ထူးဆန်းလှသော သတ်ဖြတ်လိုစိတ်များက ခွေးဘုရင်ကိုသာမက စားသောက်ဆိုင်ရှေ့တွင် ရပ်နေသော ပုဖန်ကိုလည်း ကြောင်အသွားစေလေသည်။ လေထုအလယ်ရှိ မီးခိုးရောင်ဝတ်အဖိုးအိုကို ကြည့်ကာ သူက မျက်မှောင်မကြုတ်ပဲ မနေနိုင်ပါချေ။ သူက သူ့ဆီသို့ ဦးတည်နေသော သတ်ဖြတ်လိုစိတ်များကို ခံစားမိပေသည်။ ပုဖန်မှာ ဤအဖိုးအိုကို တစ်ခါမှ မတွေ့ဆုံဖူး၍ ထိုသူနှင့် မည်သည့်ရန်ငြိုးမှ မရှိနိုင်ပါချေ။ သို့ဖြစ်ပါလျှင် အဘယ့်ကြောင့် ထိုအဖိုးအိုက သူ့အတွက် ထိုကဲ့သို့ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွတ်နေပါသနည်း။ ထိုသူက ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်ချင်နေသကဲ့သို့ပင် များပြားလွန်းလှပေသည်။
‘ငါ ဘယ်တုန်းကများ သူ့ကို ရန်စမိလို့ပါလိမ့်...’
သူ့၏ ဝိုင်ခရားကို ကိုင်ထားလျက်ဖြင့် စမ်းချောင်းဝါ မဟာပညာရှိက ပုဖန်ကို ထူးဆန်းစွာ ကြည့်လိုက်ပေသည်။ ခေတ္တမျှ တွေးတောပြီးနောက် သူက တွေးတွေးဆဆဖြင့် ပြောလာလေ၏။
“သူက မင်းရဲ့ ချောမောရဲ့ ရုပ်ရည်ကို မနာလိုဖြစ်နေတာ နေမှာပေါ့...”
သူက ဓားနတ်ဆိုးဂိုဏ်းအကြီးအကဲမှာ ခွေးဘုရင်ကို လာရှာသည်ဟု ထင်ခဲ့သော်လည်း အဖွဲ့ဝင်အိုကြီး၏ ပစ်မှတ်မှာ ပုဖန်ဖြစ်နေပေသည်။ သူနှင့် ခွေးဘုရင် နှစ်ဦးစလုံးမှာ အနည်းငယ်တော့ စိတ်ရှုပ်ထွေးသွားကြလေ၏။
“အဓိပ္ပာယ် မရှိတာတွေ... သူက တကယ်ပဲ မနာလိုတာဆိုရင် ငါ့ရဲ့ ချောမောလှတဲ့ သွင်ပြင်ကို မနာလိုရမှာပေါ့... လူငယ်လေး ပုဖန်မှာက... ဖြူဖျော့ဖျော့ မျက်နှာတစ်ခုပဲ ရှိတာကို...”
ငရဲဘုရင် အာဟက စားသောက်ဆိုင်အပြင်ဘက်သို့ လည်ဆန့်ကာ အတည်ပေါက်ဖြင့် ဆိုလိုက်လေသည်။ ထို့နောက် သူက နဖူးပေါ်မှ ဆံပင်များကို သပ်လိုက်ကာ နှုတ်ခမ်းထက်တွင် နှစ်လိုဖွယ်အပြုံးတစ်ခု ပေါ်လာလေတော့သည်။
ဂျိမ်း...
