“အော်မီတော်ဖု” ထျန်းရှုက သက်ပြင်းချယောင်ဆောင်ကာ မေးလိုက်သည်။ “ဒကာမလေး ဘာလို့ ငါက သူတို့ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်တယ်လို့ ထင်နေရတာလဲ”
သူ့မေးခွန်းကိုကြားသောအခါ မိန်းကလေးက အနည်းငယ် စိတ်သက်သာရာရသွား၏။ သူမက အနက်ရောင်သံချပ်ကိုဝတ်ဆင်ထားပြီး သူမဘေးတွင်ရပ်နေသော တင်းဟောက်ကိုလှည့်ကြည့်ကာ လေးစားစွာပြောလိုက်သည်။ “အနက်ရောင်အကျဉ်းခန်းထဲက မထိမခိုက်ဘဲ ထွက်လာနိုင်ခဲ့တာက ဆရာတော့်ရဲ့စွမ်းအားဟာ ခက်ခဲနက်နဲတယ်ဆိုတာ ပြသနေပါတယ်။ ပြီးတော့ ဆရာတော့် အစောင့်အရှောက်ရဲ့ချပ်ဝတ်ပေါ်မှာ အရမ်းသေသပ်ပြီး ထင်ရှားတဲ့ ခုတ်ဖြတ်ရာတွေ ရှိနေပါတယ်။ သူက အနက်ရောင်အကျဉ်းခန်းထဲက အဲဒီဝိညာဉ်တွေကြောင့် ဒဏ်ရာရခဲ့တာထင်ရှားနေပေမယ့် ပြန်ကောင်းသွားပြီ။ တပည့်တော်မနာမည်က မုလန်ရှင်းပါ။ ဒီအကြောင်းအရင်းတွေကြောင့် အဲ့ဒီဝိညာဉ်တွေကြောင့်ရခဲ့တဲ့ ဒဏ်ရာတွေကို ကုသဖို့ ဆရာတော့်မှာ အစွမ်းထက်နည်းလမ်းတစ်ခုရှိရမယ်လို့ တပည့်တော် အခိုင်အမာယူဆရတာပါ”
ထျန်းရှုက တဟားဟားရယ်ကာ ပြောလိုက်သည်။ “မင်းက ထက်မြတ်ပြီး အပြောလည်းကောင်းတာပဲ။ မင်းရဲ့ မြှောက်ပင့်စကားတွေက ငါ့ကိုအရမ်း စိတ်ချမ်းသာစေတယ်… ဒါပေမယ့် ဒီတစ်ခါတော့ မင်းမှားသွားပြီ။ အဲ့ဒီသေမင်းဝိညာဉ်တွေကြောင့်ရခဲ့တဲ့ ဒဏ်ရာတွေကို ငါတကယ် မကုနိုင်ဘူး”
မူလက နေတစ်စင်းကဲ့သို့တောက်ပနေသော မိန်းကလေး၏မျက်လုံးဝိုင်းကြီးများထဲမှ နောက်ဆုံးမျှော်လင့်ချက်အလင်းရောင်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သို့သော် နောက်တစ်ခဏတွင် ကောင်းကင်ဘုံမှတေးသံကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသော ထျန်းရှုဇီ၏အသံက သူမ၏နားစည်ထံ တစ်ဖန်ပြန်ရိုက်ခတ်လာ၏။ “ဒါပေမယ့် ဒီဒဏ်ရာတွေကို ငါမကုနိုင်ပေမယ့် အခြားတစ်ယောက်ယောက်ကတော့ ကူညီကောင်းကူညီနိုင်တယ်”
ထျန်းရှုက ထိုသို့ပြောကာ သူ့နောက်မှတင်းဟောက်ထံ ညွှန်ပြလိုက်သည်။
“မိန်းကလေး အဲ့ဒီလူကို သွားတောင်းပန်ချေ။ သူဒီနေ့ စိတ်ကောင်းဝင်နေရင် မင်းရဲ့အဘိုးကွေ့ကို အသက်ရှင်အောင် လုပ်ပေးချင်လုပ်ပေးနိုင်တယ်”
