ဘုံကိုးပါး မဟာသူတော်စင်တစ်ဦးက ဘုံတစ်ပါး သူတော်စင်ငယ်လေးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်တာလား... ကမ္ဘာပေါ်မှာ အဲ့လိုမျိုး အရှက်ကင်းမဲ့တဲ့ မဟာသူတော်စင် ရှိနေတာလား...
အဝေးမှ တားမြစ်ဝိညာဥ်မြို့တော်ရှိ အခြေအနေကို ကြည့်ရှုနေကြသော ကမ္ဘာမြေအကျဥ်းထောင် ကျင့်ကြံသူများမှာ ကြောင်ငေးနေလေသည်။ အကျဉ်းထောင် အရှင်သခင် ယင်းလုံ၏ မျက်လုံးများမှာ မှေးကျဥ်းသွားပြီး ကျင်းကျောင်း ယင်ကျောင်းနှင့် တခြားသောအကျဥ်းထောင် အရှင်သခင်တို့က ပင့်သက်ရှိုက်နေကြလေသည်။ မဟူရာဘုရားကျောင်းမှာ အရှက်အမဲ့ဆုံးသော တားမြစ်နယ်မြေပင် ဖြစ်လေတော့သည်။
“ဆိုးလိုက်တဲ့ အနက်ရောင် နတ်ဆိုးကောင်...”
အကျဥ်းထောင် အရှင်သခင် ယင်းလုံက ဒေါသထွက်သွားပြီး မျက်ခေါင်းပေါက်တောင်ဝှေးဖြင့် မြေပြင်ကို ထုချလိုက်လေသည်။ ထို့နောက်တွင် သူက လေထဲသို့ နင်းလိုက်ကာ မြို့တော်ဆီသို့ ပျံသန်းလာလေတော့သည်။ အတန်ကြာအောင် စောင့်ကြည့်ပြီးနောက် သူက နောက်ဆုံးတွင် သည်းမခံနိုင်တော့ပဲ တိုက်ပွဲထဲသို့ ဝင်ပါချင်လာပေတော့သည်။
တခြားသော အကျဥ်းထောင် အရှင်သခင်များက သတ်မှတ်နေရာ၌သာ နေနေပေသည်။ ယို့ကျီး၏ မျက်လုံးများမှာ စိုးရိမ်မှုတို့ဖြင့် ပြည့်နေလေသည်။ နယ်သာရီက ပုဖန်နှင့် ရှိနေပေသည်။ သူမ၏ညီမက ဒဏ်ရာရသွားမည်လား။ သို့သော် သူမက တိုက်ပွဲထဲသို့ ဝင်ပါရန်လည်း မသန်မာသေးပါချေ။ သို့ဖြစ်၍ သူမလုပ်နိုင်သည်မှာ နယ်သာရီ့ကို စိုးရိမ်နေရန်သာ ဖြစ်ပေသည်။
…
အနက်ရောင် နတ်ဆိုးမှာ သူကျရှုံးမည်ဟု မမျှော်လင့်ထားပါပေ။ ယခင်ခေတ်မှစ၍ ယခုခေတ်ထိတိုင်အောင် သူက တစ်ကြိမ်သာ ကျရှုံးခဲ့ဖူးပြီး ဤသည်မှာ သူ့၏ ဒုတိယမြောက် ကျရှုံးခြင်း ဖြစ်ပေသည်။
သူက ငရဲအကျဥ်းထောင် မျိုးနွယ်စု ၉ခု၏ မဟာသူတော်စင်တို့အား ငရဲဘုရင် ထျန်စန်းကို လုပ်ကြံသတ်ဖြတ်ရန် ကတိပေးခဲ့သော အချိန်ကပင် မကျရှုံးခဲ့ပါပေ။ သူက ထျန်စန်းကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး မျိုးနွယ်စု ၉ခုနှင့် စုပေါင်းတိုက်ခိုက်ကာ ငရဲဘုရင်ကို သေဆုံးစေနိုင်ခဲ့ပေသည်။
သို့သော် ဤတစ်ကြိမ်တွင် သူက သူတော်စင်ငယ်လေးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ကျရှုံးခဲ့သည်။
ဤသည်မှာ သူ့၏ ပွဲဦးထွက်ချိန်ကတည်းမှ ဒုတိယမြောက် ကျရှုံးခြင်း ဖြစ်ပေ၏။ သူက သူ့၏ ပစ်မှတ်မှာ ယခင်ခေတ်မှ နံပါတ်၁ ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သည့် သူ့၏ ပထမဆုံးသော ကျရှုံးခြင်းကို မှတ်မိနေပေသေးသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကျင့်ကြံသူမှာလည်း စားဖိုမှူးတစ်ဦးဖြစ်ပေသည်။
ဒါပေမဲ့... အခုငါ့ရှေ့က စားဖိုမှူးက အဲ့စားဖိုမှူးနဲ့ တခြားစီပါပဲ...
