ခွပ်
ခပ်တိုးတိုးဖြစ်သော်လည်း ရှင်းလင်းပြတ်သားသည့် ဥခွံများကွဲသံများကဲ့သို့ အသံများက လူတိုင်း၏နားထဲသို့ အတန်းလိုက် ဝင်ရောက်လာသည်။
တင်းဟောက်က မော့ကြည့်လိုက်သောအခါ ထွင်းဖောက်မြင်နေရသော အကာအရံသည် နောက်ဆုံးတွင် ပင့်ကူအိမ်များကဲ့သို့ အက်ကွဲလာသည်ကို မြင်တွေ့လိုက်ရ၏။ တရစပ်ထိုးနှက်တိုက်ခိုက်ထားသော နေရာကို ဗဟိုပြု၍ ၎င်းတို့က အရေအတွက်နှင့် သိပ်သည်းမှုပိုတိုးကာ အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားသည်။
“ပျက်စီးခါနီးနေပြီ”
“ဟားဟား ဒီနယ်နိမိတ်အစီအရင်ကြီး နောက်ဆုံးတော့ ပျက်စီးတော့မယ်”
တစ်စုံတစ်ယောက်က ဝမ်းသာအားရ ဟစ်ကြွေးလိုက်သည်။
နောက်တစ်ခဏတွင် ထွင်းဖောက်မြင်နေရသောအကာအရံသည် လူတိုင်း၏အကြည့်အောက်၌ပင် အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွား၏။ ထိုးနှက်ခံထားရသောနေရာပတ်ပတ်လည်ရှိ ဟင်းလင်းပြင်က ရုတ်တရက် စတင်ကျုံ့လာပြီး အလင်းရောင်သည်ပင် ဖိနှိပ်ခံရကာ ရွဲ့စောင်းလာသည်။ မြင်ကွင်းအတွင်းရှိ အရာဝတ္ထုအားလုံးက ပုံစံပျက်ယွင်းလာပြီး ထိုထိုးနှက်ခံထားရသော နေရာသို့ရောက်သည်အထိ ကျုုံ့သွားကြ၏။ ထိုအရာနှင့်အတူ ကောင်းကင်နှင့်မြေကြီးကြားမှ အသံအားလုံး ပျောက်ကွယ်သွားပြီး မြင်ကွင်းက ထိုနေရာ၌ပင် တန့်နေသကဲ့သို့ ခံစားလာရသည်။
သူတို့၏ကမ္ဘာကြီးက အသံလည်းမရှိ၊ အရောင်လည်းမရှိဘဲ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်ဟု လူတိုင်းခံစားလာရ၏။
နောက်တစ်ခဏတွင် အလျှင်အမြန်ကျုုံ့သွားသော နေရာက တုန်လှုပ်ဖွယ်အမြန်နှုန်းဖြင့် စတင်ပြန်ပြန့်လာသည်။ ရောင်ခြည်စက်ဝန်းများနှင့်တူသော အလင်းလှိုင်းများသည် အလင်း၏အလျင်နှင့် ပျံ့နှံ့သွားပြီး မတိုင်မီက ကျုံ့သွားကာ ပုံစံပျက်ယွင်းနေသော အလင်းရောင်နှင့် ဟင်းလင်းပြင်က ရုတ်တရက် ဖောင်းလာ၏။
နောက်တစ်ခဏတွင်….
