တာဝန်မှာ အောင်မြင်နိုင်ချေ ၂၀ ရာခိုင်နှုန်းသာ ရှိပေသည်။ တနည်းဆိုရသော် ပုဖန် ကျဆုံးနိုင်ချေမှာ ၈၀ရာခိုင်နှုန်း ရှိပေသည်။ ကျဆုံးနိုင်သည့် နှုန်းမှာ အောင်မြင်နိုင်သည့်နှုန်းထက် လေးဆပိုများပေသည်။ ကျရှုံးနိုင်သည့်နှုန်းကို သိရှိပြီးသည်နှင့် သာမန်စိတ်အခြေအနေ ရှိသည့် မည်သူမဆို သူ့၏ မျက်လုံးကို ပိတ်ကာ တာဝန်ကို ငြင်းဆန်မည်ဖြစ်သည်။ သို့ဖြစ်၍ ပုဖန်က တုံ့ဆိုင်းခြင်းမရှိ တာဝန်ကို လက်ခံလိုက်သောအခါ စနစ်က အံ့ဩသွားလေသည်။ တစ်ကြိမ်လက်ခံလိုက်သည်နှင့် တာဝန်မှာ ရပ်တန့်၍ မရနိုင်တော့ပါပေ။ သူက စနစ်၏ ချေမှုန်းခြင်းကို ခံရနိုင်ပေသည်။
ပုဖန်၏ ဆုံးဖြတ်ချက်က စနစ်ကို ကြောင်သွားစေသည်။ အတန်ကြာပြီနောက်ဆုံးတွင်မှ ထိုသည်က ထပ်တူညီသော အလေးအနက်အသံဖြင့် စကားပြောလာလေသည်။
“ပိုင်ရှင်က တာဝန်ကို လက်ခံပြီးပြီ ဖြစ်သည်... တာဝန်မှာ ယခုကစပြီး စတင်ပြီဖြစ်၏... နတ်ဘုရား ကြက်သားသုံးခွက်ဟင်း၏ ဟင်းချက်နည်းကို ထုတ်လွှတ်နေပါသည်... ကျေးဇူးပြုပြီး လက်ခံပေးပါ ပိုင်ရှင်...”
စနစ်၏ အသံ ထွက်ပေါ်လာပြီးနောက်တွင် ပုဖန်၏ မျက်လုံးများက လှုပ်ရှားလာတော့သည်။ နေရာတွင် ရပ်နေကာ သတင်းအချက်အလက် အများအပြားက သူ့ခေါင်းထဲသို့ တိုးဝင်လာရာ သူက အတွေးထဲတွင် နစ်မြုပ်နေတော့သည်။
သူ့၏ စိတ်ဝိညာဉ္ ပင်လယ်အတွင်း၌ အံ့ဖွယ်နဂါး၊ ဖီးနစ်ငှက်၊ ကျားဖြူနှင့် လိပ်နက်တို့မှာ လေထုအလယ်တွင် ပေါ်လာသော စာအုပ်တစ်အုပ်ကို မော့ကြည့်လိုက်လေသည်။ သူတို့က တစ်နည်းနည်းဖြင့် အံ့အားသင့်နေဟန်ရပေသည်။ ထိုသည်မှာ တစ်ခုလုံးတွင် စိတ်ဝိညာဉ် စွမ်းအင်သိပ်သည်းထားသော ရွှေရောင်စာအုပ်တစ်အုပ်ဖြစ်လေသည်။ ပြင်းထန်လှသော လှိုင်းများက ထိုအရာမှ ဖြာထွက်လာကာ အသုံးအဆောင် ဝိညာဥ်များကိုပင် ကြောက်လန့်သွားစေတော့သည်။
“အဲ့တာက... အချက်အပြုတ် နတ်ဘုရား မီနူးလား...”
“ဘာကြီး... အဲ့ပိုင်ရှင်လေးက အချက်အပြုတ် နတ်ဘုရားရဲ့ မီနူးကို ဘာလို့အစောကြီး ထုတ်လိုက်တာလဲ...”
“စနစ်က ပိုင်ရှင်လေးကို သေအောင် တွန်းအားပေးနေတာလား... အဲ့တာက ဘာလို့ အခုကို အချက်အပြုတ်နတ်ဘုရားရဲ့ မီနူးကို ထုတ်ပြနေတာလဲ...”
