“ချီးပဲ ပိုကောင်းကောင်းကြိုးစားစမ်းပါ။ ဒီလောက်အကွာအဝေးလေးတောင် မရွှေ့နိုင်ရင် ကျန်တာတွေကို ဘယ်လိုလုပ်ရှာမှာလဲ”
ဦးလေးထျန်းရှုက ဆဲရေးကာ သူစီးလာသော ကျားဖြူမကို လျှပ်စီးကဲ့သို့အလျင်ဖြင့် ရှေ့ဆက်သွားရန် လောဆော်လိုက်သည်။ မည်သည့်အတွက်ကြောင့်မှန်းမသိ ကျားဖြူမသည် နိယာမစွမ်းအားများ၏ စွမ်းအားဖြင့် ထိခိုက်မိခြင်းမရှိပေ။ သူမက အဆောက်အဦးများနှင့် ကျောက်တုံးခန်းများကြားတွင် အဖြူရောင်လျှပ်စီးတန်းတစ်ခုကဲ့သို့ ခုန်ပေါက်ကာ ယခင်အတိုင်း လွတ်လွတ်လပ်လပ် ရွေ့လျားနေဆဲဖြစ်သည်။ ဦးလေးထျန်းရှုက သူမကျောပေါ်တွင် စီးနင်းလိုက်ပါလာ၏။ သူတို့က အလွန်လျင်မြန်စွာ ရွေ့လျားသောကြောင့် အမြောက်ဆန်ကဲ့သို့ ချီတက်နေသော တင်းဟောက်ကို လိုက်မီနေဆဲဖြစ်သည်။
ဦးလေးထျန်းရှုသည် ရံဖန်ရံခါ သူ၏အနက်ရောင်ရှေးဟောင်းမြေပုံကိုထုတ်ကာ လေ့လာပြီး သူတို့၏ဦးတည်ရာကို ပြန်ညှိတတ်၏။ ဤခွကျသော လူအိုကြီး၏ဦးဆောင်မှုကြောင့် တင်းဟောက်နှင့် အပေါင်းအဖော်များသည် ရှေ့ဆက်လာခဲ့ရာတွင် မည်သည့်လူသတ်အစီအရင်များ သို့မဟုတ် ထောင်ချောက်များကိုမှ မမိခဲ့ကြပေ။
သူတို့က မီတာ ငါးထောင်မှ ခြောက်ထောင်အထိသာ ရွေ့လျားခဲ့ကြသော်လည်း ဤခန်းနားသော အဆောက်အဦးများ၏ အစွန်အဖျား၌သာ ရှိနေသေးသည်။ ကျောက်တုံးခန်းမအများစုသည် ကျောက်စားပွဲများနှင့် ခုံအနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး ဗလာဖြစ်နေ၏။ သူတို့က အလွန်သာမန်ဆန်လှပြီး လုံးဝမူမမှန်သည့်အရာ မရှိချေ။
ပိုကြီးသော ကျောက်တုံးခန်းမနှင့် အဆောက်အဦးအချို့တွင် သူတို့က သံချေးတက်ဓါးများ၊ ဆေဘာများနှင့် အခြားလက်နက်အနည်းငယ်တို့ကို ဖြတ်ကျော်ခဲ့ရသည်။ ဤအဆောက်အဦးများသည် တစ်ချိန်က မှော်လက်နက်များ သို့မဟုတ် အဖိုးတန်လက်နက်အချို့ကို ထိန်းသိမ်းထားခဲ့ရာ ဖြစ်သော်လည်း သူတို့၏စိတ်ဝိညာဉ်ချီမှာ အချိန်၏တိုက်စားမှုကြောင့် အချိန်အကြာကြီးကတည်းက ကုန်ခမ်းသွားပြီဖြစ်၏။ သူတို့ကို ထက်ရှသော လက်နက်များအဖြစ်သာ သတ်မှတ်နိုင်တော့သည်။ အလည်အပတ်ရောက်လာသော အဓိပတိများထဲမှ တစ်ဦးတစ်ယောက်မှ သူတို့ကို လိုချင်တပ်မက်လိမ့်မည် မဟုတ်ချေ။