ဘုန်း
မုန်းတိုင်းအတွင်းမှ မိုးခြိမ်းသံတစ်ခုကဲ့သို့ ကျယ်လောင်သောဆူညံသံတစ်ခုက လူတိုင်း၏နားစည်ထံ ရိုက်ခတ်လာသည်။ နောက်တစ်ခဏတွင် ထို ထိုးနှက်ခံထားရသောနေရာက နောက်ဆုံး၌ ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်၏။ အဖြူရောင်စွမ်းအင်က မီးခိုးမှိုင်းရောင်တိမ်တိုက်တစ်ခုကဲ့သို့ လေထဲသို့ အုံကြွကာ လိပ်တက်လာသည်။ တင်းဟောက်၏စိတ်မှာ ဗလာဖြစ်သွားပြီး စဉ်းစားနေချိန် မရလိုက်ချေ။ မိုးသက်မုန်တိုင်းအလယ်တွင် အန္တရာယ်ကြုံနေရသော လှေငယ်တစ်စင်းကဲ့သို့ ကြီးမားသော အင်အားတစ်ခု သူ့ထံရိုက်ခတ်လာသည်ကိုသာ ခံစားလိုက်ရသည်။
ထို့နောက် သူ့မြင်ကွင်းထဲရှိ အရာအားလုံးက အဖြူရောင်ပြောင်းသွား၏။
အချိန်မည်မျှကုန်ဆုံးသွားမှန်း သူမသိချေ။ သူ့မျက်နှာထက်တွင် ခံစားမှုအာရုံ ပြန်ရလာသောကြောင့် တင်းဟောက်က မျက်လုံးများကို ဖြည်းညင်းစွာဖွင့်ကြည့်ကာ လုံးလုံးလျားလျား ရှုပ်ပွနေသည့်အလယ်မှ သူ့ပတ်ပတ်လည်ရှိ အရာအာလုံးကို မြင်လိုက်ရသည်။ မြေကြီး၏ ပပ်ကြားအက်များထဲမှ ကျောက်စရစ်ခဲများ၊ ဖုန်မှုန့်များနှင့် မီးတောက်များ တွေ့ရ၏။ ရုတ်တရက် ၎င်းက ကမ္ဘာပျက်ကပ်မှ မြင်ကွင်းတစ်ခုနှင့် တူလာသည်။
သူက ပိုဝေးဝေးသို့လှမ်းကြည့်လိုက်သောအခါ ထွင်းဖောက်မြင်နေရသော အကာအရံနောက်ရှိ ခံ့ညားထည်ဝါသော အဆောက်အဦးပင်လယ်ကြီးမှာ ပတ်ပတ်လည်ကီလိုမီတာ အနည်းငယ်အတွင်း၌ အုတ်ကျိုးအုတ်ပဲ့များအဖြစ် ပြောင်းသွားကြ၏။ အဆောက်အဦးများက ပြိုကျနေပြီး မိုးပျံနန်းဆောင်များမှာ ဖျက်ဆီးခံလိုက်ရကာ ကျောက်တုံးနန်းတော်များ၏ အုတ်မြစ်သာ ကျန်ရစ်ခဲ့တော့သည်။ နတ်ဘုရားရုပ်တုများက အပိုင်းအစပေါင်းများစွာအဖြစ် ပေါက်ကွဲသွား၏။ နေရာမှာ မုန်တိုင်းတိုက်ခတ်ပြီးသွားသည့်နောက်ပိုင်း သဲရဲတိုက်တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ လုံးလုံးလျားလျား အဖြိုခံလိုက်ရလုနီးပါး ဖြစ်သွားပြီး ယခု အပြီးအပိုင် အပျက်အစီးများဖြစ်သွားကြပြီဖြစ်သည်။
‘နယ်နိမိတ်အစီအရင်ကို ချိုးဖျက်ပြီးတဲ့အချိန် ပေါက်ကွဲမှုက ဒီလိုကပ်ဘေးမျိုးကို ဖြစ်စေတယ်ပေါ့’
တင်းဟောက် ကြောင်အမ်းသွားသည်။
