သူသည် မထိုးဖောက်နိုင်သည့်ဓါးနံရံသို့ ရိုက်ခတ်လာသော မည်သည့်အရာကိုမှ သတိမပြုမိချေ။ တိုက်ခိုက်လာသူက ဓါးနံရံကို မည်သို့ရှောင်ကာ သူ့ကိုမည်သို့ဒဏ်ရာရစေခဲ့သည်ကို တင်းဟောက်မသိပေ။
ဤသည်က မည်သို့သော ရန်သူမျိုးနည်း။
တင်းဟောက်က မျက်လုံးများကို အာရုံစုစည်းကာ နောက်တစ်လှမ်းဆုတ်လိုက်သည်။ သူသည် လုံးလုံးလျားလျား တုန်လှုပ်နေမိ၏။ နောက်တစ်ခဏတွင် စူးရှရှအသံများကို သူ့နားထဲတွင် ထပ်မံကြားလိုက်ရပြီး ဤတစ်ကြိမ်က ယခင်ကထက် များစွာပိုကြောက်စရာကောင်းနေသည်။
‘ငါတို့ ဒီလိုဆက်သွားနေလို့တော့ မဖြစ်ဘူး…” တင်းဟောက်က ထျန်းရှု၊ လမိစ္ဆာနှင့် အခြားသူများကို စိတ်ပူသွား၏။ သူက သူ၏ခွန်အားကို အပြည့်အဝ ထုတ်လွှတ်လိုက်၏။ သူ့ရင်ဘတ်၏ အလယ်ဒျန်ထျန်းထဲရှိ ပိဖန်း၏မှော်ချီသစ်စေ့က ပေါက်ကွက်သွားပြီး သူ့လက်ထဲတွင် မီးအမျှင်စုတစ်ခု ပေါ်လာသည်။
အနီတောက်တောက်မီးတောက်သည် ကခုန်နေသော သွေးစက်တစ်စက်နှင့်တူနေပြီး အနက်ရောင်မြူခိုးများကို လွင့်ပြယ်သွားစေ၏။ မီးတောက်သည် အမှောင်ယံညထဲမှ တောက်ပသော မီးအိမ်တစ်လုံးကဲ့သို့ တင်းဟောက်၏မြှောက်ထားသော လက်ချောင်းထိပ်တွင် သွက်လက်စွာကခုန်နေသည်။
ပိဖန်း၏မီးတောက်တွင် မှော်စွမ်းအားပါဝင်၏။ ၎င်းက သူ့ပတ်ပတ်လည်မှ အနက်ရောင်မြူခိုးအနည်းငယ်ကို ပပျောက်သွားစေနိုင်သည်။
တင်းဟောက်သည် နောက်ဆုံးတွင် ပတ်ဝန်းကျင်ကို မြင်လာရ၏။ သူ့ကိုအတော်လေး စိတ်သက်သာရာရသွားစေသည်မှာ သူ့နောက်ရှိ ထျန်းရှု၊ လမိစ္ဆာနှင့် အခြားသူတို့မှာ ထိုထူးဆန်းသော အင်အား၏တိုက်ခိုက်မှုကို မခံရခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့အားတိုက်ခိုက်နေသောရန်သူကို နောက်ဆုံး၌ မြင်လာရ၏။
၎င်းမှာ ထွင်းဖောက်မြင်နေရသော တစ္ဆေလိုလို အစိမ်းရောင်ပုံရိပ်လေးခု ဖြစ်နေသည်။
ထိုထွင်းဖောက်မြင်ရသော ပုံရိပ်များသည် အလွန်အမင်းချောက်ချားဖွယ်ကောင်းပြီး အစိမ်းဖျော့ဖျော့အရောင်ရှိကာ တစ္ဆေများနှင့်တူ၏။ သူတို့က ခေတ်ပေါ်အဝတ်အစားများမဟုတ်ဘဲ ရှေးလွန်လေပြီးသော ကာလမှ စုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်ကို ဝိုးတဝါးမြင်နိုင်သည်။ သူတို့၏နွမ်းရိနေသော အဝတ်အစားများမှာ နှစ်ပေါင်းသောင်းချီ ကြာညောင်းခဲ့သည့်ပုံပေါ်နေပြီး ယခုအခါ အချိန်သံသရာစက်ဝန်းကို ဖြတ်ကျော်ခဲ့ပြီးသော တူးဖော်ရရှိထားသည့် ရှေးဟောင်းပစ္စည်းများနှင့် တူနေပြီး သူတို့ခန္ဓာကိုယ်များပေါ်တွင် အစအနများထက် မပိုတော့ချေ။
ဤအစိမ်းဖျော့ဖျော့ပုံရိပ်များသည် တောင့်တောင့်ကြီးနှင့် ဇွန်ဘီများကဲ့သို့ဖြစ်သည်။ သူတို့၏ပုံရိပ်များမှာ တစ်ခါတစ်ရံ ထင်ရှားပြီး တစ်ခါတစ်ရံ မှုူန်ဝါးသွား၏။ သူတို့မျက်လုံးများထဲတွင် ခပ်ဖျော့ဖျော့အစိမ်းရောင်စိတ်ဝိညာဉ်အလင်းတစ်ခု ရှိနေပြီး သူတို့ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်အရည်က အမှောင်ထဲတွင် လျှံထွက်ကျနေသည့်အတိုင်းပင်။
သူတို့လက်ထဲမှ ဆေဘာနှင့် ဓါးအကျိုးအပဲ့များက တူညီစွာ သံချေးများကွက်ကျားတက်နေပြီး အစစ်အမှန်များ မဟုတ်ကြပေ။ သူတို့က တစ်ယောက်ယောက်ကို ထိုခိုက်ဒဏ်ရာရနိုင်စေရန် အလွန်မခိုင်ခံ့သည့်ပုံ ပေါ်နေသည်။
‘ဒါတွေကဘာတွေလဲ’ တင်းဟောက် တုန်လှုပ်သွားမိ၏။
တစ္ဆေတွေလား။
‘ဒီကမ္ဘာမှာ တကယ်ပဲ တစ္ဆေတွေရှိတာလား’
သူတို့ခုတ်ပိုင်းချလိုက်သည်နှင့် သူတို့၏ လက်နက်အကျိုးအပဲ့များက စူးရှရှလေချွန်သံများနှင့် ပုံမှန်မဟုတ်သော ပိုင်းဖြတ်သံတစ်သံတို့ကဲ့သို့သော ထူးထူးဆန်းဆန်းအသံများကို ဖြစ်ပေါ်လာစေသည်။ နောက်မီးတောက်တစ်ခု စတင်မလက်နိုင်မီ အစိမ်းရောင်ပုံရိပ်လေးခုက တင်းဟောက်ထံ ထပ်မံခုန်အုပ်လာပြီး သူ့ကိုစဉ်းစားချိန်ပင် မပေးချေ။
တင်းဟောက်က သူ့ဓါးဖြင့် ခုတ်ပိုင်းလိုက်သည်။ ရှည်လျားသော ထျန်းကြွယ်ဓါးသည် သန့်စင်သောရေ သို့မဟုတ် စီးဆင်းနေသောရေနှင့်တူသည့် တစ္ဆေကောင်များကို အလွယ်တကူပိုင်းဖြတ်လိုက်၏။ တစ္ဆေကဲ့သို့သော ကိုယ်ထည်လေးခုက နှစ်ပိုင်းပြတ်သွားသော်လည်း နောက်တစ်ခဏတွင် ဘာမှမဖြစ်ခဲ့သကဲ့သို့ အလျင်အမြန် တစ်ခုတည်းအဖြစ် ပြန်ဆက်သွားသည်။ သူတို့က လျှပ်စီး၏အလျင်ကဲ့သို့ မြန်ဆန်ပြီး တင်းဟောက်၏သူတို့ကိုယ်များအပေါ် ပိုင်းဖြတ်မှုကို ခံယူပြီးနောက် သူ့ကိုခုန်အုပ်ကာ ခုတ်ပိုင်းချလိုက်၏။
တင်းဟောက်က အလိုအလျောက် ရှောင်တိမ်းလိုက်သည်။