ဦးလေးထျန်းရှုကတော့ အမှန်တကယ်ပင် ခြွင်းချက်ဖြစ်သည်။ သူသွားလေရာတိုင်းတွင် ခံ့ညားသော တာအိုဆရာတစ်ဦး၏အမူအရာနှင့် ဤလူအိုကြီးသည် ကျောက်တုံးခန်းမများနှင့် အဆောက်အဦးများထဲရှိ လက်နက်တိုင်းကို အိုးနက်ထဲသို့ ထည့်သွင်းလိုက်၏။
“ဟီးဟီး ဒါတွေအကုန်လုံးက ကောင်းမွန်တဲ့ ကိရိယာတွေချည်းပဲ။ သူတို့ကို အမြင်ရှိတဲ့ဖောက်သည်ဆီ ယူသွားရင် ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရတယ်” သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
တင်းဟောက်က အေးစက်စွာ နှာမှုတ်လိုက်၏။
သူ့ခြေထောက်နှင့်တွေးကြည့်လျှင်ပင် ဤကလိန်ကကျစ်အဘိုးကြီးသည် ဤအသုံးမဝင်သော ရှေးဟောင်းပစ္စည်းများနှင့်အတူ သူ၏လှည့်ကွက်များကို ထပ်မံသုံးတော့မည်ဖြစ်ကြောင်း သူသေချာပေါက်သိသည်။ သူက သေချာပေါက် အမြင်ရှိသော ဝယ်သူကိုရှာမည်မဟုတ်ဘဲ အယုံလွယ်သော အရူးများကိုသာ ရှာမည်ဖြစ်၏။
“ငါတို့ ပိုမြန်မြန်သွားရမယ်။ ပြောကြတာတော့ ခမ်းနားထည်ဝါတဲ့အဆောက်အဦးပင်လယ်ရဲ့ အတွင်းပိုင်းထဲမှာ မိုးထိအောင်မြင့်တဲ့ ဗုဒ္ဓဘုရားတစ်ဆူရှိတယ်တဲ့။ အဲ့ဒါက မြင့်မြတ်တဲ့ခန်းမရဲ့ မြို့တော်မဏ္ဍိုင်ဖြစ်ခဲ့ပြီး ရတနာတွေသိုလှောင်ရာအစစ်တဲ့။ မြင့်မြတ်တဲ့ခန်းမရဲ့ နတ်ဘုရားရတနာသုံးမျိုးဖြစ်တဲ့ အချိန်စည်း၊ ကောင်းကင်ဘုံဆမ်ဆာရာစက်ဝန်းနဲ့ နတ်ဘုရားဖိနှိပ်ခြင်းချိပ်တံဆိပ်တို့ အကုန်လုံးကို မိုးထိအောင်မြင့်တဲ့ ဗုဒ္ဓစေတီတော်ရဲ့ ၉၉ထပ်မှာထားတယ်လို့ ကောလဟာလရှိတယ်…”
ဦးလေးထျန်းရှုူက အဝေးသို့ကြည့်ကာ မနေနိုင်တော့ဘဲ သွားရေများကျလာသည်။
“ခင်ဗျားကြည့်ရတာ ဒီနေရာနဲ့ အရမ်းရင်းနှီးနေသလိုပဲ” တင်းဟောက်က အနည်းငယ်ထူးဆန်းနေသည်ကို သတိထားမိလိုက်၏။
“ဒါပေါ့။ ငါက ကမ္ဘာကြီးကိုလှည့်ပတ်သွားလာဖို့ ဇာတိမြေက ထွက်ခွာခဲ့တာ ဆယ်စုနှစ်တွေတောင် ကြာသွားပြီ။ ငါ့ဘဝသက်တမ်းအများစုကို လမ်းပေါ်မှာပဲ အချိန်ကုန်ဆုံးခဲ့တာ။ ငါစောင့်နေတာက ဒါမျိုးမဟုတ်ဘူးလား။ ဟားဟား မြင့်မြတ်တဲ့ခန်းမရဲ့ ဒဏ္ဍာရီတွေနဲ့ သမိုင်းနောက်ခံက ငါ့ဘဝထက် ပိုကောင်းတာ ဘယ်သူမှမသိဘူး” ဦးလေးထျန်းရှုက အလွန်ဂုဏ်ယူနေ၏။
