နဂါးစစ်တစ်ကောင်မှာ သေဆုံးပြီးလျှင်ပင် အကြီးမြတ်ဆုံးနဂါးတစ်ကောင်၏ ခွန်အားကို ပိုင်ဆိုင်ထားဆဲဖြစ်ပေသည်။ ဤသည်မှာ ယခင်ခေတ်မှ အရိုးစုနဂါးတစ်ကောင်ဖြစ်သော်လည်း ၄င်းက မှုတ်ထုတ်လိုက်သော မီးမှာ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သည်အထိ သန်မာပုံရပေသည်။ ကောင်းကင်တစ်ခုလုံးမှာ အဖြူရောင်ပြောင်းသွားသည်။ စမ်းချောင်းဝါ မဟာပညာရှိက အသက်ပြင်းပြင်းရှုကာ လက်ဖျောက်တီးလိုက်သည်။
ထို့နောက်တွင် စမ်းချောင်းဝါမြစ်၏ ရေများက ပန်းထွက်လာကာ သူ့ရှေ့တွင် စုစည်းသွားပြီး မကြာမီပင် သွေးရောင် ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ နဂါး၏ မီးဖြင့် ထိခတ်သွားလေသည်။
သွေးရောင် ရေများက အငွေ့ပျံသွားကာ လေထုကို ဖြည့်ပစ်လိုက်သည့် မီးခိုးငွေ့အဖြစ် ပြောင်းသွားရာတွင် တရှဲရှဲမြည်သံတစ်ခုက ထွက်ပေါ်လာလေသည်။ မကြာမီတွင် တားမြစ်ဝိညာဥ်မြို့တော်ဖြစ်ခဲ့သော အပျက်အစီးတစ်ခုလုံးမှာ အဖြူရောင်မြူခိုးတိမ်တိုက်တစ်ခုဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရ၏။
“မိတ်ဆွေလေးပုဖန်... ဒီဝိုင်ခရားကို ငါ့အစား ကြည့်ထားပေး... ငါပြန်လာခဲ့မယ်...” စမ်းချောင်းဝါ မဟာပညာရှိက ဆိုလိုက်သည်။
ပုဖန် ပြန်မဖြေနိုင်ခင်မှာပင် ကျောက်စိမ်းဝိုင်ခရားမှာ သူ့လက်ထဲသို့ ပျံလာလေတော့သည်။ လက်သီးဆုပ်အရွယ်အစားရှိ ခရားကို ကိုင်ထားလျက်ဖြင့် စမ်းချောင်းဝါ မဟာပညာရှိ၏ ပါးစပ်ထဲမှ စူးရှရှ ရယ်သံထွက်ပေါ်လာသည်ကို ကြားလိုက်လေသည်။
“ငါ လေ့ကျင့်ခန်းမလုပ်ရတာ နှစ်တစ်သောင်းလောက်ရှိပြီ... ဒီနေ့တော့ အဲ့အရိုးခြောက်နဲ့ ကစားရင်း အချိန်နည်းနည်း ဖြုန်းရတာပေါ့...”
ထိုသည်ကို ပြောပြီးနောက် စမ်းချောင်းဝါ မဟာပညာရှိမှာ သွေးရောင်ရေပေါ်သို့ တက်လိုက်ကာ ကောင်းကင်ဆီသို့ ပျံသန်းသွားလေသည်။ ထို့နောက် သူက သူ့၏ လက်မနှင့် လက်ညိုးကို ပါးစပ်ထဲသို့ထည့်ကာ ကျယ်လောင်လှသော လေချွန်သံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ အသံမှာ အဝေးဆီသို့ ပျံ့နှံ့သွားလေတော့သည်။
ထို့နောက်တွင်မူ နဂါးဟိန်းသံတစ်ခုက စမ်းချောင်းဝါ တောင်ကြားမှ ထွက်ပေါ်လာကာ ကောင်းကင်များကို တုန်ခါသွားစေသည်။ မြေပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပုံရပြီး အစွမ်းထက် လေပြင်းများက လေထုကို လှိုင်းငယ်လေးများထစေလေသည်။