မြင့်မြတ်သောခန်းမသည် အမှန်တကယ်ပင် အလယ်ပိုင်နတ်ဘုရားကုန်းမြေ၏ အချုပ်အခြာဂိုဏ်းတစ်ခု ဖြစ်ထိုက်ပါပေ၏။ တစ်ချိန်က မည်မျှစွမ်းအားကြီးခဲ့မည်ကို တွေးတောကြည့်ရန်ပင် ခဲယဉ်းလှသည်။ ဤအရာသည် လွန်ခဲ့သော နှစ်သောင်းချီအကြာက နယ်နိမိတ်အစီအရင်တစ်ခုဖြစ်သော်လည်း ယနေ့ထိတိုင် အလွန်စွမ်းအားကြီးနေဆဲဖြစ်၏။ ယနေ့ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်မှ ထိပ်တန်းအဓိပတိပေါင်းများစွာတို့သာ လက်မတွဲခဲ့ကြလျှင် မည်သူမှ အပျက်အစီးများထဲ ဝင်နိုင်မည်မဟုတ်ချေ။
“ဘာလို့ အဲ့ဒီမှာရပ်နေသေးတာလဲ။ ချက်ချင်းဝင်မယ်လေ။ တစ်ယောက်ယောက်က ငါတို့ထက် အရင်ရောက်နေပြီ…”
ဦးလေးထျန်းရှုက ကျောက်စရစ်ခဲများနှင့် မြေကြီးများကြားမှ ခုန်ထလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို လျစ်လျူရှုကာ သူက အဝေးသို့ အမြန်ပြေးသွားတော့၏။ နယ်နိမိတ်အကာအရံ ပြိုကျသွားပြီးနောက် သူက နောက်ဆုံးတွင် အစစ်အမှန်အပျက်အစီးများထဲသို့ ခြေချနိုင်ပြီဖြစ်သည်။ ထိုမပျက်မစီးဘဲ ကျန်ရှိနေသေးသည့် ခမ်းနားကြီးကျယ်သောနန်းဆောင်တန်းများထဲတွင် ဝှက်ထားသော နတ်ဘုရားရတနာမျိုးစုံ ရှိနေနိုင်၏။
“မြောင် ချီတက်မယ်” လမိစ္ဆာ၏မျက်လုံးများကလည်း အနီရောင်ဖြစ်သွားသည်။ နတ်ဘုရားရတနာများက ရှေ့လေးတင်ရှိနေသောကြောင့် ဤမိစ္ဆာဘုရင်ကလည်း သူတို့အားလုံးကို သိမ်းယူချင်ပေလိမ့်မည်။
တင်းဟောက်က ခွေးနက်လေး၊ ကျားဖြူမနှင့် သူမ၏သားပေါက်များကို အက်ကွဲကြောင်းထဲမှ ထုတ်ပေးကာ သူနှင့်အတူခေါ်လာခဲ့ပြီး ဦးလေးထျန်းရှုနောက်မှ လိုက်လာခဲ့လိုက်သည်။
“ဟမ်”
အကာအရံ၏နောက်မှ နယ်နိမိတ်ထဲ ခြေချလိုက်သည့်အခိုက်အတန့်တွင် တင်းဟောက်သည် ခလုတ်တိုက်မိမတတ် ဖြစ်သွား၏။
ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကြီး၏စွမ်းအားက အဆပေါင်းရာချီကာ တိုးနေသည့်အတိုင်းပင်။ သူ၏ခြေထောက်များက မြေကြီးနှင့်ကပ်နေသယောင် ထင်ရပြီး အလွန်လေးလံနေသောကြောင့် မ ရွှေ့ရန် မဖြစ်နိုင်သကဲ့သို့ ခံစားရ၏။ လေထုသည်ပင် သူ၏အဆုတ်များထဲသို့ လေမဟုတ်ဘဲ ထူထဲသော သံတုံးကြီး ရှုသွင်းနေရသည့်အတိုင်းနီးပါး လေးလံနေသည်။
‘ဒါက… နိယာမတွေရဲ့အဆင့်လောက်နီးနီးရှိတဲ့ စွမ်းအားပဲ။ ဒီနေရာက နိယာမတွေရဲ့စွမ်းအားကို လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတစ်ချို့နဲ့ ပြောင်းလဲထားတာ..’ တင်းဟောက်က တုန်လှုူပ်သွား၏။