ထိုသို့ဆိုလာသောအခါ တင်းဟောက်က ထိုအကြောင်း ထပ်မမေးသင့်တော့ပေ။ ထို့ကြောင့် သူက ပါးစပ်ပိတ်နေလိုက်သည်။
ဦးလေးထျန်းရှုတွင် မဖွင့်ဟလိုသော လျှို့ဝှက်ချက်များစွာ ရှိရပေမည်။ အနည်းဆုံးအနေဖြင့် တင်းဟောက်သည် ယခုအချိန်ထိ သူ၏ခွန်အားကို မမှန်းဆနိုင်သေးပေ။ သူက သူကိုင်ဆောင်ထားသော အိုးနက်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လေသည်။
ခမ်းနားထည်ဝါသော အဆောက်အဦးပင်လယ်ကြီးသည် ပျောက်ဆုံးနေသော ခြံဝန်းတစ်ခုနှင့်တူပြီး တိတ်ဆိတ်ကာ လျှို့ဝှက်ဆန်းကြယ်၏။ အလယ်ပိုင်းနယ်မြေမှ စွမ်းအားကြီးအဓိပတိပေါင်း တစ်သောင်းနီးပါး ဤနေရာတွင် ရောက်ရှိနေကြသည်။ သို့သော် သူတို့သည် ကန္တာရထဲမှ သဲမှုန်တစ်မှုန် သို့မဟုတ် ပင်လယ်ထဲသို့ကျဆင်းလာသော မိုးစက်တစ်စက်နှင့်တူပြီး မည်သည့်ရိုက်ခတ်မှုကိုမှ ဖန်တီးနိုင်ခြင်းမရှိပေ။ ယခုအချိန်ထိ တင်းဟောက်နှင့် သူ့အပေါင်းအသင်းများသည် အသက်ရှင်နေသည့် တစ်ဦးတစ်ယောက်ကိုမှမတွေ့ဘဲ အလောင်းများကိုသာ တွေ့နေရ၏။
တစ်ခါတစ်ရံ မီးတောက်တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားတတ်ပြီး တစ်ခါတစ်ရံတွင်လည်း အဓိပတိတစ်ဦးက လူသတ်အစီအရင်တစ်ခုကို အသက်သွင်းမိသွားခြင်း သို့မဟုတ် ထိခိုက်မှုတစ်ခုနှင့် ကြုံရခြင်းကို ညွှန်ပြနေသော အော်သံတစ်ခုကို ကြားရတတ်သည်။
အမြင်အားဖြင့် ငြိမ်သက်အေးချမ်းသည်ဟုထင်ရသော ရှေးဟောင်းအဆောက်အဦး အစုအဝေးထဲတွင် အဓိပတိများသည် သမုဒ္ဒရာထဲမှ ပုရွက်ဆိတ်များကဲ့သို့ အားနည်းကာ မထင်မရှား ဖြစ်သွားရ၏။
တင်းဟောက်က တဖြည်းဖြည်းနှင့် အရာအားလုံးကို နေသားကျခါစအချိန်တွင် သူ့ခေါင်းထက်မှ ရုတ်တရက် မြည်ဟိန်းသံတစ်ခုကို ကြားလိုက်ရသည်။ ခမ်းနားထည်ဝါသောအဆောက်အဦးပင်လယ် အထက်ရှိ ကောင်းကင်ယံသည် ရုတ်တရက် မှောင်မိုက်လာပြီး မူလက သာယာသောကောင်းကင်တွင် တိမ်မည်းများ ကြီးစိုးလာ၏။