တောင်ကြားကို စောင့်ရန် ဖိအားပေးခံရသော လူပျံ ယွီလော့မှာ မျက်လုံးပြူးသွားကာ သူ့ဘေးမှ ပြိုကျနေသော မြေပြင်ကို ငေးကြည့်နေတော့သည်။ ထို့နောက်တွင် သွေးနဂါးတစ်ကောင်မှာ ၄င်း၏ တောင်ပံများကို ခတ်ကာ ဧရာမ ပါးစပ်ကြီးကို ဖွင့်ဟပြီး ချွန်ထက်လှသော သွားများကို ပြသကာ တောင်ကြားဆီမှ ပျံထွက်လာလေသည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုက ပျံ့နှံ့လာပြီး ယွီလော့၏ တောင်ပံများကို တုန်ခါနေစေသည်။
နဂါးက ကောင်းကင်ဆီသို့ ပျံသန်းသွားပြီး အဝေးရှိ တားမြစ် ဝိညာဥ်မြို့တော်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာလေသည်။ ထိုနေရာ၌ ဧရာမ ဖြူဖျော့ဖျော့ အရိုးစုနဂါးတစ်ကောင်က ဟိန်းဟောက်နေလေသည်။
သွေးနဂါးမှာ ထိုနေရာသို့ ရောက်ရှိရန် သိပ်မကြာပါချေ။ မကြာမီတွင် ၄င်းက ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် ကောင်းကင်ကို ပိတ်ကွယ်ထားလေတော့သည်။
“မင်းမှာက အရိုးနဂါးရှိတယ် ငါမှာက သွေးနဂါးရှိတယ်... မင်းရဲ့ နဂါးအစစ်က ငါ့နဂါးရဲ့ ပစ်ခတ်ခြင်းတွေကို တောင့်ခံနိုင်လားဆိုတာ ကြည့်ကြတာပေါ့...”
စမ်းချောင်းဝါ မဟာပညာရှိက ဟက်ဟက်ပက်ပက် ရယ်မောနေတော့သည်။
ဟိန်းဟောက်နေသော သွေးနဂါးက သွေးရောင် နဂါးမီးများ ပါးစပ်မှ ဖြာထွက်နေကာ ချဥ်းကပ်လာလေတော့သည်။ ထိုသည်က လက်သည်းတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျယ်လောင်လှသော အသံတစ်ခုဖြင့် ဧရာမ အရိုးစုနဂါးကြီးကို မြေပြင်ပေါ်သို့ ရိုက်ထုတ်လိုက်လေသည်။
အရိုးစုနဂါးစစ်နှင့် သွေးနဂါးတို့မှာ မဟာသူတော်စင်များ ဖြစ်ကြပြီး သူတို့၏ မကြာမီတွင် ကျယ်လောင်လှသော ဆူညံသံတစ်ခုနှင့် မြေပြင်ကို ချိုးဖျက်ကာ ကျင့်ကြံသူထောင်ပေါင်းများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေလေသည်။ ထိုသည်က ကြည့်ရှုရန် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေ၏။
“မင်းကတော့ ကိုယ်သေတွင်းကိုယ်တူးနေတာပဲ...”
ရွှေရောင်အရိုးစု၏ ပါးစပ်က လှုပ်ရှားသွားပြီး သိမ်မွေ့သော အသံတစ်ခုက ထွက်ပေါ်လာလေ၏။
ရုတ်တရက်ပင် မြေပြင်က ချိုင့်ဝင်သွားကာ ရွှေရောင် အရိုးစုက ကောင်းကင်ဆီသို့ ရွှေရောင် အမြှောက်ဆံတစ်ခုကဲ့သို့ မြောက်တက်သွားပြီး စမ်းချောင်ဝါ မဟာပညာရှိဆီသို့ တည့်တည့်ဦးတည်သွားလေတော့သည်။ ထိုသည်က နီးကပ်လာသောအခါ အလွန်အစွမ်းထက်လွန်းလှ၍ ပတ်ဝန်းကျင်မှ လေထုကို လှိုင်းဂယက်လေးများပင် ထစေသော လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်လေ၏။
“အရိုးခြောက် ကြယ်စင်ကောင်းကင်မှာ တိုက်ကြစို့... အရင်ခေတ်က ရှင်သန်သူတွေက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို ငါသိချင်နေတာ...”