“ဒီလူလား”
မုလန်ရှင်းက အနည်းငယ်သံသယဖြစ်စွာနှင့် ခေါင်းမော့ကာ တင်းဟောက်ကိုကြည့်လိုက်သည်။ နှစ်မီတာကျော်မြင့်သော ဤဗလတောင့်တောင့်လူသည် ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်နေ၏။ သူက အနက်ရောင်သံချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး စွမ်းအားကြီးသည့် အဓိပတိတစ်ဦး၏ပုံစံ လုံးဝမပေါက်ချေ။ သူက ဤသူတော်စင်သဖွယ်အဘိုးအို၏ အစောင့်အရှောက်ကိုယ်ရံတော်မျှသာ ဖြစ်သည်။ သူ့တွင် သန်မာသော တိုက်ခိုက်နိုင်စွမ်း ရှိကောင်းရှိနိုင်မည်ဖြစ်သော်လည်း ထိုထူးဆန်းသော အနက်ရောင်မြူခိုးများကို မည်သို့ ဖယ်ရှားနိုင်မည်နည်း။
‘ဒီမုတ်ဆိတ်ဖြူနဲ့အဘိုးကြီးက ငါ့ကိုလိမ်နေတာများလား’
မုလန်ရှင်းက အနည်းငယ် မရေမရာဖြစ်သွား၏။ သို့သော် သူမစိတ်ထဲတွင် သံသယဖြစ်နေသော်လည်း တင်းဟောက်ကို မပစ်ပယ်ရဲပေ။ အဘိုးအိုကိုကယ်ရန် အကောင်းဆုံးကြိုးစားရုံသာ သူမတတ်နိုင်သည်။ သူမက တင်းဟောက်ထံ လှည့်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်၏…
…တင်းဟောက်က လက်ကိုသာ အသာဝေ့ယမ်းလိုက်ပြီး ပြုံးလိုက်သည်။ မည်သည်ကိုမှမပြောဘဲ လက်ဖျောက်တီးလိုက်၏။ ပိဖန်း၏မီးလုံးနှစ်လုံးက သူ့လက်ချောင်းထိပ်မှပြေးထွက်လာပြီး ဆံပင်ဖြူအဘိုးအိုနှင့် လူငယ်၏ဒဏ်ရာများပေါ်တွင် ဖြန့်ကျက်သွားသည်။ ၎င်းတို့က အနီရောင်မီးတောက်များအဖြစ် ပြောင်းသွားကာ သူတို့ဒဏ်ရာများတစ်ဝိုက်တွင် လှည့်လည်နေသော အနက်ရောင်မြူခိုးများကို ချက်ချင်းလောက်မြိုက်သွားစေ၏။
ချက်ချင်းပင် လေထုက ထူးဆန်းသော မီးကျွမ်းနံ့များဖြင့် ပြည့်သွားသည်။
ဆံပင်ဖြူနှင့်အဘိုးအိုက မသဲမကွဲညည်းတွားကာ သွေးများအန်ထုတ်လိုက်၏။ လူငယ်ကလည်း သတ်ဖြတ်ခံနေရသော ဝက်တစ်ကောင်ကဲ့သို့ တအီအီအော်လိုက်သည်။
“ကောင်းလိုက်တဲ့ကောင် မင်းဘာလုပ်နေတာလဲ။ ငါတို့ မင်းကို သူတို့ရဲ့ဒဏ်ရာတွေကုခိုင်းတာ။ မင်းမလုပ်နိုင်ရင် ထွက်သွား။ ကြိုးစားကြည့်ပြီး သူတို့ကိုထိခိုက်အောင်လုပ်မနေနဲ့…” တစ်ဦးတည်းသော ဒဏ်ရာမရသူဖြစ်သည့် အနက်ရောင်ဆံပင်တိုကောက်ကောက်များနှင့် လူငယ်က ဒေါသတကြီး အော်လိုက်၏။