အလွန်ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာတစ်ခုက ကောင်းကင်ထက်တွင် နေရာအနှံ့သို့ ပြန့်ကျဲသွားလေသည်။ အဝေးတစ်နေရာတွင် တာမြစ်ဝိညာဉ် မြို့တော်မှ လူအများက အံ့ဩတကြီးဖြစ်ရုံသာ ဖြစ်နေပေသည်။ ဖိအားမှာ အလွန် ကြောက်မက်ဖွယ်ရာဖြစ်သည်။ သူတို့မှာ ထိုမျှအဆင့် ကျင့်ကြံသူတစ်ဦးက ကမ္ဘာမြေအကျဥ်းထောင်အား အကြောင်းအရင်းမဲ့ တိုက်ခိုက်လာသည်ကို မယုံနိုင်ကြပါချေ။
ယင်းလုံက သူ့၏ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ သူ့နောက်တွင် ကျင်းကျောင်းနှင့် ယင်ကျောင်းအပါအဝင် အကျဥ်းထောင်အရှင်သခင် တစ်ချို့သည်လည်း တည်ကြည်သော အမူအရာများ ဖြစ်နေကြသည်။ တခြားသူများက အဘိုးအိုကို မမှတ်မိနိုင်သော်လည်း အကျဥ်းထောင် အရှင်သခင်များမှာမူ အလိုလိုပင် သူက မည်သူဖြစ်သည်ကို သိနေပေ၏။
သူက ဘုံကိုးပါးမဟာသူတော်စင် အဆင့်ကို ရောက်ရှိပြီဟု ဆိုကြသော ခွန်အားကြီး ပုဂ္ဂိုလ် ဓားနတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲဖြစ်ပေသည်။ ဤမျှအဆင့် ဖြစ်တည်မှုတစ်ဦးမှာ ရူးသွပ်ဖွယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ယခင် ငရဲဘုရင် ထျန်စန်းက ငရဲ အကျဥ်းထောင်ကို တိုက်ခိုက်သည့်အချိန်က မျိုးနွယ်စုကိုးခု၏ အကြီးအကဲမှ ကမ္ဘာမြေ အကျဥ်းထောင်ဆီသို့ မရောက်လာခဲ့ပေ။
အဲ့ထဲက တစ်ယောက်က ဘာလို့များမြို့တစ်မြို့ကို စွမ်းအင်အပြည့်နဲ့ ဖျက်ဆီးလာပါလိမ့်.
ဤသည်ကို ကမ္ဘာမြေအကျဥ်းးထောင်ထဲရှိ မကြာသေးမီက အဖြစ်အပျက်များနှင့် ဆက်စပ်ကြည့်ပါက အကျဥ်းးထောင် အရှင်သခင်များ၏ မျက်နှာမှာ ပိုပို၍ပင် ကြည့်ရဆိုးလာပါတော့သည်။
“ငရဲအကျဥ်းထောင်က ချုပ်တည်းမထားနိုင်တော့ဘူး...သူတို့က နောက်ဆုံးတိုက်ချက် ထုတ်တော့မှာ... ငရဲကမ္ဘာ မဟာလမ်းစဥ်ပြိုင်ပွဲ ပြီးသွားရင် သူတို့က သူတို့ရဲ့ စွမ်းရည်တွေကိုပြသပြီးတော့ ပတ်ဝန်းကျင်က ကမ္ဘာငယ်လေးတွေအားလုံးကို သူတို့လက်အောက်ကို သွတ်သွင်းချင်နေတာပဲ... အဖွဲ့ဝင်အိုကြီး ၉ယောက်နဲ့ ငရဲ အကျဥ်းထောင်မျိုးနွယ် ၉ခုက... မဟာငရဲကမ္ဘာကို ဖြစ်လာစေတော့မှာ...”
မျက်ခေါင်းပေါက် တောင်ဝှေးကို ထောက်ထားကာ အကျဥ်းထောင် အရှင်သခင် ယင်းလုံ၏ မျက်နှာက အေးဆေးတည်ငြိမ်နေပေ၏။
“ဒါပေမဲ့... အဲ့အဖွဲ့ဝင်အိုကြီးက ကမ္ဘာမြေအကျဥ်းထောင်ကို အထင်သေးနေတာလား... သူက တစ်ယောက်တည်းနဲ့ ကမ္ဘာမြေ အကျဥ်းထောင်တစ်ခုလုံးကို အညံ့ခံဖို့ ကြိုးစားနေတာပေါ့...”
သူ့၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေလေသည်။ သူက တောင်ဝှေးကို မြေပေါ်သို့ ဆောင့်ချကာ မြေကြီးကို ကျွံဝင်သွားစေတော့သည်။
…
ကောင်းကင်ရှိ မီးခိုးရောင်ဝတ် အဘိုးအိုက နောက်ဆုံးတွင် လှုပ်ရှားလာလေတော့သည်။ ပုဖန်အတွက် သူ့၏ သတ်ဖြတ်လို စိတ်မှာ ကမ္ဘာမြေတစ်ခုလုံးကို ကြောက်ရွံ့သွားစေသည်။ စူးစူးရှရှ အော်သံတစ်ခုဖြင့် ဓားတစ်ချောင်းက သူ့နောက်မှ ပျံသန်းလာကာ ထိုအခိုက်အတန့်မှာပင် ကမ္ဘာမြေအား အမှောင်လွှမ်းစေသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေပေ၏။
“မင်း... သေကိုသေရမယ်...”