စမ်းချောင်းဝါ မဟာပညာရှိမှာ လေချွန်သံရှည်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုလေချွန်သံတွင် သွေရောင် စမ်းချောင်းဝါမြစ်၏ ရေနဂါးမှာ အလျင်အမြန် ရောက်ရှိလာပြီး သူ့ကို လှည့်ပတ်ကာ ကြယ်အပြည့်နှင့် ကောင်းကင်ဆီသို့ သယ်ဆောင်သွားလေတော့သည်။
စကားတစ်ခွန်းပင် မဆိုပဲ ရွှေရောင်အရိုးစုက လေထုကို နင်းဖြတ်ကာ လိုက်လာပြီး ၄င်း၏ ရွှေရောင်အရိုးများက မီးတောက်များနှင့်တူသော တောက်ပလှသည့် အလင်းတစ်ခုအဖြစ်သို့ တိုးဝှေ့လာတော့သည်။ ထိုအခိုက်၌ အရိုးစု နဂါးစစ်နှင့် သွေးနဂါးတို့သည်လည်း ကြယ်အပြည့်နှင့် ကောင်းကင်ဆီသို့ အမြန် ရောက်ရှိလာလေသည်။ ရုတ်တရက် နောက်ထပ်သော မဟာသူတော်စင် သုံးယောက် ကြယ်စင်ကောင်းကင်ထက်ရှိ စစ်မြေပြင်ဆီသို့ ဝင်ရောက်လာကြလေသည်။
ရေငွေ့တိမ်တိုက်ထူကြီးများက တားမြစ်ဝိညာဥ်မြို့တော် ဖြစ်ခဲ့သော အပျက်အစီးပုံကို လွှမ်းခြုံကာ စမ်းချောင်းဝါ စားသောက်ဆိုင်လေးတစ်ခုလုံးကို ဝန်းရံထားလေတော့သည်။
ပုဖန်က တံခါးဝတွင်ရပ်ကာ အတွေးထဲတွင် နစ်မြောနေပြီး နယ်သာရီမှာ သူမဘေးတွင် မြေခွေးဖြူလေးကို ပိုက်ကာရပ်နေပေသည်။
တိုက်ပွဲမှာ ရုတ်ချည်းဖြစ်သွားသော်လည်း အချိန်အကြာကြီး ကတည်းက စီစဥ်ထားသကဲ့သို့လဲ ထင်ရပေသည်။ တားမြစ်နယ်မြေမှာ ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲ၏ ကြိုးကိုင်ခြင်းကို ခံထားရပုံရပေသည်။
ငရဲဘုရင်က သူ့၏ခေါင်းကို စားသောက်ဆိုင်၏ အပြင်ဘက်ဆီသို့ဆန့်ကာ အတွေးထဲတွင် နစ်မြောနေသော ပုဖန်ကို ကြည့်လိုက်ကာ ပြုံးပြလိုက်သည်။
“စိတ်မပူပါနဲ့... ငရဲ အကဥ်းထောင် မျိုးနွယ်စု ၉ခုရဲ့ အကြီးအကဲ ၃ယောက်က ဒီကို ရောက်နေရင် သူတို့က အဲ့ဝဲစားခွေးကို ဒုက္ခနည်းနည်း ဖြစ်စေနိုင်လောက်ပါတယ်... ဒါပေမဲ့ ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲတစ်ယောက်တည်း ဒီမှာရှိနေတာလောက်ကတော့ အဲ့ခွေးက မဖြုံဘူး... “
ပုဖန်က သူ့ကို ကြည့်လိုက်ကာ တစ်စုံတစ်ရာပြန် မပြောလိုက်ပေ။
ဂျွတ်... ဂျွတ်...
စမ်းချောင်းဝါ စားသောက်ဆိုင်လေး၏ ပတ်လည်ရှိ အပျက်အစီးမှာ တစ်ကောင်ပြီးတစ်ကောင် တွားသွားထွက်လာသော ဖြူဖျော့ဖျော့ အရိုးစုများအဖြစ်သို့ ပြောင်းသွားလေသည်။ သူတို့၏ မျက်လုံးများထဲတွင် တစ္ဆေမီးတောက်များ လောင်ကျွမ်းနေကာ သူတို့က စားသောက်ဆိုင်ဆီသို့ လျှောက်လာကြလေသည်။
ထိုအရိုးစုများကို ငေးကြည့်ကာ ငရဲဘုရင် အာဟ၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားလေသည်။
“ ကောင်လေး ပုဖန် ငါ့ကို အစပ်ချောင်း ၁၀ချောင်းပေးရင် ငါ မင်းအတွက် အဲ့အမှိုက်တွေကို ရှင်းပေးမယ်...”
