ့ ပေါင်းစည်းခြင်းကို တားဆီးလို့မရဘူး... အနက်ရောင် နတ်ဆိုးနဲ့ ကျင်းလောတို့လည်း အညံ့ခံလိုက်ပြီ။ နင်က ဘာကို တောင့်ခံထားနေတာလဲ...”
အဘိုးအိုက အေးစက်စွာ ဆိုလိုက်လေ၏။ ထို့နောက်မှာပင် သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ မရေမတွက်နိုင်သော ဓားစွမ်းအင် ရောင်ခြည်တန်းများက ရုတ်တရက် ပေါ်လာလေ၏။
“ရှင်က ထွက်မသွားသေးဘူးလား...အခုချက်ချင်ဒီကနေထွက်မသွားဘူးဆိုရင် ဟိုခွေးကို ခေါ်လိုက်မှာနော်...”
ရေခဲ သူတော်စင်က အေးစက်သောအသံဖြင့် ဆိုလိုက်လေ၏။
ထိုသည်တွင် အဘိုးအို၏ အမူအရာက ပြောင်းလဲသွားလေ၏။
“ဟမ့်၊ နင်က နင့်အတွက် ဘယ်ဟာကောင်းလဲ ဆိုတာကို မသိဘူးပဲ... မကြာခင်မှာ အဲ့ခွေးက သူကိုယ်တိုင်ကိုတောင် ကာကွယ်နိုင်မှာမဟုတ်တော့ဘူး... နင်က သူနဲ့အတူ သေရလိမ့်မယ်...”
သူက လှောင်ပြောင်ကာ ဓားအလင်းပေါ်သို့ တက်ပြီး အဝေးသို့ ပျံသန်းသွားလေတော့သည်။
အဘိုးအို ပျောက်ကွယ်သွားသည်ကို ကြည့်ရှုလျက်ဖြင့် ရေခဲသူတော်စင်၏ မျက်နှာထက်တွင် အထင်အမြင်သေးသော အမူအရာတစ်ခုပေါ်လာလေ၏။
“ကြောင်သူတော်ကောင်...အတိတ်တုန်းက ငါ့ကို ဒဏ်ရာရစေပြီးတော့များ ငါ့အကူအညီကို လာတောင်းရဲသေးတယ်...ငါက အဲ့လောက် လိုက်လျောတတ်တယ်လို့ ထင်နေလား...”
သူမက စကားပြောပြီးသည်နှင့် သူမ၏ နောက်မှ ရေထဲမုန့် ကတော့တစ်ခုကို ဆွဲထုတ်ကာ ဖြည်းညင်းစွာ စားသုံးနေလေတော့သည်။
တားမြစ် ဝိညာဉ် မြို့တော်၏ အပြင်ဘက်တွင် စမ်းချောင်းဝါမြစ်က ရုတ်တရက် ခါယမ်းလာလေ၏။ လှိုင်းကြီးများက ကောင်းကင်ဆီသို့ မြင့်တက်လာကာ သွေးနီရောင် ရေများက အပြင်းအထန် လှုပ်ရှားလာလေတော့သည်။ ရုတ်တရက် ဓားရောင်ခြည်တန်းတစ်ခုက ဝှီးခနဲ ပျံသန်းသွားကာ မြစ်အား နှစ်ပိုင်းဖြတ်ပစ်လိုက်လေ၏။
မီးခိုးရောင်ဝတ် အဘိုးအိုက လေထုအလယ်တွင် ရစ်ဝဲနေလေ၏။ သူ၏ မျက်လုံးများက လင်းလက်နေကာ ဓားရောင်ခြည်တန်း ထောင်ချီက သူ့ပတ်ပတ်လည်တွင် လည်ပတ်နေပေ၏။
“တားမြစ်ဝိညာဉ် မြို့တော်...”
