တင်းဟောက်သည် ဤနေရာတွင် မျိုးနွယ်စုနှစ်ခုမှအဓိပတိပေါင်းများစွာရောက်နေမည်ဟု မျှော်လင့်မထားချေ။
သူတို့က စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များနှင့် စုဝေးနေကြ၏။ ဤအချင်းအရာက ပမာဏကြီးမားသော အစုလိုက်ပြုံလိုက်သတ်ဖြတ်မှုတစ်ခု ဖြစ်ပုံမရဘဲ သူတို့က စီစဉ်ထားသော နှစ်ယောက်တွဲပြိုင်ပွဲပုံစံမျိုး ဆောင်ရွက်နေကြပုံပေါ်သည်။
တင်းဟောက်နှင့် ဦးလေးထျန်းရှု၏ရောက်ရှိလာမှုက သိုင်းသမားအနည်းငယ်၏အာရုံကိုသာ ဆွဲဆောင်နိုင်လိုက်၏။ သူတို့၏မျက်လုံးများက တင်းဟောက်တို့အပေါ်တွင် ကြာကြာမနေချေ။ ထိုအစား သူတို့က ဗုဒ္ဓစေတီတော်မျှော်စင်၏ ၉၆ ထပ်မြောက်ကိုဦးတည်နေသော ကြောင်လိမ်လှေကားထံ မကြာမီ အကြည့်ရွှေ့သွားကြသည်။
တင်းဟောက်က သူတို့အကြည့်ရွှေ့ရာသို့ လှည့်ကြည့်လိုက်၏။ ကြောင်လိမ်လှေကားအုံဘေးတွင် တိတ်ဆိတ်စွာရပ်နေသော ပုံရိပ်နှစ်ခုကိုမြင်တွေ့လိုက်ရသည်။
တစ်ယောက်က လူသားမျိုးနွယ်၏အဓိပတိတစ်ဦးဖြစ်ပြီး မှုန်မှိုင်းသောရောင်ဝါတစ်ခုနှင့် တလက်လက်တောက်ပနေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သိသာထင်ရှားစွာပင် ၎င်းက အဖိုးတန်လက်နက်တစ်ခုနှင့်ဆင်တူသော ကာကွယ်ရေးချပ်ဝတ်တစ်ခုဖြစ်သည်။ သူက အရပ်မနိမ့်မမြင့်ဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် ကျောက်တုံးမှထွင်းထုထားသည့်ပုံပေါ်သော ကြွက်သားများနှင့် ဖုဖောင်းထွက်နေ၏။ သူ၏အနက်ရောင်ဆံပင်က ရေတံခွန်တစ်ခုကဲ့သို့ သွယ်ဖြာကျဆင်းနေပြီး လေတိုက်နေခြင်းမရှိဘဲ တဖျတ်ဖျတ်လွင့်နေသည်။
ဤဗလတောင့်တောင့်လူက အသက် ၃၀ ပတ်ဝန်းကျင်ခန့်ဟု ထင်ရ၏။ သွေးခဲများကဲ့သို့သော ကြက်သွေးရောင်ဓါးရှည်နှစ်ချောင်းက ကြောက်မက်ဖွယ်ရောင်ဝါတစ်ခုထုတ်လွှတ်ကာ သူ့ရှေ့တွင် ရစ်ဝဲနေသည်။ သူ၏စတုရန်းဆန်ဆန်မျက်နှာက အရိုးငေါငေါနှင့်ဖြစ်ပြီး သူ့မျက်လုံးများက လျှပ်စီးကဲ့သို့ စူးရှ၏။
သူ့ရှေ့တွင် အလောင်းတစ်ဒါဇင်ကျော်လဲကျနေပြီး အားလုံးက မိစ္ဆာမျိုးနွယ်အဓိပတိများ ဖြစ်ကြသည်။ သူနှင့်အလှမ်းမဝေးသောနေရာ၌ ဝံပုလွေခေါင်း၊ လူသားခန္ဓာကိုယ်နှင့် မိစ္ဆာမျိုးနွယ်အဓိပတိတစ်ဦး ရပ်နေ၏။
