ထိုသိုင်းသမားများဝတ်ဆင်ထားသည့် အဝတ်အစားများကိုကြည့်ကာ အကဲဖြတ်ရလျှင် သူတို့က ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဖြစ်ရမည်။ သူတို့သည် မြင်းငါးကောင်ဖြင့်ဆွဲကာ အပိုင်းပိုင်းဖြတ်ခံထားရသကဲ့သို့ ထိတ်လန့်စက်ဆုပ်ဖွယ်ရာအကောင်းဆုံးပုံစံနှင့် သေနေကြ၏။ သူတို့၏ဝိညာဉ်များမှာ အပြည့်အဝ ဖျက်ဆီးခံထားရပြီး သူတို့၏ခန္ဓာကိုယ်များက အရွယ်အစားအမျိုးမျိုးရှိသော အစိတ်အပိုင်းများအဖြစ် ပိုင်းဖြတ်ခံထားရသည်။ တလက်လက်တောက်ပနေသော သူတို့၏သွေးများက ခဲနေပြီး ပြန့်မသွားချေ။ သူတို့၏ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းများထဲတွင် အလွန်အမင်းအင်အားကြီးသော စွမ်းအင်လှိုင်းများရှိနေသည်။
“သူတို့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ရတာတော့ အဲ့ဒီသေမင်းဝိညာဉ်တွေရဲ့ သတ်တာခံလိုက်ရတဲ့ပုံပဲ”
တင်းဟောက်နှင့် ထျန်းရှုတို့က မကြာမီ သေဆုံးရခြင်းအကြောင်းအရင်းကို အတည်ပြုပြီးသွားကြသည်။ သူတို့၏အလောင်းများသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး နှစ်ပေါင်းတစ်ရာကြာမြင့်သွားလျှင်တောင် သူတို့က ပုပ်သိုးဆွေးမြည့်သွားမည် မဟုတ်ပေ။ ထိပ်တန်းအဆင့် သိုင်းဧကရာဇ်များဖြစ်သော်လည်း သူတို့က ဤနေရာတွင် မရှုမလှ သေသွားခဲ့ရသည်။
တင်းဟောက်နှင့် အဖော်တို့က ထပ်မံခရီးဆက်လာခဲ့ကြ၏။
အချိန်များကုန်ဆုံးလာသည်နှင့် ကောင်းကင်ယံရှိ တိမ်မည်းများက ပါးသထက်ပါးလာသည်။ ဤအချိန်တွင် ကြီးမားသောကောင်းကင်မျက်လုံးကဲ့သို့ ပွင့်နေသည့် ထိုထူးဆန်းသောအလင်းဝင်ပေါက်သည် အပြီးအပိုင်ပျောက်ကွယ်လုနီးပါး ဖြစ်သွား၏။ ကောင်းကင်အောက်ရှိ ဤနေရာတွင် အနက်ရောင်အကျဉ်းခန်းအနည်းငယ်သာ ကျန်ရစ်တော့သည်။
အဓိပတိအနည်းငယ်သည် ထိုသေမင်းဝိညာဉ်များနှင့် တိုက်ခိုက်ကာ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားနေကြဆဲဖြစ်မည်လောဟု တင်းဟောက် တွေးလိုက်မိ၏။ ကံဆိုးစွာြဖင့် မည်သူမှ သူတို့ကို မကူညီနိုင်ချေ။