တင်းဟောက်က သူ့ကိုစောင်းငဲ့၍ပင် မကြည့်ချေ။ နောက်တစ်ခဏတွင် ထျန်းရှုက ဟားတိုက်ရယ်ရင်း ကျားဖြူမ၏ကျောပေါ်တွင် စီးနင်းထွက်ခွာသွားသည်။
တင်းဟောက်က သူ့ခြေထောက်မှခွန်အားကို ထုတ်လွှတ်လိုက်၏။ ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ သူ့ခြေထောက်မှ လေပွေနှင့်တူသော ချီပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ အနက်ရောင်ဆံပင်တိုနှင့်လူငယ်ကို လွင့်ထွက်သွားစေသည်။ မာကျောသောမြေကြီးပေါ်တွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများနှင့်အတူ ချိုင့်နက်ကြီးတစ်ခု ပေါ်လာ၏။
တင်းဟောက်က အမြောက်ဆံတစ်ခုကဲ့သို့ ခုန်ပေါက်ကာ အနက်ရောင်လျှပ်စီးတစ်ခုကဲ့သို့ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“မင်းက ဘယ်လိုလုပ် ထွက်ပြေးရဲရတာလဲ” လူငယ်က အရှက်ရသွားကာ ဒေါသတကြီး အော်လိုက်၏။ သူက တင်းဟောက်နောက်သို့ လိုက်သွားရန် ပြင်လိုက်သည်။
“ရိုင်းလိုက်တာ။ မဆင်မခြင်နိုင်လိုက်တဲ့ကောင်လေး ချက်ချင်း ပြန်လာစမ်း” ဆံပင်ဖြူနှင့်အဘိုးအိုက ရုတ်တရက်မျက်လုံးများပွင့်လာကာ လူငယ်ကို အေးစက်စွာအော်လိုက်၏။
“အဘိုးကွေ့ ပြန်ကောင်းသွားပြီလား” လှပသောမိန်းကလေး မုလန်ရှင်းမှာ အပျော်လွန်သွားသည်။
ထို့နောက်မှသာ အဘိုးအို၏လည်ပင်းထက်၌ ဝေ့လည်နေသော အနက်ရောင်မြူခိုးများမှာ အချိန်အကြာကြီးကတည်းက ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူမမြင်တွေ့လိုက်ရ၏။ ဤထူးဆန်းသောစွမ်းအား၏ ဟန့်တားမှုမရှိဘဲ လူအိုကြီး၏ကျင့်ကြံမှုနှင့်ဆိုလျှင် သူ့ကိုယ်သူကုသရန် မည်မျှအချိန်ကြာမည်မသိပေ။
“ဆရာ အဲ့ဒီကောင်…” လူငယ်၏အသံက ကြောက်ရွံ့ကာ တိတ်ဆိတ်သွားသည်။
ဆံပင်ဖြူအဘိုးအိုက နှာမှုတ်လိုက်ပြီး သူ့ကိုမကြည့်တော့ပေ။ ထိုအစား သူက တင်းဟောက်နှင့် အပေါင်းအသင်းများ ပျောက်ကွယ်သွားသည့်နေရာကို လှည့်ကြည့်လိုက်သည်။ သူက ချီစွမ်းအင်ကိုထုတ်လွှတ်ကာ အော်ပြောလိုက်၏။ “ကျုပ်အသက်ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က တောင်ပိုင်းတောရိုင်းနယ်မြေက မုအိမ်တော်ရဲ့အကြီးအကဲ မုကွေ့ပါ။ ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့နာမည်တွေကို ပြောပြထားခဲ့ပါ။ မုအိမ်တော်က ဒီနေ့ခင်ဗျားတို့ရဲ့ကြင်နာမှုကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်”
