တင်းဟောက်သည် သူ့ကို လူကောင်းတစ်ယောက်အဖြစ် တံဆိပ်ကပ်လိုက်မှန်း အမှန်တကယ်မသိချေ။ ဤအခိုက်အတန့်တွင် သူက တုန်လှုပ်မှုကိုသာ ခံစားနေရ၏။ သူ့ရှေ့တွင်ရှိနေသောအရာက ကြီးမားသော ကြက်သွေးရောင်မျှော်စင်တစ်ခုဖြစ်သည်။
တိမ်များထဲသို့ထိုးတက်နေသော တောင်တစ်လုံးကဲ့သို့ မျှော်စင်က မြေကြီးထဲတွင် ခိုင်မြဲစွာ အမြစ်တွယ်နေ၏။ မော့ကြည့်လိုက်လျှင် ထိပ်ကိုမမြင်ရချေ။ ကောင်းကင်ကိုထောက်ထားသော တိုင်တစ်လုံးကဲ့သို့ ၎င်းက လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခုပြည့်လျှက် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသည်။
ဧရာမမျှော်စင်သည် အဝေးမှကြည့်လျှင် နတ်ဘုရားမီးတောက်တစ်ခုနှင့်ဆင်တူသည့် ထူးဆန်းသောအနီရောင်မြူခိုးထုတစ်ခုနှင့် တောက်ပနေ၏။ ၁၀မီတာအမြင့်တိုင်းတွင် အထပ်တစ်ထပ်ရှိသည်။ အဌဂံပုံစံမျှော်စင်တွင် တူညီသောမျက်နှာပြင်ရှစ်ခုနှင့် ထောင့်ရှစ်ထောင့်ရှိ၏။ ၎င်း၏အချင်းက ထိပ်ဆုံးမှ အောက်ခြေထိ တူညီသည်။
တင်းဟောက်က မော့ကြည့်လိုက်၏။ သူက အနည်းဆုံး အထပ်ရာပေါင်းများစွာကို မြင်ရသည်။ ဤသို့မြင့်မားသော မျှော်စင်တစ်ခုကို မိုးမျှော်တိုက်များပြည့်နေည့် ကမ္ဘာဂြိုဟ်ပေါ်မှ သူ၏ယခင်ဘဝ၌ပင် တင်းဟောက် တစ်ခါမှမမြင်ဖူးချေ။
သူ့ရှေ့မှ မီးတောက်မျှော်စင်ဟုထင်ရသော ဤဧရာမအရာကြီးကိုကြည့်ကာ သူသည် မဖော်ပြနိုင်သော အံ့ဩတုန်လှုပ်မှုကို ခံစားနေရ၏။
တတ်နိုင်သူက ကမ္ဘာသစ်ကိုဖန်တီးနိုင်သည့် ဤသိုင်းလောက၌သာလျှင် ခွန်အားကြီးသူက တောင်များကိုသယ်နိုင်ပြီး ကုန်းမြေအသစ်တစ်ခုဖန်တီးနိုင်ကာ နတ်ဘုရားများက အရာအားလုံးကို လွှမ်းမိုးပြီး ဤနေရာ၌သာလျှင် ရူပဗေဒဥပဒေသများကို ဆန့်ကျင်လုနီးပါးဖြစ်သော ဤသို့မယုံကြည်နိုင်ဖွယ်တည်ဆောက်မှုတစ်ခု တည်ရှိနေနိုင်သည်။
“ဒါက မိုးထိမြင့်တဲ့ဗုဒ္ဓစေတီတော်လား”
ဒဏ္ဍာရီများက အမှန်ဖြစ်နေသည်လော။ ၎င်းက နတ်ဘုရားများနေထိုင်သော ကောင်းကင်ဘုံနန်းဆောင်များသို့ ဦးတည်နေလိမ့်မည်လော။
တင်းဟောက် အနည်းငယ် အံ့အားသင့်သွားရသည်။ ဤမျှော်စင်ကို အံ့ဖွယ်ဖြစ်ရပ်တစ်ခုဟုသာ သူဖော်ပြနိုင်တော့၏။