ဝံပုလွေမိစ္ဆာ၏ခေါင်းပေါ်မှဆံပင်များက သံမဏိအပ်များကဲ့သို့ အဆုံးထိထောင်တက်နေပြီး နက်မှောင်တောက်ပနေသည်။ သူ၏ဝံပုလွေမျက်လုံးများက သွေးအိုင်နှစ်ခုကဲ့သို့ နီရဲနေပြီး သွေချင်းချင်းရဲနေသော အသားစများနှင့် အရိုးဖြူများက စူးရှတောက်ပကာ လှည့်ပတ်နေသော အေးစက်စက်ရောင်ဝါပတ်လည်တွင် တွဲလောင်းကျနေဆဲဖြစ်၏။ သူ၏ဝံပုလွေလက်သည်းများက လူသားအဓိပတိတစ်ဦး၏ လက်မောင်းပြတ်တစ်ခုကို ညှပ်ထားပြီး သွေးများက ကြမ်းပြင်ပေါ်သို့ တစက်စက်ကျနေသည်။
ဝံပုလွေမိစ္ဆာရှေ့တွင် လူသားအဓိပတိရုပ်အလောင်းပေါင်း ၃၀ မှ ၄၀ ခန့်ရှိ၏။ သူတို့အားလုံးက နုတ်နုတ်စဉ်းခံထားရသော စာခြောက်ရုပ်များကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြသည်။
ဝံပုလွေနက်မိစ္ဆာက ရက်စက်ပြီးခွန်အားကြီးသည့်ပုံ ပေါ်နေ၏။ သူက တင်းဟောက်နှင့်ထျန်းရှုကို မော့ကြည့်လိုက်သည်။ သွေးအိုင်များနှင့်တူသော သူ့မျက်လုံးများထဲတွင် ရိုင်းစိုင်းကြမ်းကြုတ်ပြီး ရန်စလိုသောအမူအရာတစ်ခု ရှိနေ၏။ သူက သွေးစက်လက်နှင့် လက်မောင်းပြတ်ကို ပါးစပ်ထဲသို့ သွတ်ထည့်လိုက်ပြီး စတင်ဝါးကာ မျိုချလိုက်သည်။
၉၅ ထပ်ရှိ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်အဓိပတိများက လေးထောင့်မျက်နှာလူနှင့် ဝံပုလွေနက်မိစ္ဆာကို ဝန်းရံထားကြ၏။ သူတို့မျက်လုံးများထဲတွင် ကြောက်လန့်မှုများ ရှိနေသော်လည်း နောက်ပြန်ဆုတ်ရန် ဆန္ဒမရှိကြပေ။
‘ဒီအဓိပတိတွေက ဘာလုပ်နေကြတာလဲ’ တင်းဟောက်စိတ်ထဲတွင် တွေးတောနေမိသည်။
ဤအခိုက်အတန့်တွင်…
“ကျုပ် ဒီလောက်အဝေးကြီးကိုတောင် လာခဲ့ရပြီးပြီ ဘယ်လိုလုပ်နောက်ပြန်ဆုတ်နိုင်မှာလဲ။ သိုင်းသမားတစ်ယောက်အနေနဲ့ အန္တရာယ်တွေများလို့ သေရမယ်ဆိုရင်တောင် ကျုပ်ကတော့ ပြတ်ပြတ်သားသားဆက်သွားရမှာပဲ။ ကျုပ် ဒီမိုးထိမျှော်စင်ရဲ့နောက်တစ်ဆင့်ကို တက်ရမယ်။ ဝံပုလွေနက်မိစ္ဆာဧကရာဇ်.. ကျုပ် ရှန်းထျန်းဝမ်က ခင်ဗျားကိုတိုက်ခိုက်ဖို့ စိန်ခေါ်ပါရစေ”
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