အဘိုးအို၏ မျက်နှာထက်တွင် ဆန်းကျယ်သော အပြုံးတစ်ခုပေါ်လာလေ၏။ ကျိုးပဲ့နေသော မြို့ရိုးများကိုကြည့်ကာ သူက ကောင်းကင်ဆီသို့ ခပ်မြင့်မြင့် ပျံသန်းသွားပြီး အောက်ဘက်မှ မြို့ဆီသို့ ဓားချက်တစ်ချက် ခုတ်ပိုင်းပစ်လိုက်လေ၏။ ခွန်အားကြီးလှသော ဓားချက်၏ ဖိအားအောက်တွင် ဟာလာပြင်တစ်ခု ထွက်ပေါ်လာလေ၏။
ဝုန်း...
ဓားကြီးတစ်ချောင်းက ကောင်းကင်မှ ဆင်းသက်လာကာ တားမြစ်ဝိညာဉ် မြို့တော်ကို ဖိခြေပစ်ပြီး စက္ကန့်ပိုင်းတွင်မှာပင် အရာရာကို ဝါးမျိုပစ်လိုက်လေ၏။ ဓားချက်၏ ကြီးမားလှသော ဖျက်ဆီးအားအင်၏ အောက်တွင် အုတ်ချက်များက အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခမ်းနားလှသော မြို့တော်ကြီးက အပျက်အစီးများအဖြစ်သို့ လျော့ချခြင်းခံလိုက်ရပေ၏။
ထိုအခိုက်အတန့်တွင် မိုင်ထောင်ပေါင်း အနည်းငယ်အဝေးတွင် တားမြစ်ဝိညာဉ် မြို့တော်၏ လူအများက ထိုမြင်ကွင်းကို အံ့ဩထိတ်လန့်စွာ ကြည့်ရှုနေလေ၏။ ကံကောင်းစွာပင် အကျဥ်းးထောင်သခင် ယင်းလုံက သူတို့အား မြို့ပြင်သို့ ရွှေ့ပြောင်းပြီး ဖြစ်နေပေ၏။ သို့မဟုတ်ပါက သူတို့အားလုံးသည်လည်း ထိုတိုက်ခိုက်မှု၏ အောက်တွင် သေဆုံးသွားမည်ဖြစ်ပေ၏။ ဓားချက်မှာ သန်မာလွန်းလှ၍ အပြည့်စုံဆုံးအဆင့် သူတော်စင်ငယ်တစ်ဦးပင်လျှင် မခုခံနိုင်ပါပေ။ ထိုသည်မှာ စစ်မှန်ဓားနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပါပင်။
မီးခိုးရောင်ဝတ် အဘိုးအိုက သူ့၏ အင်္ကျီလက်ကို ခါယမ်းလိုက်လေ၏။ အစွမ်းထက်သော လေပြင်းတစ်ခုက ရုတ်တရက် အသံကျယ်ကြီးဖြင့် တိုက်ခတ်လာကာ အပျက်အစီးကို ဖုံးအုပ်ထားသာ မီးခိုးနှင့် ဖုန်မှုန့် တိမ်တိုက်များကို ပျံ့နှံ့သွားစေပေ၏။
“အိုး...”
သူ့၏ မျက်လုံးများက အာရုံစူးစိုက်က အောက်ဘက်ကို ငုံကြည့်လိုက်ပြီးနောက် တောက်ပသောအလင်းရောင်များ လင်းလက်လာပေ၏။
“အဲ့တာက မပြိုသေးဘူးလား...”