တစ္ဆေများသည် အစစ်နှင့်မတူသော ရှေးဟောင်းလက်နက်အကျိုးများကို ယမ်းလိုက်၏။ သူတို့ထဲမှတစ်ဦးက တို့ဟူးကိုလှီးသကဲ့သို့ တင်းဟောက်၏ဘေးဘက်ကိုဖြတ်ကာ ခုတ်ပိုင်းလိုက်ပြီး သူ၏အနက်ရောင်သံချပ်ကို အလွယ်တကူ ဖြတ်ထုတ်လိုက်သည်။
‘ဒါတွေက ဘယ်လိုမွန်းစတားမျိုးတွေလဲ။ ငါက သူတို့ကိုတိုက်ခိုက်ရင် သူတို့ရဲ့ဓါးရှည်တွေက ထင်ယောင်ထင်မှားအရိပ်တွေနဲ့တူတယ်။ သူတို့တိုက်ခိုက်ရင် ခန္ဓာကိုယ်ကို တကယ်ထိခိုက်မှုဖြစ်အောင် ဘယ်လိုလုပ်တာလဲ’ တင်းဟောက်မှာ အကြီးအကျယ်အံ့အားသင့်နေ၏။
ထို့ပြင် သူဝတ်ဆင်ထားသော အနက်ရောင်သံချပ်က အဆင့်မြင့်မှော်လက်နက်တစ်ခုဖြစ်သော်လည်း အကောင်အထည်မရှိဟုထင်မှတ်ရသော ထိုလက်နက်က ၎င်းကို ချက်ချင်းပိုင်းဖြတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် တိုက်ခိုက်စွမ်းအားဖြစ်၏။
ထိုသည်ထက် ထိုမွန်းစတားလေးကောင်က တင်းဟောက်ကိုသာ အာရုံစိုက်နေကြသည်။ သူတို့က သူ့ကိုသာ ကြမ်းကြုတ်ရက်စက်စွာ အတူတကွတိုက်ခိုက်နေကြပြီး ထျန်းရှုနှင့်အခြားသူများကို လျစ်လျူရှုထား၏။
“ဒါတွေက မသေနိုင်တဲ့ နှစ်တစ်သောင်းသက်တမ်းရှိ သေမင်းဝိညာဉ်တွေပဲ။ တစ်ယောက်ယောက်က လျှို့ဝှက်နည်းလမ်းတစ်ချို့နဲ့ အဓိပတိတစ်ချို့ကို မီးထဲမှာသန့်စင်၊ သူတို့ကိုသတ်ပြီး သူတို့ရဲ့ဝိညာဉ်တွေကို ပိတ်လှောင်ထားတာပဲဖြစ်ရမယ်…” ဓါးဆရာကြီး၏အသံက သူ့စိတ်ထဲမှ ထွက်ပေါ်လာသည်။ “ဒါက အချိန်အတော်ကြာသွားပြီ။ ဒီနတ်ဆိုးနည်းလမ်းက ဒီကမ္ဘာပေါ်မှာ ရှိနေဦးမယ်လို့ ငါထင်မထားဘူး”
တင်းဟောက်သည် ဓါးဆရာကြီး၏ညည်းချင်းကို နားထောင်နေရန် အချိန်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် မျက်နှာချင်းဆိုင်မှ သေမင်းဝိညာဉ်လေးခုက ထပ်မံ တိုက်ခိုက်လာသောကြောင့်ပင်။
တင်းဟောက်က ဆက်လက်တိမ်းရှောင်နေရ၏။ သူက တိုက်ခိုက်မှုနည်းလမ်းကို ပြောင်းလိုက်ပြီး သူ၏ဧရာမစွမ်းအားကို ထုတ်လွှတ်ကာ လက်သီးနှင့်ထိုးလိုက်သည်။ သူ၏ခရမ်းရောင်နဂါးချီလက်သီးသည် ကြမ်းတမ်းသော လေပြင်းများကိုလှုံ့ဆော်ပေးသော ဧရာမစွမ်းအင်တစ်ခုနှင့်အတူ ပေါက်ကွဲသွား၏။ သူ့ရှေ့ ၁၀ မီတာအတွင်းရှိ လေထုမှာ ပေါက်ကွဲသွားသည်။ သူ့ရှေ့မှ အစိမ်းရောင်သေမင်းဝိညာဉ်တစ်ခုက အပိုင်းပိုင်းပြတ်ကာ မြူခိုးများအဖြစ် ပြောင်းသွားသည်။
