“ကောင်လေး မင်းကိုယ်မင်းသိပ်ပြီးအထင်ကြီးမနေနဲ့။ စဉ်းစားဆင်ခြင်ပြီး စိတ်လိုက်မာန်ပါ မပြုမိအောင် ထိန်းလိုက်ဦး”
တစ်ချိန်လုံးဆိတ်ဆိတ်နေခဲ့သော လူသားမျိုးနွယ်၏ ဂိတ်စောင့် လုထျန်းဟွာက တင်းဟောက်ကို စူးစူးစိုက်စိုက်ကြည့်ကာ ခေါင်းကိုအသာယမ်းလိုက်သည်။ သိသာထင်ရှားစွာပင် သူက တင်းဟောက်၏စွန့်စားမှုများကို သဘောမကျချေ။ လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဤအကြံဉာဏ်ကို ကြင်နာစွာပေးရမည် ဖြစ်သည်။
"ခွေးဝံပုလွေတစ်ကောင်ကိုသတ်ဖို့ ဘာအစွမ်းတွေလိုသေးလို့လဲ"
တင်းဟောက်က ဝံပုလွေနက်မိစ္ဆာဧကရာဇ်ထံ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လိုက်သည်။
နောက်တစ်ထပ်သို့ တက်ရန်ပြင်နေသည့် ကြောင်လိမ်လှေကားပေါ်မှ ဝံပုလွေနက်မိစ္ဆာလည်း ရပ်တန့်လိုက်ပြီး အောက်မှမြင်ကွင်းကိုကြည့်ကာ ရယ်မောလိုက်သည်။ သူသည် ၉၆ ထပ်သို့တက်ရန် အလျင်မလိုတော့ချေ။ လူသားမျိုးနွယ်၏ သနားစရာ ကောင်းလှသော ဤမကောင်းဆိုးဝါးကို သူ၏ဝမ်းကွဲအစ်ကိုက တစ်စစီဆုတ်ဖြဲတော့မည်ကို ကြည့်ရခြင်းက သူ့အတွက်ပို၍ယစ်မူးစရာ ကောင်းပေလိမ့်မည်။
"မင်းရဲ့သတ္တိကိုပဲ ချီးကျူးရမှာလား၊ ဒါမှမဟုတ် မင်းရဲ့မိုက်မဲမှုကိုပဲ ရယ်ရမလား ငါတကယ် မသိတော့ဘူး"
ဝံပုလွေနက်မိစ္ဆာဘုရင်၏ သွေးဆာနေသော မျက်လုံးများမှ အလင်းရောင်က တင်းဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သရဲတစ္ဆေများ၏ အော်ဟစ်ညည်းတွားသံများနှင့် ဝံပုလွေတို့၏ အော်သံများကို ခပ်ရေးရေး ကြားနေရ၏။
သူက တစ်လုံးချင်းပြောလိုက်သည်။ "ငါမင်းကို ဖြည်းဖြည်းချင်း သေချင်လာတဲ့အထိ မခံနိုင်အောင် နှိပ်စက်ပြမယ်"
"နားညည်းတယ်။ ငရဲကို သွားလိုက်တော့" ထက်ရှသောဓားသွားတစ်စင်းကဲ့သို့ ငွေရောင်တလက်လက် တောက်ပနေသည့် တင်းဟောက်၏ မျက်လုံးများသည် သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသည့် သွေးရောင်အလင်းကိုဖြတ်ကာ ထိုးဖောက်သွား၏။
သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ကာ ဝံပုလွေနက်မိစ္ဆာဧကရာဇ်၏ရှေ့သို့ တမဟုတ်ချင်း ရောက်သွားသည်။