အသုံးအဆောင် စိတ်ဝိညာဥ်များအားလုံးက အံ့အားသင့်သွားပြီး ရွှေရောင်နတ်နဂါးနှင့် ဖီးနစ်ငှက်တို့က ဆူညံစွာ အပြန်အလှန် ပြောဆိုနေကြလေသည်။
“ဟမ်... စနစ်က ပြဿနာ ရှာနေတာပဲ... ပိုင်ရှင်လေးက ဘုံနှစ်ပါး သူတော်စင်ငယ်ပဲ ရှိသေးတာ... အချက်အပြုတ်နတ်ဘုရား မီနူးထဲက ဟင်းလျာကိုချက်ဖို့ သူ့ရဲ့ အောင်မြင်နိုင်တဲ့နှုန်းက ဘာလဲ... ၁၀ ရာခိုင်နှုန်းလား... ၂၀ ရာခိုင်နှုန်းလား... ဘာပဲဖြစ်ဖြစ် အောင်မြင်နိုင်တဲ့ နှုန်းက အရမ်းနည်းတယ်...”
ကျားဖြူက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
“အဲ့တာက ငါတို့ စိတ်ပူရမဲ့ကိစ္စမဟုတ်ဘူး... ငါတို့ရဲ့အလုပ်ပဲ လုပ်ကြစို့...”
လိပ်နက်က ပြောလိုက်ရာ ချက်ချင်းပင် စိတ်ဝိညာဥ်ပင်လယ်တစ်ခုလုံးက တိတ်ဆိတ်သွားတော့သည်။
ပုဖန်မှာ သူ့၏ စိတ်ဝိညာဉ် ပင်လယ်အတွင်း၌ မည်သည်များ ဖြစ်နေသည်ကို မသိပါချေ။ ယခုလောလောဆယ်တွင် သူက သူ့ခေါင်းထဲသို့ လောင်းထည့်နေသော အချက်အပြုတ်နတ်ဘုရား ဟင်းချက်နည်းထဲရှိ ပါဝင်မှုများကို ဖတ်ရှု နားလည်ပြီးဖြစ်လေသည်။
“နတ်ဘုရား ကြက်သား သုံးခွက်ဟင်း...”
သူက အသက်ပြင်းပြင်းရှုလိုက်ရာ ရွှေရောင် ညွှန်ကြားချက်များမှာ သူ့မျက်လုံးထဲတွင် လှည့်လည်နေပုံရလေသည်။ ဟင်းလျာမှာ ကြက်သားသုံးခွက်ဟင်းဟု အမည်ရသော ကမ္ဘာမြေပေါ်မှ ဟင်းလျာတစ်ခုမှ ဆင်းသက်လာပေသည်။ ပုဖန်မှာ ထိုသည်နှင့် အလိုလိုပင် ရင်းနှီးနေပေသည်။ သို့သော် ချက်ပြုတ်ခြင်း နည်းလမ်းကို ဖတ်ရှုပြီးနောက် သူ့၏ မျက်နှာမှာ ဆိုးဆိုးဝါးဝါးပြောင်းလဲ လာလေသည်။ သူက နောက်ဆုံးတွင် စနစ်က အဘယ့်ကြောင့် သူ့၏ အောင်မြင်နိုင်သည့်နှုန်းမှာ ၂၀ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်ကို နားလည်လာပြီး ထိုသည်မှာ အမှန်တကယ်ပင် အကောင်းဘက်မှ တွက်ချက်ထားခြင်းတစ်ခုဖြစ်ပေသည်။ သူကိုယ်တိုင်သာ တွက်ရပါက ထိုသည်မှာ ၁၀ရာခိုင်နှုန်းထက် နည်းမည်ဖြစ်ပေသည်။
ထိုသည်က ခက်ခဲလွန်းလှပေသည်။
ပုဖန်က သူ့၏ စိတ်ဝိညာဥ်ပင်လယ်ထဲတွင် စနစ်က ရည်ညွှန်းသော အချက်အပြုတ်နတ်ဘုရား မီနူးဟူသော စာအုပ်တစ်အုပ်ရှိနေသည်ကို အာရုံခံနိုင်ပေသည်။ သိုသော် သူက ထိုသည်ကို ယခုတွင် လှန်မကြည့်နိုင်ပါပေ။ အသုံးအဆောင် စိတ်ဝိညာဥ်များနှင့် သူ့၏ ဆက်နွယ်ချက်မှာပင် ပြတ်တောက်သွားပြီ ဖြစ်သည်။