ဓားနတ်ဆိုးဂိုဏ်းအကြီးအကဲက ဆိုလိုက်လေသည်။
ရုတ်တရက်ပင် ဓားက လှည့်သွားကာ ပုဖန်ဆီသို့ တိုးဝင်သွားလေသည်။
“အဘိုးကြီး ခင်ဗျားက တကယ်ပဲ ကျုပ်ကို မျက်လုံးထဲမထည့်ဘူးပေါ့...”
ညင်သာပြီး ဆွဲဆောင်မှုအပြည့်နှင့် အသံတစ်ခုက လေထုကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေ၏။ အထင်သေးသော ဟန်ပန်တစ်ခုဖြင့် ခွေးဘုရင်က သူ့၏ ခန္ဓာကိုယ်ကို ခါယမ်းကာ အဆီများကို ဘယ်ညာယိမ်းသွားစေပြီး သူ့လက်ကို မြှောက်လိုက်ကာ ရိုက်ချလိုက်လေသည်။
အသံကျယ်ကြီးတစ်ခုနှင့်အတူ လက်ဖဝါးနှင့် ဓားမှာ အတူတကွ ရိုက်ခတ်သွားလေ၏။ ထိုသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးသော ရိုက်ခတ်မှုကြီးတစ်ခုကို ဖြစ်ပေါ်စေလေ၏။ ထိုအခိုက်အတန့်မှာပင် ကမ္ဘာကြီးတစ်ခုလုံးက မှောင်မဲသွားပြီး လေထုထဲတွင် ဆူညံသံများပြည့်နှက်သွားကာ နားစည်များကို ထုရိုက်နေပေသည်။ ထို့နောက်တွင် အစွမ်းထက်လှသော ပေါက်ကွဲမှုများနှင့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက ဖြန့်ကျက်ကာ နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားလေတော့သည်။
“ကမ္ဘာမြေအကျဥ်းထောင်ခွေး... တစ်ရက်ရက်မှ ငါမင်းကို သတ်မယ်... သဘာဝတရားကို ဆန့်ကျင်တဲ့သူတွေက ဘယ်တော့မှ အဆုံးသတ်မကောင်းဘူး... ထျန်စန်းဖြစ်သွားတာ အဲ့တာပဲလေ... ပြီးတော့မင်း... မင်းလဲ မကြာခင်မှာပဲ တူညီတဲ့ ကံတရားကို ကြုံရလိမ့်မယ်...”
မီးခိုးရောင်ဝတ် အဘိုးအိုမှာ သူ့နောက်ကျောတွင် လက်ချိတ်ကာ လေထုအလယ်တွင် ရပ်နေလေသည်။ သူ့ပတ်လည်တွင် ဓားစွမ်းအင် ရောင်ခြည်တန်းများ ထွက်ပေါ်လာကာ ကြာပန်းတစ်ပွင့်ကဲ့သို့ ပုံစံတစ်ခုဖြစ်ပေါ်လာလေ၏။ လက်ဟန်တစ်ချက်တွင် ဓားရောင်ခြည်တန်းပေါင်းထောင်ချီမှာ ကောင်းကင်ထက်တွင် အရှိန်ပြင်းပြင်းနှင့် လျင်မြန်စွာ ပုံစံပြောင်းသွားသည့် ခွန်အားကြီးမားလှသော ငွေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းသွားလေတော့သည်။
ကမ္ဘာမြေ အကျဥ်းထောင်ရှိ ကောင်းကင်မှာ စွမ်းအားကို တောင့်မခံနိုင်ပဲ စတင် ကျိုးပျက်စပြုလာကာ လေဟာနယ် မငြိမ်မသက်မှု စီးကြောင်းများကို ဝင်ရောက်ခွင့် ပြုလိုက်လေသည်။ ထိုသည်က မဟာသူတော်စင်တစ်ဦး၏ တိုက်ခိုက်မှုမှာ ကမ္ဘာတစ်ခုကို ဖျက်ဆီးနိုင်အောင် ခွန်အားရှိသည်ကို ပြသခြင်းဖြစ်ပေသည်။
ခွေးဘုရင်၏ မျက်လုံးများက ချက်ချင်းပင် နီရဲသွားလေ၏။
“မင်းတိုက်ချင်တယ်ဆိုရင် ငါနဲ့လာတိုက်စမ်း...” သူက ဟောင်သံတစ်ခုကိုပြုလုပ်ကာ ကောင်းကင်ဆီသို့ တိုးဝင်လာလေ၏။ ထို့နောက် သူက တဖြည်းဖြည်းပိုပိုပြီး ကြီးမားလာကာ ကောင်းကင်ကို မဲမှောင်သွားစေပြီး ငွေနဂါးကို ကြယ်စင်ကောင်းကင်ဆီသို့ ဆွဲယူသွားနိုင်သည့် လက်ဖဝါးတစ်ဖက်ကို ပစ်လွှတ်လိုက်လေသည်။