မြင့်မြတ်သောခန်းမ၏ ဂိုဏ်းသားများက ဤမိုးထိမျှော်စင်ကို မည်သို့တည်ဆောက်ခဲ့သည်အား သူမသိချေ။ ၎င်းက နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်တစ်ချို့ချခဲ့သော ထင်ယောင်ထင်မှားအစီအရင်တစ်ခုပင်လော။ နိယာမစွမ်းအားဖြင့် တည်ဆောက်ထားသော မိုးထိအဆောက်အဦးတစ်ခုပေလော။
“ကဲ ကောင်လေး ဒီမှာသိပ်စိတ်လှုပ်ရှားမနေနဲ့။ တံခါးကိုတွန်းဖွင့်ပြီး မျှော်စင်ပေါ်ချက်ချင်းတက်တော့။ ရတနာတွေနဲ့ မြင့်မြတ်တဲ့ခန်းမရဲ့ နတ်ဘုရားလက်နက်သုံးခုလုံးက ဒီမျှော်စင်ထဲမှာ။ သူများကို လက်ဦးမသွားစေနဲ့”
ဦးလေးထျန်းရှုသည် တစ်ချိန်လုံး နတ်ဘုရားရတနာများအကြောင်းသာ တွေးနေ၏။
မြင့်သွန်းသော ဗုဒ္ဓစေတီတော်က သူတို့ရှေ့တွင် ရှိနေသယောင် ထင်မှတ်ရသော်လည်း အမှန်တကယ်က အတော်လေး အလှမ်းဝေးသေးသည်။ ဧရာမမီးတောက်မျှော်စင်၏ခြေရင်းသို့ရောက်ရန် တင်းဟောက်နှင့် အပေါင်းအသင်းများမှာ နေ့တစ်ဝက်အချိန်ယူလိုက်ရ၏။
သူတို့ ခမ်းနားထည်ဝါသော အဆောက်အဦးပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ အကြမ်းဖျဉ်း နှစ်ရက်ခန့်ရှိပြီဖြစ်သည်။ သူတို့သည် ခမ်းနားထည်ဝါသောအဆောက်အဦးပင်လယ်၏အစွန်အဖျားမှ ဤမျှော်စင်ထိ ၁၅၀ကီလိုမီတာကျော် ဖြတ်သန်းခဲ့ရ၏။ ဤသို့အလွန်မြင့်ပြီး ခံ့ညားထည်ဝါသော ရှေးဟောင်းအဆောက်အဦးများ၏ အစုအဝေးတစ်ခုတည်ဆောက်ရန် နှစ်ပေါင်းများစွာကြာအောင် အချိန်ယူရပေမည်။ သို့သော် ယခု ဤနေရာတွင် မည်သူမျှရှိမနေချေ။ ၎င်းက သေမင်းနယ်မြေတစ်ခုဖြစ်သော တစ္ဆေမြို့တော်တစ်ခုကဲ့သို့ ခံစားရသည်။
မြင့်သွန်းသောဗုဒ္ဓစေတီတော်၏အောက်တွင် ရပ်နေရင်း တင်းဟောက်သည် တောင်မြင့်ကြီးတစ်လုံးအောက်ခြေရှိ သဲမှုန်စတစ်စကဲ့သို့ သေးငယ်ပြီး မထင်မရှားဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
အဝေးမှကြည့်သည်ကိုပင် ဤမျှော်စင်က အနည်းဆုံး အချင်းမီတာ ၁၀၀၀ခန့်ရှိသည်။ မြင့်သွန်းသော ဗုဒ္ဓစေတီတော်သည် ရှားပါးသော အနီရောင်ကျောက်တုံးများဖြင့် ဆောက်လုပ်ထား၏။ စေတီတော်၏မျက်နှာပြင်က မှန်တစ်ချပ်သဖွယ် အလွန်အမင်းချောမွေ့ပြီး အနီရောင်မြူခိုးများ လှည့်လည်နေကာ အပြစ်ကင်းနယ်မြေကဲ့သို့ ရှေးဆန်သည်။ ၎င်းသည် တစ်စုံတစ်ဦးကို စောင့်မျှော်နေသည့်အတိုင်း ကောင်းကင်အောက်တွင် မြင့်မားစွာရပ်တည်လျှက် နှစ်ပေါင်းသောင်းချီကြာအောင် မရေမတွက်နိုင်သော လောကဓံတရားတို့ကို ကြုံတွေ့ခဲ့ရပုံပေါ်နေသည်။