“ဒါက….” တင်းဟောက်၏ စူးရှသောဆဌမအာရုံက သူ့ကိုကြိုတင်သိပေးနေကာ မသက်မသာ ခံစားလာရစေသည်။ ကြောက်မက်ဖွယ်တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု သူအာရုံခံမိနေ၏။
ဦးလေးထျန်းရှု၏မျက်နှာထက်မှ အမူအရာကလည်း တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ မည်းမှောင်သွားသည်။
နောက်တစ်ခဏတွင် ကောင်းကင်ယံရှိ အဆုံးမဲ့တိမ်မည်းများသည် ရုတ်တရက် အရိပ်အယောင်မပြဘဲ စတင်ဝဲကတော့ထိုးလာ၏။ မုန်တိုင်းထန်သော ညတစ်ည၌ သမုဒ္ဒရာထဲမှ ဝဲကတော့များအတိုင်း မရေမတွက်နိုင်သော ပုံသဏ္ဍာန်အမျိုးမျိုးနှင့်ဝဲများ ပေါ်လာသည်။ သူတို့က ပိုပိုပြီးလျှင်မြန်စွာ ဝေ့လည်လာပြီး နောက်ဆုံးတွင် ထိုဝဲကတော့များ မည်မျှမြန်မြန် လှည့်ပတ်နေသည်ကို ပကတိအမြင်အာရုံဖြင့်ပင် မြင်နိုင်လာ၏။
ရုတ်တရက် တင်းဟောက်၏စိတ်မသက်မသာဖြစ်မှုက အမြင့်ဆုံးရောက်လာသည့်အချိန်တွင်..
ဘုန်း
ကောင်းကင်ယံရှိ တိမ်မည်းများသည် မမြင်ရသော အဝေးထိန်းကိရိယာကြောင့် တန့်သွားသော ရုပ်ရှင်ပြကွက်တစ်ခုကဲ့သို့ ရုတ်တရက် လှည့်လည်မှုရပ်တန့်သွား၏။ ထောင်ချီသော တိမ်မည်းဝဲကတော့များသည် အလွန်လျင်မြန်သော အရှိန်ဖြင့် အရူးအမူး ကတော့ထိုးနေဆဲဖြစ်သည်။ ထို့နောက် သူတို့ထံမှ အလင်းတန်းတစ်ခု ပြေးထွက်လာ၏။ ဝဲကတော့များက စတင်ပျောက်ကွယ်သွားသည်။ ပိုးကောင်တွင်းတစ်ခုကဲ့သို့ ဝိုင်းစက်သော အလင်းဝင်ပေါက်တစ်ခုက လေဟာနယ်ထဲတွင် ပေါ်လာ၏။ ၎င်းက အချင်းမီတာရာပေါင်းများစွာရှိပြီး နတ်ဆိုးတို့၏နယ်မြေထံ ဦးတည်နေသော နေရာလွတ်လမ်းကြောင်းတစ်ခုကဲ့သို့ နားကွဲမတတ် ကြောက်မက်ဖွယ်အော်သံများကို ထိုထဲက ကြားနေရသည်။
သူမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ထောင်ချီသော ဧရာမမျက်လုံးကြီးများက ရုတ်တရက် ပွင့်လာသယောင် ထင်မှတ်ရ၏။ သူတို့က ချောက်ချားစရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်နေသည်။
“ဒါက… ငရဲသစ်ငုတ်တိုဂိတ်လား” ဦးလေးထျန်းရှု၏မျက်နှာထက်တွင် အဆုံးစွန်ထိ တုန်လှုပ်သွားပုံ ပေါ်လာ၏။ “ဒဏ္ဍာရီက မှန်နေတာလား။ မြင့်မြတ်တဲ့ခန်းမက တကယ်ပဲ ပရလောကကိုသွားတဲ့ နေရာလွတ်ဝင်ပေါက်ကို ထိန်းချုပ်ထားတာလား”