တင်းဟောက်က သူဖြတ်လာရာတစ်လျှောက်ရှိ လူသားအလောင်းတိုင်းကို သိမ်းယူခဲ့သည်။ ဤနေရာသို့ ဝင်လာနိုင်ခဲ့ကြသော ထိုလူများအားလုံးသည် သူတို့သက်ဆိုင်ရာနယ်မြေ၏ သူရဲကောင်းများဖြစ်ကြ၏။ သူတို့ကလည်း လူသားများဖြစ်ကြသည့်အတွက် အဓိပတိတစ်ဦးအနေဖြင့် ဂုဏ်သိက္ခာရှိရှိ သင်္ဂြိုဟ်ခံရရန် ထိုက်တန်ပေသည်။ တင်းဟောက် ဤနေရာမှ အသက်ရှင်လျှက်ထွက်သွားနိုင်သည်နှင့် ကောင်းမှုကုသိုလ်လုပ်သည်ဟု မှတ်ယူကာ သူတို့ကို အပြင်ဘက်တစ်နေရာရာတွင် မြှုပ်နှံပေးမည်၊ မဟုတ်လျှင် သူတို့၏ဆွေမျိုးသားချင်းများထံ အလောင်းများကို ပြန်ယူသွားမည်ဖြစ်၏။
သူတို့ ရှေ့ဆက်ခဲ့ကြရင်း တင်းဟောက်က ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့ကို သေမင်းဝိညာဉ်များ၏ ဇာစ်မြစ်ကို လျှို့ဝှက်စွာ မေးလိုက်သည်။
“အာခီအန်ခေတ်ကာလတွေတုန်းက မိစ္ဆာတွေ၊ နတ်ဆိုးတွေ၊ လူသားတွေနဲ့ နတ်ဘုရားသားရဲကြီးတွေဟာ ဒီကမ္ဘာမှာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတယ်။ လူကောင်းနဲ့လူဆိုး ခွဲခြားဖို့ ခက်ခဲခဲ့တယ်။ ကောလဟာလတွေအရတော့ တစ်ချိန်တုန်းက သက်ရှိတွေကို လှောင်ပိတ်၊ သူတို့ရဲ့အာရုံခံစားမှုတွေနဲ့ စိတ်ဝိညာဉ်တွေကို လှုံ့ဆော်ဖို့ အရက်စက်ဆုံးညှင်းပန်းနှိပ်စက်နည်းတွေသုံးပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာ ပျက်ပြားအောင်လုပ်တဲ့ လျှို့ဝှက်မသူတော်နည်းလမ်းတစ်ခုရှိခဲ့ဖူးတယ်တဲ့။ သူတို့က နှစ်တွေအများကြီးကြာတဲ့အထိ မီးအေးအေးနဲ့ အကင်ခံရတဲ့ အသားတွေလို ပြင်းပြင်းထန်ထန်နာကျင်ခံစားမှုတွေကို ကြုံရလိမ့်မယ်။ နောက်ဆုံးမှာ သူတို့ရဲ့ခန္ဓာကိုယ်တွေ ပြိုကွဲသွားပြီး ဝိညာဉ်တွေပဲ ကျန်ရစ်ခဲ့မယ်။ အဲ့ဒီနောက် ဒီအသက်ကင်းမဲ့နေတဲ့ ဝိညာဉ်တွေက တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပြီး စားသုံးပစ်မယ်… မရေမတွက်နိုင်တဲ့နှစ်ပေါင်းတွေကြာပြီး အဓိပတိတွေရာချီစွန့်လွှတ်ပြီးရင် သူတို့ကို နောက်ဆုံးမှာ ဝိညာဉ်တစ်ခုတည်းအဖြစ် သန့်စင်လိုက်မယ်။ အဲ့ဒီဝိညာဉ်က အပလောကမှာ သွားလာနိုင်တယ်၊ လေဟာနယ်အတားအဆီးကိုလည်း ထိုးဖောက်နိုင်ပြီးတော့ မယုံကြည်နိုင်စရာ လူသတ်နိုင်စွမ်းရှိတယ်”
ဆေဘာဆရာမကြီးက အသေးစိတ်ရှင်းပြလိုက်သည်။ ဤဆိုးယုတ်သောနည်းလမ်းကို ကြားရသည်ကပင် လူတစ်ယောက်၏ဆံပင်များကို အဆုံးထိထောင်တက်သွားစေ၏။