သူက သူ့၏ သွားဖြူဖြူဖွေးဖွေးများကို လှစ်ဟပြသော အပြုံးတစ်ခုဖြင့်ဆိုလိုက်သည်။
သူက နောက်ဆုံးတွင် အစပ်ချောင်းများ စုဆောင်းရန် နည်းလမ်းတစ်ခုတွေ့သွားလေပြီ။ ထိုနေ့က ပုဖန်အား သောက်ကျင့်မကောင်းသည့်ဟာလေးဟု ခေါ်ဆိုပြီးသည့် အချိန်မှစကာ သူက အစပ်ချောင်း ၁ချောင်းကိုပင် မမြင်ရတော့ပါချေ။ ၎င်းတို့ကို တောင့်တစိတ်မှာ သူ့အား ရူးပင် ရူးသွပ်သွားစေနိုင်သည်။ ယခုတွင် သူတို့ပတ်လည်ရှိ ထိုအရိုးစုများမှာ သူ့အတွက် လမ်းလျှောက်နေကြသော အစပ်ချောင်းများနှင့် တူနေပေ၏။
ထိုသည်က ပုဖန်ကို အတွေးများဆီမှ ဆွဲထုတ်လိုက်လေ၏။ သူက ငရဲဘုရင် အာဟကို သာမန်မျှသာ ကြည့်လိုက်ပြီး ဆိုလိုက်သည်။
“ သောက်ကျင့်မကောင်းတဲ့ဟာလေးဆိုတော့ ကျုပ်မှာ ဘာအစပ်ချောင်းမှ မရှိဘူး...”
ထိုအခိုက်၌ ဝှိုက်တီက မီးဖိုချောင်ထဲမှ ထွက်လာလေ၏။ ၄င်း၏ ဝမ်းဗိုက်ပေါ်တွင် အနက်ရောင် တွင်းနက်ကြီးတစ်ခုက လည်ပတ်နေသည်ကို တွေ့နိုင်ပြီး မိုးကြိုးဓားတစ်ချောင်းက တဖြောက်ဖြောက်မည်သံတစ်ခုဖြင့် ထိုအထဲမှ ထွက်ပေါ်လာလေသည်။ မိုးကြိုးနဂါးများက ဓားသွားကို လှည့်ပတ်နေကာ ဓားအား ကြောက်မက်ဖွယ် သွင်ပြင်တစ်ခုကို ပေးနေပေသည်။
“ကျုပ်အတွက် အဲ့အရိုးတွေကို ဝှိုက်တီက ရှင်းပေးနိုင်တယ်... သူက ကျုပ်ဆီက ဘာအစပ်ချောင်းမှ မတောင်းဘူး...”
ပုဖန်က တည်ကြည်စွာ ဆိုလိုက်သည်။
ငရဲဘုရင် အာဟ၏ နှာခေါင်းမှာ ပွတက်သွားလေသည်။ သူက မျက်လုံးများ အရောင်တောက်နေသော ဝှိုက်တီကိုကြည့်လိုက်ပြီးနောက် ပုဖန်ကို အမူအရာမဲ့စွာ ကြည့်လိုက်ပြန်သည်။ ရှက်ပြုံးတစ်ခုက ချက်ချင်းပင် သူ့မျက်နှာထက်တွင် ပေါ်လာလေသည်။
“ငါးချောင်း... အစပ်ချောင်း ငါးချောင်းဆိုရင်ရော... အဲ့တာက ငါပေးနိုင်တဲ့ အနိမ့်ဆုံးဈေးပဲ...” ငရဲဘုရင် အာဟက အံတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။
ပုဖန်က အာဟ၏ သွင်ပြင်ကို မြင်သောအခါ သူ့နှုတ်ခမ့်ထောင့်လေးကို မတွန့်ကွေးပဲ မနေနိုင်တော့ပါချေ။
“ကောင်းပြီ...”
သူက အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
သူပြောပြီး မကြာမီမှာပင် ငရဲဘုရင် အာဟက သူ့လက်ထဲတွင် ပြင်းထန်စွာ လည်နေသော ငရဲဘုရင် စစ်ပုဆိန်သွားတပ် လှံရှည်ဖြင့် စားသောက်ဆိုင်ပြင်ပသို့ အပြေးထွက်သွားသည်မှာ ပုဖန်က သူ့၏ စကားများကို ပြန်ရုတ်သိမ်းသွားမည်ကို ကြောက်ရွံ့နေသကဲ့သို့ပင်။
ဘုန်း...
လှံရှည်ဖြင့် ထိခတ်မိရာ အရိုးစုတစ်ခုမှာ အပိုင်းပိုင်းကွဲကြေသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။ ထိုအခိုက်မှာပင် တစ္ဆေမီးတောက်များအားလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လာကြလေသည်။ ရွှေ့လျားနေသော အရိုးစုမြင်းတပ်တစ်ခုက အရိုးမြင်းများပေါ်မှ ငရဲဘုရင်အာဟဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြလေသည်။ အကြောက်တရားကင်းမဲ့စွာဖြင့် သူက သူ့၏ လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး အရိုးစု တစ်ဖွဲ့ကို အပိုင်းပိုင်း ခြေမွပစ်လိုက်ပြီး အရိုးစု အစုအဝေးတစ်ခုဆီသို့ ကြမ်းတမ်းလှသော စစ်သည်တော်တစ်ဦးကဲ့သို့ တိုးဝင်သွားလိုက်လေသည်။ ဘုံနှစ်ပါး မဟာသူတော်စင်တစ်ဦးအနေဖြင့် ထိုအရိုးစုများကို ဖျက်ဆီးရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူနေပေသည်။
“အစပ်ချောင်းတွေ...”