"တစ်မိုင်ကို လက်မဖြစ်အောင် ချုံ့ခြင်းလား"
အားလုံးမှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။
၎င်းက နေရာလွတ်၏နိယာမများကို ပုံပျက်စေသော မှော်စွမ်းရည်တစ်ခု ဖြစ်သည်။
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူသားတစ်ဦးက ဤမျှနက်နဲသော ပညာစွမ်းကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သည်လော။ သို့မဟုတ် အဖိုးတန်လက်နက်အချို့ကို သုံးလိုက်သည်လော။
ဝံပုလွေနက်မိစ္ဆာဧကရာဇ်က တုန်လှုပ်သွားပြီး သူဒုက္ခတွေ့တော့မည်ကို သိလိုက်၏။
သို့သော် နောက်တစ်ခဏတွင် နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး တင်းဟောက်၏ လက်မောင်းတစ်ဝိုက်တွင် ခရမ်းရောင်အလင်းလုံးတစ်ခု ရစ်ပတ်လာသည်။ သူက လက်သီးတစ်ချက်ထိုးသွင်းလိုက်ပြီး သူ၏လက်သီးသည် ခရမ်းရောင် ရောင်ခြည်စက်ဝန်းတစ်ခုထဲတွင် ဖုံးကွယ်နေ၏။
"ဝံပုလွေနက်မိစ္ဆာလက်သည်း"
ပြင်းထန်သောမာန်သွင်းသံနှင့်အတူ ဝံပုလွေနက်မိစ္ဆာဧကရာဇ်က သူ၏ လက်ဖဝါးကို ရိုက်ချလိုက်သည်။
တခဏအတွင်းမှာပင် သူ၏ညာလက်ပေါ်တွင် မရေမတွက်နိုင်သည့် အနက်ရောင် အမွှေးအမျှင်များ ထွက်ပေါ်လာပြီး လက်သည်းများက အနက်ရောင်ပြောင်းသွားသည်။ သူ၏လက်ဖဝါးသည် ရုတ်တရက် ကြီးလာပြီး ဧရာမဝံပုလွေလက်သည်းအဖြစ်သို့ ပြောင်းလဲသွားကာ သူ့လက်ချောင်းများတစ်ဝိုက်တွင် အနက်ရောင် မိစ္ဆာရောင်ဝါများ လှည့်ပတ်နေသည်။
လက်သီးနှင့်လက်ဝါးတို့ ထိပ်တိုက်တွေ့ချိန်၌ ဝံပုလွေလက်သည်းက တင်းဟောက်၏ လက်သီးကို ဖမ်းချုပ်လိုက်သည်။
"သေစမ်း" ဝံပုလွေနက်မိစ္ဆာက အော်ဟစ်လိုက်သည်။
ဝံပုလွေနက်မိစ္ဆာများ၏ မှော်အစွမ်းနှင့် ခွန်အားကို ၎င်းတို့၏လက်သည်းများတွင် စုစည်းထား၏။
အာခီအန်ခေတ်မှ ဝံပုလွေနက်မိစ္ဆာနတ်ဘုရားသည် နတ်လက်နက်များကို လက်သည်းများသက်သက်ဖြင့် ဖမ်းယူခြင်း၌ ကျော်ကြားခဲ့သည်။ ဤမျှော်စင်တွင် လူသား စစ်သည်များ၏ ချီနှင့် နတ်ဆိုးသခင်များ၏ မိစ္ဆာရောင်ဝါတို့က ဖိနှိပ်ခံထားရ၏။ အချိန်အများစုတွင် ပြိုင်ပွဲများ၏ အောင်နိုင်သူမှာ ကာယကြံ့ခိုင်မှု ပိုမိုအားကောင်းသူဖြစ်သည်။ မိစ္ဆာများသည် လူသားများထက် အဆပေါင်းများစွာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူများအဖြစ် မွေးဖွားလာကြသည်ကို လူတိုင်းသိ၏။