သို့သော် နောက်တစ်ခဏတွင် ထိုအစိမ်းရောင်မြူခိုးလုံးသည် ချက်ချင်းပင် နောက်တစ်ဖန် ပြန်လည်စုစည်းကာ သိပ်သည်းသွား၏။ ၎င်းက ထိုသေမင်းဝိညာဉ်နှင့်အတူတူပင်ဖြစ်ပြီး လုံးဝ အထိအခိုက်မရှိချေ။ ထို့ကြောင့် လက်သီးနှင့်တိုက်ခိုက်ခြင်းကလည်း ထိရောက်ခြင်းမရှိကြောင်း သက်သေပြနေသည်။
တင်းဟောက် ခေါင်းကိုက်လာ၏။
ဤနယ်မြေတွင် သိုင်းသမားတစ်ယောက်၏ချီကို အပြီးတိုင်ဖိနှိပ်ထားသောကြောင့် တင်းဟောက်က ငရဲရေခဲချီကို လုံးဝအသုံးပြု၍မရချေ။ မဟုတ်လျှင် ဤသေမင်းဝိညာဉ်များကို ရေခဲအဖြစ် အေးခဲပစ်လိမ့်မည်ဖြစ်သည်။
ဤသို့သော ပတ်ဝန်းကျင်တစ်ခုတွင် ထိုသေမင်းဝိညာဉ်များကို လွယ်လွယ်ကူကူ ကျော်လွှားနိုင်မည်မဟုတ်ချေ။
“သေမင်းဝိညာဉ်တွေက ဒီနယ်ပယ်မှာ ယင်ဓါတ်အများဆုံးဖြစ်တည်မှုတွေပဲ။ သူတို့ကို ပြန်တိုက်ပြီး ဖျက်ဆီးပစ်ချင်ရင် ယန်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်ထားဖို့လိုတယ်။ ကောင်လေးတင်း ထပ်စောင့်မနေတော့နဲ့။ သူတို့ကိုအနိုင်ယူဖို့ မင်းအတွက် မခဲယဉ်းပါဘူး။ အမြန်ဆုံးနည်းကတော့ သူတို့ကို ပိဖန်းရဲ့မီးနဲ့ တိုက်ခိုက်လိုက်”
ဆေဘာဆရာမကြီးက သူ့ကို အဖြေတစ်ခု ပြောပြလိုက်သည်။
တင်းဟောက် ခေါင်းငြိမ့်လိုက်၏။
နောက်တစ်ခဏတွင် သူက ပိဖန်း၏ပုံသဏ္ဍာန်ရှိသော သူ့ရင်ဘတ်ရှိ အလယ်ဒျန်ထျန်းမှ မှော်ချီသစ်စေ့ကို အသက်သွင်းလိုက်သည်။ ကောင်းကင်ဘုံမီးချီက အဆုံးစွန်ထိ ဖိနှိပ်လိုက်ပြီး တဟုန်ထိုးတက်လာကာ သူ၏အရံလမ်းကြောင်းခြောက်သွယ်ထဲသို့ စီးဝင်သွား၏။
စက္ကန့်ပိုင်းအတွင်း ပိဖန်း၏မီးဖြင့်ဖန်တီးထားသော ဓါးရှည်က တင်းဟောက်လက်ထဲတွင် ပေါ်လာသည်။
မဟူရာခုနှစ်ဖော်သိုင်းကွက်
တင်းဟောက်က လက်ပြန်ခုတ်ချလိုက်သည်။