ကောင်းကင်ထက်နှင့် ကြယ်စင်ကောင်းကင်အောက်မှ နေရာလပ်မှာ မဟာသူတော်စင်များအတွက် စစ်မြေပြင် ဖြစ်ပေသည်။ ထိုနေရာရှိတိုက်ပွဲများမှာ အမြဲလိုလိုပင် ကောင်းကင်ဘုံကို ခြောက်လှန့်ကာ မြေပြင်ကို တုန်လှုပ်စေပေ၏။
“အဲ့လိုဆိုရင်လဲ ဟုတ်ပြီလေ... ငါ အရင်ဆုံး မင်းရဲ့ ခွေးခေါင်းကို ဖြတ်ပြီးမှ မတည်ရှိနေသင့်တဲ့ အဲ့ကောင်စုတ်လေးကို သတ်မယ်...”
ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲက ပုဖန်ကို ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် အေးစက်စက်အကြည့်တစ်ချက် ပေးလိုက်လေသည်။ ထို့နောက် သူက ကောင်းကင်သို့ တိုးဝင်သွားကာ ကြယ်စုံကောင်းကင်ထဲရှိ စစ်မြေပြင်ဆီသို့ အမြန်ဝင်ရောက်သွားလေတော့သည်။
ခွေးဘုရင်က လှည့်ကာ ပုဖန်ကို စူးရှရှကြည့်လိုက်ရာ သူ့၏ အဆီများက ခါယမ်းသွားလေသည်။ “မင်းကိုယ်မင်း ဂရုစိုက်... ငါပြန်လာခဲ့မယ်...” ဟုဆိုလိုက်၏။
ထို့နောက် သူ့၏ နှစ်လိုဖွယ် ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် စစ်မြေပြင်ဆီသို့ လျှောက်သွားလိုက်လေသည်။
သိပ်မကြာခင်မှာပင် လူတိုင်းက ကောင်းကင်မှာ အနက်ရောင်ပြောင်းလာပုံရသည်ကို ခံစားလိုက်ရပေသည်။ ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုက ကောင်းကင်ပေါ်တွင် ဖြစ်ပွားလေတော့သည်။ ထိုအခိုက်၌ စမ်းချောင်းဝါ မြစ်ကြောင်းတစ်လျောက်ရှိ ကြမ်းကြုတ်သော မကောင်းဆိုးဝါးများအားလုံးက မြေပြင်ပေါ်သို့ ကျရောက်ကာ တုန်ယင်နေပေတော့သည်။ မဟာသူတော်စင်များ၏ ဖိအားအောက်တွင် ၄င်းတို့ထဲမှ တစ်ကောင်မှပင် မရွေ့လျားနိုင်ပါပေ။
တားမြစ် ဝိညာဉ်မြို့တော်မှာ မြေပြင်အနှံ့တွင် အုတ်ခဲအပိုင်းအစများနှင့် ပြည့်နှက်နေသော အပျက်အစီးပုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်လေ၏။ သို့သော် စနစ်၏ အကာအကွယ်အောက်တွင် စမ်းချောင်းဝါ စားသောက်ဆိုင်လေးမှာ အကောင်းပတိအတိုင်းသာ ရှိနေသေးပေသည်။ ထိုသည်၏ ပတ်လည်တွင် စီးဆင်းနေသည့် မမြင်နိုင်သော စွမ်းအင် အတားအဆီးတစ်ခုရှိနေသည်။
စားသောက်ဆိုင်အတွင်း၌ ရပ်နေလျက် ပုဖန်မှာ အတွေးလွန်နေပေသည်။ ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲ၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များနှင့် ထူးဆန်းသော စကားများမှာ သူ့အား မျက်မှောင်ကြုတ်စေသည်။
သူ့၏ စကားများကို တွေးတောပြီးနောက် စမ်းချောင်းဝါ မဟာပညာရှိနှင့် တခြားသူများက ပုဖန်မှာ ငရဲအကျဥ်းထောင်၏ အဖွဲ့ဝင်အိုကိုးဦးအား ကြောက်ရွံ့စေသော ခွန်အားကြီး ပုဂ္ဂိုလ်တစ်ချို့၏ အမွေအနှစ်ကို ရရှိထားရမည်ဟု ထင်ကြပေသည်။