“ငရဲသစ်ငုတ်တိုဂိတ်”
တင်းဟောက် အတော်လေး တုန်လှုပ်သွား၏။ ၎င်းက အတော်လေးချောက်ချားစရာကောင်းသည့် နာမည်ဖြစ်သည်။
နောက်တစ်ခဏတွင်…
ဝိုင်းစက်သည့်အလင်းဝင်ပေါက်ထဲမှ တစ်စုံတစ်ခု ပေါ်ပေါက်လာသည်။ ဧရာမစပါးအုံးနက်ကြီးလေးကောင်နှင့် ဆင်တူသော အနက်ရောင်ကွင်းဆက်လေးခုသည် အလင်းဝင်ပေါက်ထဲမှ စိတ်မရှည်စွာ ထွက်ပေါ်လာကြ၏။ သူတို့ကို လေထဲတွင်ဝှီးခနဲဖြတ်ကာ မြေကြီးကို ရိုက်ခတ်လိုက်၏။
ဝိုင်းစက်သော အလင်းဝင်ပေါက်များထဲမှ တစ်ခုက တင်းဟောက်နှင့် သူ့အပေါင်းအသင်းများအပေါ်သို့ ရောက်ရှိလာသည်။
ထိုအနက်ရောင်ကွင်းဆက်များသည် ပထမ၌ အန္တရာယ်များပုံမပေါ်သော်လည်း မြေကြီးကို ရိုက်ခတ်မိသွားသောအခါ ကြီးမားသော ရက်စက်ကြမ်းကြုတ်မှုကိုပြသလာ၏။ ကွင်းဆက်များ၏ အပါးဆုံးအပိုင်းသည်ပင် အနည်းဆုံးအချင်း ၂၀ သို့မဟုတ် ၃၀မီတာရှိသည်။ သူတို့က အနက်ရောင်တောင်တန်းများကဲ့သို့ ဝုန်းခနဲပြုတ်ကျလာကြ၏။ ကွင်းဆက်တစ်ခုစီ၏ အဆုံးတွင် အချင်း မီတာငါးဆယ်ကျော်နှင့် အနက်ရောင်အကန့်သုံးကန့်ပါသည့် ကိုယ်ထည်တစ်ခုပါရှိပြီး သံမဏိတောင်ကုန်းအသေးစားလေးတစ်ခုကဲ့သို့ ထုနှက်လာသည်။
အုန်း
သူ့ခြေထောက်အောက်မှ မြေကြီးက ပြင်းပြင်းထန်ထန် တုန်ခါလာသည်ကို တင်းဟောက်ခံစားလိုက်ရ၏။ ကွင်းဆက်လေးခုသည် အကန့်သုံးကန့်ရှိသော တောင်လေးလုံးက မြေကြီးကို လာထုနှက်နေသည်နှင့်တူပြီး လမ်းခင်းထားသည့် ရွှေရောင်ကျောက်တုံးလေးတုံးကို အပေါက်ဖြစ်သွားစေကာ မြေကြီးထဲသို့ မီတာရာပေါင်းများစွာအထိ ထိုးစိုက်ဝင်သွားသည်။
ဤအနက်ရောင်ကွင်းဆက်များကို မည်သည့်ပစ္စည်းမျိုးဖြင့် ပြုလုပ်ထားမှန်း သူမသိသော်လည်း သူတို့က သတ္တုရောင် စိုလက်တောက်ပနေ၏။ သက်ရှိသတ္တဝါတို့၏ရောင်ဝါများ တလိပ်လိပ်တက်နေပြီး သူတို့က အသက်ရှိနေသကဲ့သို့ပင်။
ချိတ်ဆက်ထားကြသော ကွင်းဆက်လေးခုသည် အနက်ရောင်အလင်းများ ထုတ်လွှတ်နေ၏။ တဖြည်းဖြည်းနှင့် အချင်းမီတာတစ်ရာခန့်ရှိသော အနက်ရောင် အကျဉ်းခန်းတစ်ခန်း ပေါ်ပေါက်လာသည်။