တင်းဟောက်က အတန်ကြာအောင် တွေးတောပြီးနောက် သူ့စိတ်ထဲတွင် မေးစရာအချို့ ရှိနေဆဲပင်။ သေမင်းဝိညာဉ်များတွင် အမှန်တကယ်ပင် စွမ်းအားကြီးသော သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း သူတို့က ခမ်းနားထည်ဝါသောအဆောက်အဦးပင်လယ်ကဲ့သို့ အလွန်အမင်းဖိနှိပ်ထားသော နေရာ၌သာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ အပြင်ဘက်ရှိ သာမန်ပတ်ဝန်းကျင်တစ်ခုတွင် သူတို့က ထိုအဓိပတိများကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
“ဒီနေရာမှာပေါ်လာတဲ့ သေမင်းဝိညာဉ်တွေက တစ်ဝက်ပဲပြီးသေးတဲ့ အဆင့်နိမ့်အရာတွေပဲ။ မင်း ထိပ်တန်းအဆင့်သေမင်းဝိညာဉ်တွေနဲ့ ရင်ဆိုင်ရရင် သူတို့ရဲ့ယင်နဲ့ယန်က အတူယှဉ်တွဲနေပြီး သူတို့က အစစ်နဲ့ ပုံရိပ်ယောင်ကြား လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်တယ်။ အဲ့ဒီအဆင့်ဆိုရင် ဘာကမှ သူတို့ကို ထိခိုက်အောင်မလုပ်နိုင်တော့ဘူး။ ပိဖန်းမီးတောက်ကို အဆုံးစွန်ထိသုံးမယ်ဆိုရင်တောင် သူတို့ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ အဲ့ဒီလိုဖြစ်လာတာနဲ့ သူတော်စင်အဆင့်ရှိတဲ့ အဓိပတိတွေတောင် ဒီနတ်ဆိုးကောင်တွေကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”
ဆေဘာဆရာမကြီးက ထိုသေမင်းဝိညာဉ်များကို လေးစားမှုများပြည့်နေသည်။
တင်းဟောက်က ခေါင်းငြိမ့်လိုက်၏။
“မြင့်မြတ်တဲ့ခန်းမမှာ ဘာလို့ ဒီလိုနတ်ဆိုးကောင်တွေရှိနေရတာလဲ။ ကောလဟာလတွေအရ မြင့်မြတ်တဲ့ခန်းမက အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ သစ်စိမ်းစစ်နတ်ဘုရားကိုတောင် စိန်ခေါ်ရဲတဲ့အထိ ဩဇာလွှမ်းမိုးတဲ့ တည်ရှိမှုတစ်ခုဖြစ်ပေမယ့် ဒိလိုသေမင်းဝိညာဉ်တွေကို သန့်စင်မယ့် အောက်တန်းကျတဲ့အဖွဲ့အစည်းတစ်ခုတော့ မဟုတ်ပါဘူး…”
တင်းဟောက်က သူ၏သံသယကို ထုတ်ပြောလိုက်သည်။
ဓါးဆရာကြီးက ဤသည်ကိုကြားသောအခါ ပြောလိုက်၏။ “သေချာပေါက်ပြောဖို့ခက်တယ်။ ဒဏ္ဍာရီတွေဆိုတာ များသောအားဖြင့် ကောလဟာလလောက်ပါပဲ။ ဂိုဏ်းတစ်ဂိုဏ်းက အထွတ်အထိပ်ရောက်နေတဲ့အချိန်မှာ ဖျက်ဆီးခံလိုက်ရရင် အကြောင်းပြချက်တစ်ခု ရှိမှာပဲ။ အခုလေးတင် လေထဲမှာပေါ်လာတဲ့ ကောင်းကင်မျက်လုံးဂိတ်က သေချာပေါက် ရိုးရိုးပုံရိပ်ယောင်တစ်ခု ဒါမှမဟုတ် လူသတ်အစီအရင်တစ်ခု မဟုတ်လောက်ဘူး။ အဲ့ဒါက တစ်ခြားကမ္ဘာကို ဦးတည်နေတဲ့ ကုန်းမြေနေရာလွတ်ဝင်ပေါက်ကြီးတစ်ခု ဖြစ်နိုင်ချေအရှိဆုံးပဲ။ အပျက်အစီးတွေထဲမှာ ဒီလိုနေရာလွတ်ဝင်ပေါက်တစ်ပေါက် ပေါ်လာတာက အရာအားလုံးနီးပါးကို ရှင်းပြဖို့ လုံလောက်နေပြီ….”