လူအုပ်ထဲမှ ခရမ်းရောင်အလင်းများလှည့်လည်နေသည့် စစ်ပွဲသုံးတူကြီးနှစ်ချောင်းကို ကိုင်ဆောင်ထားသော ဗလတောင့်တောင့်လူသားမျိုးနွယ်တစ်ဦးထွက်လာ၏။ သူတို့က တောင်နှစ်လုံးကဲ့သို့ လေဟာနယ်ကိုလှုပ်ခါသွားစေပြီး သေနေသောလူသားအဓိပတိ၏ လက်ပြတ်ကိုဝါးနေသည့် ဝံပုလွေနက်မိစ္ဆာဧကရာဇ်ထံ ခုတ်ပိုင်းချလိုက်သည်။
ခရမ်းရောင်စစ်ပွဲသုံးတူများသည် သိသာထင်ရှားလှစွာပင် သာမန်ထက်ပိုသော အဖိုးတန်လက်နက်များ ဖြစ်ကြ၏။ သူတို့က ခရမ်းရောင်မြူခိုးထုတစ်ခုဖြင့် တောက်ပနေပြီး ပတ်ပတ်လည်နေရာလွတ်ကို ချိပ်ပိတ်လိုက်သည်။
“ဟားဟားဟား… လတ်ဆတ်တဲ့အစားအသောက်တွေ ထပ်ရပြန်ပြီ” ဝံပုလွေနက်မိစ္ဆာဧကရာဇ်က ကျောချမ်းဖွယ်ကောင်းအောင် အကျယ်ကြီးအော်ရယ်ကာ သူ့ပါးစပ်ထောင့်မှသွေးများကို သုတ်လိုက်၏။ သွေးအိုင်များနှင့်ဆင်တူသော သူ့မျက်လုံးများက ရက်စက်မှုများပြည့်နေသည်။ သူက ရှန်းထျန်းဝမ်၏ တူကြီးနှစ်ချောင်းကို လုံးဝအလေးအနက်မထားချေ။
သူ၏တူကြီးနှစ်ချောင်းက ဝံပုလွေမိစ္ဆာအားထိတော့မည်ကိုမြင်သောအခါ ရှန်းထျန်းဝမ်၏မျက်လုံးများထဲတွင် ပျော်ရွှင်သောအရိပ်အယောင်တစ်ခု ဖျတ်ခနဲပေါ်လာသည်။
ဤအခိုက်အတန့်၌…
“ဝူး”
ဝံပုလွေနက်မိစ္ဆာဧကရာဇ်က ခေါင်းမော့ကာ ပြင်းပြင်းထန်ထန်အူလိုက်သည်။ ထို့နောက် သူပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွား၏။ နောက်တစ်ခဏတွင် သူပြန်ပေါ်လာသောအခါ ရှန်းထျန်းဝမ်၏ရှေ့၌ ရောက်နေပြီဖြစ်သည်။ သူ၏ဝံပုလွေလက်သည်းတစ်ခုက အလွန်လျှင်မြန်စွာ လှုပ်ရှားလာပြီး သံညှပ်တစ်ချောင်းက နူးညံ့သောတို့ဟူးတုံးကို ညှပ်လိုက်သကဲ့သို့ ရှန်းထျန်းဝမ်၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွား၏။
သူ၏ဝံပုလွေလက်သည်းက သူ၏ဂျူနီယာရှန်းထျန်းဝမ်ကိုထိုးဖောက်သွားပြီးနောက် ထိုထဲတွင် တဒုတ်ဒုတ်ခုန်နေသော ပူပူနွေးနွေး အနီတောက်တောက်အသည်းနှလုံးတစ်ခု ပေါ်လာသည်။
“လူ့အသည်းက သေချာပေါက် ကမ္ဘာပေါ်မှာ အရသာအရှိဆုံးအားဆေးပဲ။ ဟီးဟီးဟီး” ဝံပုလွေနက်မိစ္ဆာဧကရာဇ်က ကိုးရိုးကားယားအော်ရယ်ကာ သူ၏ချွန်ထက်သောလက်သည်းကို ပြန်ရုပ်လိုက်ပြီး ထိုတဒုတ်ဒုတ်ခုန်နေသောနှလုံးကို သူ့ပါးစပ်ထဲပစ်ထည့်၍ဝါးလိုက်သည်။
သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။
ရှန်းထျန်းဝမ်က မြေကြီးပေါ်ခွေလဲသွားသည်။