ငရဲကမ္ဘာမှာ အချိန်အတန်ကြာအောင် တည်ရှိနေခဲ့ပြီး ဖြစ်သည်။ ဤနေရာ၌ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်အများအပြားလဲ မွေးဖွားခဲ့ပြီး ဖြစ်ကြ၍ ၄င်းတို့ထဲမှ တစ်ချို့မှာ သူတို့၏ အမွေအနှစ်များကို ချန်ရစ်ထားခဲ့သည်မှာ သာမန်ပင် ဖြစ်ပေသည်။ လက်ရှိတွင် အကြီးဆုံးဖြစ်သော စမ်းချောင်းဝါ မဟာပညာရှိမှာ ပုဖန်က မည်သူ့၏ အမွေအနှစ်ကို ရရှိထားပြီး အဘယ့်ကြောင့် ထိုသည်က ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲက ကြောက်ရွံ့စေကာ ဤကဲ့သို့ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေခြင်းအား အဖြေရှာရန် ကြိုးစားနေလေ၏။ သို့သော် သူက မည်သည်ကိုမှ မတွေးမိပါချေ။
ရုတ်တရက် သူ့၏ မျက်လုံးက အရောင်တောက်လာလေ၏။
အဲ့တာက... အရင်ခေတ်တုန်းက ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦးရဲ့ အမွေအနှစ် မဟုတ်ဘူးလား...
သူက တစ်ကိုယ်တည်း တွေးလိုက်လေ၏။ သူကိုယ်တိုင်ပင်လျှင် အတွေးဖြင့် ကြောက်လန့်သွားရပေသည်။
အရင်ခေတ်ရဲ့ အထူးဖြစ်တည်မှုတစ်ခု... အဲ့တာက တားမြစ်ထားတဲ့ ဖြစ်တည်မှုတစ်ခုပဲ...
ခေတ်တစ်ခေတ် ပြီးဆုံးသွားသည့်အခါ ခေတ်အသစ်တစ်ခုက ဖြစ်ပေါ်လာပေသည်။ ထိုသည်မှာ ဤကမ္ဘာအတွင်းရှိ အချိန်၏ မဖော်ပြနိုင်သော စွမ်းအားဖြစ်ပေ၏။ နိယာမများနှင့် မူဝါဒများမှာ မဟာလမ်းစဥ်၏ ဆန္ဒကို ကျော်လွန်သော ဆန်းကြယ်မှုဖြစ်ပေသည်။
ပုဖန်ရဲ့ အမွေအနှစ်က ဒီဆန်းကြယ်မှုနဲ့ တစ်ခုခုများ သက်ဆိုင်နေတာလား...
စမ်းချောင်းဝါ မဟာပညာရှိမှာ အရာများစွာကို သိရှိနိုင်သည်အထိ ရှည်ကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်လေ၏။ ကမ္ဘာမြေအကျဥ်းထောင်နှင့် ငရဲအကျဥ်းထောင်အတွင်းရှိ တားမြစ်နယ်မြေအတွင်းမှ လူများက ယခင်ခေတ်၏ အသက်ရှင်သူများဖြစ်သည်နှင့် သူတို့ကို ဝန်းရံထားသည်မှာ နိယာမများနှင့် မူဝါဒများ၏ စွမ်းအားဖြစ်သည်ကို သိထားပြီးဖြစ်သည်။
စွမ်းအားက သူတို့ကို တားမြစ်ထားပေသည်။ သူတို့က တားမြစ်နယ်မြေကို စွန့်ခွာသွားသည်နှင့် စွမ်းအား၏ တိုက်စားခြင်းကို ခံရကာ သူတို့၏ အသက်စွမ်းအားမှာ လျင်မြန်စွာ လျော့နည်းသွားမည်ဖြစ်ပေ၏။ လွှမ်းမိုးမှုမှာ ခွန်အားနည်းသူများအတွက် အားပျော့သော်လည်း မဟာသူတော်စင်တစ်ဦးက တားမြစ်နယ်မြေကို အချိန်အကြာကြီး စွန့်ခွာခဲ့ပါကမူ ထိုသူသည် အပြင်းအထန် ဒဏ်ရာရကာ နိယာမများ၏ စွမ်းအားကြောင့် ပြာအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်ပေ၏။
ပုဖန်ရရှိထားသော အမွေအနှစ်မှာ အရင်ခေတ်၏ အထူးဖြစ်တည်မှုတစ်ဦးဆီမှဖြစ်ပါက ထိုသည်မှာ သူက အဘယ့်ကြောင့် ငရဲအကျဥ်းထောင် မျိုးနွယ်စုကိုးခု၏ မုန်းတီးခြင်းကို ခံရသည်ကို ရှင်းပြနိုင်ပေ၏။
“မင်းက တကယ်ကို ကံကောင်းတဲ့ကောင်ပဲ... မင်း တကယ်ကြီး အဲ့လို အမွေအနှစ်မျိုးရထားတယ်ဆိုတာကို ငါမယုံနိုင်သေးဘူး...”