ဤအရာက နယ်နိမိတ်အစီအရင်၏ ကဗ္ဗည်းစာစွမ်းအားမျှသာမဟုတ်ဘဲ နိယာမများ၏ စွမ်းအားအစစ်ဖြစ်သည်။ ၎င်းသည် သာမန်စွမ်းအားတိုင်းထက် သာလွန်သော စွမ်းအားတစ်ခုဖြစ်၏။
သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်က အပြီးအပိုင် ဖိနှိပ်ခံလိုက်ရပြီး သူ၏မရီဒျန်များထဲမှ ဆုတ်ခွာသွားကာ ဒျန်ထျန်းများထဲသို့ ကျုံ့သွားကြသည်။ ၎င်းက လုံးဝလည်ပတ်ခြင်းမရှိတော့ချေ။ သူ၏ရေခဲချီကို ထပ်မံအသုံးပြု၍မရတော့ဘဲ သူ၏ကဗ္ဗည်းစာစွမ်းအားသည်ပင် လုံးလုံးလျားလျား ပျက်ပြယ်သွား၏။ ဤနေရာ၏နိယာမများက အပြင်နှင့်ကွာခြားနေသောကြောင့် ဤကဗ္ဗည်းစာများကို ဤနေရာ၏စိတ်စွမ်းအားနှင့် ဆက်သွယ်ရန် သို့မဟုတ် ၎င်း၏ပင်ကိုစွမ်းအားကို ငှားသုံးရန် ခက်ခဲသည်။
သူ့ဝမ်းဗိုက်ရှိ ကောင်းကင်ဘုံမီးစွမ်းအားသည်လည်း အလွန်အမင်း ဖိနှိပ်ခံထားရ၏။
သို့သော် မကြာမီ တင်းဟောက်က မတူညီသည့် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ ပိဖန်း၏စွမ်းအားနှင့် ပေါင်းစပ်ပြီးနောက် သူ၏ငရဲရေခဲချီနှင့်မတူညီစွာ ကောင်းကင်ဘုံမီးချီသည် အသုံးမပြုနိုင်သည့် အခြေအနေထိ ဖိနှိပ်ထားခြင်းမခံထားရပေ။ ထိုအစား သူက ပိဖန်း၏မီးတောက်ကို အတော်လေး အသက်သွင်းနိုင်နေဆဲဖြစ်သည်။
ဤသတိထားမိခြင်းက သူ့ကို တော်တော်လေး စိတ်သက်သာရာရသွားစေ၏။ သို့သော် တင်းဟောက်က နတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်လိုက်သောအခါ တစ်ကီလိုမီတာခန့်အကွာထိသာ ရောက်ရှိနိုင်တော့သည်။ သူတို့ကိုလည်း ဤနေရာတွင်တည်ရှိသော နိယာမတို့၏စွမ်းအားဖြင့် ဖိနှိပ်ခြင်းခံထားရ၏။
ဤရှာဖွေတွေ့ရှိမှုများတွင် ကောင်းကွက်ရော ဆိုးကွက်ပါရှိသည်။ ဤနယ်မြေတွင် သူမည်သည့် တိုက်ခိုက်ရေးနည်းလမ်းများနှင့် ဝှက်ဖဲများ ထုတ်သုံးနိုင်မည်ကို တင်းဟောက်က တိတ်တဆိတ် ချိန်ဆနေ၏။ သူက အင်အားကြီးရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင် မည်သို့တိုက်ခိုက်သင့်သည်ကို တွေးတောနေသည်။ သူရပ်နေသော နေရာ၌ ခြေလက်အင်္ဂါများကို လေ့ကျင့်ခန်းလုပ်ပေးကာ ဤစစ်တလင်းအသစ်ရှိ နိယာမများ၏စွမ်းအားကို တွေ့ကြုံခံစားလိုက်၏။
အချိန်အတန်ကြာပြီးနောက် သူက ဤစွမ်းအား၏ လေးလေးနက်နက် ပြောင်းလဲမှုများနှင့် အတော်လေးအသားကျလာသည်။
မလှမ်းမကမ်းတွင်….