မျက်မှောင်ကြုတ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်လေသည်။ သူက မီးဖိုရှေ့တွင် မတ်တပ်ရပ်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ချက်ပြုတ်နည်းထဲတွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များကို တွေးတောလိုက်သည်။
သင်မည်သည်ကို ပြုလုပ်သည်ဖြစ်စေ သူတို့က အရေးအကြီးဆုံးဖြစ်ပြီး ချက်ပြုတ်ခြင်းမှာ ပို၍ပင် အရေးကြီးပေသည်။ ချက်ပြုတ်ခြင်းတွင်ရှိသော အသေးစိတ်တိုင်းက ဟင်းလျာ၏ အရသာကို ဆုံးဖြတ်နိုင်ပေသည်။ စားဖိုမှူးတစ်ဦးအနေဖြင့် ပုဖန်က ထိုအသေးစိတ်အချက်အလက်များကို သတိတကြီး အာရုံစိုက်ရပေမည်။
ဟင်းလျာကို နတ်ဘုရား ကြက်သား သုံးခွက်ဟင်းဟု ခေါ်သည်မှာ အဓိက ဟင်းခတ်ပစ္စည်းများမှာ ပဲငံပြာရည်တစ်ခွက်၊ နှမ်းဆီတစ်ခွက်နှင့် ဆန်အရက် တစ်ခွက်တို့ဖြစ်သည့် သုံးခွက်တည်းသာဖြစ်၍ပင် ဖြစ်သည်။ ဟင်းလျာတစ်ပွဲကို ချက်ပြုတ်ရန်အတွင် ဟင်းခတ်ပစ္စည်း သုံးခွက်တည်းသာ အသုံးပြုနိုင်သည်ဖြစ်ရာ အခက်အခဲမှာ အလိုအလျောက်ပင် ကြီးမားပေသည်။
တရှဲရှဲမြည်သံတစ်ခုဖြင့် ပါဝင်ပစ္စည်းများက မီးဖိုပေါ်တွင် ပေါ်လာလေသည်။ ထိုသည်များက စိတ်ဝိညာဉ် စွမ်းအင်နှင့် မသေမျိုး စွမ်းအင် မပါရှိသည့် သာမန်ပစ္စည်းများပင်ဖြစ်ပေသည်။ အမှန်တကယ်တွင် ၎င်းတို့က ယခင်ဘဝတွင် သူဈေးထဲ၌ ဝယ်၍ရနိုင်သော သာမန် ပါဝင်ပစ္စည်းများနှင့် တူပေသည်။ သူတို့က အရည်အသွေး အထူးမြင့်မားမည်မှာတော့ အသေအချာပင်ဖြစ်ပေ၏။
အမွေးနုတ်ထားသော ကြက်တစ်ကောင်ကို ဖြူပြာရောင် ကြွေပန်းကန်လုံးတစ်ခုထဲတွင် ထည့်ထားသော်လည်း ၎င်းက အသင့်မဖြစ်သေးပါချေ။ ပုဖန်က ၎င်းကို ထပ်မံပြင်ဆင်ရန် လိုအပ်ပေသည်။ သူက အလျင်စလို အစမပြုသလို ထိုသို့လဲ မလုပ်ရဲပါပေ။ သူကျရှုံးပါက သူက ချေမှုန်းခံရမည်ဖြစ်ပေသည်။ စနစ်က ထိုသည်ကို ပြောသောအခါ ခံစားချက်မဲ့နေပေသည်။ သူအမှန်တကယ်ပင် ကျရှုံးခဲ့ပါက စနစ်က သူ့ကို တုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်ပစ်မည်ကို ပုဖန် ယုံကြည်ပါသည်။ ၎င်းက သူပိုင်ရှင်ဖြစ်နေခြင်းကြောင့် မည်သည့်ညှာတာမှုကိုမှ ပြသမည်မဟုတ်ပါချေ။
သို့ဖြစ်၍ ပုဖန်က သတိလက်လွတ် မပြုမူရဲပါ။