“အိုး မဟုတ်ဘူး…” တင်းဟောက်က သူ၏ခွန်အားကို ညာဘက်လက်သီးတွင် စုစုည်းလိုက်၏။ သူ့လက်သီးမှ ခရမ်းရောင်မီးတောက်က နဂါးတစ်ကောင်အဖြစ် ပြောင်းသွားကာ တဟုန်ထိုးပြေးထွက်သွားပြီး ဟိန်းဟောက်၍ အနက်ရောင်အကျဉ်းခန်းနံရံကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်သည်။
ဤအနက်ရောင်အလင်းအကျဉ်းခန်းတွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာ၏။ ခရမ်းရောင်မီးတောက်လက်သီး၏စွမ်းအားက ချက်ချင်းပြန်ကန်ထွက်လာသည်။
တင်းဟောက် တုန်လှုပ်သွား၏။ ဤအင်အားက ထျန်းရှု၊ လမိစ္ဆာနှင့် သူ၏အခြားအဖော်များကို ထိခိုက်စေမည်ကို သူစိုးရိမ်သွားသည်။ သူက လက်ဝါးပေါင်း တစ်ဒါဇင်ကို တရစပ် တန်းစီထုတ်လွှတ်ကာ ခရမ်းရောင်ကောင်းကင်ဘုံနဂါးမီးတောက်လက်သီးကို ဖြန့်ကျက်လိုက်၏။ သူ၏ခန္ဓာကိုယ်မှာ ပြန်ကန်အားကြောင့် မီတာပေါင်းများစွာအကွာသို့ နောက်ပြန်လွင့်ထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း အနက်ရောင်အလင်းအကျဉ်းခန်းက အပြည့်အဝ ပုံပေါ်လာ၏။ တင်းဟောက်နှင့် အခြားသူများမှာ ထိုအထဲတွင် အကျဉ်းချခံလိုက်ရသည်။
နောက်ဘာဆက်ဖြစ်ဦးမည်နည်း။
တင်းဟောက်သည် ပိုပိုပြီး စိတ်တထင့်ထင့် ဖြစ်လာ၏။
သူက ဤအနက်ရောင်အကျဉ်းခန်း၏ အလင်းနံရံများကို စူးစိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် တူညီသော အနက်ရောင်အကျဉ်းခန်းများ ထောင်ချီ၍ ပေါ်ပေါက်လာ၏။ သူတို့က ဤနေရာတွင် ထောင်ချီသော အနက်ရောင်အလင်းထောက်တိုင်များ ရုတ်တရက်ပေါ်လာသကဲ့သို့ ထိုကတော့ထိုးနေသော အလင်းဝင်ပေါက်ထံ ချိတ်ဆက်ထားသည်။
“သတိထား ဗဟိုနဲ့ဝေးဝေးနေ” ဦးလေးထျန်းရှုက အော်ပြောလိုက်၏။ ကျားဖြူမနှင့် လိမိစ္ဆာတို့နှင့်အတူရှိနေသော တင်းဟောက်က အလင်းအကျဉ်းခန်း၏အစွန်သို့ ချက်ချင်းဆုတ်လိုက်သည်။