စွမ်းရည်မြင့်မားပြီး စိတ်ကူးယဉ်ဆန်သော အရှင်သခင်တစ်ဦးနှင့် တူနေသည့် ဦးလေးထျန်းရှုကလည်း မြေကြီးပေါ်မှောက်လျှက် လဲကျသွား၏။ သူက အလွန်မြန်မြန်ပြေးသောကြောင့် ပြင်းပြင်းထန်ထန် ဟပ်ထိုးလဲသွားပြီး သူ၏ရွှေသွားများက ပါးစပ်ထဲမှ ကျွတ်ထွက်သွားသည်။ အကြာကြီး ညည်းညူနေပြီးမှ နောက်ဆုံးတွင် သူ ထနိုင်သွားပြီး သူ့မျက်နှာမှာ ဆိုးဆိုးဝါးဝါး ပွန်းပဲ့သွား၏။
လမိစ္ဆာမှာလည်း တော်တော်လေး ခက်ခက်ခဲခဲ လျှောက်နေရပြီး ဤနေရာရှိ စွမ်းအင်ကွင်းပြင်၏ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုရှိအောင် ကြိုးစားနေသည်။
ခွေးနက်လေး၊ ကျားဖြူမနှင့် သူမ၏သားပေါက်လေးများမှာ မည်သည့်အတွက်ကြောင့်မှန်းမသိ အကျိုးသက်ရောက်မှုကိုမခံရဘဲ ပုံမှန်အတိုင်းပင် လျှောက်နေကြ၏။
“အိုး…”
“အား…” နောက်မှ တအံ့တဩအော်ဟစ်သံများကို ကြားလိုက်ရသည်။
အပျက်အစီးများထဲသို့ တဟုန်ထိုးပြေးဝင်လာကြသော ကျန်အဓိပတိများစွာတို့သည် အားလုံးပင် သတိလက်လွတ်ဖြစ်သွားသောကြောင့် တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ် ဟပ်ထိုးလဲကုန်ကြ၏။
“သွားကြစို့”
ဦးလေးထျန်းရှုက သူ၏ရောင်ကိုင်းနေသော မေးရိုးများကိုကိုင်၍ ဒေါသတကြီးဆဲရေးကာ ကျားဖြူမ၏ ကျောပေါ်ခုန်တက်လိုက်သည်။ သူတို့က ရှေ့ဆက်ထွက်လာခဲ့ကြ၏။
တင်းဟောက်က သူ့ခြေထောက်ကို အားမာန်အပြည့်ဖြင့် မလိုက်ပြီး ကျယ်လောင်သော မြည်ဟီးသံတစ်ခုနှင့်အတူ ခုန်ကျော်လိုက်သည်။
ကမ္ဘာမြေကြီးက အက်ကွဲသွားကာ သေးငယ်သော ပပ်ကြားအက်တစ်ခု ချန်ထားရစ်ခဲ့၏။ သူက မီတာပေါင်းများစွာသို့ ခုန်ကျော်ကာ ကျားဖြူမနောက်မှ အပြေးလိုက်သွားလိုက်သည်။ သူ့နောက်တွင် ဒေသတိုင်းမှအဓိပတိများသည် မူးယစ်နေသော ကလေးငယ်များကဲ့သို့ ပတ်ဝန်းကျင်နှင့် ၎င်း၏နိယာမများကို လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ကြိုးစားနေကြ၏။
တင်းဟောက်က သူဖြတ်သွားရာနေရာတိုင်းတွင် ကျောက်စရစ်ခဲများလွင့်ပျံသွားစေပြီး နက်ရှိုင်းသော အက်ကွဲကြောင်းများ ချန်ထားရစ်ခဲ့ကာ လူပုံစံဒိုင်နိုဆောတစ်ကောင်ကဲ့သို့ ဆက်လက်ခုန်ပေါက်သွားလိုက်သည်။ သူက ဖျက်ဆီးရေးစက်တစ်ခုအတိုင်းပင်။ နိယာမများ၏ စွမ်းအားအသစ်နှင့် လိုက်လျောညီထွေမှုရှိခါစ အဓိပတိများစွာတို့သည် သူ့ကို ကြောက်လန့်တကြီး ကြည့်နေကြ၏။ တာအိုဆရာ ထျန်းရှုဇီ၏ ဤသက်တော်စောင့်မှာ ဤပတ်ဝန်းကျင်၏ ဖိနှိပ်မှုကို ခံရသည့်ပုံမပေါ်ဘဲ သူ၏ခန္ဓာကိုယ်သည် သွေးသားများနှင့် ပြုလုပ်ထားခြင်းမဟုတ်သည့်အတိုင်းပင်။