သူက မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ကိုယ်သူ စိတ်အေးအောင်ပြုလုပ်လိုက်သည်။ သုံးစက္ကန့် ကြာပြီးနောက် သူက အမူအရာမဲ့ မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူကျရှုံးသွားသည်နှင့် ဖျက်စီးခံရမည် မကြောက်ပါသလို အောင်မြင်နိုင်ချေ နည်းပါးသည်ကို စိတ်မအေးနေသည်လည်း မဟုတ်ပါချေ။ ယခုသူ့တွင်ရှိနေသည်မှာ တည်ငြိမ်မှုနှင့် စားဖိုမှူးတစ်ဦး၏ ယုံကြည်ချက်ပင် ဖြစ်ပေသည်။
သူက မဟူရာ လိပ်ခုံးဒယ်အိုးကို ကျားဖြူကောင်းကင်မီးဖိုပေါ်တွင်တင်လိုက်လေသည်။ မီးတောက်များက မီးဖိုထံသို့ ခုန်ဆင်းလာကာ စတင်လောင်ကျွမ်းလာပြီး ပူပြင်းမီးတောက်များဖြင့် ပေါက်ကွဲထွက်လာလေသည်။ သူ့မျက်လုံးများထဲတွင် တည်ငြိမ်မှုဖြင့် ဒယ်အိုးထဲသို့ ရေလောင်းထည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက အသက်စမ်းရေကိုအသုံးမပြုပါပေ။ သို့သော် စနစ်က ပြင်ဆင်ပေးသောရေမှာ လတ်ဆတ်ကာ ချိုမြိန်နေပေသည်။ သို့သော် ထိုသည်က စိတ်ဝိညာဥ်စွမ်းအင်နှင်ါ မသေမျိုး စွမ်းအင်များ မပိုင်ဆိုင်ပါပေ။
ရေဆူလာသောအခါ သူက ဖြူပြာရောင်ကြွေပန်းကန်လုံးထဲသို့ ကော်ထည့်လိုက်သည်။ သူက သူ့၏ လက်ဖဝါးများကို စစ်မှန် စွမ်းအင်ဖြင့် မရစ်ပတ်ပဲ ရေနွေးများကို မျက်မှောင်ကြုတ်ကာ ထည့်လိုက်လေသည်။
သူက ကြက်သားမှ အမွေးများအားလုံးကို ဂရုတစိုက် နုတ်လိုက်ပြီး အသေးငယ်ဆုံးသောအမွေးကိုပင် မချန်ရစ်ခဲ့ပါပေ။ ထိုသည်ကို သန့်ရှင်းသည်မှာ သေချာအောင် ပြုလုပ်ကာ စစ် ဆေးပြီးနောက် ထိုသည်ကို ပန်းကန်လုံးထဲမှ ဖယ်ထုတ်လိုက်ကာ စဉ်းတီတုံးပေါ်သို့ တင်လိုက်လေသည်။ သူ့လက်များက ရေနွေးများကြောင့် နီရဲနေပြီ ဖြစ်သည်။
ပုဖန်က ခေတ္တမျှ ရပ်တန့်လိုက်လေသည်။ ချက်ချင်းပင် သာမန်လူသားတစ်ဦးကဲ့သို့ တစ်ဖန် ချက်ပြုတ်နေရသည်ဟု ခံစားလိုက်ရသည်။
သူက ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ထုတ်လိုက်ရာ သူ့လက်ထဲတွင် ထွက်ပေါ်လာပြီး ကြက်ပေါင်များကို ဖယ်ရှားရန် သုံးလိုက်လေသည်။ အတုံးများအဖြစ် လှီးဖြတ်ပြီးသည့်အခါ နောက်ပိုင်းတွင် အသုံးပြုရန် ပန်းကန်တစ်ချပ်ပေါ်တွင် တင်ထားလိုက်လေသည်။
ထို့နောက် ဒယ်အိုးထဲသို့ ဆီလောင်းထည့်လိုက်သောအခါ အချိန်မကြာမီတွင် ဆူပွက်လာပြီးနောက် ကြက်သားတုံးများကို ဆီထဲသို့ ထည့်လိုက်လေသည်။ ထိုသည်မှာ သူ့၏ ကံတရားကို ဆုံးဖြတ်ပေးမည့် အရေးအကြီးဆုံး အဆင့်ဖြစ်သော နောက်လာမည့်အရေးအတွက် သူ့၏ စိတ်ဓာတ်အင်အားများ ပေါက်ကွဲထွက်မည့်အချိန် ဖြစ်ပေသည်။