တင်းဟောက်တစ်ယောက် သူ့တိုက်ကွက်နှင့်သူ သေတော့မည့်ပုံ ပေါ်လာသည်။
သို့သော် ဝံပုလွေနက်မိစ္ဆာဧကရာဇ်၏ မျက်နှာပေါ်ရှိ ကျေနပ်နေသော အပြုံးသည် မကြာမီ အံ့ဩထိတ်လန့်သည့်အသွင်သို့ ပြောင်းလဲသွား၏။ အားလုံးလည်း ကြက်သေသေသွားကြသည်။ တင်းဟောက်၏လက်ဖဝါးကို အပြည့်အဝရစ်ပတ်ထားသော ဧရာမဝံပုလွေနက်လက်သည်းမှာ ခရမ်းရောင်အလင်းတန်းများဖြင့် ထိုးဖောက်ခံနေရသည်ကို တွေ့လိုက်ရ၏။
"ဒါက..." တစ်စုံတစ်ယောက်က နှိုးဆော်သတိပေးသကဲ့သို့ အော်ဟစ်လိုက်သည်။
နောက်တစ်ခဏ၌ ခရမ်းရောင်အလင်းတန်းများ၏ထိုးသွင်းမှုအောက်တွင် ဝံပုလွေနက်မိစ္ဆာဧကရာဇ်၏ ဝံပုလွေလက်သည်းတစ်ခုလုံးသည် စက္ကူစများကဲ့သို့ အမှုန်အမွှားများအဖြစ် ပြိုပျက်သွားပြီး လေထဲသို့ လွင့်ထွက်ပျောက်ကွယ်သွား၏။
"မဟုတ်ဘူး…" ဝံပုလွေနက်မိစ္ဆာဧကရာဇ်က ထိတ်လန့်တကြားအော်လိုက်ပြီး ကမန်းကတမ်း နောက်သို့ဆုတ်လိုက်သည်။
ကံမကောင်းစွာဖြင့် တင်းဟောက်က သူ့ကို နောက်တစ်ကြိမ်အခွင့်အရေး မပေးတော့ခြင်းပင်။ သူ၏ ပြိုင်ဘက်ကင်းသော ကာယခွန်အားက ပြည့်လျှံထွက်လာသည်။ သူ့တစ်ကိုယ်လုံး၏စွမ်းအားသည် ကျောရိုးကို ဝင်ရိုးအဖြစ်ထားကာ သူ့ကြွက်သားမျှင်တိုင်းကို တုန်ခါစေပြီး အဆက်မပြတ်စီးဆင်းကာ ပေါက်ကွဲထွက်သွား၏။
ခရမ်းရောင်ဧကရာဇ်ကျောက်စိမ်းတုံးက သူ၏ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေပြီး သူ၏ကာယစွမ်းအားက လှိုင်းထန်သောရေပြင်တစ်ခုကဲ့သို့ ပေါက်ကွဲကာ သူ့ညာဘက်လက်သီးမှ ပွင့်ထွက်လာသည်။
ဝုန်း…
ဝံပုလွေနက်မိစ္ဆာက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေရင်း တင်းဟောက်၏ လက်သီးချက်၌ သူ၏ခန္ဓာကိုယ်သည် အမှုန်အမွှားများအဖြစ် ပေါက်ကွဲလွင့်စင်ကာ ထာဝရပျက်စီးသွား၏။
ဝံပုလွေပေါက်လေးတစ်ကောင်၏ ပုံသဏ္ဍာန်ရှိသော သူ၏အနက်ရောင်ဝိညာဉ်က လေထဲတွင် အော်ဟစ်လျှက် ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။
"မြောင်.."