“သူက နတ်ဘုရားပစ္စည်းတွေဆီက သန့်စင်ထားတဲ့ တိုက်ပွဲဝင်ရုပ်သေးများလား”
တင်းဟောက်သည် မကြာမီ တိရစ္ဆာန်အသေတစ်ကောင်ကို တွေ့လိုက်၏။ ဧရာမမြေခွေးမိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်က ရှေးဟောင်းအဆောက်အဦးများကြားတွင် လမ်းပေါ်တွင် လဲကျနေပြီး ၎င်း၏အတွင်းအဆီအနှစ်မှာ ထုတ်ယူသွားခံလိုက်ရပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် ၎င်း၏အလွန့်အလွန်စွမ်းအားကြီးသော မိစ္ဆာစွမ်းအားကို လျှို့ဝှက်နည်းလမ်းအချို့နှင့် ဆွဲထုတ်သွား၏။
‘ဒီမြေခွေးမိစ္ဆာက အနည်းဆုံး အဆင့်မြင့်တော်ဝင်မိစ္ဆာတစ်ကောင် ဖြစ်ရမယ်။ ဒါပေမယ့် သူက သူတောင်းစားတစ်ယောက်သာသာ လမ်းဘေးမှာ သေသွားရတယ်’
တင်းဟောက်က သက်ပြင်းချလိုက်သည်။
သူတို့က ရှေ့ဆက်ခဲ့ကြသောအခါ သွေးနှင့်အလောင်းများကို အလွန်များပြားစွာ မြင်တွေ့လာရ၏။ ဒေသတိုင်းမှ အဓိပတိများ သေဆုံးနေကြသည်။
ဤသိုင်းသမားများသည် အလွန်အမင်း ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော သေဆုံးခြင်းဖြင့်် သေနေကြခြင်းဖြစ်၏။ သူတို့အားလုံးက အရိုးမြှုပ်တောအုပ်အပြင်ရှိ ဒေသများတွင် ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ငလျင်တစ်ခုဖြစ်စေနိုင်သော သူရဲကောင်းများဖြစ်ကြသည်။ သူတို့၏ခေါင်းဆောင်မှုအောက်တွင် အရေမတွက်နိုင်သော တပည့်များစွာရှိပြီး သူတို့အလိုရှိသည့် မည်သည်ကိုမဆို လုပ်ဆောင်နိုင်ကြ၏။ သို့သော် သူတို့က ဤနေရာတွင် အမျိုးအမည်မသိသော နည်းလမ်းအချို့ဖြင့် သတ်ဖြတ်ခံလိုက်ရပြီး သူတို့အလောင်းကို ကောက်ပေးမည့်သူပင် မရှိချေ။
သူတို့သည် စောစောက ပေါက်ကွဲမှု၏လှိုင်းများကြောင့် ဖျက်ဆီးခံလိုက်ရသည့် ခံ့ညားထည်ဝါသော အဆောက်အဦးများနှင့် ရှေးဟောင်းလက်ရာများကို ဖြတ်လျှောက်လာကြ၏။ တစ်ကီလိုမီတာနီးပါးအကွာတွင် အလောင်းပေါင်း ၂၀ကျော်ကို တွေ့ရပြီး အားအနည်းဆုံးသူကပင် တင်းဟောက်၏ကျင့်ကြံမှုနယ်ပယ်ထက် မြင့်လေသည်။ တင်းဟောက်သည် သူ့ကိုယ်သူ တိုက်ပွဲ၌ ဤပြိုင်ဘက်များကို အနိုင်ယူပါမည်လောဟု မရေမရာဖြစ်လာ၏။
သူတို့က ရှေးဟောင်းမြို့တော်တစ်ခုအတွင်း လျှောက်လှမ်းနေသကဲ့သို့ ရွှေရောင်အဆောက်အဦးတန်းကြီးက မဆုံးနိုင်အောင်ရှိနေသည်။