ငရဲဘုရင်အာဟ၏ ဆံပင်များမှာ သူ့၏ လှံရှည်ကို ဝှေ့ယမ်းလိုက်တိုင်း ယမ်းခါနေသည်။ သူပြုလုပ်လိုက်သည့် ရိုက်ချက်တစ်ခုတိုင်းတွင် အရိုးစုတစ်ခုကို ဖျက်ဆီးပစ်ကာ “အစပ်ချောင်းတွေ...” ဟု အော်ဟစ်နေလေတော့သည်။
အဖျက်ဆီးခံလိုက်ရသော အရိုးစုများ၌ စိတ်ရှုပ်ထွေးစွာ လှုပ်ရမ်းနေသော တစ္ဆေမီးတောက်များ ရှိပေသည်။
အရိုးစုတွေနဲ့... အစပ်ချောင်းတွေကြားမှာ ဆက်နွယ်ချက် တစ်ခုခုများ ရှိလား...
အတန်ကြာပြီးနောက် မြေပြင်ဆီမှ မည်သည့်အရိုးစုမှ တွားသွားထွက်မလာတော့ပါပေ။ ကျန်ရစ်နေသည်အားလုံးမှာ သူတို့၏ ကြေမွနေသော အရိုးများသာ ဖြစ်ပေတော့သည်။
ငရဲဘုရင် သံချပ်ကာဝတ်ဆင်ထားပြီး ငရဲဘုရင် စစ်ပုဆိန်သွားတပ်လှံရှည်တစ်ခုကို တင်းတင်းကိုင်ဆွဲထားလျက် ငရဲဘုရင်အာဟမှာ လှံတံတစ်ခုကဲ့သို့ မားအားမတ်မတ် ရပ်နေပေသည်။ အနီရင့်ရင့် အနက်ရောင် ခြုံထည်တစ်ခုက သူ့၏ ပုခုံးထက်မှ ဖြာကျနေကာ လေအဝေ့တွင် ဆူညံစွာ တဖျပ်ဖျပ်လှုပ်နေပေတော့သည်။ ယခုလောလောဆယ်တွင် သူက အလွန်ချောမောနေဟန် ထင်ရပေသည်။
ကောင်းကင်ထက်တွင် ဆူညံသံတစ်ခုက အဆက်မပြတ် ထွက်ပေါ်လာလေသည်။ ကြယ်စင်ကောင်းကင်ထင်ရှိ မဟာသူတော်စင်များ၏ တိုက်ပွဲမှာ ကမ္ဘာမြေကို တုန်လှုပ်စေကာ ကျင့်ကြံသူအများစု၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေပေသည်။ လေဟာနယ်ထဲတွင် ထိုကြမ်းတမ်းလှသော တိုက်ပွဲကို စောင့်ကြည့်နေကြသော မျက်လုံးများ ရှိနေပုံရပေသည်။
ကမ္ဘာမြေ အကျဥ်းထောင်ခွေး၏ ဂုဏ်သတင်းမှာ ငရဲအကျဥ်းထောင်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ဖြစ်သည်။ စမ်းချောင်းဝါ မဟာပညာရှိအတွက်မူ ထိုမျှ မကျော်ကြားပါပေ။ သို့သော် သူက စွမ်းအားအများစု၏ အာရုံစိုက်ရာဖြစ်နေပြီး ဖြစ်၏။ တစ်ခြားတစ်ဖက်တွင် ဓားနတ်ဆိုးဂိုဏ်း အကြီးအကဲ၏ စွမ်းအားကလည်း ပြောပြရန်မလိုအပ်ပါချေ။ ငရဲအကျဥ်းထောင် မျိုးနွယ်စုကိုးခုအနက် မျိုးနွယ်စုတစ်ခု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ့၏ ခွန်အားမှာ လူတိုင်းရှိန်လောက်ပေသည်။
ထိုပုဂ္ဂိုလ်ကျော်များ ပါဝင်နေသော တိုက်ပွဲမှာ ချက်ချင်းပင် အမျိုးမျိုးသော ထိပ်တန်းမဟာသူတော်စင်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားလေသည်။ ထိုသည်က အကြီးမားဆုံးသော တိုက်ပွဲတစ်ခုဟု ယူဆနိုင်ပြီး နှစ်အတန်ကြာသည်အထိ တွေ့ရခဲလှသော တိုက်ပွဲတစ်ခုလဲ ဖြစ်ပေ၏။