စမ်းချောင်းဝါ မဟာပညာရှိက ပုဖန်ကို ကြည့်ကာ မနာလိုစွာဖြင့် ဆိုလိုက်လေသည်။
စမ်းချောင်းဝါ မဟာပညာရှိ၏ စီစစ်ချက်ကို နားထောင်ပြီးနောက် ပုဖန်၏ မျက်နှာထက်တွင် ထူးဆန်းသော မျက်နှာထားတစ်ခု ပေါ်လာလေ၏။ သူ့ကိုယ်တိုင်ထက် သူ့အား ပိုမိုသိရှိနေသောသူ မည်သူမှ မရှိပါပေ။ သူက အရင်ခေတ်ရဲ့ အထူးတည်ရှိမှုတစ်ဦး၏ အမွေအနှစ်ကို ရရှိထားခြင်း မဟုတ်ပါ။ သူမှာရှိနေသည်မှာ သူ့အား အချက်အပြုတ်နတ်ဘုရားဖြစ်လာရန် ကူညီပေးနေသော စနစ်တစ်ခုသာ ဖြစ်ပေသည်။
ပုဖန်က သူ့၏ နှာခေါင်းကို ပွတ်လိုက်ပြီး အတွေးထဲတွင် ပြန်လည် မျောပါသွားလေသည်။ ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲ၏ စကားများက သူ့အား မျက်မှောင်ကြုတ်စေ၏။ မဖျက်ဆီးနိုင်သော စားသောက်ဆိုင်ငယ်လေးနှင့် ကောင်းကင်ဘုံကို ဆန့်ကျင်နေသော ဟင်းလျာများအားလုံးမှာ စနစ်၏ ထူးခြားချက်များ ဖြစ်ပေသည်။ အကြီးအကဲက သူ့အား လူတစ်ဦးနှင့်ဆင်သည်ဟု ပြောရာတွင် ထိုလူသည်လည်း ဤကဲ့သို့ ထူးခြားချက်များရှိနေသည်ဟု ဆိုလိုခြင်းပေလား။ ငရဲကမ္ဘာတွင် သူ့အပြင် စနစ်နှင့် ဆက်စပ်နေသော တခြားသူတစ်ဦး ရှိခဲ့သည်လား။
ထိုသည်ကို တွေးမိသောအခါ ပုဖန်၏ နှလုံးမှာ အခုန်မြန်သွားပြီး စနစ်ကို မမေးပဲ မနေနိုင်တော့ပါချေ။ သို့သော် စနစ်က သူ့၏ မေးမြန်းချက်များကို ပြန်လည် မဖြေကြားသည်မှာ တိတ်ဆိတ်စွာ ဝန်ခံနေသကဲ့သို့ပင်။
အဲ့တာက အရင်ပိုင်ရှင်များလား...
ပုဖန်မှာ အံ့အားသင့်သွားရ၏။ အသုံးအဆောင် ဝိညာဥ်များကြားမှ ပြောစကားများအရ ယခင်ပိုင်ရှင်အကြောင်းကို သူကြားဖူးပေသည်။ သို့သော် ယခင်ပိုင်ရှင် သေဆုံးသွားသည်မှာ ကြာလှပြီဖြစ်၏။ သို့မဟုတ်ပါက သူက ဤနေရာတွင် ရှိနေမည်မဟုတ်ပါပေ။ ပုဖန်ကို အံ့ဩစေသည်မှာ ယခင်ပိုင်ရှင်မှာ ငရဲကမ္ဘာနှင့် ဆက်စပ်နေပုံရသည်ပင် ဖြစ်သည်။
“ပုဖန်...”