တင်းဟောက်သည် စိတ်ထဲမှ ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့ကို စကားပြောနေစဉ် ဦးဆောင်သွားနေသော ဦးလေးထျန်းရှုက ရုတ်တရက် လက်ဟန်ခြေဟန်ပြကာ သွားနေရာမှ ရပ်လိုက်၏။ တင်းဟောက်က စိတ်ထဲမှ ဆွေးနွေးခြင်းကိုရပ်ကာ ရှေးသို့လှမ်းကြည့်လိုက်သည်။ သူတို့ နောက်ဆုံးတွင် အခြားသိုင်းသမားများနှင့် တွေ့ရပြီဖြစ်၏။
ထိုလူများမှာ တောင်ပိုင်းတောရိုင်းမြေမှ သိုင်းသမားလေးငါးယောက် ဖြစ်ပြီး အားလုံးက ဒဏ်ရာရနေကြသည်။ သူတို့ထဲမှနှစ်ယောက်က အလွန်ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားပြီး သူတို့ဒဏ်ရာများမှ သွေးများ မရပ်မနားစီးကျနေ၏။ သူတို့က ဤဒဏ်ရာများကို သူတို့၏ချီစွမ်းအင်ဖြင့် ကုသနေသော်လည်း အတော်လေး မအောင်မမြင်ဖြစ်နေသည်။ ကျန်သည့်သုံးယောက်က စိုးရိမ်ပူပန်နေကြကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။
“ဘယ်သူလဲ” သူတို့၏ခြေသံများကိုကြားသောအခါ ရင်ဘတ်ဗလာနှင့် ကောက်ကွေးသော အနက်ရောင်ဆံပင်တိုများရှိသည့် လူငယ်တစ်ယောက်က သူတို့ထံ ချက်ချင်းပြေးလာကာ ကျယ်လောင်ပြီးသတိရှိသော လေသံဖြင့် ပြောလိုက်သည်။ သူက ခြေဗလာနှင့်ဖြစ်ပြီး ရိုးရှင်းသော အနက်ရောင်သားရေချပ်ဝတ်ကို ဝတ်ဆင်ထား၏။
ဦးလေးထျန်းရှု၏မျက်လုံးများထဲတွင် ထူးဆန်းပြီး အဓိပ္ပာယ်ဖော်ရခက်သော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ သူက တစ်ဖက်သို့ရွှေ့ကော ပုခုံးတွန့်ပြလိုက်၏။ ‘လူငယ်လေး စိတ်မပူပါနဲ့။ ငါတို့က ဖြတ်သွားဖြတ်လာတွေပါ။ မင်းတို့အားလုံး လုပ်စရာရှိတာဆက်လုပ်ပါ။ ငါတို့ကို စိတ်ထဲမှာမထားပါနဲ့…” ထို့သို့ပြောကာ သူက သူတို့ကိုရှောင်ကွင်းသွားလိုက်သည်။
တင်းဟောက်က သူ့နောက်မှလိုက်သွား၏။ သို့သော် သူ့မျက်လုံးများက တောင်ပိုင်းတောရိုင်းနယ်မြေမှ အဓိပတိများထံ လူးလာဖြတ်သန်းသွားသည်။
ဒဏ်ရာရထားသူများထဲမှ တစ်ဦးသည် ဆံပင်ဖြူများနှင့်အဘိုးအိုတစ်ဦးဖြစ်ပြီး စွပ်ကျယ်အင်္ကျီနှင့်ဆင်တူသော အနက်ရောင်သားရေချပ်ဝတ်ကိုပင် ဝတ်ဆင်ထား၏။ သူ့ခန္ဓာကိုယ်အောက်ပိုင်းတွင် ဘောင်းဘီတိုများနှင့်တူသော သံချပ်ကာများကို ဝတ်ဆင်ထားပြီး လက်မောင်းများနှင့် ခြေထောက်များကို လှစ်ဟထားသည်။ အဘိုးအိုသည် သံကြွပ်မှဖြတ်ထုတ်ထားသကဲ့သို့ အသားညိုပြီး ကြွက်သားတောင့်တင်း၏။ သူ၏လည်ပင်းက ဒဏ်ရာရထားပြီး သူ့ခေါင်းက ပြတ်လုနီးပါးဖြစ်နေကာ နှစ်ခုကိုဆက်ထားသော အသားစတစ်စသာ ကျန်ရစ်ခဲ့သည်။