ဤအခွင့်အရေးကို အကြာကြီးစောင့်နေခဲ့သောလမိစ္ဆာက အရယူလိုက်သည်။
တင်းဟောက်နှင့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လက်တွဲခဲ့သော ဤမိစ္ဆာဘုရင်က ဤသို့ တစ်သက်မှတစ်ကြမ်ရသော အခွင့်အရေးမျိုးအား မည်သို့လက်လွတ်ခံနိုင်လိမ့်မည်နည်း။
၎င်းက မီးခိုးရောင်လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ခုန်တက်သွားပြီး ဝံပုလွေနက်မိစ္ဆာဧကရာဇ်၏ ဝိညာဉ်ကို အလွယ်တကူမျိုချလိုက်ကာ တော်ဝင်မိစ္ဆာ၏ ရှင်သန်ထမြောက်နိုင်မည့် အခွင့်အရေးမှန်သမျှကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။
“သေစမ်း... အကန့်အသတ်မဲ့ ကောင်ကင်ဘုံသခင်" ဦးလေးထျန်းရှုက အလျင်အမြန် ပါးစပ်ပိတ်လိုက်၏။
သူလည်း ဤလက်သီးချက်၏စွမ်းအားကြောင့် ကမ်းကုန်အောင် တုန်လှုပ်သွားမိသည်။
လေထဲတွင် အံ့ဩတကြီးပင့်သက်ရှိုက်သံများဖြင့် ပြည့်သွား၏။
ဤတိုက်ပွဲကို စောင့်ကြည့်နေကြသည့် အဓိပတိများအားလုံးမှာ ပြင်းပြင်းထန်ထန် ပင့်သက်ရှိုက်လိုက်မိသည့်အတွက် နာကျင်မှုကို ခံစားလိုက်ရသည်။
မတိုင်မီလေးကပင် သူတို့အားလုံးသည် တင်းဟောက်ကို သူ့အတတ်နှင့်သူ သေပြီဟု ထင်ခဲ့ကြ၏။။ ယခုအခါတွင်မူ မရေမတွက်နိုင်သည့် မျက်လုံးအစုံတို့သည် မျက်လုံးအိမ်များထဲမှ ကျွတ်ထွက်လုမတတ် ဖြစ်နေကြသည်။ ကြက်ဖဥ ဥခြင်းကို မြင်လိုက်ရသူများကဲ့သို့ အားလုံးအံ့ဩတကြီး ထိတ်လန့်သွားကြပြီး သူတို့ရင်ထဲမှ ထိတ်လန့်မှု အတိုင်းအဆကို ဖော်ပြနိုင်စွမ်းမရှိတော့ချေ။
“ချွင်… ချလွင်”
သွေးခဲဓားနှစ်လက်သည် အထိန်းအကွပ်မဲ့ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ၎င်းတို့၏သခင် လုထျန်းဟွာက ကျောက်ရုပ်တစ်ခုကဲ့သို့ မလှုပ်မယှက်ရပ်နေသည်။ သူ၏ဂုဏ်ယူအလေးထားရဆုံး လက်နက်များကို ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်တော့လောက်အောင် တုန်လှုပ်သွား၏။
လုထျန်းဟွာသည် ဝံပုလွေနက်မိစ္ဆာဧကရာဇ်၏ ကြောက်မက်ဖွယ်အစွမ်းကို ကောင်းကောင်းသိသူ ဖြစ်သည်။
မိစ္ဆာဝံပုလွေဧကရာဇ်၏ မိစ္ဆာရောင်ဝါကျင့်ကြံမှုသည် အထွတ်အထိပ်တော်ဝင်မိစ္ဆာနယ်ပယ်သို့ ရောက်နေပြီး ၎င်းတို့ဝုံပုလွေနက်မိစ္ဆာမျိုးနွယ်စု၏ မွေးရာပါကိုယ်ထည်ကလည်း ဤမျှော်စင်တွင် တစ်ဝက်အဆင့်မဟာသိုင်းဧကရာဇ်အချို့နှင့် ယှဉ်နိုင်လောက်သော တိုက်ခိုက်ရေး စွမ်းရည်ကို ဖန်တီးပေးခဲ့သည်။ ထိုသို့မဟုတ်ဘဲ သူ၏ပြိုင်ဘက်ကင်းအရှင်သခင်များက မိစ္ဆာမျိုးနွယ်စု၏ဂိတ်စောင့်အဖြစ် ခန့်အပ်မည်မဟုတ်ပေ။