ယခုတွင် ငရဲအကျဥ်းထောင်မှာ လုံးဝပင် ရူးသွပ်နေလေပြီ။ ထိုသည်က ငရဲကမ္ဘာအတွင်းရှိ ကမ္ဘာငယ်လေးများအားလုံးနီးပါးကို ကြောက်လန့်စေကာ တစ်နည်းနည်းဖြင့် ထိုသူအများစုအား ထိန်းချုပ်နိုင်ရန် စီမံနိုင်ခဲ့ပေသည်။ ယခုတွင်လည်း ထိုသည်က ကမ္ဘာမြေအကျဥ်းထောင်ကို တိုက်ခိုက်နေပေတော့သည်။
သို့သော် ကမ္ဘာမြေအကျဥ်းထောင်ခွေး၏ ကာကွယ်မှုဖြင့် ကမ္ဘာမြေအကျဥ်းထောင်မှာ ဖမ်းဆီးရန် မလွယ်ကူပါပေ။ ထို့အပြင် ထိုသည်က ကမ္ဘာငယ်လေးများအားလုံးအထဲတွင် မဟာသူတော်စင်အရေအတွက် အများဆုံးရှိပေသည်။ ငရဲအကျဥ်းထောင်က ကမ္ဘာမြေအကျဥ်းထောင်ကို အတင်းအကြပ် သိမ်းပ်ိုက်ပါက တန်ရာတန်ကြေး အများအပြား ပေးရမည်ဖြစ်ပေသည်။
…
စမ်းချောင်းဝါ စားသောက်ဆိုင်လေး၏ ရှေ့တွင် ရပ်ကာ မြေပြင်ပေါ်ရှိ ကျိုးကြေနေသော အရိုးစုများကို ကြည့်လျက်ဖြင့် ပုဖန်က သက်ပြင်းခပ်ဖွဖွ ချလိုက်လေသည်။ ထိုနောက် သူက လက်နောက်ပစ်ကာ စားသောက်ဆိုင်ထဲသို့ လျှောက်ဝင်သွားသည်။
ငရဲဘုရင်အာဟက ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ မော့ကြည့်လိုက်ရာ အနက်ရောင် မြူခိုးတစ်စုက ကောင်းကင်တွင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။
“မြူခိုးနက်တွေ...”
သူ ခေတ္တခဏတုံ့ဆိုင်းသွားစေပြီး အလန့်တကြား အော်ဟစ်လိုက်လေ၏။
“ မဟူရာဘုရားကျောင်း... ပထမဆုံးက ကျဆုံးနတ်ဘုရားလိုဏ်ဂူ ပြီးတော့ အခု မဟူရာဘုရားကျောင်း...”
သူ့၏ အမူအရာက သိသိသာသာပြောင်းလဲသွားပြီး ငရဲဘုရင် အာဟက အသက်ပြင်းပြင်းတစ်ချက်ကို ရှုသွင်းကာ အော်ဟစ်လိုက်၏။
“ပုဖန် သတိထား...”
မဟူရာဘုရားကျောင်းမှာ လုပ်ကြံသတ်ဖြတ်မှုများတွင် အတော်ဆုံးဖြစ်သည်။ ဘုရားကျောင်းနက်၏ အနက်ရောင်နတ်ဆိုးက အတန်ကြာအောင် ပေါ်မလာသည်မို့ သူက တိုက်ခိုက်ရန် အချိန်ကိုက်ကို စောင့်မျှော်နေကာ သူက ကြယ်စင်ကောင်းကင်၏ စစ်မြေပြင်သို့ မသွားရောက်ပါက နေရာတစ်ခုထဲတွင်သာ ရှိနေနိုင်ပေ၏...
စားသောက်ဆိုင်အတွင်းသို့ လျှောက်ဝင်သွားသော ပုဖန်မှာ အော်သံကြောင့် ရပ်တန့်သွားပြီး သူ့၏ ပုခုံးထက်မှ ကျော်ကာ ငရဲဘုရင် အာဟကို ကြည့်ပြီး ကြောင်ငေးနေလေတော့သည်။ ထို့နောက်သူက အာဟ၏ မျက်လုံးများထဲတွင် အလန့်တကြားဖြစ်နေခြင်းကို မြင်လိုက်ရ၏။
ဘာလဲ... သူက ဘာလို့ အဲ့လောက် အအလန့်တကြားဖြစ်နေရတာဲ...