တင်းဟောက်မျက်လုံးများတွင် အလင်းရောင်ခပ်ဖျော့ဖျော့လက်သွား၏။ ဝံပုလွေနက်မိစ္ဆာဧကရာဇ်သည် အမှန်တကယ်ပင် အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှသည်။ သူ၏အနက်ရောင်မိစ္ဆာစွမ်းအားက ပျံ့နှံ့သွားပြီး ထျန်းရှန်းဝမ်၏ဝိညာဉ်နှင့်အသိစိတ်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်၏။ ထိုသို့မလုပ်လျှင် သူ၏နှလုံးသာဖျက်ဆီးခံလိုက်ရသည့်အတွက် ဤသိုင်းဧကရာဇ်က အသက်ရှင်ကောင်းရှင်နိုင်သေးသည်။
ဝံပုလွေနက်မိစ္ဆာဧကရာဇ်က ရန်စလိုဟန်ဖြင့်အော်ရယ်လိုက်၏။ သူက ခြေထောက်မကာ ရှန်းထျန်ဝမ်၏အလောင်းအား နောက်မှခြေလက်အပုံထဲသို့ ကန်ထည့်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ အခြားလူသားအဓိပတိများကိုကြည့်ကာ သူက ရန်စလိုသော မနှစ်မျို့စရာအပြုံးနှင့် ပြောလိုက်၏။ “ကောင်းလိုက်တဲ့ခံစားချက်ပါလား။ ကျုပ် စိတ်ပျက်စရာလူသားတွေကို သတ်ဖူးခဲ့တာတောင် အတော်ကြာသွားပြီ။ လူသားသိုင်းသမားတစ်ယောက်ရဲ့အသားမှာ အဆုံးမရှိတဲ့အစွမ်းတွေပါပြီး မှော်ဆေးတွေနဲ့ အဖိုးတန်ဆေးပင်တွေလိုမျိုး အားဆေးကောင်းတစ်ခုပဲ ဟားဟားဟား”
ပတ်ပတ်လည်မှ လူသားအဓိပတိများမှာ ဒေါသများပြည့်လာကြသည်။ သို့သော် အချိန်တစ်ခုကြာအောင် မည်သူမျှမလှုပ်ရှားရဲပေ။
မိစ္ဆာမျိုးနွယ်အဓိပတိများကြားမှ ဝံပုလွေခေါင်းနှင့်လူသားခန္ဓာကိုယ်ရှိသည့် မိစ္ဆာတစ်ကောင်ထွက်လာပြီး အနက်ရောင်ဆံပင်များနှင့် ဗလတောင့်တောင့်လေးထောင့်မျက်နှာလူထံ လျှောက်သွားသည်။ သူက ရယ်မောလိုက်၏။ “ငါတို့ရဲ့ ပြိုင်ဘက်ကင်းအရှင်သခင်တွေချထားတဲ့ စည်းကမ်းချက်တွေအရ လုထျန်းဟွာဆိုတဲ့မင်းကိုနိုင်ရင် ဒါမှမဟုတ် မင်းဆီက သိုင်းကွက်ဆယ်ကွက်ကို တောင့်ခံနိုင်ရင် ငါ ၉၆ထပ်ကို တက်သွားခွင့်ရှိတယ်။ ဒါပေမယ့် ငါမင်းကိုသတ်နိုင်ရင်ရော”
“လုပ်နိုင်ရင်လုပ်ကြည့်လိုက်လေ” အနက်ရောင်ဆံပင်၊ စတုရန်းမျက်နှာနှင့်လူသားအဓိပတိဖြစ်သူ လုထျန်းဟွာက လှောင်ပြောင်လိုက်သည်။
“ဟားဟားဟား ဒါဆိုလည်းကောင်းပြီ။ မင်းရဲ့သွေးခဲဓါးနှစ်ချောင်းကို စိန်ခေါ်ကြည့်ရပါစေ” ဝံပုလွေခေါင်းနှင့် မိစ္ဆာက ရယ်လိုက်၏။ သံမဏိအပ်များနှင့်တူသော အနက်ရောင်အမွေးများက သူ့ခန္ဓာကိုယ်မှ ဆက်လက်ထွက်ပေါ်နေပြီး သူက ဧရာမဝံပုလွေတစ်ကောင်အဖြစ် ပြောင်းသွားသည်။ မျက်လုံးဖြင့်မမြင်ရဘဲ ရက်စက်ပြင်းထန်သော ရောင်ဝါက သူ့ခန္ဓာကိုယ်မှ ပေါ်ထွက်လာ၏။