သူ့၏ ခွန်အားမှာ ကျဆင်းသွားပြီး ခေတ်တစ်ခေတ်ကြာအောင် တားမြစ်နယ်မြေထဲတွင် ပိတ်လှောင်ခံရပြီးနောက် အရွယ်ကောင်း၌ မဟုတ်တော့သော်လည်း ဘုံတစ်ပါး သူတော်စင်ငယ်လေးကို လုပ်ကြံသတ်ဖြတ်ရန် ကျရှုံးသည်မှာတော့ မဖြစ်နိုင်ပါချေ။
မည်သို့ပင်ဖြစ်စေ သူက ငရဲကမ္ဘာ၏ နံပါတ်၁ လုပ်ကြံသတ်ဖြတ်သူ ဖြစ်ခဲ့သည်ဖြစ်၍ ရှုံးနိမ့်မှုက ယူဆောင်လာခဲ့သော ခေတ္တမျှ အာရုံစိုက်မှု လျော့ကျခြင်းမှ အလျင်အမြန်ပင် နိုးထလာလေသည်။ ပုဖန်၊ ဝှိုက်တီနှင့် နယ်သာရီတို့ထံမှ တိုက်ခိုက်မှုများကို ရင်ဆိုင်လျက် သူက အထင်အမြင်သေးစွာ လှောင်ပြောင်နေပေသည်။
သတ္ထုရုပ်သေးက ပိုပြီး သန်မာတယ်... အနည်းဆုံးတော့ အဲ့ဟာက ဘုံကိုးပါး သူတော်စင်ငယ်တစ်ဦးရဲ့ ကြောက်မက်ဖွယ်စွမ်းရည်ရှိသေးတယ်... ဒါပေမဲ့ စားဖိုမှူးနဲ့ ကောင်မလေးက ဘာတွေ တွေးနေတာလဲ... သူတို့က ဘုံတစ်ပါး နဲ့ ဘုံနှစ်ပါး သူတော်စင်ငယ်လေးတွေလောက်ပဲရှိတာကို ငါ့ကို ဆန့်ကျင်ချင်နေကြတယ်ပေါ့...
ချွင်...
အနက်ရောင် နတ်ဆိုးက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး မိုးကြိုးဓားကို လက်ချောင်းတစ်ချောင်းဖြင့် အသာအယာ ပုတ်ထုတ်လိုက်ပြီး ၄င်းကို အဝေးသို့ လည်ထွက်သွားစေကာ ဝှိုက်တီကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေတော့သည်။
ထိုအခိုက်၌ ပုဖန်က သူ့၏ ထောင်တျဲလက်မောင်းတစ်ဖက်ကို ကြောက်မက်ဖွယ်ခွန်အားဖြင့် ပစ်လွတ်လိုက်လေ၏။ ထိုးနှက်ချက်မှာ အနက်ရောင် နတ်ဆိုး၏ မျက်နှာကို အသံကျယ်ကြီးတစ်ခုဖြင့် ထိခတ်သွားသော်လည်း ထိုသည်က ပြုံးလျက်ပင် ဆိုလာသည်။
“ငါ့ကို ကလိထိုးနေတာလား...”
အနက်ရောင် နတ်ဆိုး၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုပေါ်လာလေသည်။ သူ့၏ ဘုံကိုးပါး မဟာသူတော်စင် ကျင့်ကြံခြင်း အခြေခံဖြင့် ထိုနေရာ၌ ရပ်ကာ ပုဖန်ကို သူ့အား အလိုရှိသလောက် တိုက်ခိုက်ခွင့် ပြုပါလျှင်တောင် ခြစ်ရာတစ်ခုပင် ရမည်မဟုတ်ပါပေ။
ပုဖန်၏ မျက်လုံးများက အလွန်ပင်အေးစက်နေလေသည်။ သူက ဓားမျက်ကန်းအိုးကို ထုတ်လွှတ်တော့မည့်အချိန်၌ နယ်သာရီ၏ အေးစက်စက်အသံက သူ့ကို တားဆီးလိုက်လေသည်။ သူက လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် သူမ၏ မျက်ဆံများက စိမ်းပြာရောင်သို့ ပြောင်းနေပြီဖြစ်သည်ကို တွေ့လိုက်ရလေသည်။ သူ့၏ မျက်လုံးများက ချက်ချင်းပင် ကျဥ်းမြောင်းသွားတော့သည်။
နယ်သာရီ၏ လက်ဝါးက ပြင်းပြင်းထန်ထန် ဆန့်ထွက်လာလေသည်။ ထို့နောက်၌ ထိုသည်က အနက်ရောင်နတ်ဆိုး၏ မျက်နှာထက်သို့ ကျရောက်သွားလေသည်။
“ဟီးဟီးဟီး... ကောင်မလေး၊ နင်လည်း ကိုယ့်သေတွင်းကို တူးနေတာပဲလား...”