သူ၏အသံက အလွန်ကျယ်လောင်ပြီး ပဲ့တင်ထပ်သွားသောကြောင့် ပတ်ပတ်လည်ကီလိုမီတာ အနည်းငယ်အတွင်း၌ ရှင်းရှင်းလင်းလင်းကြားနိုင်သည်။ သို့သော် တုံ့ပြန်သံမကြားရပေ။
ဆံပင်ဖြူနှင့်အဘိုးအိုက သက်ပြင်းချလိုက်၏။ ထိုလူနှစ်ယောက်က ဤကြင်နာမှုအတွက် ပြန်ပေးဆပ်ခြင်းကိုမလိုချင်သောကြောင့် သူတို့၏အချက်အလက်များကို ထုတ်ဖော်ရန်ဆန္ဒမရှိမှန်း သူသိလိုက်သည်။ သူက သူ့ဝတ်ရုံ၏အတွင်းအိတ်ထဲမှ သက်စောင့်ဆေးတစ်လုံးထုတ်ကာ မျိုချလိုက်၏။ ထို့နောက် သူ့ဒဏ်ရာကိုကုသရန် သူ့ခန္ဓာကိုယ်အတွင်းရှိ ချီကို လှည့်ပတ်စေလိုက်သည်။
အနက်ရောင်မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် လည်ပင်းပြတ်လုနီးပါးဒဏ်ရာက ကုသရန်လွယ်ကူလာ၏။
၁၅မိနစ်ခန့်ကြာပြီးနောက် ဆံပင်ဖြူအဘိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြီးမားသောပေါင်းစက်တစ်ခုကဲ့သို့ ခပ်မှိန်မှိန်အငွေ့မျှင်များ ထုတ်လွှတ်လိုက်သည်။ သူ့လည်ပင်းပေါ်၌ သွေးနီရောင်အဖုများ လူးလွန့်ထွက်လာပြီး သူ့ဒဏ်ရာကိုဆက်ပေးလိုက်၏။ နောက်ဆုံးတွင် သူ့ခေါင်းကိုပြတ်လုနီးပါးဖြစ်နေစေသော ဒဏ်ရာက အပြီးအပိုင် သက်သာသွားသည်။
သူက အသက်ပြင်းပြင်း ရှူထုတ်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူ၏အကြည့်က ပတ်ပတ်လည်သို့ ဖြန့်ကျက်သွားပြီး ဆံပင်ဖြူအဘိုးအိုက တွေးတွေးဆဆပြောလိုက်သည်။ “သေမင်းဝိညာဉ်တွေဆီက စွမ်းအားက တော်တော်ရက်စက်ကြမ်းကြုတ်တာပဲ။ ပြီးတော့ အထွတ်အထိပ်ယန်မီးတောက်ကလည်း အတော်စွမ်းအားကြီးတယ်… ငါသေတော့မလို့ သီသီလေးပဲလိုတော့တယ်။ လန်ရှန်းကသာ ဉာဏ်ကောင်းပြီး အနက်ရောင်သံချပ်ဝတ်ကိုယ်ရံတော်ကို အကူအညီမတောင်းခဲ့ရင် ငါဒီနေရာမှာ သေသွားလိမ့်မယ်”