ဤအဘိုးအို၏တစ်ကိုယ်လုံးတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေ၏။ သူက မြေကြီးပေါ်တွင် ကြတ်ခြေခတ်ထိုင်ကာ သူ့ကိုယ်သူကုသရန် အကောင်းဆုံးလုပ်နေသည်။ သူက အတော်လေး အဆင်မပြေဖြစ်နေ၏။ မပျံ့နှံ့သေးသော အနက်ရောင်မြူခိုးများက သူ့လည်ပင်းပေါ်ရှိ ထိုဟက်တက်ကွဲနေသော ဒဏ်ရာတစ်ဝိုက်တွင် ဝေ့လည်နေဆဲဖြစ်ပြီး ဒဏ်ရာက မပိတ်သေးပေ။
အသက် ၂၀ ပတ်လည်ရှိ လူငယ်တစ်ယောက်ကလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်။ ဤကံမကောင်းသော လူငယ်တွင်လည်း ကွေးကောက်သော အနက်ရောင်ဆံပင်တိုများ ရှိ၏။ သူ၏ဘယ်ဘက်ပုခုံးမှ ညာဘက်ဝမ်းဗိုက်ထိ တစ်လျှောက်လုံးတွင် ကြောက်မက်ဖွယ် ဟက်တက်ကွဲရာကြီး ရှိနေသည်။ သူ၏ကိုယ်တွင်းအင်္ဂါများမှာ လုံးလုံးလျားလျား ဖြတ်တောက်ခံထားရပြီး သူ့တစ်ကိုယ်လုံးသည် အပိုင်းပိုင်းပြတ်လုနီးပါး ဖြစ်နေ၏။ ပထမလူကဲ့သို့ပင် သူ့ဒဏ်ရာများမှ သွေးများပန်းထွက်နေပြီး ဒဏ်ရာများပတ်လည်တွင် ကုသ၍မရနိုင်သော အနက်ရောင်မြူခိုးများ ဝေ့လည်နေသည်။
အကယ်၍ သူတို့က သာမန်သိုင်းသမားများသာ ဖြစ်နေပြီး အစောပိုင်းအရှင်သခင်နယ်ပယ်အထက်ရှိ အဓိပတိများတွင် ဤသို့စွမ်းအားကြီးသော တက်ကြွမှုရှိသည့် အချက်ကြောင့်သာမဟုတ်လျှင် သူတို့ အချိန်အကြာကြီးကတည်းက ဤဒဏ်ရာများကြောင့် သေပြီးနေပြီဖြစ်၏။
သူတို့၏ဒဏ်ရာများက သေမင်းဝိညာဉ်များကြောင့် ရခဲ့ခြင်းဖြစ်မှန်း တင်းဟောက် တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။ ထိုဒဏ်ရာများတစ်ဝိုက်တွင် ရစ်ဝဲနေဆဲဖြစ်သော အနက်ရောင်မြူခိုးများသည် အနက်ရောင်အကျဉ်းခန်းများထဲမှ အလင်းရောင်ကာပေးသော မြူခိုးနက်များနှင့် သေချာပေါက် အတူတူပင်ဖြစ်၏။ ၎င်းက အမှန်တကယ်ပင် ထိုဒဏ်ရာများတစ်ဝိုက်တွင် ရစ်ပတ်နိုင်စွမ်းရှိပြီး ပြန်လည်ကုသရေးကို အဟန့်အတားဖြစ်စေသည်။
တင်းဟောက်၏နှလုံးခုန်နှုန်းများ မူမမှန်ဖြစ်သွား၏။ သူသည်လည်း ထိုသေမင်းဝိညာဉ်များ၏ ဓါးသွားကြာင့် ဒဏ်ရာရခဲ့ပြီး ခါး၌ တစ်ဝက်ပိုင်းခံရလုနီးပါးဖြစ်ခဲ့သည်။ သို့သော် သူ့ဒဏ်ရာက အလွန်မြန်မြန်ဆန်ဆန် ပြန်ကောင်းသွားသောကြောင့် ပုံမှန်မဟုတ်သည်ကို သတိမထားမိခဲ့ချေ။ ထို့ကြောင့် သူသည် ထိုအချိန်က ဤကိစ္စကို အနည်းငယ်သာ တွေးတောမိခဲ့၏။