အနက်ရောင်နတ်ဆိုးက အေးစက်စက်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူက သူ့၏ ခွန်အားများမှ ရရှိသော ယုံကြည်အပြည့်နှင့် ဖြစ်လေသည်။
သို့သော် သူ့အသံထွက်လာပြီးပြီးချင်းမှာပင်...
ဖြန်း...
နယ်သာရီ၏ လက်ဝါးက သူ့မျက်နှာကို အသံကျယ်ကြီးဖြင့် ရိုက်ချပစ်လိုက်လေသည်။
ရိုက်ချက်မှာ ပုဖန်၏မျက်နှာထက်တွင် ထူးဆန်းသော သွင်ပြင်တစ်ခု ဖြစ်သွားစေ၏။
ဟင်...
အရိုက်ခံလိုက်ရသောချိန်၌ အနက်ရောင်နတ်ဆိုးအား အေးစက်စက် ထိတ်လန့်မှုက ထိုးစိုက်သွားပြီး ထိုခံစားချက်ကာ သူ့ခန္ဓာကိုယ်နှင့် နှလုံးသားကို ထုံထိုင်းသွားစေတော့သည်။
ဒီခံစားချက်က...
ထို့နောက်တွင် သူ့မျက်လုံရှေ့တွင် စိမ်းပြာရောင် အလင်းတန်းတစ်ခု လင်းလက်သွားလေသည်။
စိမ်းပြာရောင်...
အဆုံးတွင် အနက်ရောင်နတ်ဆိုး၏ ဆံပင်က ရုတ်တရက် ထောင်သွားပြီး မယုံကြည်နိုင်ဖွယ် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ နယ်သာရီအား သူ့၏ မျက်လုံးနီများဖြင့် စိုက်ကြည့်လိုက်လေသည်။
ထို့နောက်တွင် သူက အနောက်ဘက်သို့ ပျံထွက်သွားလေသည်။ ဆိုးဝါးလှသော အော်သံကြီးတစ်ခုနှင့်အတူ သူက အဝေးရှိ မြေပြင်ပေါ်သို့ ပြုတ်ကျကာ လူးလိမ့်နေပေတော့သည်။
နယ်သာရီ၏ မျက်လုံးများက သာမန်သို့ ပြန်ပြောင်းသွားပြီး သူမက အနည်းငယ် မိန်းမောနေပေသည်။ သူမ အဘယ့်ကြောင့် အလွန်ပင် အစွမ်းထက်နေသည်ကို နားမလည်နိုင်သကဲ့သို့ သူမ၏ လက်ဝါးကို ကြောင်အစွာငေးကြည့်နေလေသည်။
ငါက မဟာသူတော်စင်တစ်ယောက်ကို ရိုက်ချက်တစ်ချက်နဲ့ အဝေးကို ပျံသွားအောင်လုပ်လိုက်တယ်... ငါ ဘယ်တုန်းကများ အဲ့လောက်ထိ အစွမ်းထက်သွားတာလဲ...
သူမက အမူအရာမဲ့မျက်နှာဖြင့် မျက်တောင်ခတ်လိုက်လေသည်။
ပုဖန်သည်လည်း နယ်သာရီကို ကြောင်ငေးကြည့်ကာ ဝှိုက်တီမှာ လျှပ်စီးတစ်ဖျပ်ဖျပ်လက်နေသော ၄င်းဓားကို ကိုင်ထားရင်းဖြင့် လက်ကြီးတစ်ဖက်ဖြင့် ၄င်း၏ ကတုံးပြောင်ပြောင်ကို ကုတ်နေလေတော့သည်။
လေထုတစ်လျှောက်သို့ အသံကျယ်ကြီးတစ်ခု မြည်ဟီးလာပြီးနောက် အကျဥ်းထောင် အရှင်သခင် ယင်းလုံက မျက်ခေါင်းပေါက် တောင်ဝှေးကို ကိုင်ဆောင်ကာ ကောင်းကင်မှ ဆင်းသက်လာလေသည်။ ငရဲဘုရင် အာဟသည်လည်း ပျံသန်းလာကာ နယ်သာရီကို နားမလည်နိုင်သော အကြည့်တစ်ချက်ပေးလိုက်လေသည်။
အဝေးတွင် အနက်ရောင် နတ်ဆိုးက လူးလိမ့်နေသည်။ အစိမ်းပုတ်ရောင် အလင်းတစ်ခုက သူ့၏ မျက်နှာထက်တွင် ပျံ့နှံ့နေသည်ကို မြင်နိုင်ပေသည်။ သူ့၏ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ ပတ်တီးများ လျင်မြန်စွာ ပြေကျနေသော သူ့မျက်နှာကို ထိလိုက်ေလသည်။
“ကျိန်စာပဲ... အဲ့တာက ကျိန်စာတစ်ခုပဲ...”