ပုဖန်၏ နတ်ဘုရား ဆန္ဒများက တိုးဝှေ့လာပြီး သူ့၏ စိတ်စွမ်းအင်များက စိတ်ဝိညာဉ် ပင်လယ်ထဲတွင် လျင်မြန်စွာလည်ပတ်နေလေတော့သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးထဲ၌ အရာရာက နှေးကွေးလာလေတော့သည်။ ဒယ်အိုးထဲရှိ ဆီပူများက အေးခဲသွားဟန်ရပြီး ၄င်း၏ အမြှုပ်များက ဖြည်းညင်းစွာ မြင့်တက် ပေါက်ကွဲလာကာ မျက်နှာပြင်ကို ဖြတ်သန်းသွားလေသည်။ သူ့၏ စိတ်ဓာတ်အားအင်က ဒယ်အိုးထဲသို့ ချည်မျှင်များသဖွယ် ဝင်ရောက်သွားသောအခါ ဆီထဲရှိ အပူမှာ အသားထဲသို့ ရောနှောသွားပြီး ကျက်သွားသည်ကို တွေ့နိုင်ပေသည်။
သူ့၏ စိတ်ဝိညာဉ္ပင်လယ်ထဲ၌ အသုံးအဆောင် ဝိညာဥ်များက အသက်အောင့်ထားကြလေသည်။
“အမှားလေးတစ်ခုတောင် ဖြစ်လို့မရဘူး...”
“အချက်အပြုတ်နတ်ဘုရား မီနူးထဲက ဟင်းလျာက ပြီးပြည့်စုံအောင် ချက်ပြုတ်ရမှာ... အဲ့လိုမဟုတ်ရင် အဲ့တာက မီနူးထဲတွင် ပါမှာ မဟုတ်ဘူး...”
“အမှားလေးသေးသေးလေးဖြစ်ရင်တောင် အဲ့တာက ကျရှုံးတာပဲ... အဲ့တာဆို ပိုင်ရှင်လေးက ချေမှုန်းခံရမှာ...”
အသုံးအဆောင် စိတ်ဝိညာဥ်များက ရောနှောနေသော စိတ်ခံစားချက်များဖြင့် ကြည့်ရှုနေလေသည်။ သူတို့က အချိန်အတန်ကြာ တည်ရှိနေပြီး ဖြစ်ရာ များပြားလှသောအရာများကို မြင်ခဲ့ပြီး ဖြစ်လေသည်။ ဤအခိုက်အတန့်မှာ အလွန်စောစောရောက်ရှိလာမည်ဟု မတွေးမိခဲ့ပါပေ။ အမှန်တရားကို ဆိုရပါလျှင် ဤသည်မှာ ပိုင်ရှင်အတွက် သူတို့၏ စမ်းသပ်ချက်လည်း ဖြစ်ပေသည်။ ပုဖန်က ဤစမ်းသပ်ချက်ကို အောင်မြင်ပါက သူတို့က သူ့အား အမှန်တကယ်လက်ခံမည်ဖြစ်ပြီး အချက်အပြုတ်နတ်ဘုရားတစ်ဦးဖြစ်လာရန် လမ်းကြောင်းပေါ်တွင် စိတ်ပါလက်ပါဖြင့် ကူညီပေးမည်ဖြစ်သည်။ အသုံးအဆောင် စိတ်ဝိညာဥ်များအနေဖြင့် သူတို့က အလွန်သတိထားပြီး ကြိုးစားပေးရန် လိုအပ်သည်။
ထိုအခိုက်၌ ရွှေရောင်ဆီက အသားမှ ပန်းကန်လုံးတစ်လုံးထဲသို့ တစက်စက်ကျသွားလေသည်။ နောက်ဆုံးဆီစက်အနည်းငယ်ကို ခါချပြီးနောက် ပုဖန်က နောက်တစ်ဆင့်ကို စတင် ပြင်ဆင်လေတော့သည်။ သူက ချက်ပြုတ်နည်း၏ အဆင့်တိုင်းကို အလွတ်ရနေပြီဖြစ်သည်။