‘မျှော်စင်က အရမ်းမြင့်တာကို ဘာလို့ အရင်က ဘယ်သူမှသတိမထားမိရတာလဲ’
တင်းဟောက်စိတ်ထဲတွင် မေးခွန်းတစ်ခု ဖျတ်ခနဲပေါ်လာ၏။ နည်းစနစ်ကျကျပြောရလျှင် ဤမိုးထိုးနေသော မျှော်စင်သည် ကီလိုမီတာပေါင်း ရာချီအကွာကတည်းက အလွန်အမင်း သိသာထင်ရှားပြီး မြင်နိုင်နေသင့်သည်။ သို့သော် မည်သည့်အတွက်ကြောင့် မတိုင်မီက ၎င်း၏တည်ရှိမှုကို မည်သူမျှသတိမပြုမိသနည်း။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် တောင်ပိုင်းတောရိုင်းနယ်မြေမှ အဓိပတိများသာ မြင့်မြတ်သောခန်းမ၏အပျက်အစီးများအကြောင်း သတင်းပျံ့နှံ့ပြီးမှ ဤအဆောက်အဦးအကြောင်း ရှာဖွေတွေ့ရှိခဲ့ကြ၏။ ၎င်းသည် ယခင် လုံးဝမတည်ရှိခဲ့ဖူးသည့်အတိုင်းပင်။
ဤမိုးထိမျှော်စင်တွင် မျက်နှာရှစ်ခုရှိသည်။ မျက်နှာတစ်ဖက်စီတွင် စတုရန်းပုံမဟော်ဂနီတံခါးတစ်ချပ် ရှိ၏။ တံခါးတစ်ချက်စီ၏အထက်တွင် ရွှေရောင်တဖျတ်ဖျတ်လက်နေသည့် လက်သည်းခွံဝိုင်းများကို သေသပ်စွာစီစဉ်ထားသည်။ တစ်တန်းလျှင် လက်သည်းကိုးခုရှိပြီး တံခါးရွက်တစ်ခုအထက်တွင် ကိုးတန်းရှိ၏။ တံခါးပေါက်တစ်ခု၏အရွက်နှစ်ခုအထက်တွင် စုစုပေါင်း ရွှေရောင်လက်သည်းခွံ ၁၆၂ခု ရှိသည်။ ဤအရေအတွက်တွင် ထူးထူးခြားခြားအဓိပ္ပာယ်ရှိသေးသည်လော သူမသိချေ။
ဤရွှေရောင်လက်သည်းများအပြင် တံခါးချပ်တွင် တစ်ခြားထူးခြားချက်မရှိပေ။
‘ငါတို့ ဘယ်တံခါးက ဝင်သင့်လဲ။ ဒီမျှော်စင်က မျက်နှာရှစ်ခုရှိတယ်။ သူက ပါ့ကွားနဲ့ ဒြပ်စင်ငါးခုလို အလုပ်လုပ်တာလား။ ‘ဘဝ’တံခါးကိုဖြတ်ပြီး ဤမျှော်စင်ကိုဝင်ရင် ပိုဘေးကင်းလိမ့်မလား’
မျှော်စင်ရှေ့တွင်ရပ်ကာ တင်းဟောက်က တစ်ခဏမျှ တုံ့ဆိုင်းနေ၏။ မြင့်သွန်းသော ဗုဒ္ဓစေတီတော်နှင့်နီးလာလေ သူက ပိုစိတ်ထင့်လာလေဖြစ်သည်။ ဤဧရာမမျှော်စင်ထဲတွင် သွေးဆာနေပြီး အလွန်အမင်း အန္တရာယ်များသည့်သားရဲကြီးတစ်ကောင် ပုန်းကွယ်နေသည့်အတိုင်းပင်။
ဤအခိုက်အတန့်တွင်...