လုထျန်းဟွာသည်ပင် ဤမျှအစွမ်းကြီးမားပြီး သွေးဆာနေသော ဝံပုလွေနက်မိစ္ဆာနှင့် ယှဉ်မည်ဆိုလျှင် သူ့ကိုအနိုင်ယူနိုင်ရန်အခွင့်အလမ်း ၃၀ ရာခိုင်နှုန်းအောက်၌သာ ရှိ၏။
မိစ္ဆာမျိုးနွယ်၏ ဤအဓိပတိမှာ မည်သို့ဖြစ်၍ လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားရသနည်း။
အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသည့်သူမှာ အတိအကျ မည်သူနည်း။
လူသားအဖြစ် အသွင်ပြောင်းထားသော အာခီယန်သားရဲကြီးပင်လော။ သိုင်းသမားတစ်ယောက်က သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ဤမျှရက်စက်ကြမ်းကြုတ်သည့် အတိုင်းအတာအထိ မည်ကဲ့သို့ မွေးမြူနိုင်မည်နည်း။
ဤအခိုက်အတန့်တွင် မျှော်စင်၏ ၉၅ထပ်မြောက်တွင် ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။
မိစ္ဆာမျိုးနွယ်၏ ထိပ်သီးအဓိပတိများအားလုံးမှာ နောက်ကျောများတွင် လှံတိုများစိုက်ဝင်နေသကဲ့သို့ မျက်နှာများဖြူဖတ်ဖြူရော်ဖြစ်ကုန်ကာ ကြီးစွာသော စိတ်မသက်မသာမှုကို ခံစားနေကြရသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် ဤလူငယ်၏ခွန်အားသည် သူတို့၏ နှလုံးသားများ အပေါ်၌ လေးလံနေသည့် တောင်ကြီးတစ်ခုဖိထားသကဲ့သို့ သူတို့ကို မွန်းကြပ်စေ၏။
တင်းဟောက်က လူတိုင်း၏ထိတ်လန့်မှုကို လျစ်လျူရှုထားလိုက်သည်။
လျှပ်စီးကြောင်းကဲ့သို့ စူးရှသောမျက်လုံးများဖြင့် လှေကားပေါ်မှနေ၍ ဝံပုလွေနက်မိစ္ဆာကို မော့ကြည့်လိုက်သည်။
ဝံပုလွေနက်မိစ္ဆာ၏မနှစ်မျို့စရာအပြုံးမှာ ကြီးစွာသော တုန်လှုပ်မှုနှင့် ကြောက်လန့်မှုကြောင့် သူ့မျက်နှာထက်တွင် အေးခဲသွား၏။ တင်းဟောက်ကသူ့ကို စိုက်ကြည့်လိုက်ချိန်တွင် လန့်ဖျပ်သွားသည်။ တင်းဟောက်၏မျက်လုံးများနှင့် ဆုံလိုက်သည့်အခိုက်အတန့်တွင် ကြောက်လန့်မှုများက ဒီရေတက်သကဲ့သို့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ သူ့ဝမ်းကွဲအစ်ကို၏ သေဆုံးသွားမှုက သူသည် ဤအနက်ရောင်သံချပ်ဝတ်ထားသော ဗလတောင့်တောင့်လူငယ်၏ ပြိုင်ဘက်မဟုတ်ကြောင်း ပြသနေသည်။