“လာစမ်းပါ ခွေးကလေး မင်းရဲ့ခွေးခေါင်းကိုဖြတ်ပြီး ဒီမောက်မာနေတဲ့မိစ္ဆာလေးတွေကို လူသားတွေကို သတ်တဲ့အတွက် တန်ရာတန်ကြေးပြန်ပေးရမယ်ဆိုတာ သိအောင်ပြပေးလိုက်မယ်” လူသတ်လိုသောအငြိုးတရားက လုထျန်းဟွာ၏မျက်ခုံးများကြားတွင် ပေါ်လာသည်။
သူက ဓါး၏အနေအထားနှင့်လိုက်လျောညီထွေစွာ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်၏။ သူ့ရှေ့တွင်ရစ်ဝဲနေသော သွေးနီရောင်ဓါးရှည်နှစ်ချောင်းက စတင်လှုပ်ရှားကာ တောက်ပလာသည်။
လူသားမျိုးနွယ်တစ်စုက ထိုလူကိုထောက်ခံသည့်အနေဖြင့် ချက်ချင်းဟစ်ကြွေးလိုက်ကြ၏။ သူ့ဘေးရှိ ဝံပုလွေနက်မိစ္ဆာဧကရာဇ်၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားသည်။
လုထျန်းဟွာ၏စကားများက သူ့ကိုဆိုလိုခြင်းဖြစ်ကြောင်း သိသားထင်ရှားနေ၏။ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ဂိတ်စောင့်ကို တိုက်ခိုက်ခဲ့သော ဝံပုလွေမိစ္ဆာကလည်း ဝံပုလွေနက်မိစ္ဆာများထဲမှ အဓိပတိတစ်ဦးဖြစ်သည်။
ယခုအချိန်၌ တင်းဟောက်သည် အတော်လေးနားလည်သွားပြီဖြစ်၏။ ကြည့်ရသည်မှာ လုထျန်းဟွာနှင့် ဝံပုလွေနက်မိစ္ဆာဧကရာဇ်တို့က ဤမိုးထိမျှော်စင် ၉၆ ထပ်၏ ဂိတ်စောင့်များ ဖြစ်ရမည်။ လူသားအဓိပတိတစ်ဦးသည် ကြောင်လိမ်လှေကားမှတစ်ဆင့် နောက်တစ်ထပ်သို့တက်လိုလျှင် ဝံပုလွေနက်မိစ္ဆာဧကရာဇ်ထံမှ သိုင်းကွက်ဆယ်ကွက်ကို ရင်ဆိုင်ရမည်ဖြစ်၏။ အလားတူပင် မိစ္ဆာမျိုးနွယ်အဓိပတိများကလည်း အနက်ရောင်ဆံပင်နှင့် ဗလတောင့်တောင့် လုထျန်းဟွာကို စိန်ခေါ်ရမည်ဖြစ်သည်။
ဤအရာသည် မျှော်စင်ပေါ်သို့တက်လာပြီးနောက် မျိုးနွယ်စုနှစ်ခုမှ ပြိုင်ဘက်ကင်းအရှင်သခင်များ သဘောတူထားသော အရာဖြစ်ရမည်။
သူတို့က မည်သည့်အတွက်ကြောင့် ထိုသို့သောစည်းကမ်းကို ပြုလုပ်ခဲ့ကြသနည်း။
သူတို့က အဓိပတိအချို့ကို ဤမျှော်စင်မှ ပြန်ဆုတ်ခွာစေချင်၍လော။