“ဝု ဝု...” ခွေးနက်လေးသည် လမိစ္ဆာ၏ထွေးပိုက်ထားမှုမှ လူးလွန့်တိုးထွက်ကာ ကျားဖြူမ၏ကျောပေါ်မှ ခုန်ဆင်းလိုက်၏။ မြေပြင်တစ်လျှောက် တရှုပ်ရှုပ်အနံ့ခံရင်း ၎င်းက ရှေ့ရှိ အနီရောင်စေတီတံခါးထံ အလိုလိုရောက်သွားကာ အဟကြားမှဝင်သွားသည်။
“မြောင် လျှောက်မပြေးနဲ့။ ပြန်လာခဲ့ ကောင်လေး” လမိစ္ဆာက ခွေးနက်လေးကိုဆွဲရန် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ တဟုန်ထိုးပြေးလိုက်သွားသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်က အနီရောင်တံခါးထဲဝင်လိုက်သည်နှင့် ၎င်းပါပျောက်ကွယ်သွား၏။
တင်းဟောက်က သူတို့ကို တားဆီးလိုသော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။
‘အရမ်းချင့်ချိန်ပြီးရွေးချယ်နေတာထက်စာရင် ငါတို့ရဲ့ကံတရားကိုစမ်းကြည့်တာက ပိုကောင်းတယ်မဟုတ်ဘူးလား။ ထားလိုက်တော့ ငါဒီတံခါးကပဲ ဝင်လိုက်တော့မယ်...’ တင်းဟောက်က အံကြိတ်ကာ တံခါးကိုတွန်းဖွင့်လိုက်ပြီး သူတို့နောက်မှ ပြေးလိုက်သွား၏။
ထျန်းရှုက အော်လိုက်သည်။ သူသည် လက်ထဲမှ သားရေအဆွေးကဲ့သို့ နက်မှောင်သောမြေပုံကို သေသေချာချာ လေ့လာနေဆဲဖြစ်၏။ ဤအချင်းအရာကိုမြင်သောအခါ သူက အကြီးအကျယ် အံကြိတ်လိုက်သည်။ နောက်ဆုံးတွင် ရွေးစရာမရှိတော့ဘဲ သူက သူစီးနင်းလာသောကျားဖြူမအား ဧရာမတံခါးနီကိုဖြတ်ရန် ထိန်းမတ်ပေးလိုက်ရ၏။
မူလက ဤဧရာမမျှော်စင်အတွင်း၌ ဟင်းလင်းပြင်ကမ္ဘာငယ်တစ်ခုသာ ဖြစ်နေမည်ဟု တင်းဟောက်ထင်ခဲ့မိသည်။ သို့သော် သူအစိုးရိမ်လွန်နေခြင်းသာ ဖြစ်၏။
ဤမျှော်စင်ပထမထပ်၏ အတွင်းပိုင်းနေရာလွတ်သည် အပြင်နှင့် ကွာခြားခြင်းမရှိပေ။ နံရံပတ်ပတ်လည်တွင် ဝေ့လည်နေသော အနီရောင်မြူခိုးများ၏ ရောင်ပြန်ဟပ်မှုကြောင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ ပထမထပ်တွင် မည်သည့်အရာမှမရှိဘဲ လုံးဝဗလာဖြစ်နေ၏။ အလယ်ဗဟိုတွင် မျှော်စင်၏ဒုတိယထပ်သို့ဦးတည်နေသော လူတစ်ယောက်တက်ရန်သာကျယ်သည့် ကြောင်လိမ်လှေကားကျဉ်းလေးတစ်ခုရှိသည်။
၎င်းက ဗလာကုန်လှောင်ရုံတစ်ခုနှင့်တူနေသည်။