အချက်အပြုတ် နတ်ဘုရား မီနူးမှ ဤဟင်းလျာမှာ သာမန်အဖြစ်ဆုံးသော ပါဝင်ပစ္စည်းများနှင့် အကောင်းဆုံး ဟင်းလျာကို ပြုလုပ်ခြင်းအကြောင်းဖြစ်ပေသည်။ ဤသည်မှာ စားဖိုမှူးတစ်ဦးအတွက် ဟင်းချက်အရည်အသွေး အလွန်မြင့်မားရန် လိုပေသည်။ အခွင့်အရေးတိုင်းကို ပြီးပြည့်စုံစွာ ဆုပ်ကိုင်ခြင်းဖြင့်သာ စားဖိုမှူးတစ်ဦးက ဟင်းလျာတစ်ခွက်ကို ပြီးပြည့်စုံအောင် ချက်ပြုတ်နိုင်ခြင်းဖြစ်ပေသည်။
…
စားသောက်ဆိုင်၏ ပြင်ပတွင် ကြောက်မက်ဖွယ်တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။ မကြာသေးမီက ထိုးဖောက်လာသော အကျဥ်းထောင် အရှင်သခင် ယင်းလုံနှင့် ငရဲဘုရင် အာဟတို့က အနက်ရောင် နတ်ဆိုးနှင့် တိုက်ခိုက်နေလေသည်။ သူတို့တိုက်ပွဲ၏ ဆူညံသံမှာ နေရာတိုင်းတွင် ကြားနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် ကြယ်များကြားမှ အဆုံးမရှိ စစ်မြေပြင်တွင် ခွန်အားကြီး ပုဂ္ဂိုလ်အများအပြားက အရှိန်ပြင်းပြင်း တိုက်ခိုက်နေကြပေသည်။ သူတို့ ထိခတ်မိသည့်အခါတိုင်း အစွမ်းထက်စွမ်းအင်များက ဖြန့်ကျက်သွားပြီး နေရာအနှံ့ ပျံ့နှံ့သွားကာ တစ်ချို့သော အပျက်အစီးများကို ဟာလာပြင်ထဲသို့ ဆွဲသွားကာ ထပ်မံပင် ပျက်စီးသွားစေတော့သည်။
မဟာသူတော်စင်များ၏ တိုက်ပွဲမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
စားသောက်ဆိုင်ထဲတွင် နယ်သာရီက ထိုင်ခုံပေါ်တွင် ဖြူဖျော့နေသော မျက်နှာဖြင့် ထိုင်နေလေသည်။ သူမထဲမှ အဆက်မပြတ်နာကျင်မှုထိုးနှက်ချက်များက သူမ၏ မျက်ခုံးများကို ကြုံ့အောင် ပြုလုပ်နေပေသည်။
သူမ၏ လက်မောင်းကို မှီထားကာ မြေခွေးဖြူလေးက သူမ၏ လျှာလေးကို ထုတ်ကာ နယ်သာရီ၏ ပါးကို လျက်ပြီး သူမ၏ အမွေးပွပွ အမြီးလေးဖြင့် သူမ၏ ပါးများကို ပွတ်သပ်ကာ နွေးထွေးမှုတစ်ချို့ပေးပြီး သူမ၏ နာကျင်မှုကို လျော့နည်းစေလိုက်ေလသည်။
မီးဖိုချောင်ထဲတွင် ပုဖန်က ချက်ပြုတ်ခြင်းကိုသာ အာရုံစိုက်ထားလေသည်။ သူ့၏ မျက်လုံးများက ပြူးကျယ်နေပြီး နီရဲနေလေသည်။ သူက အမှားမပြုလုပ်ရဲပါပေ။ သို့ဖြစ်၍ သူက အထူးပင် အာရုံစိုက်ထားရသည်။ တစ်စုံတစ်ဦးက ဂရုတစိုက် ကြည့်ပါက မီးဖိုချောင်သုံးဓားကို ကိုင်ထားသော သူ့လက်များမှာ အနည်းငယ် တုန်ယင်နေသည်ကို မြင်နိုင်ပေသည်။ သာမန်ကဲ့သို့ ချက်ပြုတ်နေသည်ဟု ဆိုသော်လည်း အမှန်တကယ် ချက်ပြုတ်သည့်အခါ သူ့နှလုံးသားထဲမှ အကြောက်တရားကို ချိုးနှိမ်ထားရန် ခက်ခဲလှပေသည်။
ရှဲ...