အဆုံးမရှိသော အနက်ရောင်မြူခိုးထုများသည် ကောင်းကင်ရှိ ထိုအလင်းဝင်ပေါက်မှ ပြည့်လျှံထွက်လာပြီး အလင်းတိုင်များကဲ့သို့ အောက်ကိုတရစပ်ထိုးနှက်တိုက်ခိုက်လိုက်ကြ၏။ မကြာမီ အနက်ရောင်မြူခိုးများက အနက်ရောင်အလင်းအကျဉ်းခန်းတစ်ခုလုံးတွင် ပြည့်သွားသည်။ သူ့ရှေ့မှ အရာအားလုံးသည် ပိန်းပိတ်အောင် မှောင်မိုက်သွားပြီး သူဘာကိုမှ မမြင်ရတော့ချေ။ ကြည်လင်သောရေထဲသို့ အနက်ရောင်မင်များ ထိုးထည့်လိုက်သည့်အတိုင်း လေထုသည် ချွဲသလိပ်များကဲ့သို့ ထူထဲလာ၏။
တင်းဟောက်၏ကိုယ်ပေါ်ရှိ အမွေးများအားလုံးက ထိုအခိုက်အတန့်တွင် အဆုံးထိ ထောင်တက်သွားသည်။ အလွန်မှောင်မိုက်သောကြောင့် သူ့လက်ချောင်းများကိုပင် မမြင်ရချေ။ ဤအနက်ရောင်အကျဉ်းခန်းထဲတွင် မည်သည်တို့ဖြစ်နေမှန်း တင်းဟောက်မသိချေ။ အနက်ရောင်မြူခိုးများက ဤအကျဉ်းခန်းထဲသို့ ထိုးနှက်စိမ့်ဝင်လာခြင်းကြောင့် သူ့ရှေ့တွင် တစ်စုံတစ်ခု ပေါ်လာနိုင်သည်ဟု သူ၏အလိုလိုသိစိတ်က ပြောနေသည်။
တင်းဟောက်က အော်ဟစ်ကာ ခြေဆောင့်နင်းလိုက်၏။ ကြီးကျယ်ခမ်းနားသော စွမ်းအင်တစ်ခုက သူ့ထံမှထွက်ပေါ်လာပြီး လေထဲမှ အနက်ရောင်မြူခိုးထုများကို လွင့်စင်သွားစေသည်။
အခန်းထဲသို့ အလင်းတန်းတစ်ခု ဝင်ရောက်လာပြီး ဦးလေးထျန်းရှုနှင့် အခြားသူများ၏ ကောက်ကြောင်းကို ဝိုးတဝါးမြင်လာရ၏။
တင်းဟောက်၏ခန္ဓာကိုယ်က ရိပ်ခနဲလှုပ်ရှားကာ သူတို့ရှေ့တွင် ကာကွယ်ပေးလိုက်သည်။ တစ်ချိန်တည်းလိုလိုပင် ရုတ်တရက် လေများ ပွတ်တိုက်ကာ ပေါက်ကွဲမှုဖြစ်သွားသကဲ့သို့ ထူးဆန်းသော စူးရှရှအသံတစ်သံ ထွက်ပေါ်လာ၏။ သူ့ရှေ့တွင် ဓါးတစ်ချောင်းကဲ့သို့သော အလွန်အမင်းကြောက်မက်ဖွယ် ချီစွမ်းအင်တစ်ခုကို တင်းဟောက်ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်လာပြီး မီတာပေါင်းများစွာရှည်သော ဧရာမထျန်းကြွယ်ဓါးကြီး သူ့လက်ထဲတွင် ပေါ်လာ၏။ ၎င်းက လေထဲသို့ ချက်ချင်း ခုတ်ပိုင်းချလိုက်သည်။
ဓါးရှည်က အလျားလိုက်ပိုင်းဖြတ်လိုက်သည်ကို တင်းဟောက်ခံစားရ၏။ သူက မည်သည့်အတားအဆီးကိုမှ မကြုံတွေ့ရချေ။