ပုံစံမျိုးစုံသော အိမ်များနှင့် ကျောက်တုံးခန်းမများက လမ်း၏နှစ်ဘက်လုံးတွင်ရှိနေပြီး လမ်းပေါ်တွင် ဖုန်မရှိသလောက်ပင်။ ဤအဆောက်အဦးများ၏ ပုံစံနှင့်ဒီဇိုင်းက အာခီအန်ခေတ်ကာလများကတည်းက တည်ရှိခဲ့သော သူတို့၏သက်တမ်းကို ပြသနေသည်။ ကျန်သည့်အရာများအားလုံးက အလွန့်အလွန် သစ်လွင်နေ၏။ ဤရှေးဟောင်းအဆောက်အဦးတန်းကြီးထဲတွင် လူအုပ်များစွာ သွားလာနေသကဲ့သို့ သူတို့ခံစားလိုက်ရပြီး ရုတ်တရက် ထိုလူအုပ်များက ပျောက်ကွယ်သွားသည်။
သူတို့က ရှေးဟောင်းအဆောက်အဦးအစုအဝေးထဲသို့ လမ်းကျဉ်းလေးအတိုင်း လျှောက်လာကြစဉ် လမ်းက ကျယ်သည်ထက်ပိုကျယ်လာပြီး အဆောက်အဦးများက ပိုမြင့်သည်ထက် မြင့်လာကြ၏။
နောက်ဆုံးတွင် သူတို့က အင်ပါယာနန်းဆောင်များနှင့်တူသော မြင့်မြတ်ပြီး ခမ်းနားကြီးကျယ်သည့် အဆောက်အဦများ မျက်စိတစ်ဆုံးရှိရာ နေရာထံ ရောက်ရှိလာကြသည်။ အများစုမှာ တစ်မူထူးခြားကာ ရှေးဆန်ပြီး ရွှေရောင်ကျောက်တုံးများမှ ထွင်းထုထားသော ကျောက်အုတ်များဖြင့် တည်ဆောက်ထား၏။ သူတို့က အာခီအန်ခေတ်နှောင်းပိုင်းကာလ ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ခံ့ညားထည်ဝါသော်လည်း ရိုးရှင်းသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံးသည် အလွန်အမင်း တိတ်ဆိတ်နေ၏။
အခါအားလျော်စွာ အဝေးမှ တိုက်ခိုက်သံများနှင့် အော်ဟစ်သံများ ပြတ်တောင်းပြတ်တောင်း ကြားရသည်။ သူတို့ရှေ့မှ ဝင်သွားကြသော အဓိပတိများမှာ လူသတ်အစီအရင်တစ်ခုနှင့် ရင်ဆိုင်နေရခြင်း သို့မဟုတ် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြခြင်းတို့က ဖြစ်နိုင်ချေအရှိဆုံးဖြစ်ပြီး ဤရှေးဟောင်းအဆောက်အဦးတန်းကြီးကို ပို၍ ခြောက်ခြားစရာကောင်းကာ ရက်စက်ကြမ်းကြုတ်သော နေရာတစ်ခုဖြစ်အောင် ပြုလုပ်နေကြ၏။
ဤသို့ကြီးမားသော အဆောက်အဦးအစုအဝေးကြီးကိုကြည့်ကာ သူ၏ရွှေခေတ်များအတွင်း၌ မြင့်မြတ်သောခန်းမ၏ တပည့်အရေအတွက်ကို ခန့်မှန်းကြည့်နိုင်သည်။ သူတို့သည် တိမ်တိုက်များ သို့မဟုတ် မိုးစက်များကဲ့သို့ များပြားလောက်ပြီး ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သည်အထိ စွမ်းအားကြီးသော ကြောက်မက်ဖွယ်အင်အားစုတစ်ခု ဖြစ်နိုင်၏။