“အဘိုးကွေ့ အခုပိုနေလို့ ကောင်းသွားပြီလား။ ကျေးဇူးတင်လိုက်တာ မိုးနတ်မင်းရယ်” မုလန်ရှင်းနှင့် သူမ၏အမြွာညီမငယ်က မုထယ်ရှင်းတို့မှာ အပျော်လွန်သွား၏။
“ဂုဏ်ယူပါတယ်ဆရာ ဆရာဘေးကင်းပြီး အကောင်းပကတိအတိုင်းဖြစ်လာတာ ကျွန်တော် အရမ်းဝမ်းသာတာပဲ” အနက်ရောင်ဆံပင်တိုနှင့် ဒဏ်ရာမရထားသောလူငယ် မုအန်းက ဆံပင်ဖြူနှင့်အဘိုးအိုရှေ့တွင် အပျော်လွန်ပြီးမျက်ရည်ကျတော့မည့်ဟန်ဖြင့် ရိုသေလေးစားစွာ ဒူးထောက်လိုက်သည်။
“ဟမ့်” ဆံပင်ဖြူနှင့်အဘိုးအိုက အေးစက်စွာနှာမှုတ်ကာ ပြောလိုက်၏။ “မိုက်လိုက်တဲ့တပည့် မင်းကသာ သေရမှာအကြောက်ကြီးလို့ အရေးပေါ်အချိန်ကျမှ နောက်ဆုတ်သွားပြီး နင်အာကိုဒုက္ခရောက်အောင်မလုပ်ခဲ့ရင် သူဆိုးဆိုးဝါးဝါး ဒဏ်ရာရမှာမဟုတ်ဘူး။ မင်းက အဲ့ဒီသေမင်းဝိညာဉ်တွေ ငါ့ကို အလစ်ချောင်းတိုက်ခိုက်လာအောင်လည်း လုပ်လိုက်သေးတယ်။ မင်းက စိတ်မြန်လက်မြန်နဲ့ ဘယ်နေရာမှအသုံးမကျဘူးပဲ။ အဲ့ဒီလူနှစ်ယောက်က အရမ်းစွမ်းအားကြီးလို့ ငါတောင် သူတို့ကိုကြောက်ရတယ်။ မင်းက ဘယ်လိုတောင် သူတို့ကို အော်ရဲရတာလဲ။ မင်းအသက်မရှင်ချင်တော့ဘူးလား။ ဟမ့် ငါ ဆရာကွေ့ ဘယ်လိုဖြစ်လို့များ ဒီလိုအသုံးမကျတဲ့ကောင်ကို ငါ့တပည့်အဖြစ် လက်ခံခဲ့ရတာလဲ”
ဤသည်ကိုကြားသောအခါ မုအန်းက အလျင်အမြန်ဒူးထောက်ကာ သူ၏အမှားကိုဝန်ခံလိုက်၏။ သို့သော် သူ့မျက်လုံးအနက်ထဲမှ မကျေနပ်မှုအရိပ်အယောင်တစ်ခုကို မည်သူမျှ သတိမထားမိလိုက်ချေ။ သူက ၎င်းကို ကောင်းမွန်စွာ ဖုံးကွယ်ထား၏။
ဆံပင်ဖြူအဘိုးအိုမုကွေ့က အေးစက်စွာနှာမှုတ်လိုက်ပြီး မုအန်းကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။ ထိုအစား သူက ဆိုးဆိုးဝါးဝါးဒဏ်ရာရထားသော အခြားလူငယ်လေး မုနင်ကို ကုသပေးရန် လျှောက်သွားလိုက်၏။
“ဆရာ ကျွန်တော်တို့ အတွင်းပိုင်းထဲကို သွားဦးမှာလား” မုအန်းက ခါးညွှတ်ကာ ကြောက်လန့်မှုမကုန်သေးဘဲ မေးလိုက်သည်။
ဤနေရာ၏အန္တရာယ်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ သူ့မျက်လုံးထဲတွင် အမြဲပြိုင်ဘက်ကင်းခဲ့သော သူ့ဆရာသည်ပင် အမှန်တကယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။ ဤအရာက သူ့ကို အတော်လေးကြောက်ရွံ့လာစေ၏။