အနက်ရောင် နတ်ဆိုးက သူ့၏ နီရဲရဲမျက်လုံးများကို ဖွင့်လိုက်ကာ ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နယ်သာရီဆီသို့ အကြည့်ပို့လိုက်သည်မှာ သရဲတစ်ကောင်တွေ့လိုက်သကဲ့သို့ပင်။ ထိုသည်မှာ သူက ကမ္ဘာပေါ်တွင် အကြီးဆုံးသော တားမြစ်ချက်တစ်ခုကဲ့သို့ဖြစ်သော ကျိန်စာကို ကြောက်ရွံ့နေသည့်ဟန် ပေါ်ပေသည်။
ဒီကောင်က နယ်သာရီမှာရှိတဲ့ ကျိန်စာကို သိတယ်လား...
ပုဖန်က တစ်ကိုယ်တည်း တွေးတော့လိုက်လေသည်။ ကျိန်စာမှာ အလွန်ပင် ဆန်းကြယ်လှသည်။ သူ့၏ ဟင်းလျာများက ထိုသည်ကို ချိုးနှိမ်နိုင်သော်လည်း ၄င်း၏ မူလအစကို မသိပါချေ။ ငရဲဘုရင် ထျန်စန်းပင် ထိုသည်ကို ချိုးနှိမ်ရန် ရှုံးနိမ့်ခဲ့ပေသည်။
ထိုအခိုက်တွင် ပုဖန်က ငရဲအကျဥ်းထောင်အတွင်းရှိ ကျိန်စာ၏ အဖြေကို ရှာနိုင်လောက်မည်ဟု တွေးမိသွားလေသည်။ မည်သို့ပင်ဖြစ်စေ နယ်သာရီနှင့် ယို့ကျီးတို့မှာ ထိုနေရာမှ ငရဲဘုရင် ထျန်စန်း၏ ခေါ်ဆောင်လာခြင်းကို ခံရခြင်းဖြစ်သည်။ ထိုသည်က သူ့ဆီတွင်လည်း မည်သည့်အခါမှ မဖြစ်ပွားကာ ကမ္ဘာမြေအကျဥ်းထောင်ရှိ တားမြစ်နယ်မြေမှ လာခဲ့သော ဤအနက်ရောင်နတ်ဆိုးက လျှို့ဝှက်ချက်များကို သိထားပုံရပေသည်။
“ကျိန်စာတစ်ခု... အဲ့တာက ကျိန်စာဆိုတာကို ငါမယုံနိုင်ဘူး...”
အနက်ရောင် နတ်ဆိုးက ရူးသွားသကဲ့သို့ ပြုမူနေလေသည်။ ထို့နောက် သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ရုတ်တရက် မြင့်တက်လာလေသည်။
“ကျိန်စာရဲ့ အရင်းအမြစ်၊ နင်က ဂြိုလ်ဆိုးရဲ့ အရင်းအမြစ်ပဲ... နင်က တည်ရှိမနေသင့်ဘူး... နင်သေရမယ်...”