သူက ဟင်းခတ်ပစ္စည်း၏ ပထမဆုံးသောခွက်ဖြစ်သည့် နှမ်းဆီကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်လေသည်။ ဆီကျက်သွားသောအခါ သူက လှီးထားသော ကြက်သွန်မိတ်နှင့် ဂျင်းကို ထည့်လိုက်လေသည်။ သူက မွှေကြော်ခြင်းကို စတင်လိုက်သည်။ သူ့၏ စိတ်ဓာတ်အားအင်က ထပ်မံ ပေါက်ကွဲထွက်လာပြီး သူ့မျက်လုံးများထဲတွင် အရာရာက ထပ်မံပေါက်ကွဲသွားဟန်ရပေ၏။
မွှေကြော်ခြင်းမှ ရနံ့မွှေးလာသောအခါ ပုဖန်က ဆီများကို စစ်ထုတ်လိုက်ပြီး အခြောက်ခံထားသော ကြက်သားများကို ထပ်ထည့်လိုက်လေသည်။ သူက ဆက်လက်မွှေကြော်ကာ ဒယ်အိုးကို လှန်မြှောက်လိုက်လေသည်။ ချက်ပြုတ်နည်းမှာ ထောင့်များ၊ အားနှင့် ဒယ်အိုးမြှောက်သည့် အရှိန်တို့အတွက် အလွန်တင်းကြပ်သော လိုအပ်ချက်များ ရှိပြီး ထိုသည်များတွင် အမှားတစ်ခုပြုလုပ်မိပါက ဟင်းလျာကို ကျရှုံးစေမည်ဖြစ်သည်။
သူ့နဖူးပေါ်တွင် ချွေးစက်များ စီတန်းထွက်လာပြီဖြစ်ပြီး သူ့မျက်လုံးများထဲရှိ သွေးကြောများက သူ့၏ အမြင်အာရုံကို တားဆီးလာပုံရပေသည်။ ပုဖန်က အလွန် ပင်ပန်းနေပြီ ဖြစ်ပေသည်။
ငါးမိနစ်ခန့် မွှေကြော်ပြီး ဒယ်အိုးကို ဆယ်နှစ်ကြိမ်ခန့် လှန်မြှောက်ပြီးသောအခါ နောက်ဆုံးတွင် ကြက်သားအရောင်မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအခိုက်၌ ပုဖန်က ဒုတိယခွက်ဖြစ်သည့် ဆန်အရက်ကို ထပ်ထည့်လိုက်လေသည်။ ထိုသည်က ဝါပြီးနောက်နေသည့် သာမန် ဆန်အရက်ဖြစ်သော်လည်း ၄င်း၏ ရနံ့က သူ့အတွက် မမေ့နိုင်ဖွယ်ဖြစ်ပေသည်။
ဆန်အရက်ကို ထည့်ပြီးသည်နှင့် ဒယ်အိုးမှာ ပေါက်ကွဲထွက်တော့မည့်ပုံရပေသည်။ ဟင်းပွဲမှာ စတင်ဆူပွက်လာပြီး လေထုကို တရှဲရှဲမြည်သံများဖြင့် ပြည့်နှက်နေစေသည်။ သူက ဒယ်အိုးကို အဖုံးတစ်ခုဖြင့် ဖုံးလိုက်ပြီး ဆူပွက်စေလိုက်လေသည်။
အတန်ကြာပြီးနောက် ပုဖန်က အသက်ပြင်းပြင်းရှုလိုက်ပြီး နောက်ဆုံး ဟင်းခတ်ပစ္စည်းကို ဆုတ်ကိုင်လိုက်ကာ ဟင်းချက်ခုံပေါ်တွင် တင်ထားလိုက်သည်။ သို့သော် သူ့၏ လက်ချောင်းများက ခွက်ကို ထိလိုက်သောအခါ သူ့ခန္ဓာကိုယ်က ရုတ်တရက် အေးခဲသွားပြီး လုံးဝပင် မလှုပ်ရှားနိုင်တော့ပါပေ။ ထိုအခိုက်၌ သူ့မျက်လုံးများထဲရှိ သွေးကြောများက ဖောင်းလာကာ ပေါက်ကွဲထွက်လာတော့သည်။ သူက သူ့၏ ရဲရဲနီနေသော မျက်လုံးများကို တဖြည်းဖြည်းပိတ်လိုက်လေသည်။ သွေးမျက်ရည်များက သူ့မျက်လုံးများ၏ ထောင့်များမှ စီးကျလာပြီး သူ့ပါးတစ်လျှောက်စီးကျသွားကာ မြေပြင်ပေါ်သို့ ကျသွားလေသည်။
ထိုအခိုက်၌ မီးဖိုထဲရှိ မသေမျိုးမီးတောက်က ပြင်းပြင်းထန်ထန် လှုပ်ရှားသွားသည်မှာ မီးသေတော့မလိုပင်။
“သွားပြီ...”