ဆံပင်ဖြူအဘိုးအို မုကွေ့က မုနင်၏ဒဏ်ရာများကို အလျင်အမြန်တည်ငြိမ်အောင် လုပ်ပေးလိုက်သည်။ သူက သူရဲဘောကြောင်သောတပည့်ကို လှည့်ကြည့်ကာ ပြောလိုက်၏။ “ဒါပေါ့ ငါတို့ဆက်သွားရမှာပေါ့။ ဘာလို့လဲ မင်းက ကြောက်လို့လား”
“ဟင့်အင်း မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်က ဂျူနီယာညီလေးမုနင်ကို စိတ်ပူလို့ပါ။ သူ့ဒဏ်ရာတွေက အပြည့်အဝမပျောက်သေးဘူးလေ။ ကျွန်တော်တို့ ဆက်သွားရင်…” မုအန်းက သူ၏ခံစားချက်အမှန်များကို ဖုံးကွယ်ရန်ကြိုးစားကာ ပြောလိုက်သည်။
“ရှင် အဲ့ဒါကို စိတ်ပူစရာမလိုပါဘူး” မိန်းမလှလေးက တင်းဟောက်နှင့်သူ့အဖော်များ ပျောက်ကွယ်သွားသော အဝေးနေရာကိုကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ “မုအိမ်တော်က ထိပ်တန်းအဓိပတိတွေအများကြီး အခု အပျက်အစီးတွေထဲကို ရောက်နေပြီ။ သူတို့က တစ်ခြားသူတွေ မိုးထိမြင့်တဲ့ ဗုဒ္ဓစေတီတော်ကို သူတို့ထက်အရင်ရောက်ပြီး ရတနာတွေအကုန်လုံးယူသွားမှာကို စိုးရိမ်နေတာ။ အဲ့ဒါကြောင့် သူတို့က ငါတို့ထက်အရင်သွားနှင့်ပြီ။ ငါတို့က လမ်းမှာဂရုစိုက်ဖို့ပဲလိုတာ။ မိုးထိမြင့်တဲ့ ဗုဒ္ဓစေတီတော်ဆီရောက်တာနဲ့ ငါတို့လူတွေစုစည်းပြီးရင် အန္တရာယ်တွေ အကုန်ပြီးဆုံးသွားပြီ။ သူတို့က အဲ့ဒီကျရင် ဂျူနီယာမောင်လေး မုနင်ရဲ့ဒဏ်ရာတွေကို သေချာပေါက်ကုသပေးလိမ့်မယ်”
“လန်ရှင်းပြောတာမှန်တယ်။ ငါတို့မြန်မြန်သွားရမယ်။ မျှော်စင်ကိုရောက်တာနဲ့ အဲ့ဒီနှစ်တစ်သောင်းသက်တမ်းရှိတဲ့ သေမင်းဝိညာဉ်တွေကို ဖြတ်ကျော်ရတော့မှာမဟုတ်ဘူး။ အဲ့ဒီမှာ ငါတို့ပိုလုံခြုံလိမ့်မယ်” ဆံပင်ဖြူအဘိုးအို မုကွေ့က ခေါင်းငြိမ့်ကာ ဆက်လက်ဦးဆောင်သွားလိုက်သည်။ သူတို့က စိတ်ကိုလှည့်စားထားသော လူသတ်အစီအရင်များကို လွတ်အောင်ရှောင်တိမ်းကာ ဂရုတစိုက် ရှေ့ဆက်ခဲ့ကြ၏။
“အဘိုးကွေ့ အနက်ရောင်သံချပ်ဝတ်ကိုယ်ရံတော်က သာမန်မဟုတ်ဘူးလို့ ခံစားနေရတယ်” လှပသော အမြွာများထဲမှတစ်ယောက်ဖြစ်သော မုထယ်ရှင်းက ဆံပင်ဖြူအဘိုးအို မုကွေ့အနားသို့ အနည်းငယ်တိုးလိုက်သည်။