သူ့၏ မျက်နှာထက်မှ ပတ်တီးများက မြေပြင်သို့ ပြုတ်ကျသွားပြီး သူက အရူးတစ်ယောက်ကဲ့သို့ တစ်ဟုန်ထိုး ပြေးလာလေသည်။ စိမ်းပြာရောင် ကျိန်စာစွမ်းအားတစ်ခုမှာ သူ့မျက်နှာကို တိုက်စားကာ သူ့ခွန်အားများကို အဆက်မပြတ် လလျော့ကျသွားစေသည်။ သို့သော် နယ်သာရီကို သတ်လိုသော သူ့၏ ဆန္ဒမှာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီး အစောပိုင်းတွင် ပုဖန်ကို သတ်ရန် ကြိုးစားခဲ့သည်ထက်ပင် ပြင်းထန်နေပေ၏။
နယ်သာရီ၏ မျက်နှာက ဖြူဖျော့သွားပြီး ပုဖန်၏ မျက်ခုံးများက ချက်ချင်းပင် ကြုံ့ဝင်သွားလေသည်။ ထိုအခိုက်၌ အကျဥ်းထောင် အရှင်သခင် ယင်းလုံက လေချွန်သံရှည်တစ်ခုကို ထုတ်လွှတ်လိုက်ကာ သူ့၏ မျက်ခေါင်းပေါက် တောင်ဝှေးကို ဝှေ့ယမ်းပစ်လိုက်လေသည်။
“အနက်ရောင်နတ်ဆိုး... ငါဒီနေ့တော့ ငရဲဘုရင် ထျန်စန်းရဲ့ သေဆုံးခြင်းကို လက်စားချေမယ်...”
မျက်ခေါင်းပေါက် တောင်ဝှေးက အပေါ်သို့ မြှောက်တက်သွားပြီး မြေကြီးက ချက်ချင်းပင် ပေါက်ကွဲထွက်သွားကာ ကျောက်ခဲနှင့် မြေကြီးများကို အနက်ရောင်နတ်ဆိုးဆီသို့ ဦးတည်သွားစေတော့သည်။ ထို့နောက် အစွမ်းထက် အနက်ရောင်အလင်းတန်းတစ်ခုကို တောင်ဝှေးဆီမှ သူ့ဆီသို့ ပစ်လွှတ်လိုက်လေသည်။
သူ့မျက်လုံးထဲတွင် ရူးသွပ်နေဟန်ဖြင့် အနက်ရောင်နတ်ဆိုးက လက်တစ်ဖက်ကို မြှောက်လိုက်ကာ အနက်ရောင်အလင်းတန်းကို ဆွဲကိုင်လိုက်လေသည်။ အလင်းတန်းက သူ့လက်ထဲတွင် တွန့်ကွေးသွားသော်လည်း မချိုးဖျက်နိုင်ပါပေ။
“ထွက်သွားစမ်း...”
အနက်ရောင်နတ်ဆိုးမှာ သတ်ဖြတ်လိုစိတ်များဖြင့် ဆူပွက်နေကာ အော်ဟစ်လိုက်သည်။ သို့သော် အကျဥ်းထောင် အရှင်သခင် ယင်းလုံက သူ့၏ အမိန့်ကို မလိုက်နာပါပေ။ ထိုအစား သူက သူ့အား ကြမ်းတမ်းလှသော တိုက်ပွဲတစ်ခုအတွင်းသို့ ပိတ်လှောင်ပစ်လိုက်လေသည်။
ထိုအခိုက်၌ ငရဲဘုရင် အာဟ၏ မျက်လုံးများက နီရဲနေပြီ ဖြစ်ကာ လှံရှည်ကိုတင်းတင်းဆုပ်ကိုင်ပြီး အလျင်အမြန်ပင် တိုက်ပွဲထဲသို့ ဝင်ရောက်လိုက်လေသည်။ သူ့၏ ဖခင် ယခင် ငရဲဘုရင်မှာ ငရဲအကျဥ်းထောင်ကို တိုက်ခိုက်ရန် စစ်တပ်တစ်ခုကို ဦးဆောင်ခဲ့သော ခွန်အားကြီး ပုဂ္ဂိလ်တစ်ဦးဖြစ်သော်လည်း အဆုံးတွင် ရက်စက်စွာ သေဆုံးသွားရ၏။ ထိုသည်မှာ ဤလုပ်ကြံသတ်ဖြတ်သူ အနက်ရောင် နတ်ဆိုးကြောင့်ပင်ဖြစ်၏။ သို့ဖြစ်၍ အာဟက သူ့ဖခင်၏ သေဆုံးမှုကို ယနေ့တွင် ပြန်လည် လက်စားချေလိုပါသည်။
“မင်းတို့အကုန် ငါ့လမ်းကနေ ဖယ်ကြစမ်းပါ...” အနက်ရောင် နတ်ဆိုး၏ သတ်ဖြတ်လိုစိတ်များမှာ လျှံထွက်နေပေသည်။ ယခုတွင် သူအလိုရှိသည်မှာ နယ်သာရီကိုသတ်ရန်၊ ကျိန်စာ၏ အရင်းအမြစ်ကို သယ်ဆောင်ထားသော ကောင်မလေးကို သတ်ရန်သာဖြစ်ပေသည်။