ကြမ်းပြင်ပေါ်တွင်လဲကျနေသော အလောင်းများကိုကြည့်ကာ ရက်စက်ကြမ်းကြုတ်သော ပြိုင်ပွဲပေါင်းမရေမတွက်နိုင်အောင် ရှိခဲ့ကြောင်း သိနိုင်သည်။ ကြမ်းပြင်ပေါ်တွင် သတ်ဖြတ်ခံထားရသော သိုင်းဧကရာဇ်ပေါင်း အယောက် ၄၀ မှ ၅၀ခန့်ထိ ရှိနေပြီဖြစ်၏။
တင်းဟောက်က တွေးဆနေစဉ် သူ့မျက်နှာချင်းဆိုင်မှ ပြိုင်ပွဲက အဆုံးသတ်သွားသည်။ လုထျန်းဟွာ၏ သွေးခဲဓါးနှစ်လက်က အမှန်တကယ်ပင် အစွမ်းထက်လှ၏။ ဓါးများက သွေးနီရောင်အလင်းများ ခြုံလွှမ်းလျှက် မသဲမကွဲ တဖျတ်ဖျတ်လက်နေသည်။ သူတို့က ပြိုင်ဘက်ကို လုံးလုံးလျားလျား ဖိနှိပ်ထားပြီး ထိုဝံပုလွေနက်မိစ္ဆာများမှ မိစ္ဆာအဓိပတိအပေါ်တွင် နက်ရှိုင်းသော သွေးဒဏ်ရာများ ချန်ထားရစ်ကာ သူ၏ဝံပုလွေလက်သည်းများထဲမှတစ်ချောင်းကို ခုတ်ဖြတ်လုနီးပါးဖြစ်သွား၏။
သို့သော် နောက်ဆုံးတွင် ဝံပုလွေမိစ္ဆာက လုထျန်းဟွာထံမှ သိုင်းကွက်ဆယ်ကွက်ကို တောင့်ခံနိုင်သွားပြီး ၉၆ထပ်သို့ တက်ရန် အရည်အချင်းပြည့်မီသွားသည်။
“ဟားဟား လုထျန်းဟွာ မင်းငါ့ကိုသတ်ချင်နေတာ ငါသိတယ်။ ငါကလည်း မင်းရဲ့အသတ်ခံလိုက်ရတဲ့ မိတ်ဆွေတွေနဲ့ မျိုးနွယ်တူလူသားတွေအတွက် အပြစ်ခံယူပေးချင်ပါတယ်။ ဒါပေမယ့် သနားစရာပဲ မင်းကအဲ့လောက် အင်အားမရှိဘူး…” ဝံပုလွေနက်မိစ္ဆာက စတင်ရယ်မောလိုက်သည်။
လုထျန်းဟွာက တိတ်ဆိတ်လျှက်သာရှိ၏။
ဖြာကျနေသော အနက်ရောင်ဆံပင်များအောက်ရှိ သူ့မျက်လုံးများက ခပ်မှိန်မှန်တောက်ပနေသည်။ သူက သူ၏လူသတ်လိုစိတ်များကိုချိုးနှိမ်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိသာလှ၏။
“ဟားဟားဟား ကောင်းတယ် သိပ်ကောင်း” အဝေးမှ ဝံပုလွေနက်မိစ္ဆာဧကရာဇ်ကလည်း မရပ်မနား ရယ်နေသည်။ သူက ယခုလေးတင်သတ်ဖြတ်ထားသော သူ့နောက်ရှိသွေးအိုင်ထဲတွင်လဲနေသည့် လူသားအဓိပတိတစ်ဦး၏ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါးဆွဲကာ ၎င်းကိုပစ်ပေးလိုက်၏။ “ဝမ်းကွဲညီလေး ဒီမှာ မင်းရဲ့အချိန်တွေကို ဖြုန်းတီးမနေနဲ့။ အခုဒဏ်ရာတွေကိုကုသပြီး ၉၆ ထပ်မြောက်ကို ချက်ချင်းတက်သွားတော့”
ဝံပုလွေနက်မိစ္ဆာဧကရာဇ်က အားရပါးရရယ်မောကာ အလောင်းကို လက်ခံလိုက်သည်။ သူက သွေးများပန်းထွက်နေရင်း အလောင်းကို စတင်ဝါးမျိုလိုက်၏။ ထို့နောက် အလောင်း၏အဆီအနှစ်ကို သန့်စင်ရန် သူ့မရီဒျန်များအတွင်းရှိ မိစ္ဆာစွမ်းအားကို လည်ပတ်လိုက်စေသည်။ သူ၏ဒဏ်ရာများက ပကတိအမြင်ဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပိတ်သွား၏။