ဆံပင်ဖြူအဘိုးအိုက ခေါင်းငြိမ့်ကာ ပြောလိုက်၏။ “ဒီခမ်းနားထည်ဝါတဲ့အဆောက်အဦးတွေထဲက အဲ့ဒီသေမင်းဝိညာဉ်တွေမှာ ကြောက်စရာကောင်းတဲ့စွမ်းအားတွေရှိတယ်။ ငါ့ခွန်အားနဲ့တောင် သူတို့ကြောင့် သေတော့မလို့။ သူတို့ရဲ့အင်အားက ငါ့ခန္ဓာကိုယ်ထဲရောက်လာပြီးတော့ အမြင့်ဆုံးယန်စွမ်းအင်ရဲ့အကူအညီနဲ့တောင် သူ့ကို ထုတ်မပစ်နိုင်ဘူး။ အဲ့ဒီအားနဲ့ထိန်းချုပ်ခံထားရတော့ ငါ့ခန္ဓာကိုယ်အပြင်က ဘာကိုမှမမြင်ရတော့ဘူး။ အဲ့ဒီကိုယ်ရံတော်ရဲ့ထူးဆန်းပြီး လွှမ်းမိုးနိုင်တဲ့မီးတောက်ကိုပဲ မသဲမကွဲ အာရုံခံနိုင်လိုက်တယ်။ အဲ့ဒီဝိညာဉ်တွေရဲ့စွမ်းအားကို နှင်ထုတ်ပစ်ဖို့ သူသုံးလိုက်တဲ့မီးတောက်ကို ငါမသိဘူး… ဒါပေမယ့် အဲ့ဒီမီးတောက်က ဒီနယ်မြေမှာ အဲ့ဒါကို အလွယ်လေးလုပ်နိုင်တယ်”
‘အဲ့ဒီထဲမှာ သားရဲစွမ်းအားပါတာလား’ အမြွာများထဲမှတစ်ယောက်၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဖျတ်ခနဲပေါ်လာသည်။ သူမက တစ်စုံတစ်ခုကို သတိရသွားပုံပေါ်လာကာ ပြောလိုက်၏။ “တောင်ပိုင်းတောရိုင်းနယ်မြေတစ်ခုလုံးမှာ သားရဲအစွမ်းကိုအသုံးပြုတဲ့ အင်အားတစ်ခုပဲရှိတယ်။ အလယ်ပိုင်းနတ်ဘုရားကုန်းမြေတစ်ခုလုံးမှာတောင် သားရဲစွမ်းအားကို အဓိကကျင့်ကြံတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်လို့ ဘယ်သူမှမကြားဖူးဘူး။ အဘိုးသာ မပြောရင်…”
မုထယ်ရှင်း၏ လှပသောမျက်လုံးများထဲတွင် ပြင်းထန်သောအလင်းရောင်တစ်ခု ဖြတ်ပြေးသွားကာ သူမက အံ့ဩတကြီးရေရွတ်လိုက်သည်။ “အဲ့ဒီအနက်ရောင်သံချပ်ဝတ်ကိုယ်ရံတော်က တကယ်ပဲ လွန်ခဲ့တဲ့သုံးနှစ်က နတ်ဘုရားငှက်မွေးရုံးတော်ကို ပုန်ကန်ခဲ့တဲ့ အဲ့ဒီမိစ္ဆာမရဲ့ငယ်သားများ ဖြစ်နေမလား။ တောင်ပိုင်းတောရိုင်းနယ်မြေမှာ အကြီးအကျယ်ဗြောင်းဆန်စေခဲ့တဲ့ ဟိုမိစ္ဆာမလေ”
သူမဘေးမှ အနက်ရောင်ဆံပင်ကောက်ကောက်များဖြင့်လူငယ် မုအန်း၏မျက်လုံးများက တောက်ပသွားသည်။ သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖျတ်ခနဲပေါ်လာ၏။ သူက ကျယ်လောင်စွာပြောလိုက်သည်။ “မှန်တယ်။ သူက အဲ့ဒီမိစ္ဆာမရဲ့ ငယ်သားပဲဖြစ်ရမယ်။ ဒီကမ္ဘာပေါ်မှာ သားရဲစွမ်းအားကို ထိန်းချုပ်နိုင်တာ တစ်ခြားဘယ်သူရှိသေးလို့လဲ”