ပြင်းထန်လှသော တိုက်ပွဲတစ်ခုက စက္ကန့်ပိုင်းအတွင်း၌ ဖြစ်ပွားသွားလေသည်။ သူ့၏ ငရဲဘုရင် သံချပ်ကာနှင့်အကျဥ်းထောင် အရှင်သခင် ယင်းလုံ၏ ဘုံခုနှစ်ပါး မဟာသူတေကျင့်ကြံဆင့်တို့ဖြင့် အားဖြည့်ထားသော ငရဲဘုရင် အာဟ၏ ခွန်အားနှင့် သူတို့နှစ်ဦးစလုံးမှာ ကျိန်စာသင့်နေသော ဘုံကိုးပါး မဟာသူတော်စင်တစ်ဦးဖြစ်သည့် အနက်ရောင်နတ်ဆိုးကို တိုက်ပွဲတစ်ခု၌ ပိတ်လှောင်ထားနိုင်ပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ဤတစ်ကြိမ်တွင် မဟာသူတော်စင်များက အတားအဆီးမရှိ တိုက်ခိုက်နေကြတော့သည်။ သူတို့၏ တိုက်ခိုက်မှုများက ဖန်တီးလိုက်သော ပေါက်ကွဲမှုများက တားမြစ်ဝိညာဥ်နယ်မြေဖြစ်ခဲ့ဖူးသော အပျက်အစီးများကို ဒုတိယအကြိမ် ဖျက်ဆီးပစ်ကာ မြေပြင်ကို တုန်ခါကာ တွင်းနက်များ ဖြစ်ပေါ်လာစေတော့သည်။ အဝေးမှ ကမ္ဘာမြေအကျဥ်းထောင် ကျင့်ကြံသူများမှာလည်း သူတို့မြင်လိုက်သောအရာကြောင့် ကြောင်နေပေတော့သည်။ သူတို့က ပင့်သက်ရှိုက်ကာ သူ့တို့၏ ထိန်လန့်မှုကို မည်သို့ဖော်ပြရန်ပင် မသိတော့ပါချေ။
ထိုအခိုက်၌ ကမ္ဘာမြေအကျဥ်းထောင်မှာ လုံးဝပင် စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားပုံရလေသည်။ ထိုစဥ်စမ်းချောင်းဝါ စားသောက်ဆိုင်လေးမှာ မဟာသူတော်စင်များ၏ ခွန်အားကြီး အော်ရာများကြားတွင် ပိတ်မိနေသော်လည်း အကောင်းပတိသာ ရှိနေသေးပေသည်။ ထိုသည်က ထိုမျှ အံ့ဖွယ်အရာကို မမြင်ခဲ့ဖူးသကဲ့သို့ပင် လူအများကို အံ့အားသင့်စေသည်။
စားသောက်ဆိုင်အတွင်း၌ ပုဖန်က နယ်သာရီကို လှည့်ကြည့်လိုက်လေသည်။ သူမ၏ မျက်နှာက ထပ်မံဖြူဖျော့သွားသည်ကို တွေ့လိုက်လေသည်။ သူက မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ကို မလိုက်လေသည်။ လက်ဝါးထဲတွင် သွင်ပြင်တစ်ခုပေါ်လာပြီး နယ်သာရီ၏ နဖူးဆီသို့ ဖိထားလိုက်သည်။
ဇီ...
ကျိန်စာသင့် မြွေတစ်ကောင်က ထွက်ပေါ်လာကာ သူမ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားပြီး ၄င်း၏ လျှာနှစ်ခွကို ထုတ်လိုက်လေသည်။
ကျိန်စာက... နည်းနည်းတော့ ပြန်ရောက်လာပုံပဲ... အဲ့တာက မကောင်းဘူး...
ပုဖန်၏ မျက်နှာက တည်တံ့သွားလေသည်။ သူက နယ်သာရီကို ထိုင်ခုံတစ်ခုတွင် ထိုင်စေပြီး စားသောက်ဆိုင်ပြင်ပမှ တိုက်ပွဲကို စူးစိုက်ကြည့်လိုက်လေသည်။ အတန်ကြာသောအခါ သူလှည့်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်လေသည်။
“အထူးဆုလာဒ်တာဝန် ကြေညာချက်... ပိုင်ရှင်အဲ့တာကို လက်ခံလိုပါသလား...”