တင်းဟောက်နှင့် အခြားသူများက အလွန်သတိကြီးစွာဖြင့် ရှေ့ဆက်လာခဲ့ကြသည်။ ဤငြိမ်းချမ်းသယောင်ထင်ရသော နေရာတွင် မရေမတွက်နိုင်သော ထောင်ချောက်များနှင့် အစီအရင်များစွာ ရှိ၏။ ဤနေရာတွင် သတိမရှိသောလူတစ်ယောက်သည် မြှုပ်စရာနေရာပင်မရှိဘဲ သေဆုံးရပေလိမ့်မည်။
တင်းဟောက်က နတ်ဘုရားအသိစိတ်ကို တစ်ချိန်လုံး ထုတ်လွှတ်ထားပြီး ပတ်ပတ်လည်ရှိ မည်သည့်လှုပ်ရှားမှုကိုမဆို အာရုံခံမိစေရန် ကြည့်ရှုနေသည်။ သိလိုစိတ်နှင့်အတူ သူက သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သေချာစွာ စူးစမ်းလေ့လာနေ၏။
ကိစ္စတစ်ခုက တင်းဟောက်စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အထင်ကြီးမှု ကျန်ရစ်စေခဲ့သည်။
ဤရှေးဟောင်းအဆောက်အဦးအစုအဝေးထဲတွင် ကောင်းကင်ဘုံထောက်တိုင်များနှင့်တူသော နတ်ဘုရားရုပ်ထုများကို နေရာတိုင်းတွင် တွေ့ရပြီး အားလုံးက မီတာရာချီနီးပါးမြင့်၏။
ဤရုပ်ထုများသည် လူသားများ၊ မိစ္ဆာများနှင့် ဧရာမသားရဲကြီးများ၏ ပုံစံအတိုင်း ထွင်းထုထားပြီး အားလုံးက ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားပြီး သူတို့လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားသည်။ နှစ်ပေါင်း တစ်သောင်းနီးပါး ကြာမြင့်ပြီးနောက် သူတို့သည် အလွန်အမင်း အသက်ဝင်နေဆဲပင်။ ထိုရုပ်ထုများတွင် ထူးဆန်းသောစွမ်းအားတစ်ခုကို ဝိုးတဝါးမြင်ရပြီး လူတစ်ယောက်ကို အသည်းတုန်စေနိုင်သည်။ ထိုရုပ်ထုများသည် စူးစမ်းလေ့လာသူများ ပိုနီးနီးကပ်လာသည်နှင့် ရုတ်တရက် မျက်လုံးများပွင့်ကာ အသက်ဝင်လာတော့မည့်အတိုင်း ထင်မှတ်ရ၏။
“သူတို့အကုန်လုံးက… သူတော်စင်အဆင့် အဓိပတိတစ်ယောက်ပဲ ထွင်းထုနိုင်တဲ့ နတ်ဘုရားရုပ်ထုတွေပဲ။ သိုင်းအဆီအနှစ်တွေ တော်တော်များများကို စုစည်းခဲ့ရမှာ…”
ဦးလေးထျန်းရှုမှာ သွားရေကျလုမတတ်ဖြစ်သွားသည်။ သူက အိုးနက်ကိုဝေ့ယမ်းကာ ထိုရုပ်ထုများကို အထဲသို့ထည့်ရန် ကြိုးစားလိုက်၏။
ကံဆိုးစွာဖြင့် ထိုနတ်ဘုရားရုပ်တုများက အမြစ်တွယ်နေသကဲ့သို့ ထင်မှတ်ရသည်။ တင်းဟောက်၏ ဧရာမခွန်အားနှင့် ကြိုးစားကြည့်သည်ကိုပင် သူတို့က လှုပ်ပင်မလှုပ်ချေ။ ဦးလေးထျန်းရှုက ကျောက်တုံးဖြင့် ထွင်းထုထားသည့်ပုံပေါ်သော ရုပ်ထုတစ်ခုကို အိုးနက်ဖြင့် ရိုက်လိုက်သည်။ သတ္တုချင်း ထိခတ်မိသွားသကဲ့သို့ မီးပွားများ ပန်းထွက်သွားသော်လည်း ရုပ်ထုပေါ်တွင် မည်သည့်အရာမှ လုံးဝ ကျန်မနေခဲ့ချေ။
***