မီးတောက်များက တဝှီးဝှီးမြည်ကာ တောက်လောင်လာကြ၏။ ရဲရဲတောက်နေသောဓါးက သူ့ထံချီတက်လာသော ဝိညာဉ်နှစ်ကောင်ကို ခါးမှ ခုတ်ပိုင်းလိုက်သည်။ ထိုဝိညာဉ်နှစ်ကောင်၏ အမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားကြ၏။ သူတို့၏မာတောင့်တောင့် ဇွန်ဘီကဲ့သို့သော မျက်နှာကြီးများထက်တွင် ထိတ်လန့်မှုပေါ်ပေါက်လာပြီး ကြွက်များကဲ့သို့ တကျွိကျွိမြည်ကာ ပိုင်းဖြတ်မှုကို ရှောင်ရှားရန် အစိမ်းရောင်မြူခိုးများအဖြစ် အလျင်စလို ပြောင်းလိုက်သည်။ နောက်တစ်ခဏတွင် သူတို့က ယခင်ကကဲ့သို့ ပြန်လည်စုစည်းရန် ကြိုးစားလိုက်ကြ၏။
သို့သော် ထိုရဲရဲနီသောမီးတောက်က သူတို့အရိုးများထဲရှိ လောက်တစ်ကောင်သဖွယ်ဖြစ်နေပြီး အစိမ်းရောင်မြူခိုးများထဲသို့ စိမ့်ဝင်သွားသည်။ သူတို့က မည်သို့သော ပုံသဏ္ဍာန်မျိုးဖန်တီးစေကာမူ ဤနီနီရဲရဲမီးတောက်များမှ ရုန်းထွက်နိုင်မည်မဟုတ်ပေ။
သူအောင်မြင်သွားပြီဖြစ်သည်။
တင်းဟောက် အပျော်လွန်သွား၏။ ဤအောင်မြင်သွားသောတိုက်ပွဲပြီးနောက် ကျန်သည့်အရာအားလုံးက အတော်လေးပိုလွယ်ကူလာပေလိမ့်မည်။
ဤအနက်ရောင်အကျဉ်းခန်းထဲတွင်ပေါ်လာသော သေမင်းဝိညာဉ်များသည် များစွာစွမ်းအားမကြီးပေ။ သူတို့က အနည်းငယ်ပင် တရားသေဆန်နေသေး၏။ သူတို့က သူတို့၏တိုက်ခိုက်မှုစွမ်းအားအချို့ကိုသာ အလိုအလျောက် စွဲကိုင်ထားပြီး မကြာမီ တင်းဟောက်၏ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ဤဝိညာဉ်လေးခု အပြီးအပိုင်ပျောက်ကွယ်သွားပြီးနောက် လေထဲတွင် ထူးဆန်းသော မတည်ငြိမ်မှုတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် အနက်ရောင်အကျဉ်းခန်းထဲမှ မြူခိုးနက်များသည် တောက်ပသော နေရောင်ခြည်အောက်မှ နှင်းအလွှာပါးလေးတစ်ခုကဲ့သို့ အပြီးတိုင်ပျောက်ကွယ်သွားသည်။
တင်းဟောက်နှင့် အခြားသူများသည် နောက်ဆုံးတွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်လာရ၏။ သို့သော် တင်းဟောက်နှင့်အခြားသူများ မတုံ့ပြန်နိုင်မီ ဘေးဘက်မှ ဧရာမကွင်းဆက်လေးခုက တောက်ပသော အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်လာသည်။ ပြင်းထန်သော အနက်ရောင်အလင်းတန်းများသည် မျက်လုံးများကိုထိုးဖောက်စေနိုင်သည့် သံမဏိအပ်များနှင့်တူနေ၏။ တင်းဟောက်နှင့် အပေါင်းအဖော်တို့၏ခွန်အားနှင့်ပင် ၎င်းကို မခုခံနိုင်ပေ။ သူတို့က မသိလိုက်ခင်မှာပင် မျက်လုံးများမှိတ်လိုက်မိကြသည်။