ယာယီကလေးထိန်းကြီး လမိစ္ဆာမှာ ခွေးနက်လေးကို ဖမ်းမိသွားပြီဖြစ်၏။ ၎င်းက ခွေးနက်လေးကို လျှောက်မပြေးရန် အတင်းအကြပ်တောင်းဆိုပြီး မျက်နှာမည်းကြီးဖြင့် ဆုံးမဩဝါဒပေးနေသည်။ ခွေးနက်လေးက ခေါင်းငုံ့ကာ ဆောင့်ကြောင့်ထိုင်လျှက် လိမိစ္ဆာ၏စကားများကို အမှန်တကယ် နားလည်နိုင်သည့်အတိုင်း ဆုံးမစကားကို နာခံစွာ နားထောင်နေ၏။
ဤသည်ကိုမြင်သောအခါ တင်းဟောက် စိတ်သက်သာရာရသွားသည်။
“လာကြ ဒုတိယထပ်ကိုသွားကြစို့...” ဤအထပ်ကို ဝေ့ဝဲကြည့်ကာ မည်သည့်ရတနာမှမရှိသောကြောင့် ဦးလေးထျန်းရှုက ဤဗလာပထမထပ်ကို စိတ်ဝင်စားမှုပျောက်သွားသည်။ သူက ကျဉ်းမြောင်းသော ကြောင်လိမ်လှေကားကိုတက်ရန် မစောင့်နိုင်တော့ချေ။
တင်းဟောက်နှင့်လိမိစ္ဆာတို့က သူ့နောက်မှကပ်လိုက်သွားကြ၏။
ဧရာမကျားဖြူမကြီးက ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားကာ နောက်တွန့်သွားပြီး ထျန်းရှုနောက်သို့ လိုက်သွားသည်။ အပြစ်ကင်းနယ်မြေ၏ ဤလက်ကျန်မျိုးစိတ်သည် အတော်လေး ဉာဏ်ကောင်း၏။ ပထမ၌ သူမသည် ခွေးနက်လေး၏နို့ထိန်းအမေလုပ်ရန် တွန်းအားပေးခံခဲ့ရသည်။ ထို့ကြောင့် သူမက လမ်းတစ်လျှောက်တွင် သူမ၏ကြမ္မာကို မကြာခဏ ညည်းချင်းချလာခဲ့သော်လည်း ယခုအခါတွင် နာခံတတ်သောကြောင်ကြီးတစ်ကောင်ကဲ့သို့ အမြီးကို ပျော်ရွှင်စွာနှံ့နေ၏။ သူမ၏အသိဉာဏ်က အရွယ်ရောက်ပြီးသားလူတစ်ယောက်ထက် နိမ့်ကျခြင်းမရှိချေ။ တင်းဟောက် သို့မဟုတ် ထျန်းရှုကြောင့်သာမဟုတ်လျှင် သူမက မိုးထိမြင့်သော ဗုဒ္ဓစေတီတော်သို့ မည်သည့်အခါမှ ဝင်ခွင့်ရမည်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။
ဤမိုးထိမြင့်သောမျှော်စင်တွင် အမှန်တကယ်ပင် သဘာဝနှင့်ကံကြမ္မာ၏ ပင်ကိုအင်အားပါဝင်သည်ဟု လက်ကျန်မျိုးစိတ်များကြားတွင် ကောလဟာလရှိ၏။ သူမကသာ ထိုထဲသို့ဝင်ရန်ကံပါလာလျှင် သူမ၏သွေးသားကို သန့်စင်ကောင်းသန့်စင်နိုင်ကာ သူမဘိုးဘေး၏ သန့်စင်သောမျိုးရိုးကို ဆက်ခံနိုင်ပြီး သူမ၏နတ်ဘုရားဘိုးဘေးဖြစ်သော ကျားဖြူ၏ မှော်စွမ်းအားများကို ရမည်ဖြစ်သည်။
ဤအေးစက်ပြီး ကြမ်းကြုတ်သောကမ္ဘာကြီးထဲတွင် ခွန်အားတိုးလာခြင်းက မည်သည့်သတ္တဝါတိုင်းအတွက်မဆို အလွန့်အလွန်မက်လောက်စရာကိစ္စဖြစ်၏။
အနီရောင်နံရံများအပြင် ပထမထပ်နှင့် တစ်ထပ်တည်းတူညီလုနီးပါးဖြစ်သော တတိယထပ်သို့ဦးတည်နေသည့် ကြောင်လိမ်လှေကားကျဉ်းလေးတစ်ခုသာရှိသည်။