ရုတ်တရက် နယ်သာရီ၏ အေးစက်သောအသံက သူ့နားဘေးမှ ထွက်ပေါ်လာကာ သူ့၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ ပုဖန်က အနည်းငယ် အံ့အားသင့်သွားပြီး သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်လေသည်။
သူမ၏ မျက်လုံးနက်များအတွင်း၌ အလေးအနက် အကြည့်တစ်ခုဖြင့် နယ်သာရီက လက်တစ်ဖက်ကို မြှောက်ကာ အဝေးသို့ ညွှန်ပြလိုက်သည်။
ပုဖန်က သူမညွှန်ပြရာကို လှမ်းကြည့်လိုက်ပေသည်။
ခရက်...
စမ်းချောင်းဝါ စားသောက်ဆိုင်လေး၏ ပတ်ဝန်းကျင်မှ မြေကြီးမှာ အက်ကွဲလာကာ မြေဆီလွှာမှာ ပွင့်ဟလာပြီး ဖြူဖျော့ဖျော့အရိုစု တစ်ကောင်ပြီးတစ်ကောင်က တွားသွားကာ ထွက်လာလေသည်။ ခေတ္တအကြာတွင် အပျက်အစီးပုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သော တားမြစ်ဝိညာဉ် မြို့တော်တစ်ခုလုံးက သေဆုံးခြင်းမြို့တော်အဖြစ်သို့ ပြောင်းလဲသွားပုံရပေသည်။
စမ်းချောင်းဝါ မဟာပညာရှိက အံ့ဩတကြ မျက်လုံးပြူးသွားကာ ဆိုလိုက်သည်။
“အဲ့ အရိုးစုတွေအကုန်လုံးကို ကြည့်လိုက်စမ်း... အဲ့တာက ကျဆုံးနတ်ဘုရားလှိုဏ်ဂူက ကျင့်ကြံသူတွေ မဟုတ်လား...”
ရုတ်တရက်ပင် မြေပြင်က အသံကျယ်ကြီးတစ်ခုဖြင့် ပေါက်ကွဲထွက်သွားပြီးနောက် ကြီးမားလှသော အရိပ်ကြီးတစ်ခုက အပျက်အစီးပေါ်သို့ ကျရောက်လာပြီး လူတိုင်း၏ အသံရှုနှုန်းကို ပိုမိုတိုတောင်းလာစေတော့သည််။
မြေပြင်မှ ဧရာမ အရိုးနဂါးကြီးတစ်ကောင်က တစ်ဟုန်ထိုး ထွက်ပေါ်လာလေ၏။
အရိုးနဂါးအပြင် လက်ထဲတွင် အရိုးလှံတံများနှင့် ကြေးညိုရောင် သံချပ်ကာများဝတ်ဆင်ထားသော အရိုးစုများသည်လည်း မြေပြင်မှ တွားသွားထွက်လာပေသည်။ သူတို့၏ မျက်လုံးများထဲရှိ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော တစ္ဆေမီးတောက်များအားလုံးမှာ စားသောက်ဆိုင်ထဲရှိ ပုဖန်ထံတွင်သာ မြဲမြဲမြံမြံတည်ရှိနေလေသည်။
“အဲ့ကောင်တွေက ပြဿနာပဲ... ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲက တားမြစ်နယ်မြေထဲမှာ သူ့ကို ကူညီဖို့ အဲ့ကောင်တွေကို မြှားခေါ်တာ ငါမယုံနိုင်သေးဘူး... ကြည့်ရတာ နည်းနည်းတော့ သတိထားရတော့မယ်ထင်တယ်...”
စမ်းချောင်းဝါ မဟာပညာရှိက သူ့၏ မျက်လုံးများကို အာရုံစိုက်ကာ အသက်ပြင်းပြင်း ရှုလိုက်ပြီး ကောင်းကင်ရှိ ဧရာမ အရိုးနဂါးကြီးကို ကြည့်လိုက်လေသည်။
“ဝေါင်း...”