နောက်တစ်ခဏတွင် သူတို့၏မျက်လုံးများပြန်ဖွင့်လိုက်သောအခါ ပါးလွှာသောလေထုထဲတွင် အရာအားလုံးက ပျောက်ကွယ်နေပြီဖြစ်၏။ တောင်များကဲ့သို့ကြီးမားသော အနက်ရောင်ကွင်းဆက်လေးခုက ပျောက်ကွယ်သွားသည်။ အနက်ရောင်အကျဉ်းခန်းသည်လည်း ပျောက်ကွယ်သွား၏။
ထို့နောက် ကြောက်မက်ဖွယ်ဟိန်းဟောက်သံနှင့် ဒေါသတကြီးအော်ဟစ်သံတို့က တင်းဟောက်နှင့်အပေါင်းအဖော်များ၏ အထက်ရှိ လေထုထဲတွင် ပြည့်သွားသည်။ နောက်တစ်ခဏတွင် သူတို့က စွမ်းအားအချို့ဖြင့် ၎င်းတို့ထံမှ ပိုင်းခြားလိုက်၏။ ပွင့်နေသော ကောင်းကင်မျက်လုံးနှင့်တူသည့် အလင်းဝင်ပေါက်က တဖြည်းဖြည်းပြန်ပိတ်ကာ ပျောက်ကွယ်သွားသည်။
ဤမြင်ကွင်းက အနည်းငယ် ထူးဆန်းပေသည်။
တင်းဟောက်သည် သူ့မျက်လုံးများထဲမှ နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏အမြင်ကိုပြန်ရရန် အချိန်အတော်လေး ယူလိုက်ရသည်။ သူက ပို၍သေသေချာချာ ကြည့်လိုက်သောအခါ သူ့ပတ်ပတ်လည်တွင် ခြားနားချက်တစ်ခုကိုမှ မတွေ့ရချေ။ အရာအားလုံးသည် ထိုပြောင်းလဲမှုများမဖြစ်ပွားမီ နဂိုအတိုင်း ပြန်ဖြစ်နေ၏။
အလင်းဝင်ပေါက်မှ တွဲလောင်းကျလာသော ဧရာမကွင်းဆက်များက မြေကြီးထဲသို့ ရိုက်ချလိုက်သောကြောင့် ကျောက်ခင်းလမ်းများနှင့် ကျောက်တုံးခန်းမများက အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားခဲ့ပြီး ပတ်ပတ်လည်ရှိ အဆောက်အဦးများမှာ အပျက်အစီးများဖြစ်သွားခဲ့ကြသည်။ သို့သော် ဧရာမကွင်းဆက်များ ပျောက်ကွယ်သွားသောအခါ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အတိုင်းပင်။
မြေပြင်က ချောမွတ်နေဆဲဖြစ်ပြီး ကျောက်တုံးခန်းမများက ငွားငွားစွင့်စွင့် ရပ်တည်နေကြဆဲဖြစ်သည်။ မည်သည့်အပျက်အစီး အရိပ်အယောင်မှမရှိဘဲ ဖုန်မှုန့်တစ်စ သို့မဟုတ် ကျောက်တုံးအပိုင်းအစတစ်ခုပင် မရှိချေ။
‘အကုန်လုံးက ထင်ယောင်ထင်မှားပဲလား’ တင်းဟောက်မှာ အလွန်အမင်း အံ့ဩသွား၏။ သူက ယခုလေးတင် အိပ်မက်ဆိုးမက်ခဲ့သည့်အတိုင်း ခံစားနေရသည်။