ဤအနက်ရောင်မြူခိုးများက ထိုသို့ကြောက်မက်ဖွယ်ဖျက်ဆီးနိုင်စွမ်းကို အမှန်တကယ် ပိုင်ဆိုင်ထားသည်လော။
သူတို့က အဓိပတိတစ်ဦး၏ ဒဏ်ရာကုသခြင်းကို ရပ်တန့်နိုင်သည်လော။
သို့သော် သူတို့၏သေစေနိုင်သော စွမ်းအားက မည်သည့်အတွက်ကြောင့် သူ့အပေါ် အကျိုးသက်ရောက်မှုမရှိသနည်း။
ထိုလူများကို ဖြတ်လျှောက်လာရင်း တင်းဟောက် မနေနိုင်တော့ဘဲ သူတို့ကို အကြိမ်ရေအနည်းငယ် ထပ်ကြည့်လိုက်သည်။
တောင်ပိုင်းတောရိုင်းနယ်မြေမှ ဤအဓိပတိများ ဝတ်ဆင်ထားပုံက မြောက်ပိုင်းနယ်မြေနှင့် အလယ်ပိုင်းနယ်မြေတို့၏ ဝတ်စားပုံနှင့် လုံးဝကွဲပြား၏။ သူတို့အများစုက အနည်းအကျဉ်းမျှသာ ဝတ်ဆင်ထားပြီး လက်မောင်းများနှင့် ခြေသလုံးများကို ဖော်ထားကာ ခြေဗလာဖြင့် လျှောက်ကြသည်။ သူတို့၏သိုင်းဧကရာဇ်အဓိပတိများသည်ပင် ဤပုံစံအဝတ်အစားများ ဝတ်ဆင်ထား၏။ သူတို့၏ဝတ်စားပုံက အလယ်ပိုင်းနှင့် မြောက်ပိုင်းနယ်မြေတို့မှ ဝတ်ရုံစများနှင့် အင်္ကျီလက်များ လေထဲတွင် တဖျတ်ဖျတ်လွင့်နေတတ်သည့် လှပစွာ အသေးစိတ်ပြင်ဆင်ထားပြီး နှစ်သက်စရာကောင်းသော ပုံစံများနှင့်မတူဘဲ ရိုးစင်းသည်။
ဒဏ်ရာရထားသော လူနှစ်ယောက်အပြင် ဤအဖွဲ့ထဲတွင် နောက်ထပ်အဓိပတိသုံးယောက် ရှိသေးသည်။ နှစ်ယောက်မှာ အသက် ၁၆၊ ၁၇ ပတ်ဝန်းကျင်ရှိ မိန်းကလေးများဖြစ်၏။
တောင်ပိုင်းတောရိုင်းနယ်မြေမှ ထိုမိန်းကလေးများမှာ အမျိုးသားများထက် အသားပိုဖြူသည်။ သူတို့က ကျောက်စိမ်းဖြူ သို့မဟုတ် သိုးဆီခဲကဲ့သို့ ဖြူဖွေးပြီး ဖျော့တော့နူးညံ့၏။ သူတို့၏သေးသွယ်သော မျက်နှာများမှာ အလွန်အမင်း နူးညံ့လှပသည်။ ထိုအမျိုးသမီးနှစ်ဦးသည် ရှားပါးအလှလေးများဖြစ်ပြီး တောင်ပိုင်းအမျိုးသမီးတို့ကို ပြီးပြည့်စုံစေသည့် အလွန်အမင်း ရဲစွမ်းသတ္တိရှိသောရောင်ဝါတို့ ပြည့်လျှံနေ၏။
ထိုနှစ်ယောက်က သူတို့၏ကျစ်လစ်ပြီး ကောင်းစွာဖွံ့ဖြိုးနေသည့် ရင်သားတို့ကို အလုံအလောက် ဖုံးကွယ်မထားသော ချပ်ဝတ်အတိုကို ဝတ်ဆင်ထားသည်။ သူတို့၏သေးသွယ်၊ နူးညံ့ပြီး ဖြူဖွေးသော ခါးတို့ကို လှစ်ဟထားပြီး သူတို့၏ချက်ကို အနီရောင်ကျောက်မျက်များဖြင့် စီခြယ်ထားကာ သူတို့၏အပြစ်အနာအဆာကင်းသော အသားအရေကို အားဖြည့်ပေးထားသော ညှို့ယူဖမ်းစားနိုင်သည့် အနီရောင်မြူခိုးထုတစ်ခု ဝေ့လည်နေ၏။ ကောင်းမွန်စွာ ဖန်တီးထားသော ချပ်ဝတ်က သူတို့၏တင်ပါးများနှင့် ခြေထောက်များကို ဖုံးကွယ်ပေးထားပြီး သူတို့၏ဖြူဖွေးသေးသွယ်သော ပေါင်တံများက လူတိုင်း၏မျက်လုံးများကို စူးရှပြာဝေသွားစေနိုင်သည်။