တည်ကြည်သောအသံတစ်ခုက ပုဖန်၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။ သူ့၏ မေးမြန်းချက်များကို မဖြေခဲ့သော စနစ်က နောက်ဆုံးတွင် စကားပြောလာပေပြီ။
အသံကြားသောအချိန်၌ ပုဖန်က မီးဖိုးချောင် ခန်းဆီးကို မနေရုံသာ ရှိသေးပြီး ထိုသည်က သူ့ကို တုံ့ဆိုင်းသွားစေသည်။ သူက အသက်ပြင်းပြင်းရူကာ မေးလိုက်လေသည်။
“အထူးဆုလာဒ်မစ်ရှင်က ဘာလဲ...”
ယခင်ပိုင်ရှင်နဲ့ ပတ်သတ်သည့် သတင်းအချက်အလက်များက သူ့အတွေးများတွင် ပြည့်နှက်နေပေသည်။
“ မစ်ရှင်ကို ပြီးမြောက်ပါက ပိုင်ရှင်က စနစ်ရဲ့ အထူးဆုလာဒ်ကို ရရှိမည်ဖြစ်ပါတယ်...”
စနစ်က တည်ကြည်စွာ ပြန်ဖြေလာသည်။
ပုဖန်က အတန်ကြာ တိတ်ဆိတ်နေလေသည်။ ထိုသည်က သူ့မေးခွန်း၏ အဖြေမဟုတ်ပါပေ။
“ မစ်ရှင်က ဘာလဲ...”
“အထူးဆုလာဒ် တာဝန်: အချက်အပြုတ်နတ်ဘုရား မီနူးထဲမှ ဟင်းလျားတစ်ခွက်ဖြစ်သော နတ်ဘုရားကြက်သား သုံးခွက်ဟင်းကို ချက်ပါ...”
ချက်ပြုတ်ဖို့လား...
ပုဖန်က အနည်းငယ် ကြောင်အသွားလေသည်။ ဤကဲ့သို့ အရေးပေါ်အချိန်တွင် စနစ်က သူ့ကို ပေးအပ်သော တာဝန်မှာ ဟင်းလျာတစ်ခွက် ချက်ရန်ဟု မမျှော်လင့်ခဲ့ပါပေ။
“ခဏလေး...”
ရုတ်တရက် သူက မျက်စိရှေ့တွင် အလင်းများ လင်းလက်လာသည်ကို မြင်လိုက်ရသကဲ့သို့ပင်။ “စနစ်၊ အချက်အပြုတ် နတ်ဘုရား မီနူးက ဘာကြီးလဲ...”
သူက အသက်ပြင်းပြင်းရှုကာ စိတ်မရှည်စွာဖြင့် မေးလိုက်လေသည်။
သို့သော် ဤတစ်ကြိမ်တွင် စနစ်က သူ့ကို ပြန်မဖြေလာပါပေ။ ထိုသည်က တိတ်ဆိတ်နေပေသည်။
“နတ်ဘုရားကြက်သား သုံးခွက်ဟင်းက ကျိန်စာရင်းမြစ်ရဲ့ စွမ်းအားကို သုတ်သင်နိုင်တဲ့ စိတ်ဝိညာဥ်အဆီအနှစ် အများအပြားကို ပိုင်ဆိုင်ထားတယ်... ပိုင်ရှင်က မစ်ရှင်ကို လက်ခံလိုပါသလား...” စနစ်က လေးနက်သော အသံတစ်ခုဖြင့် ပြောလိုက်လေသည်။
ပုဖန်က ပြောစရာမဲ့နေလေသည်။ သူက စနစ်မှာ ထိုသည်ကို တမင်တကာ လုပ်နေသည်ဟု တွေးမိ၏။ ထိုသည်က သူက နယ်သာရီအတွင်းရှိ ကျိန်စာကို သုတ်သင်လိုသည်ကို သိ၍ ယခုအချိန်၌ တမင်တကာပင် ဤမစ်ရှင်ကို ကြေညာခြင်း ဖြစ်ပေသည်။ သူ့အတွက် ထိုသည်ကို ငြင်းပယ်ရန် အကြောင်းမရှိပါပေ။ သို့သော် တာဝန်မှာ အနည်းငယ် ထူးဆန်းနေသည်ဟုလည်း ထင်မိသည်။ အဘယ့်ကြောင့်ဆိုသော် အထူးသဖြင့် ဤအချိန်၌ ကြေညာသောကြောင့်ပင်။
ရုတ်တရက် သူ့အားတစ်စုံတစ်ခုက ထိခတ်သွားပြီး သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကာ မေးလိုက်လေသည်။
“ဒီမစ်ရှင်ရဲ့ စွန့်စားမှုတွေက ဘာတွေလဲ...”