ပုဖန်က နားမလည်ပါပေ။ ထို့နောက်တွင်မူ သူ့ရှေ့မှ လေဟာနယ် စတင် တွန့်လိမ်သွားပြီး ပုံပျက်လာသည်ကို တွေ့လိုက်သောအခါ သူ့၏ မျက်ဆံများက မှေးကျဥ်းသွားလေတော့သည်။ တဖြည်းဖြည်းနှင့် ထိုတွန့်လိမ်နေသော လေဟာနယ်ထဲမှ ပုံရိပ်တစ်ခုက ထွက်လာလေ၏။ ထိုသည်မှာ မမံမီတစ်ကောင်ကဲ့သို့ အနက်ရောင် ပတ်တီးများ စည်းထားသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ့၏ နီရဲရဲမျက်လုံးများအတွင်း၌ ကမ္ဘာတစ်ခုက လင်းလက်နေသကဲ့သို့ပင်။
“ဟီးဟီးဟီး... လန့်သွားလား...”
အနက်ရောင် နတ်ဆိုးက လှောင်ပြောင်လိုက်လေသည်။
“ ဓားနတ်ဆိုးမျိုးနွယ်အကြီးအကဲက ဘာလို့မင်းကိုသတ်စေချင်သလဲ ငါမသိဘူး... ဒါပေမဲ့ ကျွမ်းကျင်တဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မင်းကို ငါပြောလိုက်မယ် မင်းက ဘုံတစ်ပါး သူတော်စင်ငယ်တစ်ယောက်ဆိုရင်တောင် တစ်စုံတစ်ယောက်က မင်းကိုသတ်ဖို့ ကြေးကောင်းကောင်းပေးထားတာဆိုတော့ မင်း မနက်ဖြန် နေထွက်တာကို မြင်ရမှာ မဟုတ်တော့ဘူး...”
ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ၄င်း၏ ပတ်လည်ရှိ အနက်ရောင် ပတ်တီးများက ချက်ချင်းပင် ပြေလျော့သွားပြီး အနက်ရောင် နတ်ဆိုးစွမ်းအင်ဖြင့် ဝန်းရံထားသော ဓားမြှောင်တစ်ချောင်းအဖြစ် ပြောင်းသွားလေသည်။
ပုဖန်၏ မျက်လုံးများက မှေးကျဉ်းသွားသည်။ ထို့နောက်တွင် အနက်ရောင်နတ်ဆိုးက ဓားမြှောင်အား သူ့ဆီသို့ ထိုးသွင်းလိုက်သည်ကို မြင်လိုက်လေသည်။ ဓားမြှောင်၏ ရှေ့တွင် နေရာလပ်မှာ အက်ကွဲသွားပြီး လောကကြီးမှာ စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားဟန် ရလေသည်။
သူ့ဘေးတွင်ရပ်နေသော နယ်သာရီ၏ မျက်လုံးများက အသက်မဲ့နေပြီး မြေခွေးဖြူလေးမှာ ထိတ်လန့်တကြားနှင့် ငေးကြည့်နေလေတော့သည်။
အနက်ရောင် နတ်ဆိုးမှာ ကျေနပ်သွားသည်။ သူက အမှန်တကယ်ပင် ပစ်မှတ်များကို မသတ်ဖြတ်မီ ၄င်းတို့၏ ထိတ်လန့်နေဟန်ကို နှစ်ခြိုက်ပေသည်။ ယခင်ခေတ်၌ ဖြစ်စေ ဤခေတ်၌ ဖြစ်စေ အနက်ရောင် နတ်ဆိုးမှာ ငရဲကမ္ဘာ၏ နံပါတ်၁ လုပ်ကြံသတ်ဖြတ်သူ ဖြစ်ပေသည်။
သူ့၏ ဘုံကိုးပါး မဟာသူတော်စင်တစ်ဦး၏ ခွန်အားဖြင့် ဘုံတစ်ပါး သူတော်စင်ငယ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရသည်မှာ... မှက်တစ်ကောင်အတွက် တူကြီးတစ်ခုကို သုရသည်ဟု ထင်ပေသည်။ သို့သော် ပုဖန်၏ မျက်လုံးထဲ၌ အလန့်တကြားအမူအရာကို မြင်ရသောအခါ သူက ကျေနပ်သွားဆဲ ဖြစ်ပေ၏။
“သေစမ်း...”