ထိုသည်မှာ အရိုးနဂါးတစ်ကောင်ဖြစ်သော်လည်း ၄င်း၏ ပါးစပ်ထဲမှ ထွက်လာသည်မှာ အမှန်တကယ်ပင် နဂါးဟိန်းသံဖြစ်လေ၏။
“အဲ့တာက အရင်ခေတ်က တကယ့်နဂါးတစ်ကောင်ရဲ့ အကြွင်းအကျန်တွေကနေ ပြောင်းလဲလာတဲ့ အရိုးနဂါးတစ်ကောင်ပဲ...”
စမ်းချောင်းဝါ မဟာပညာရှိက ဖိအားကို ခံစားမိ၍ သူ့၏ မျက်နှာထက်တွင် အလေးအနက်သွင်ပြင်တစ်ခု ဖြစ်ပေါ်လာပေသည်။
အရိုးနဂါး၏ အော်ရာမှာ အလွန်ပင် ကြောက်မက်ဖွယ်ဖြစ်သည်။ နဂါးအစစ်များနှင့် နတ်ဘုရား မီးလျံနီငှက်များမှာ စစ်မှန် အံ့ဖွယ်သားရဲများဖြစ်ပြီး ၄င်းတို့အားလုံးတွင် အထွတ်အထိပ် မဟာသူတော်စင်တစ်ဦး၏ ခွန်အားရှိပေ၏။ သို့ဖြစ်၍ ဤအရိုးနဂါးမှာ သေဆုံးပြီးသား နဂါးစစ်တစ်ကောင်မှ ပြောင်းလဲလာသည်ဖြစ်လျှင်တောင် ထိုသည်က မဖော်ပြနိုင်လောက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပေ၏။
ထို့အချိန်မှာပင် သွေးရောင်မီးတောက်များက အဝေးတွင် မြင့်တက်လာပြီး ထိုထဲမှ ရွှေရောင် အရိုးစုတစ်ခုက ဖြည်းညင်းစွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဧရာမ သတ်ဖြတ်လိုစိတ်များဖြင့် ရောယှက်နေသည့် ကြောက်မက်ဖွယ် အော်ရာတစ်ခုက ၄င်းဆီမှ ဖြာထွက်လာကာ ၄င်း၏ မျက်လုံးထဲမှ တစ္ဆေမီးတောက်မှာ ပုဖန်ဆီသို့ မြဲမြဲမြံမြံ ကြည့်နေလေ၏။
“ကျင်းလော မင်းရူးနေတာလား... တားမြစ်နယ်မြေကနေ ဘာလို့ထွက်လာတာလဲ... မင်းသေချင်နေတာလား...”
စမ်းချောင်းဝါ မဟာပညာရှိက မျက်မှောက်ကြုတ်ကာ အော်ဟစ်လိုက်လေသည်။
ရွှေရောင် အရိုးစုက စမ်းချောင်းဝါ မဟာပညာရှိကို လှမ်းကြည့်လိုက်ပြီး ပြန်လှည့်သွားကာ ပုဖန်ကို ဆက်လက် စိုက်ကြည့်နေလိုက်ပြီး စမ်းချောင်းဝါ မဟာပညာရှိကို စိတ်ထဲတွင် မထားပါချေ။ စက္ကန့်ပိုင်းမျှအထိ လေထုမှာ အနည်းငယ် နေရခက်လာပေသည်။
“မင်း... သေစမ်း...”
ကျင်းလောက ဆိုလိုက်သည်။ ထို့နောက် ၄င်း၏ မျက်လုံးများထဲရှိ တစ္ဆေမီးတောက်မှာ လင်းလက်သွားပြီး ခွန်အားကြီး အံ့ဖွယ်ဆန္ဒတစ်ခုက ၄င်း၏ ခန္ဓာကိုယ်မှ ဖြာထွက်လာလေသည်။
ကောင်းကင်ရှိ အရိုးနဂါးမှာ ၄င်း၏ ပါးစပ်ကို ဖွင့်လိုက်ပြီး ကျယ်လောင်လှသည့် ဟိန်းသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်တွင် မီးတောက်ဖြူများက ၄င်း၏ ပါးစပ်ထဲမှ ထွက်လာကာ စမ်းချောင်းဝါ စားသောက်ဆိုင်လေးဆီသို့ တိုးဝင်သွားလေသည်။ နဂါးကြီးမှာ ၄င်း၏ မီးဖြင့် စားသောက်ဆိုင်ကို လုံးဝပင် ဖျက်ဆီးပစ်ချင်နေပေသည်။
***