သူလည်း ပြဿနာတက်တော့မည်ကို ချက်ချင်းသိလိုက်၏။
ဝံပုလွေနက်မိစ္ဆာက အံ့ဩစွာအော်ဟစ်ရင်း နောက်ပြန်လှည့်မကြည့်တော့ဘဲ ကြောင်လိမ် လှေကားပေါ်သို့ ပြေးတက်သွားသည်။
"ထွက်ပြေးဖို့ကြိုးစားတာလား။ အိပ်မက်ပဲမက်နေလိုက်"
တင်းဟောက်၏ပုံရိပ်က ဖျတ်ခနဲ နေရာမှပျောက်ကွယ်သွား၏။
ကြည့်ရသည်မှာ တစ်မိုင်ကို လက်မများအဖြစ်ချုံ့နိုင်သည့် မှော်စွမ်းအားနှင့်တူတူ ဖြစ်သည့်ပုံပင်။
အမှန်တော့ ၎င်းက သူတော်စင်စစ်တလင်း၌ တင်းဟောက်သတ်ဖြတ်ခဲ့သော အနက်ရောင်မိစ္ဆာသားရဲကြီးထံမှ ကောင်းကင်မြေကြီးသွေးရိုး၏ ပြီးပြည့်စုံသောစွမ်းအားဖြစ်၏။ ဤနေရာတွင် သူ၏ ငရဲရေခဲချီကို ဖိနှိပ်ထားသော်လည်း တင်းဟောက်က ပိုင်ဖန်းမီးတောက်ဖြင့် မှော်စွမ်းအားကို အသက်သွင်းနိုင်သေးသည်။
ဤမှော်စွမ်းအားသည် နေရာလွတ်၏နိယာမများကို အမှန်တကယ် ချုံ့နိုင်ခြင်းမရှိပေ။ သူက တစ်မိုင်ကို လက်မများအဖြစ်သို့ အမှန်တကယ် မချုံ့နိုင်ချေ။
သို့သော် ဤနေရာတွင်ပြသလိုက်သည့်အတိုင်း သူက သေချာပေါက် အလုံအလောက် မြန်မြန်ရွေ့လျားနိုင်သည်။
တခဏအတွင်း၌ပင် တင်းဟောက်သည် ဝံပုလွေနတ်ဆိုး၏ ရှေ့သို့ရောက်သွား၏။ တင်းဟောက်က သူ့ကို လက်ပြန်ရိုက်လိုက်ပြီး ခရမ်းရောင်နဂါးပုံသဏ္ဍာန် ချီစီးကြောင်းက ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ သူ့အပေါ်သို့ ထိုးကျသွားသည်။ နားကွဲမတတ် နဂါးဟိန်းသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်သွား၏။
"မလုပ်နဲ့…" ဝံပုလွေနက်မိစ္ဆာက ကြောက်လန့်တကြား အော်လိုက်သည်။ "ကြီးမြတ်တဲ့ သိုင်းဦးလေး ကျွန်တော့်ကို ကယ်ပါဦး"
သေလုမတတ်ဖြူရော်နေသည့်မျက်နှာဖြင့် ထိတ်ထိတ်ပျာပျာ ရှောင်လိုက်ပြီး သူတတ်နိုင်သမျှ မိစ္ဆာရောင်ဝါအားလုံးကို အသည်းအသန် လွှတ်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဖောင်းကားလာပြီး ကြီးမားသော ဝံပုလွေနက်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်နေသော ချောင်ပိတ်မိနေသည့် သားရဲကြီးတစ်ကောင်နှင့် တူနေ၏။
သို့သော် သူအလွန်ဂုဏ်ယူခဲ့ရသော မြေခွေးကဲ့သို့ခန္ဓာကိုယ်မှာ လေထဲမှကျောက်စရစ်ခဲများကဲ့သို့ ခရမ်းရောင်ချီအောက်တွင် စတင်ပြိုကွဲလာသည်။
ဤအခိုက်အတန့်တွင်….