တောင်ပိုင်းတောရိုင်းနယ်မြေမှ အမျိုးသမီးများသည် အဝတ်အစားကို မလုံမလဲဆင်ယင်ထားသော်လည်း လက်ရာမြောက်သော အဆင်တန်ဆာများစွာကို ဝတ်ဆင်ထား၏။ သူတို့၏မရမ်းစေ့ရောင်နုနု ဆံပင်များပေါ်တွင် ဝင်းလက်တောက်ပမှုတစ်ခု ရှိနေသည်။ ထိုမိန်းကလေးနှစ်ဦးသည် လက်ဖျားခါရလောက်အောင် လက်ရာမြောက်စွာဖန်တီးထားသော ငွေအဆင်တန်ဆာ အနည်းဆုံး ဒါဇင်အနည်းငယ်ခန့် ဝတ်ဆင်ထား၏။ သူတို့၏လက်ကောက်ဝတ်များနှင့် ခြေချင်းဝတ်များတွင် ပန်းဖွားများ တွဲလွဲဆွဲထားပြီး ငွေရောင်အလင်းတစ်ခု တောက်ပနေသည်။ သူတို့က ထိပ်တန်းလက်မှုပညာရှင်တစ်ဦး ကျွမ်းကျင်စွာပုံဖော်ထားသော လက်ရာမြောက်လှသည့် လတ်ကောက်နှင့် ခြေချင်းတစ်ဒါဇင်ခန့်ကို ဝတ်ဆင်ထား၏။
မိန်းမငယ်လေးနှစ်ဦးမှာ အလွန်တရာချောမောပေသည်။ သူတို့က ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေပြီး မြောက်ပိုင်းတောရိုင်းနယ်မြေ၏ မိန်းမဆန်သော ညှို့ဓာတ်တို့ကို အပြည့်အဝ ပြသနေကြ၏။
တင်းဟောက်မြင်ရသည့် အံ့ဩစရာအကောင်းဆုံးကိစ္စမှာ ထိုမိန်းကလေးနှစ်ယောက်သည် တူညီသော ပုံစံထွက်ထဲမှ သွန်းလုပ်ထားသကဲ့သို့ ထပ်တူညီလုနီးပါးဖြစ်နေ၏။ သူတို့ ချွတ်စွပ်တူသော အမြွာနှစ်ယောက် ဖြစ်ပုံရသည်။
“အဘိုးကွေ့ ဘယ်လိုနေသေးလဲ။ တောင့်ခံထားပါဦး။ အဘိုးဘာမှ မဖြစ်နိုင်ပါဘူး…”
မိန်းကလေးနှစ်ဦးတို့က အထိတ်တလန့်ဖြင့် ပျာယာခတ်နေကြသည်။ သူတို့ထဲမှတစ်ယောက်က မရပ်မနား ငိုနေပြီး တင်းဟောက်သည် သူမအတွက် စိတ်မကောင်းဖြစ်မိသွား၏။
တင်းဟောက်က မိန်းကလေးနှစ်ယောက်ကို တစ်ချက်ကြည့်ကာ သူတို့သည် တောင်ပိုင်းတောရိုင်းနယ်မြေ၏ အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းမှ ဖြစ်ရမည်ဟု သူ့ဘာသာတွေးလိုက်သည်၊ မဟုတ်လျှင် သူတို့ ဤမျှအထိ ရောက်လာနိုင်မည်မဟုတ်ပေ။ သူတို့၏ခွန်အားက ဤနေရာတွင် ဖိနှိပ်ခံထားရသောကြောင့် တင်းဟောက်သည် သူတို့၏သိုင်းပညာ သို့မဟုတ် မှော်လက်နက်ကျင့်ကြံမှုအစစ်တို့ကို မမြင်နိုင်ချေ။ သို့သော် ကာယကျင့်ကြံမှုတွင် သူတို့က တင်းဟောက်ထက် များစွာနိမ့်ကျသည်။