ပတ်ပတ်လည်မှ လူသားအဓိပတိများအားလုံးမှာ အံတင်းတင်းကြိတ်ကာ ဒေါသူပုန်ထလာကြသည်။ သို့သော် ဝံပုလွေနက်မိစ္ဆာဧကရာဇ်က အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်ပြီး စွမ်းအားကြီးလှသည်။ ထို့ကြောင့် လူသားအဓိပတိပေါင်းများစွာ သူ့လက်ထဲတွင် သေဆုံးသွားခဲ့ပြီး လက်ရှိလူသားများထဲမှ မည်သူမျှ သူ့ကိုအနိုင်တိုက်ရန် ယုံကြည်ချက်မရှိပေ။
“ဟားဟား ကျေးဇူးပါ ဝမ်းကွဲအစ်ကို” ဝံပုလွေနက်မိစ္ဆာက ဝံပုလွေနက်မိစ္ဆာဧကရာဇ်ကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးကာ သူ့ကိုကျေးဇူးတင်လိုက်သည်။ သူက ပတ်ပတ်လည်ရှိ လူသားအဓိပတိများကို ရန်စသည့်အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ကာ ၉၆ ထပ်မြောက်သို့ ဦးတည်သော ကြောင်လိမ်လှေကားထံ လှည့်ထွက်သွား၏။
“နေပါဦး”
နောက်မှအသံတစ်သံ ထွက်ပေါ်လာ၏။
လူအုပ်က အသံလာရာသို့ လှမ်းကြည့်လိုက်ကြသည်။ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသော တင်းဟောက်က ဖြည်းညင်းစွာလှမ်းထွက်လာပြီး ဝံပုလွေနက်မိစ္ဆာဧကရာဇ်ထံ လျှောက်လှမ်းသွားလိုက်၏။
“ကောင်လေး မင်းကငါ့ကို ဘယ်လိုတောင် စိန်ခေါ်ရဲရတာလဲ” ဝံပုလွေနက်မိစ္ဆာဧကရာဇ်၏ မျက်လုံးများက တင်းဟောက်အပေါ်သို့ စူးစိုက်ကျရောက်လာသည်။
“ခင်ဗျားကိုစိန်ခေါ်တယ် ဟုတ်လား” တင်းဟောက်၏နှုတ်ခမ်းများထက်တွင် အထင်သေးသော အပြုံးတစ်ခု ကွေးတက်သွား၏။ “ကျုပ်က ခွေးနှစ်ကောင်ကိုသတ်ဖို့ပဲ ဒီနေရာကို ရောက်လာတာပါ”
“ဝု ဝု ဝု” အဝေးမှ ခွေးနက်လေးက မပျော်မရွှင်ဖြင့် ဟောင်လိုက်သည်။ ထိုစကားကိုပြောသူက ဦးလေးထျန်းရှုသာဆိုလျှင် သူက အပြေးလာကာ ခြေချင်းဝတ်ကို ကိုက်ပစ်မည်ဖြစ်၏။
“အာ… အင်း ကျုပ်က ခွေးဝံပုလွေနှစ်ကောင်ကိုသတ်ဖို့ ဒီနေရာရောက်လာတာ” တင်းဟောက်က သူ၏စော်ကားမှုကို ပိုတိကျစွာ ပြန်ပြင်လိုက်ရသည်။
ထိုအခါမှသာ ခွေးနက်လေးက အတော်လေး ကျေနပ်တင်းတိမ်သွား၏။