ဆံပင်ဖြူအဘိုးအို မုကွေ့က ခေါင်းငြိမ့်လိုက်သည်။ “အင်း မင်းရဲ့ခန့်မှန်းချက်က မှန်ကောင်းမှန်နိုင်တယ်”
ဤသည်ကိုကြားသောအခါ မုအန်းက သူ့ကိုယ်သူ ပို၍ပင် ကျေနပ်သွား၏။ သူက ပြောလိုက်သည်။ “ဟမ့် အဲ့ဒီလိုသာဆိုရင် ဆရာ နောက်တစ်ခါကျရင် သူတို့ကို လွယ်လွယ်ကူကူ လွှတ်မပေးသင့်ဘူး။ အဲ့ဒီမိစ္ဆာမက ကျွန်တော်တို့ဂိုဏ်းကို လှည့်စားပြီး သွေးချောင်းစီးမှုတွေအများကြီး ဖြစ်စေခဲ့တာ။ သူက အခု တောင်ပိုင်းနယ်မြေရဲ့ ဘုံရန်သူဖြစ်နေပြီ ဒါ့ကြောင့် သူ့နောက်လိုက်ကလည်း ကြင်နာတတ်တဲ့သူ မဖြစ်နိုင်ဘူး”
သူ့လေသံထဲတွင် ရန်လိုသောအရိပ်အယောင်တစ်ခု ပါဝင်နေသည်။
ဆံပင်ဖြူအဘိုးအို မုကွေ့က သူ့ကိုစိုက်ကြည့်ကာ ပြစ်တင်ကြိမ်းမောင်းလိုက်၏။ “ပြဿနာအိုးကောင် သူက မိစ္ဆာမရဲ့နောက်လိုက်ဖြစ်နေရင်တောင် ကိစ္စမရှိဘူး။ သူက ငါတို့ကိုကယ်ခဲ့တယ်။ ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့တင် မင်းသူ့ကို ကျေးဇူးတင်သင့်နေပြီ။ မင်းက ဘယ်လိုလုပ် ဒီလိုကျေးဇူးမသိတတ်တဲ့လူတစ်ယောက် ဖြစ်နေရတာလဲ”
မုအန်းက သတိမေ့နေသောမုနင်ကို ကျော်ပေါ်တွင် သယ်လာ၏။ ဆူပူကြိမ်းမောင်းခံရမှုက သူ၏မျက်နှာနှင့်နားရွက်များကို နီရဲသွားစေသည်။
ဆံပင်ဖြူအဘိုးအိုက တစ်ခဏမျှတန့်သွားပြီးနောက် ဆက်ပြောလိုက်၏။ “အနက်ရောင်သံချပ်ကာဝတ် ကိုယ်ရံတော်က တကယ်ပဲ အဲ့ဒီမိစ္ဆာမရဲ့နောက်လိုက်ဆိုရင် သူ့ကိုပြုပြင်ပြောင်းလဲဖို့ ငါတို့ နည်းလမ်းတစ်ခုရှာရမယ်။ သူကငါ့တို့ကိုကယ်ပေးဖို့ ဆန္ဒရှိခဲ့တော့ သူကလူဆိုးတစ်ယောက်မဟုတ်ဘူး ဆိုတဲ့အဓိပ္ပာယ်ပဲ။ သူ့ရည်ရွယ်ချက်တွေက ကောင်းနေပြီး သူက လူသတ်တာကိုရပ်တန့်ဖို့ ဆန္ဒရှိသရွေ့ ငါတို့က သူ့ကို နောက်တစ်ကြိမ်အခွင့်အရေး ပေးသင့်တယ်”
“အဘိုးကွေ့ပြောတာမှန်တယ်” မုလန်ရှင်း၏ အပြစ်အနာအဆာကင်းစွာ သိမ်မွေ့လှပသည့် မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာ၏။ “အနက်ရောင်သံချပ်ဝတ်ကိုယ်ရံတော်က လူကောင်းတစ်ယောက်ဆိုတာ ကျွန်မလည်းယုံတယ်”
***