ဓါးသွားကဲ့သို့သော ချီစီးကြောင်းသည်ပင် ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရ၏။ သို့သော် ထိုအခိုက်အတန့်တွင် တင်းဟောက်၏အလိုလိုသိစိတ်က အဆုံးစွန်ထိကြီးမားသော အန္တရာယ်ကို အာရုံခံမိနေသည်။ သူ၏ကျောရိုးတစ်လျှောက် အေးစိမ့်လာသည်ကို ခံစားလိုက်ရ၏။ စက္ကန့်ပိုင်းအတွင်း တင်းဟောက်က သူ့ညာဘက်ရှိ ထိုလျှပ်စီးတန်းထံ အလိုအလျောက် ရောက်သွားသည်။
ဗြိ
ညင်သာသော အသံတစ်သံထွက်ပေါ်လာ၏။
တင်းဟောက်၏ပါးမှာ ပုရွက်ဆိတ်တစ်ကောင်အကိုက်ခံရသကဲ့သို့ ထုံသွားသည်။
သွေးများပန်းထွက်လာ၏။
သူ့မျက်နှာက စိုစွတ်လာခြင်းကိုသာ တင်းဟောက်ခံစားနိုင်တော့သည်။ သူ၏အနက်ရောင်သံခေါင်းစွပ်မှာ အသံမထွက်ဘဲ နှစ်ပိုင်းပြတ်သွားကာ မြေကြီးပေါ်ပြုတ်ကျသွား၏။ တင်းဟောက်က လက်မြှောက်ကာ သူ့ပါးကိုထိလိုက်သည်။ တစ်လမခန့်ရှည်သော ဟက်တက်ကွဲဒဏ်ရာတစ်ခု ရှိနေပြီး အလွန်နက်သောကြောင့် သူ၏အရိုးထိပင် ရောက်လုနီးပါးဖြစ်၏။ သူ၏မျက်နှာမှာ ချက်ချင်း နှစ်ပိုင်းပိုင်းခံရလုနီးပါး ဖြစ်သွားခြင်းပင်။
သူကသာ မရှောင်နိုင်ခဲ့လျှင် သူ့ခေါင်းနှစ်ပိုင်းပြတ်သွားလိမ့်မည်ဖြစ်ကြောင်း တင်းဟောက်သေချာပေါက် သိသည်။
‘ဒါက ဘာလဲ’ တင်းဟောက် တုန်လှုပ်သွား၏။
သူ သိုင်းပညာကိုစတင်လေ့ကျင့်ခဲ့ကတည်းက ဤသို့ထူးဆန်းသော တိုက်ခိုက်မှုမျိုးကို ယခင်က မကြုံဖူးခဲ့ချေ။ သူက နတ်ဘုရားအသိစိတ်များကို ထုတ်လွှတ်လိုက်သော်လည်း မည်သည့်ရန်သူ၏တည်ရှိမှုကိုမှ ရှာမတွေ့ချေ။
ရွှပ်
ထိုစူးရှရှအသံက ထပ်မံထွက်ပေါ်လာသည်။ စုစည်းနေသော ချီစီးကြောင်းတစ်ခု၏ စူးရှရှအထိအတွေ့ကို သူ နောက်တစ်ကြိမ် ထပ်မံခံစားလာရ၏။ သူ ဓါးသွားတစ်ခုဖြင့် နောက်တစ်ကြိမ် ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
တင်းဟောက် တုန်လှုပ်သွားကာ သူ၏ပြိုင်ဘက်ကို လျှော့မတွက်ရဲတော့ချေ။ သူက လက်ကောက်ဝတ်ကို လိမ်လိုက်ပြီး ဧရာမထျန်းကြွယ်ဓါးကို တောက်ပပြီး မထိုးဖောက်နိုင်သည့် ဓါးနံရံတစ်ခုအဖြစ်ပြောင်းကာ သူ့ရှေ့မှကာဆီးလိုက်သည်။
သို့သော်…
နောက်ထပ် ညင်သာသောအသံကို ကြားလိုက်ရသည်။
တင်းဟောက် နောက်တစ်ကြိမ် ဒဏ်ရာရသွား၏။ သူ့ခါးတွင် သူ့ကိုနှစ်ပိုင်းပြတ်စေလုနီးပါး ကြောက်မက်ဖွယ် ဟက်တက်ကွဲဒဏ်ရာတစ်ခု ပေါ်လာသည်။
***