သူက သက်ပြင်းတစ်ချက်ချလိုက်သည်။ အပျက်အစီးများကြားမှ ခြစ်ရာတစ်ခုပင် မရှိသော စားသောက်ဆိုင်လေးကိုကြည့်ကာ သူ့၏ မျက်နှာက ချက်ချင်းပင် အေးစက်စက်အမူအရာသို့ ပြောင်းသွားလေ၏။
အစွမ်းထက်ဓားချက်က တားမြစ် ဝိညာဉ် မြို့တော်တစ်ခုလုံးကို အပျက်အစီးအဖြစ်သို့ လျော့ချလိုက်လေ၏။ မီးခိုးနှင့် ဖုန်မှုန့်များကို ဖြတ်သန်းကာ ပုဖန်က လေထုအလယ်တွင် ရပ်နေသော မီးခိုးရောင်ဝတ် အဘိုးအိုကို မျက်နှာတည်ဖြင့် စိုက်ကြည့်နေလေ၏။
စမ်းချောင်းဝါ မဟာပညာရှိက ဝိုင်ခရားကိုကိုင်ကာ စားသောက်ဆိုင်ထဲမှ ထွက်လာပြီး ခွေးဘုရင်သည်လည်း သူ့၏ နှစ်လိုဖွယ် ကြောင်ကဲ့သို့ ခြေလှမ်းများနှင့် ထွက်လာပေ၏။ တံခါးရှေ့တွင်ရပ်ကာ သူတို့က အဘိုးအိုကို ကြည့်လိုက်ကြလေ၏။
“ဖြစ်လာမှာကတော့ ဖြစ်လာတာပါပဲ... ဒီကောင်တွေက နည်းနည်းလေးတောင် မစောင့်နိုင်ကြဘူးပဲ...”
ခွေးဘုရင်က ညင်သာပြီး ဆွဲဆောင်မှုရှိသောအသံဖြင့် ဆိုလိုက်လေ၏။
စမ်းချောင်းဝါ မဟာပညာရှိက သူ့၏ ဝိုင်ခရားကို ကိုင်လျက်ဖြင့် ခွေးဘုရင်ကို ကြည့်ကာ ဆိုလိုက်လေ၏။
“ ဝဲစားခွေး ဒီနောက်လိုက်အိုကြီးက မင်းအတွက် ဒီကို ရောက်နေတာမလား... သူက တစ်ယောက်တည်းလာရဲတာ အတော်သတ္တိရှိတာပဲ...”
ခွေးဘုရင်က ခေါင်းခါလိုက်လေ၏။ “တစ်ယောက်တည်း... မင်း အတွေးလွန်နေပြီ... ဒီနောက်လိုက်အိုတွေက သေရမှာကြောက်ပါတယ်...”
ထို့နောက်မှာပင် သူက ကောင်းကင်သို့ ပျံသန်းသွားကာ မီးခိုးရောင်ဝတ်အဘိုးအိုရှေ့သို့ ရစ်ဝဲလိုက်လေ၏။ သို့သော် သူအံ့ဩသွားသည်မှာ အဘိုးအိုက သူ့ကို လှည့်မကြည့်လာပါပေ။ သူ့အကြည့်မှာ စားသောက်ဆိုင်ရှေ့တွင် ရပ်နေသော ပုဖန်ဆီတွင်သာ မြဲမြဲမြံမြံ ရှိနေပေ၏။
ခွေးဘုရင်က ခေါင်းစောင်းလိုက်၏။ ထို့နောက် သူက အဘိုးအိုဆီမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များမှာ ပုဖန်ဆီသို့ ဦးတည်နေသည်ကို တွေ့ရှိသွားလေ၏။
“ဖျက်ဆီးလို့မရနိုင်တဲ့ စားသောက်ဆိုင်ငယ်တစ်ခု၊ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဟင်းလျာတစ်ပွဲနဲ့ အဲ့ရင်းနှီးနေတဲ့ အော်ရာ...။ မင်းက တကယ်ပဲ အဲ့ဒီလူနဲ့ အတော်လေး တူလွန်းနေတယ်။ အဲ့တာကြောင့်ပဲ မင်း သေရလိမ့်မယ်...”
ပုဖန်က လက်နောက်ပစ်ကာ စားသောက်ဆိုင်၏ တခါးဝဆီသို့ လျှောက်လာလိုက်သည်။ သူ့ဘေးတွင် နယ်သာရီက မြေခွေးဖြူလေးကို သူမလက်ထဲတွင်ပွေ့ကာ တိတ်တဆိတ်ရပ်နေပေ၏။
***