သို့သော် ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်တွင် တိမ်မည်းများ ကြီးစိုးနေဆဲပင်။ အေးစက်ပြီး အလွန်ကြီးမားကာ ညှာတာမှုကင်းမဲ့သော မျက်လုံးများကဲ့သို့ ပွင့်နေကြသော ဝိုင်းစက်သည့် အလင်းဝင်ပေါက်များစွာတို့လည်း ရှိနေသေးသည်။ သူတို့ထံမှ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများက မရပ်မနား ဝမ်းနည်းကြေကွဲစွာ အော်ဟစ်နေကြသည့်အတိုင်း လေပြင်းများ တဝေါဝေါတိုက်ခတ်နေ၏။ ကြီးမားလှသော တွဲလောင်းကျနေသည့် ကွင်းဆက်များက တောင်များသဖွယ်ဖြစ်ပြီး ဤခမ်းနားကြီးကျယ်သော အဆောက်အဦးပင်လယ်ကြီးအတွင်း၌ မရေမတွက်နိုင်သော အနက်ရောင်အလင်းအကျဉ်းခန်းများ ဖန်တီးပေးနေသည်။
ဤနေရာတွင် အကျဉ်းချခံလိုက်ရသော အခြားလူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်များမှ အဓိပတိများ ရှိနေနိုင်သည်လော။
သူက လှမ်းမျှော်ကြည့်လိုက်သောအခါ ဤနေရာတွင် အနည်းဆုံး အနက်ရောင်အလင်းအကျဉ်းခန်း ထောင်ပေါင်းများစွာရှိနေသည်ကို မြင်လိုက်ရ၏။ ထိုအနက်ရောင်အလင်းနံရံက စွမ်းအင်လှိုင်းများအားလုံးကို တားဆီးထားသောကြောင့် တင်းဟောက်သည် ထိုအကျဉ်းခန်းများမှ မည်သည်ကိုမှ အာရုံခံမရချေ။ ထိုနေရာတွင် အခြားအဓိပတိများလည်း ပိတ်မိနေသည်လော။
ဤအရာများအားလုံးသည် ယခုလေးတင် သူကြုံတွေ့ခဲ့သည်က အိပ်မက်မဟုတ်ကြောင်း သက်သေပြနေ၏။
တင်းဟောက်က ကျောက်တုံးခန်းမတစ်ခု၏ခေါင်မိုးပေါ်သို့ ခုန်တက်ကာ အဝေးသို့ ကြည့်လိုက်သည်။ သူက လှစ်ခနဲလှုပ်ရှားနေကြသော ပုံရိပ်များစွာကို ဝိုးတဝါးမြင်လိုက်ရ၏။ ကြီးမားသော ကွင်းဆက်များက ဆက်လက်၍ အနက်ရောင်အလင်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ကောင်းကင်အောက်မှ အနက်ရောင်အကျဉ်းခန်းတစ်ခုလည်း တစ်စစီဖြစ်သွား၏။
ဦးလေးထျန်းရှုကလည်း ကျားဖြူမကို ကျောက်တုံးခန်းမ၏ ခေါင်မိုးပေါ်သို့တက်ရန် လမ်းကြောင်းပေးလိုက်သည်။ နေရာကိုစူးစမ်းလေ့လာပြီးနောက် သူက အတည်ပေါက်ဖြင့် ပြောလိုက်၏။ “ဒီအနက်ရောင်အကျဉ်းခန်းတစ်ခုစီမှာ စွမ်းအားကြီးအဓိပတိတွေ ပိတ်မိနေတာဖြစ်ရမယ်”
“ကြည့်လိုက်ဦး အနက်ရောင်အကျဉ်းခန်းတွေက ဆက်ပျောက်ကွယ်နေပြီ။ အဲ့ဒီအဓိပတိတွေက ကျွန်တော်တို့လိုပဲ သေမင်းဝိညာဉ်တွေကို အနိုင်ယူပြီး အကျဉ်းခန်းတွေထဲက လွတ်မြောက်လာပြီဆိုတဲ့ အဓိပ္ပာယ်လား” တင်းဟောက်က တွေးတွေးဆဆပြောလိုက်သည်။