"ရပ်လိုက်… မိစ္ဆာနက်ဝံပုလွေတွေကို သတ်ရဲတာ ဘယ်ကအရိုင်းအစိုင်းလူသားလဲ”
နတ်ဘုရားအသံကဲ့သို့ ဩဇာကောင်းလှသည့် အသံတစ်သံထွက်ပေါ်လာသည်။
ထိုအသံသည် သက်ရှိသတ္တဝါတိုင်းကို အစိုးရသော ဧကရာဇ်မင်းတစ်ပါးကဲသို့ အလွန်ခံ့ညားထည်ဝါလှ၏။ ၎င်းက ကြောင်လိမ်လှေကားထက်မှ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး ၉၅ လွှာပေါ်သို့ ခုန်ဆင်းကာ လူတိုင်းကို ပင်လယ်အတွင်းမှ ပုရွက်ဆိတ်များကဲ့သို့ သေးငယ်ပြီး အရေးမပါသည့်ခံစားချက်များ ဖြစ်လာစေသည်။
တစ်ပြိုင်နက်ထဲမှာပင် နောက်ထပ် နက်မှောင်သော မိစ္ဆာရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။
ဤမိစ္ဆာရောင်ဝါမှာ ထူးခြားစွာနက်မှောင်ပြီး အနီးတစ်ဝိုက်ရှိ အလင်းရောင်များကို ယိုင်ရွဲ့စေကာ ဝါးမျိုလိုက်သကဲ့သို့ ထင်မှတ်ရသည်။ ၎င်းသည် ကြောင်လိမ်လှေကားအတိုင်း ဆင်းလာကာ ဧရာမ ဝံပုလွေလက်သည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပုရွက်ဆိတ်တစ်ကောင်ကို ပွတ်ချေပစ်တော့မည့် ဧရာမလက်ကြီးတစ်ခုကဲ့သို့ တင်းဟောက်ထံ တဟုန်ထိုး ပြေးဝင်လာကာ သူ့ကိုဖိခြေရန် ကြိုးစားလိုက်၏။
အနက်ရောင်မိစ္ဆာရောင်ဝါက တွန်းလှန်ရန်ခက်ခဲသည့် သန်မာပြီးခံ့ညားထည်ဝါသော အင်အားတစ်ခုကိုသယ်ဆောင်လာကာ ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်း၏တုန်ခါလှိုင်းများက တင်းဟောက်၏ ခရမ်းရောင်နဂါးပုံသဏ္ဍာန်ရှိသော လက်သီးကို အလွယ်တကူ ပြိုကွဲသွားစေသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ကြီးမြတ်တဲ့သိုင်းဦးလေး”
ဝံပုလွေနက်မိစ္ဆာ၏ ကိုယ်ခန္ဓာထက်ဝက်ကျော် ပျက်စီးသွားသော်လည်း သေခြင်းမှ လွတ်မြောက်မှုကြောင့် ဝမ်းသာလုံးဆို့ကာ ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလုမတတ် ဖြစ်သွားသည်။
“ဒါသူတော်စင်အဆင့်ပညာရှင်ပဲ”
လူအုပ်ထဲရှိ လူသားမျိုးနွယ်အဓိပတိတစ်ယောက်က အံ့အားသင့်စွာအော်လိုက်သည်။
မိစ္ဆာမျိုးနွယ်အဓိပတိများသည် တစ်ညတာကို ရဲရင့်စွာ ရုန်းကန်ပြီးနောက် အလင်းရောင်မြင်တွေ့လာရသော ပင်ပန်းနွမ်းနယ်နေသည့် ခရီးသွားများကဲ့သို့ စတင်ဩဘာပေးလာကြ၏။ ဤခံ့ညားထည်ဝါသောအသံက သူတို့နှလုံးသားများပေါ်တွင် ပိနေသည့် လေးလံသောကျောက်တုံးကြီးအား ချက်ချင်းကွဲကြေသွားစေခဲ့သည်။
တင်းဟောက်၏ ကိုယ်ပေါ်ရှိ အမွေးအမျှင်များအားလုံး ထောင်သွား၏။