သို့သော် ထိုအဓိပတိငါးဦးထဲတွင် ဒဏ်ရာရထားသော အဘိုးအိုက စွမ်းအားအကြီးဆုံးသိုင်းသမား ဆိုသည်ကို တင်းဟောက်ဝိုးတဝါးပြောနိုင်၏။သူ၏ခွန်အားက တင်းဟောက်ကို အတော်လေး သတိရှိလာစေသည်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသော်လည်း သူက ကြောက်မက်ဖွယ်ရောင်ဝါတစ်ခု ထုတ်လွှတ်ကာ ဒဏ်ရာရထားသော ဧရာမရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် တူနေ၏။ ဤချောမောလှပသော အမြွာနှစ်ဦးက ကောက်ကွေးသော အနက်ရောင်ဆံပင်တိုနှင့် လူငယ်နောက် ဒုတိယအဆင့်မျှသာ ရှိသည်။ လူငယ်က သူ့အပေါင်းအသင်းများနှင့် တင်းဟောက်ကို သတိကြီးစွာ ကြည့်နေ၏။ အပေါ်ယံမျှသာ ဒဏ်ရာရထားသော်လည်း သူ၏ခွန်အားက သာမန်ဆန်လှသည်။ နှစ်ပိုင်းပြတ်လုနီးပါးဖြစ်နေသော လူငယ်က ခွန်အားအနည်းဆုံးဖြစ်၏။
မျက်ရည်လည်ရွှဲဖြစ်နေကြသော မိန်းကလေးနှစ်ဦးနှင့် သူတို့၏နူးညံ့သော မျက်နှာထက်မှ ထိတ်လန့်မှုနှင့် ဝမ်းနည်းမှုတို့ကိုကြည့်ကာ တင်းဟောက် မသနားမိဘဲ မနေနိုင်ချေ။ မည်သည့်အတွက်ကြောင့်မှန်းမသိ အချိန်အတော်ကြာအောင် ပျောက်ဆုံးနေခဲ့သော သူ့ညီမလေး တင်းခယ့်အာကို သတိရမိသွားသည်။
သူ့ညီမလေးသာ ဤနေရာတွင်ရှိနေပြီး သူမ၏မိတ်ဆွေများနှင့် ဆရာများလည်း ဒဏ်ရာရထားလျှင် သူမ၏ကြင်နာတတ်သောစရိုက်အရ သူတို့ကဲ့သို့ပင် ဝမ်းနည်းစွာနှင့် အကူအညီမဲ့စွာ ငိုကြွေးနေပေလိမ့်မည်။ သူပေးခဲ့သောကတိက အလွန်လေးနက်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ တင်းဟောက်သည် တောင်ပိုင်းနယ်မြေမှ မိန်းကလေးတစ်ယောက်ကိုမြင်တိုင်း သူ့နှလုံးသားထဲတွင် သူမကို သူ့ညီမအစစ်ကဲ့သို့ ရင်းနှီးနေမိ၏။
ဤအခိုက်အတန့်တွင်…
“စီနီယာ ကျွန်မရဲ့ အဘိုးကွေ့နဲ့ ဂျူနီယာမောင်လေးကို ကယ်ပေးနိုင်မလား။ စီနီယာ့မှာ နည်းလမ်းရှိမှာပါ ဟုတ်တယ်မလား” အမြွာမိန်းကလေးနှစ်ယောက်ထဲမှ တစ်ယောက်က ရုတ်တရက် ထျန်းရှုထံပြေးသွားကာ တောင်းပန်လိုက်သည်။
ထျန်းရှုသည် ဆံပင်ဖြူနှင့် ငယ်ရွယ်သောမျက်နှာတို့ဖြင့် တာအိုအင်မော်တယ်တစ်ဦး၏ အသွင်ယူထားသောကြောင့် အမှန်တကယ်ပင် နက်နဲသောအင်မော်တယ်ပုဂ္ဂိုလ်တစ်ဦးဟု လူတစ်ယောက်ကို ထင်မှတ်နိုင်စေ၏။ မိန်းကလေးက သူတို့၏ အနက်ရောင်မြူခိုးများပေးသော ဒဏ်ရာများကိုကုသရန် ထျန်းရှုတွင် နည်းလမ်းတစ်ခုရှိရမည်ဟု အလိုအလျောက် ထင်မြင်နေခြင်းမှာ အံ့ဩစရာမရှိချေ။
***