“ဆင်ခြင်ဉာဏ်မရှိလိုက်တဲ့ကောင်။ ငါမင်းကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်” ဝံပုလွေနက်မိစ္ဆာဧကရာဇ်က ဤအချင်းအရာကြောင့် ဆွေ့ဆွေ့ခုန်ကာ ဒေါသထွက်သွားသည်။
သူ၏သွေးအိုင်များနှင့်တူသော ထူးဆန်းသည့်မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ခု လင်းလက်နေ၏။ အစွယ်များပြည့်နေသည့်သူ့ပါးစပ်ထဲမှ သွေးညှီနံ့များလှိုင်နေသော ရောင်ဝါတစ်ခု ပန်းထွက်လာသည်။ သူ့နှုတ်ခမ်းထက်တွင် ရက်စက်ယုတ်မာသော လှောင်ပြုံးတစ်ခုပေါ်လာ၏။
ဤအခိုက်အတန့်တွင် လူသားအဓိပတိများအားလုံး၏မျက်လုံးများက တင်းဟောက်အပေါ် အာရုံစိုက်လာကြသည်။
ဤလူက လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းအဓိပတိတစ်ဦးပေလော။
“ကောင်းလိုက်တာ နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒီရက်စက်တဲ့ဝံပုလွေမိစ္ဆာနဲ့ ယှဉ်နိုင်ပြီပေါ့”
သို့သော် သိပ်မကြာမီ လူတော်တော်များများမှာ စိတ်ပျက်သွားကြ၏။ သူတို့က တင်းဟောက်ထံမှ ပြိုင်ဘက်ကင်းအဓိပတိတစ်ဦး၏ စွမ်းအားကြီးသောလှိုင်းများကို မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ချီစွမ်းအင်က သူ၏ဒျန်ထျန်းထဲသို့ လုံးလုံးလျားလျား ဖိနှိပ်ခံထားရပြီး သူ၏မရီဒျန်များကို လုံးဝမလည်ပတ်စေနိုင်ပေ။
ထို့ပြင် တင်းဟောက်၏အနက်ရောင်သံချပ်ကာအကြမ်းထည်က အချို့နေရာများတွင် အက်ကွဲနေပြီး သူကအဆင့်နိမ့်သိုင်းသမားတစ်ဦးဖြစ်ကြောင်း ပြသနေသည်။ အဓိပတိအစစ်တစ်ဦးတွင် ဤသို့နိမ့်ကျသော အမြင်မျိုးမရှိသလို ဒုတိယ သို့မဟုတ် တတိယအဆင့် ကြေးစားများနှစ်သက်ကြသော ချပ်ဝတ်တစ်စုံကို ရွေးချယ်လိမ့်မည်လည်းမဟုတ်ချေ။
တင်းဟောက်၏တုတ်ခိုင်သန်မာပြီး နှစ်မီတာရှိသောဖွဲ့စည်းပုံက လူသားမျိုးနွယ်များစွာကို သူ့၌ဗလသာရှိသည်ဟု ဦးစွာထင်မှတ်သွားစေ၏။
‘သူ့ခန္ဓာကိုယ်ကပဲ ကောင်းကောင်းဖွံ့ဖြိုးပြီး ဦးနှောက်ရောစွမ်းရည်ရော မရှိဘူး’
‘ဒီလိုလူက ဘယ်လိုလုပ် ဝံပုလွေနက်မိစ္ဆာဧကရာဇ်ကို အနိုင်ယူနိုင်မှာလဲ’
“သူက ကိုယ့်သေတွင်းကိုယ်တူးနေတာမဟုတ်ဘူးလား”
“လူသားမျိုးနွယ်က ကောင်းကောင်းကြီးအရှက်ကွဲထားတာ မလုံလောက်သေးဘူးလား”
မသိနားမလည်ခြင်းက အကြောက်တရားမရှိဟူသောစကားက သေချာပေါက် မှန်ကန်လှပေသည်။
***