“ချီးပဲ ဘာမှမရှိဘူးလား။ ရတနာတွေက ဘယ်မှာလဲ။ တွန့်တိုလိုက်ကြတာ။ ကြွက်တွေတောင်မှ ဒီလိုမြင်ကွင်းမျိုးကိုမြင်ရင် ငိုသွားလောက်တယ်လို့ ငါလောင်းရဲတယ်” ဦးလေးထျန်းရှုက စိတ်ဓာတ်ကျလုနီးပါးဖြစ်လာ၏။
အပြင်လူတစ်ယောက်မှမရှိသောကြောင့် သူ၏တာအိုဆရာတော်တစ်ပါးပုံရိပ်ကိုလည်း ဂရုစိုက်မနေချေ။ သူက စတင်၍ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။သူက တတိယထပ်သို့တက်ရန် မစောင့်နိုင်တော့ချေ။
“ငါတို့မြန်မြန်သွားရမယ် မဟုတ်ရင် မဖြစ်စလောက်ပဲ ရနေလိမ့်မယ်…” ဦးလေးထျန်းရှုုက လှေကားထံ အမြန်ပြေးလိုက်၏။
သူတို့က လမ်းတစ်လျှောက်တွင် မည်သူ့ကိုမှမတွေ့ရသော်လည်း သူတို့ရှေ့တွင် တစ်ယောက်ယောက်ရှိနေနိုင်မှန်း တင်းဟောက်သိနေသည်။ ဤအဆောက်အဦးထံ ဝင်ရောက်လာနိုင်သူများအားလုံးမှာ သူတို့ထက်အဆပေါင်းများစွာပိုစွမ်းအားကြီးသော စွမ်းရည်များနှင့် သူတို့၏သက်ဆိုင်ရာနယ်မြေများမှ သူရဲကောင်းများဖြစ်ကြ၏။ သူတို့နှစ်ယောက်က ဤသိုင်းသမားအစုအဝေးကို သေချာပေါက် ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။
သူတို့က တတိယထပ်သို့တက်သွားကြသောအခါ အရာအားလုံးကို ကျန်နှစ်ထပ်နှင့်တစ်ပုံစံအတိုင်းပင် တွေ့လိုက်ရ၏။ ဗလာရှင်းနေသောနံရံလေးဖက်နှင့် အနီရောင်ကြောင်လိမ်လှေကားသာရှိပြီး ပထမနှစ်ထပ်နှင့် တစ်ထေရာတည်းအတူတူပင်ဖြစ်သည်။
“သွားကြစို့” ဦးလေးထျန်းရှုက အံကြိတ်လိုက်၏။
သူတို့က အထပ် ၂၀ကျော်ထိ တက်ခဲ့သော်လည်း တစ်ထပ်ချင်းစီတိုင်းက ဗလာသာဖြစ်ပြီး ဖုံးကွယ်ထားသောရတနာတစ်ခုမပြောနှင့် ပန်းကန်လုံးအကွဲတစ်ခုပင် မရှိချေ။ ဦးလေးထျန်းရှုက အလွန်ဒေါသထွက်လာသောကြောင့် ဖုံးကွယ်ထားသောအကန့် သို့မဟုတ် လျှို့ဝှက်အခန်းရှိမရှိသိရန် နံရံများကို ထွင်းကြည့်လုနီးပါးဖြစ်လာသည်။
“ဒီမျှော်စင်ကိုအရင်ဆုံးဝင်လာတဲ့လူတွေက ရတနာတွေအကုန်လုံးကို သိမ်းပြီးတာဖြစ်လောက်တယ်” ဦးလေးထျန်းရှုူက သူ့လက်များကိုပွတ်ကာ ဒေါသတကြီးပြောလိုက်၏။ “သူတို့ကိုမီအောင်လိုက်ကြစို့။ ငါသူတို့ကို ဓါးပြတိုက်ချင်တယ်။ သူတို့ရဲ့ရတနာတွေအကုန်လုံးကို လိုချင်တယ်…”
အပြင်ပန်း၌ စိတ်ကူးယဉ်ဆန်သော အင်မော်တယ်တစ်ပါးနှင့်တူသည့် ဤတာအိုဆရာကြီးသည် စိတ်ပိုင်းဆိုင်ရာအရ ပျက်ပြားလုနီးပါးဖြစ်နေပုံဖြစ်၏။
ဤအခိုက်အတန့်တွင်….