အနက်ရောင် နတ်ဆိုးက ဓားမြှောင်ကို ထိုးသွင်းကာ ၄င်း၏ ဓားသွားကို ပုဖန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ပစ်လိုက်သည်။ သူက သူ့၏ စွမ်းအားမှာ ဤဘုံတစ်ပါး သူတော်စင်ငယ်ကို ချက်ချင်း သတ်ပစ်နိုင်သည်ဟု အလွန်ပင် ယုံကြည်နေပေသည်။
အဝေးတစ်နေရာတွင် ငရဲဘုရင် အာဟက ဒေါသတကြီး အော်ဟစ်လိုက်သည်။ မဟူရာဘုရားကျောင်း၏ အကြီးမြတ်ဆုံးအဆင့် ဖြစ်တည်မှုမှာ အလွန်ပင် အရှက်နည်းလိမ့်မည်ဟု သူက မထင်ထားခဲ့ပါပေ။
ဘုံကိုးပါး မဟာသူတော်စင်တစ်ယောက်က ဘုံတစ်ပါး သူတော်စင်ငယ်တစ်ဦးကို ဘာလို့ လုပ်ကြံရတာလဲ...
နယ်သာရီက ပုဖန်၏ ခန္ဓာကိုယ်ထဲသို့ ဓားမြှောင်စိုက်ဝင်သွားသည်ကို မြင်သည့်အချိန်တွင် သူမ၏ မျက်လုံးများက အေးစက်သော အစိမ်းရောင်အလင်းဖြင့် တောက်ပသွားလေသည်။
ကြောက်မက်ဖွယ် စွမ်းအင်များက ပုဖန်ကို ဝါးမျိုပစ်တော့မည်ကဲ့သို့ ပေါက်ကွဲထွက်လာလေသည်။ သို့သော် ထို့နောက်တွင် အနက်ရောင် နတ်ဆိုးက ကြောင်အသွားလေသည်။
ပုဖန်၏ ထိတ်လန်တကြား မျက်နှာမှာ သာမန်သို့ ပြန်ပြောင်းသွားကာ သူ့၏ မျက်လုံးများက အာရုံစိုက်ရာကို ပြန်လည်ရရှိသွားပြီး အနက်ရောင်နတ်ဆိုးကို စိုက်ကြည့်နေလေသည်။ ဓားမြှောင်မှာ သူ့၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးစိုက်သွားသော်လည်း အနီရောင်စားဖိုမှူးဝတ်ရုံ၏ အစွမ်းထက်မှုက တားဆီးထားပေသည်။ အနက်ရောင်နတ်ဆိုး အလွန်ပင် ယုံကြည်ချက်ရှိနေသော လုပ်ကြံသတ်ဖြတ်ခြင်းမှာ ကျဆုံးသွားလေပြီ။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
အနက်ရောင် နတ်ဆိုးက အော်ဟစ်လိုက်လေသည်။ သူက ဘုံကိုးပါး မဟာသူတော်စင်ဖြစ်သော်လည်း ယခု ဖြစ်သွားသောအရာကြောင့် အလွန်ပင် အံ့ဩနေလေသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ...”
ပုဖန်၏ မျက်နှာမှာ အမူအရာမဲ့ကာ အလွန်ပင် အေးစက်နေလေသည်။
ထိုအခိုက်အတန့်၌ ဝှိုက်တီက ၄င်း၏ မိုးကြိုးဓားကို ပုဖန်နောက်မှ ထိုးသွင်းလိုက်ရာ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက ၄င်း၏ စက်မျက်လုံးဆီမှ ပေါက်ကွဲထွက်လာလေသည်။
ပုဖန်၏ သာမန်ကာလျှံကာ မျက်လုံးများတွင်လည်း ဒေါသတို့ဖြင့် ပြည့်နေလေသည်။ ရုတ်တရက် သူ့၏ လက်မောင်းပေါ်မှ ပတ်တီးစက ပြေကျလာကာ သူ့၏ ထောင်တျဲလက်မောင်းကို လှစ်ဟပြလာလေသည်။ ၄င်း၏ ပတ်လည်၌ ယင်နှင့် ယန်စွမ်းအင်များ လည်ပတ်နေကာ အနက်ရောင် နတ်ဆိုး၏ မျက်နှာသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးထဲ၌ အစိမ်ရောင်း အလင်းများ တဖျက်ဖျပ်လက်နေသော နယ်သာရီမှာ အနက်ရောင်နတ်ဆိုး၏ ပါးတစ်ဖက်အား လွှဲရိုက်ပစ်လိုက်လေသည်။
***