စနစ်က အတန်ကြာ တိတ်ဆိတ်နေပြီး ပြောလိုက်သည်။
“ပိုင်ရှင်က အချက်အပြုတ် နတ်ဘုရား မီနူးကနေ ဟင်းလျာကို အောင်အောင်မြင်မြင် ချက်ပြုတ်ပြီးရင် အထူးဆုလာဒ်တစ်ခုကို ရရှိပါမယ်... ချက်ပြုတ်ခြင်း ကျရှုံးခဲ့ရင်... ပိုင်ရှင် ချေမှုန်းခံရပါမယ်...”
“ခင်မင်စွာ သတိပေးခြင်း: အချက်အပြုတ် နတ်ဘုရား မီနူးထဲရှိ ဟင်းလျာများက ပထမဆုံး စားသောက်သည့်အချိန်တွင် မှော်ဝင် သက်ရောက်မှုများရှိပါသည်...”
ကျရှုံးခဲ့ရင်... သူက ချေမှုန်းခံရမယ်တဲ့လား...
အဖြေမှာ ပုဖန်ကို တောင့်ခဲသွားစေသည်။
ဒါပေမဲ့ စနစ်ပြောပုံအရဆိုရင် ငါသာ ဟင်းလျာကို ချက်ပြုတ်နိုင်ရင်... ဖြစ်နိုင်တာက နယ်သာရီထဲမှာရှိတဲ့ ကျိန်စာကို ချိုးနှိမ်နိုင်လောက်တယ်လား... အဲ့တာသာ အမှန်ဆိုရင်...
ပုဖန်က ဖြူဖျော့ဖျော့ဖြင့် ထိုင်ခုံပေါ်တွင် မှီနေသော နယ်သာရီကို လှမ်းကြည့်လိုက်လေသည်။ သူက မျက်နှာတည်ဖြင့် အသက်ပြင်းပြင်းတစ်ချက်ကို ရှုသွင်းလိုက်သည်။
“စနစ်၊ ငါ့ရဲ့ လက်ရှိ ဟင်းချက်စွမ်းရည်နဲ့ဆိုရင် ဟင်းလျာကို အောင်အောင်မြင်မြင် ချက်ပြုတ်ဖို့ မဖြစ်နိုင်ချေက ဘယ်လောက်လဲ...”
ပုဖန်က အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်လေသည်။
စနစ်က တွက်ချက်နေသကဲ့သို့ ချက်ချင်း ပြန်မဖြေပါပေ။ အတန်ကြာပြီးနောက် ထိုသည်က ဆိုလိုက်၏။
“သေချာစွာ တွက်ချက်ပြီးနောက် ပိုင်ရှင်က အချက်အပြုတ် နတ်ဘုရား မီနူးထဲမှ ဟင်းလျာကို အောင်မြင်စွာ ချက်ပြုတ်ဖို့ ဖြစ်နိုင်ချေက ၁၀ပုံ ၂ပုံဖြစ်ပါတယ်...”
‘အောင်မြင်နိုင်ချေက ၂၀ရာခိုင်နှုန်းလား... ငါ့ကို လာနောက်နေတာလား စနစ်...
ပုဖန်၏ နှုတ်ခမ်းထောင့်မှာ ရှုံ့မဲ့သွားကာ သူ့၏ မျက်လုံးများက လှုပ်ရှားသွားလေသည်။
“ကောင်းပြီလေ... တာဝန်ကို လက်ခံတယ်...”
အောင်မြင်နိုင်ချေမှာ နည်းပါးသော်လည်း အနည်းဆုံးတော့ သူ့တွင် မျှော်လင့်ချက် ရှိနေသေးသည်ဟု ဆိုလိုခြင်းပင်။ မျှော်လင့်ချက်ရှိပါက ထိုသည်အတွက် တိုက်ခိုက်သင့်ပေသည်။ ဖြည်းဖြည်းမှန်မှန်မှာ ကောင်းမွန်သော်လည်း မြင့်မြင့်လှမ်းချင်ပါက စွန့်စားမှုများ ပြုလုပ်ရန် လိုပါသည်။
ထိုအခိုက်၌ ပုဖန်က သူ့ရင်ဘတ်ထဲ၌ မီးတောက်တစ်ခုလောင်ကျွမ်းနေသည်ဟု ခံစားလိုက်ရသည်။ စနစ်၏ ရည်ရွယ်ချက်က မည်သည်ပဲ ဖြစ်ဖြစ် သူ့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိပေသည်။ ထိုသည်မှာ ဟင်းပွဲကို ချက်ရမည်ဟုပင်။
***