“ဘာမှမကျန်တော့ဘူးလား။ ဟမ်… ငါတို့ရှေ့မှာ တစ်ယောက်ယောက်ရှိနေတယ်။ သူတို့က ရတနာတွေအကုန်လုံးကို အပိုင်သိမ်းသွားတာပဲဖြစ်ရမယ်။ လာစမ်းပါ မင်းတို့ဝှက်ထားတဲ့ ရတနာတွေအကုန်လုံးကို ငါ့ကိုလာပေးလှည့်…”
ပျာယာခတ်ပြီး စိတ်လှုပ်ရှားနေသော အသံတစ်သံက အောက်မှထွက်ပေါ်လာသည်။ တစ်ဒါဇင်ကျော်သော ပုံရိပ်များက ကြောင်လိမ်လှေကားတစ်လျှောက် အလျင်အမြန်ပြေးတက်လာပြီး လှည့်ပတ်ကြည့်လိုက်ကြ၏။ ၂၂ထပ်တွင် မည်သည့်အရာမှ ရှိမနေချေ။ ထိုလူများမှာ သူတို့၏စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ကြချေ။ သို့သော် တင်းဟောက်နှင့်အပေါင်းအသင်းများကို မြင်သောအခါ သူတို့၏မျက်လုံးများ အရောင်တောက်သွားသွားကြသည်။ သူတို့က တစ်စုံတစ်ခုကိုတွေးမိသွားကြပုံပေါ်ကာ ရန်လိုနေသော မလိုတမာစိတ်တို့ဖြင့် သူတို့ကို ဝန်းရံလိုက်၏။
ထိုလူများက သာမန်ထက်ကျော်လွန်သော နောက်ခံရှိသည့် ဂိုဏ်းတစ်ခုတည်းကဖြစ်မှန်း သိသာနေပြီး တစ်ထပ်တည်းတူညီသော တောက်ပသည့်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။ သူတို့၏ချပ်ဝတ်များသည် အလွန်အမင်းရှားပါးသော အဖိုးတန်လက်နက်များဖြစ်ကြ၏။ သူတို့က ဤမျှော်စင်၏ပင်ကိုဖိအားကို ဆန့်ကျင်ပြီး ၎င်း၏ဖိနှိပ်မှုကိုလျှော့ချနိုင်သော ခပ်ဖျော့ဖျော့ရောင်ခြည်တစ်ခု ထုတ်လွှတ်ထားကြသည်။
“ဘာလဲ မင်းတို့က ငါတို့ကို ဓါးပြတိုက်ချင်လို့လား” ဦးလေးထျန်းရှုက အလွန်ဒေါသထွက်သွား၏။
သူက အလိုလိုပင် စိတ်အခြေအနေမကောင်းနေပြီသားဖြစ်သည်။ ဤသည်ကိုမြင်သောအခါ အလွန်ဒေါသထွက်လာသောကြောင့် မျက်လုံးများမီးဝင်းဝင်းတောက်ကာ နားများအူလာပြီး အံကြိတ်လိုက်၏။ “မင်းတို့က ကိုယ့်အတွက်ဘာကောင်းတယ်ဆိုတာ မသိကြဘူးပဲ။ ငါတို့ကို ဘယ်လိုတောင် ဓါးပြလာတိုက်ရဲရတာလဲ။ ငါတို့ဘယ်သူလဲဆိုတာ မသိဘူးလား”
***