“ငလူး... ပိုင်ရှင်လေးက ကျရှုံးတော့မယ်ဟ... ဟင်းလျာက ပိုင်ရှင်လေးရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် တကယ်ပဲ အရမ်းများလွန်းတယ်... သူ့ရဲ့ စိတ်ဓာတ်အားအင်က နတ်ဘုရားစိတ်ဆန္ဒရဲ့ အဆင့်ကို ရောက်စပဲရှိသေးတာ အဲ့တာက လုံလောက်အောင် မသန်မာဘူး...”
“သူက ကျရှုံးရင် ချေမှုန်းခံရမှာ.. အချက်အပြုတ်နတ်ဘုရား တစ်ယောက်ဖြစ်လာမဲ့ လမ်းကြောင်းက လျှောက်လှမ်းဖို့ ခက်ခဲလွန်းတယ်... ပိုင်ရှင်လေးတောင်မှ အဲ့တာကို ပြီးမြောက်ဖို့ ကျရှုံးသွားတယ်...”
ပုဖန်၏ စိတ်ဝိညာဥ်ပင်လယ်ထဲတွင် အသုံးအဆောင် စိတ်ဝိညာဥ်များက ရုတ်တရက်ပြောင်းလဲမှုတွင် ထိတ်လန့်သွားပြီး သူတို့အားလုံးက သူ့၏ လက်ရှိအခြေအနေကို အာရုံခံမိကာ သက်မချလိုက်လေသည်။ အတ္တကြီးလှသော ရွှေရောင်နတ် နဂါး၊ တက်ကြွသော ဖီးနစ်ငှက်၊ ပျင်းရိဖွယ် မဟူလးရာလိပ်နှင့် ထောင်လွှားတတ်သော ကျားဖြူတို့အားလုံးက သူ့အတွက် စိတ်မကောင်းဖြစ်နေကြပေသည်။
ထိုသည်က ဤမျိုးဆက်၏ ပ်ိုင်ရှင်ကို သူတို့ပေးနိုင်သည့် နောက်ဆုံးသော ခံစားချက်ဖြစ်နိုင်ပေသည်။
စမ်းချောင်းဝါ စားသောက်ဆိုင်လေးအထဲတွင် နယ်သာရီက တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး မီးဖိုးချောင်ဆီသို့ လှည့်ကြည့်လိုက်လေသည်။ မြေခွေးဖြူလေးက သူမ၏ ခေါင်းကို မော့လိုက်သည်။
ကောင်းကင်နှင့် ကြယ်များကြားမှ စစ်မြေပြင်တွင် ဧရာမ အနက်ရောင်ခွေးတစ်ကောင်က သူ့မျက်လုံးထောင့်မှနေ၍ စားသောက်ဆိုင်ငယ်လေးအား ရှုပ်ထွေးလှသော အကြည့်တစ်ချက်ပို့လိုက်လေသည်။
ထိုအခိုက်တွင် ကောင်းကင်နှင့်မြေကြီး လယ်ကွင်းထဲ၌ ကောင်းကင်မှာ သွေးရောင်ပြောင်းသွားပြီး နျိုဟန်စန်းကို သစ်သားတဲလေး၏ ရှေ့တွင် စိတ်ရှုပ်ထွေးစွာ မတ်တပ်ရပ်နေသည်ကို တွေ့နိုင်ပေသည်။
မီးဖိုချောင်ထဲတွင် ပုဖန်၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေပေသည်။ သူ့နဖူးဆီမှ ချွေးများက တစ်တောက်တောက်ကျနေကာ သူ့မျက်လုံးထောင့်များမှ သွေးများနှင့် ရောယှက်သွားပုံရပေသည်။
ရုတ်တရက် သူ့မျက်လုံးများကို အသည်းအသန်ဖွင့်လိုက်ရာ နီရဲနေသော မျက်ဆံများက ပေါ်ထွက်လာလေတော့သည်။
***