ဦးလေးထျန်းရှုက ခေါင်းယမ်းကာ ပြောလိုက်၏။ “အဲ့ဒီသေမင်းဝိညာဉ်တွေက သူတို့ကို သတ်ပြီးသွားတာ ဖြစ်နိုင်လောက်တယ်”
တင်းဟောက်က ကြက်သေသေသွားကာ ခေါင်းငြိမ့်လိုက်သည်။ ဤအရာက အနည်းငယ် သွေးထွက်သံယိုများပြီး ရက်စက်ကြမ်းကြုတ်သော်လည်း အမှန်တကယ် ဖြစ်နိုင်ချေရှိ၏။
“ဆက်သွားကြစို့။ သတိထားကြ ဒီနေရာက ထင်ထားတာထက် ပိုအန္တရာယ်များတယ်” အနက်ရောင်အကျဉ်းခန်းများ ပျောက်ကွယ်သွားသော်လည်း တင်းဟောက်က စိတ်ထင့်နေဆဲပင်။ အမှန်တကယ်တော့ သူသည် မတိုင်မီကထက်ပင် ပိုပြီး စိတ်လေးနေမိသည်။
ဤအနက်ရောင်အကျဉ်းခန်းများ၏တည်ရှိမှုကိုယ်တိုင်ကပင် အတော်လေး မယုံနိုင်စရာကောင်းနေပြီဖြစ်၏။
ဤမှော်အစီအရင်က အင်မော်တယ်တစ်ဦး၏မှော်စွမ်းရည်များအတိုင်းပင်။ ၎င်းက သာမန်သိုင်းသမားတစ်ဦး တတ်နိုင်သောအရာတစ်ခု မဟုတ်ချေ။
“မြင့်မြတ်တဲ့ခန်းမရဲ့ အဓိပတိတွေက ဒီကာကွယ်ရေးအစီအရင်ကို ချထားခဲ့တာလား”
သူတို့က ဤသို့လုပ်ခဲ့ရိုးမှန်လျှင် ထိုမြင့်မြတ်သောခန်းမ၏ အဖွဲ့ဝင်များသည် အတော်လေးကြောက်စရာကောင်းမည်မှာ အမှန်ပင်။ သူတို့က ကောင်းကင်ဘုံကို အာခံနိုင်သော ဧရာမစွမ်းအားများရှိသည့် စစ်နတ်ဘုရားကဲ့သို့ အထင်ကြီးစရာကောင်းလောက်ပေမည်။
သို့သော် ဤမယုံကြည်နိုင်ဖွယ်ရာစွမ်းအားကြီးသည့် အဖွဲ့အစည်းက တစ်ရက်အတွင်း ဖျက်ဆီးခံလိုက်ရသည်။ ဤသို့ဖြစ်လျှင် ဤကမ္ဘာ၌ မည်သည့်စွမ်းအားက ထာဝရ တည်ရှိနိုင်မည်နည်း။
တင်းဟောက် ထိတ်လန့်သွားမိ၏။ သူတို့ နောက်ထပ် မည်သို့သော အန္တရာယ်ကို ရင်ဆိုင်ရလိမ့်မည်ကို သူ့ဘာသာ တွေးတောနေမိသည်။
ဦးလေးထျန်းရှုက အလွန်သတိကြီးစွာဖြင့် လမ်းကိုဦးဆောင်သွားနေ၏။
ထိုအနက်ရောင်အလင်းအကျဉ်းစခန်းများက သူ့ကို လုံးဝတုန်လှုပ်သွားစေပုံရသော်လည်း သူက မည်သည်ကိုမှ မပြောချေ။ သူသည် အနည်းငယ် စိုးရိမ်ပူပန်နေပုံရ၏။
အတန်ကြာအောင် လျှောက်လာပြီးနောက်…
“ငါထင်ထားတဲ့အတိုင်းပဲ တစ်ယောက်ယောက်တော့ သေနေပြီ” ဦးလေးထျန်းရှုက သွားနေရာမှ ရပ်လိုက်၏။
သူတို့ရှေ့ရှိလမ်းပေါ်၌ အလောင်းနှစ်လောင်းက မြေပြင်ပေါ်တွင် လဲကျနေသည်။
***