ဤသို့ ရက်စက်ကြမ်းကြုတ်ပြီး ကြီးကျယ်ခမ်းနားသော အသံပိုင်ရှင်မိစ္ဆာသည် ဤဖိနှိပ်ထားသည့်ပတ်ဝန်းကျင်၌ မိစ္ဆာရောင်ဝါကို မည်သို့မည်ပုံ ထုတ်လွှင့်နိုင်ခြင်းကို စဉ်းစားနေရန် တင်းဟောက်တွင် အချိန်မရှိချေ။ ရုတ်ချည်းဆိုသလို ၎င်း၏ကြီးမားသော ဝံပုလွေနက်လက်သည်းက တင်းဟောက်အား သေခြင်း၏အငွေ့အသက်ကို ခံစားလိုက်ရစေသည်။
သူက တွန့်ဆုတ်မသွားချေ။ ကျိုးနေသော ဝမ်းချင်းဆေဘာက သူ့လက်ထဲတွင်ပေါ်လာသည်။
တင်းဟောက်က သံချေးတက်ဓါးကိုအပြည့်အဝအသက်သွင်းထားသည့် ပြီးခဲ့သောသင်ခန်းစာကို လေ့လာထားပြီးဖြစ်၏။ ဤတစ်ကြိမ်တွင် ၎င်းထဲသို့ ပိဖန်းမီးတောက်အနည်းငယ် ထိုးသွင်းလိုက်ပြီး အချို့ကို အရန်အဖြစ် ချန်ထားလိုက်သည်။ သို့တိုင်အောင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ လျင်မြန်စွာဆုတ်ယုတ်လာသည်ကို ခံစားလိုက်ရ၏။
အနက်ရောင်ဝမ်ချင်းဆေဘာက ချစ်ချစ်တောက်အပူကို ထုတ်လွှတ်နေသည်။ ဆေဘာကိုယ်ထည်သည် သူ့ဘာသာသူ ပြန်လည်ပြုပြင်ကာ အပြည့်အဝ ပြန်ဖြစ်လာမည်မဟုတ်ပေ။ ထိုအစား ၎င်းက ပတ်ပတ်လည်တွင် မီးတောက်များလှည့်လည်ကာ အနီတောက်တောက်သို့ ပြောင်းလဲသွားသည်။
ဝမ်းချင်ဆေဘာကို ဆုပ်ကိုင်ရင်း တင်းဟောက်က မတ်မတ်ရပ်လိုက်၏။ ကြောက်မက်ဖွယ်ရာ အတားအဆီးမရှိသော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဝှစ်.. ဝှစ်.. ဝှစ်..
မိုးထိမျှော်စင်၏ ၉၅ ထပ်တစ်ခုလုံးတွင် ဓါးရှည်နှင့်ဆေဘာတို့၏ လေခွင်းသံများ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် လူတိုင်းသည် သူတို့၏လက်နက်များ မထိန်းချုပ်နိုင်လောက်အောင် တုန်ခါလာခြင်းကို အံ့ဩတုန်လှုပ်ဖွယ် တွေ့လိုက်ရ၏။ ဤလက်နက်များသည် လွတ်မြောက်ကာ ပျံထွက်သွားတော့မည့်အတိုင်းပင်။
ခွန်အားနည်းသည့် သိုင်းသမားအချို့မှာ ၎င်းတို့၏လက်နက်များအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ၎င်းတို့၏ ဓားရှည်နှင့် ဆေဘာများသည် ဓားအိမ်မှကျွတ်ထွက်ကာ လေထဲတွင် ပျံဝဲသွားကြ၏။ ထိုလက်နက်များက ကြောင်လိမ်လှေကားပေါ်တွင် ရပ်နေသည့် တင်းဟောက်ရှေ့၌ အရိုအသေပေးနေကြသည်မှာ အရှင်သခင်၏ရှေ့၌ ခစားနေကြသော ကျေးကျွန်များကဲ့သို့ပင်။
လုံးလုံးလျားလျား ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခု ဖြစ်ပေတော့သည်။
***