တင်းဟောက်၏လက်ထဲတွင် ဆေဘာကိုဆုပ်ကိုင်ထားသည်။ ကြီးမားသော ဝံပုလွေ လက်သည်းကြီးသည် သူရိုက်မချမီကပင် ပြိုကျလုမတတ်ဖြစ်နေ၏။ ၎င်းက တင်းဟောက်အနီးသို့ကပ်လာရန်ပင် ခက်နေပုံရသည်။
"ဒါကဘယ်လိုစွမ်းအားမျိုးလဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.." ထိုခံ့ညားထည်ဝါသော အသံက တအံ့တဩရေရွတ်လိုက်၏။
တင်းဟောက်က စကားတစ်ခွန်းမှမပြောဘဲ ဆေဘာကို လက်ပြန်ဝှေ့ယမ်းလိုက်သည်။
လေဟာနယ်ထဲတွင် သွေးဖြင့်အရောင်ဆိုးလိုက်သကဲ့သို့ ကြက်သွေးရောင်အလင်းတန်းများ ပြည့်နှက်သွား၏။
ကြောက်မက်ဖွယ်ရာ ပူလောင်သောအလင်းတန်းတစ်ခုက ကြည့်ရှုနေသူအားလုံး အပေါ်ဖြာကျလာပြီး ချော်ရည်စီးကြောင်းများဖြင့် ဝန်းရံခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ သည်။ ဘာဖြစ်မှန်းမသိလိုက်ခင်မှာပင် မတိုင်မီက ဩဇာပြည့်ဝခဲ့သောအသံသည် ယခု အရှက်တကွဲနာကျင်စွာ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။ ကောင်းကင်တစ်ခွင်ရှိ အမှောင်မိစ္ဆာရောင်ဝါကလည်း နေလာနှင်းပျောက်သကဲ့သို့ ရုတ်ချည်းပျောက်ကွယ်သွားသည်။
လေဟာနယ်ကိုဖြတ်ကျော်တိုက်ခိုက်လာသော ဝံပုလွေနက်မိစ္ဆာမျိုးနွယ်စု၏ မဟာသိုင်းဧကရာဇ်အဓိပတိသည် သိသိသာသာ ထိခိုက်သွားပုံရပြီး ဤကိစ္စတွင် ဆက်လက်ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိတော့ချေ။
ဝံပုလွေနက်မိစ္ဆာ၏ မျက်နှာမှာ သေလုမတတ်ဖြူဖျော့သွားပြီး ယခင်ကကဲ့သို့ ထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့မရှိတော့ဘဲ ကြောက်ရွံစွာ တုန်ရီနေသည်။ သူက ကြမ်းပြင်ပေါ်သို့ တအိအိလဲကျသွားပြီး သူ၏မျက်လုံးများက ငါးအသေတစ်ကောင်ကဲ့သို့ ပြူးကြောင်နေကာ တင်းဟောက်အား စိုက်ကြည့်ရင်း ကြောက်လန့်တကြား အော်ဟစ်နေသည်။
"မလုပ်ပါနဲ့… ငါ့… ငါ့ကိုချမ်းသာပေးပါ…”
တင်းဟောက်က ကြောင်လိမ်လှေကားမှဆင်းကာ သူ့ထံသို့လျှောက်လာသည်။
"မင်းငါတို့မျိုးနွယ်စုဝင်တွေရဲ့ အသွေးအသားတွေကိုစားတုန်းကတော့ တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့ဘူးလား.." တင်းဟောက်၏ မျက်နှာမှာ အေးစက်နေပြီး တုံ့ဆိုင်းခြင်းမရှိပဲ ဓားရှည်ကို လက်ပြန်ဝှေ့ယမ်းလိုက်သည်။
သွေးများဖြာကျလာ၏။
ဝံပုလွေနက်မိစ္ဆာ၏ ဦးခေါင်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နီစွေးသော သွေးတို့ ထောင်ပန်းကာ ဝမ်ချင်းဆေဘာ၏အသွားပေါ်သို့ စီးကျလာသည်။
ထို့နောက် ထူးခြားသည့်အရာတစ်ခုဖြစ်ပျက်သွား၏။ သွေးများက ပဲ့နေသော ဓားသွားအတွင်းသို့ စိမ့်ဝင်သွားသည်ကို တင်းဟောက် သေချာမြင်လိုက်ရသည်။ ထို သွေးများသည် ခြောက်သွားခြင်းမရှိပဲ ဓားသွားမှရေမြှုပ်တစ်ခုကဲ့သို့ စုပ်ယူသွား၏။
ထို့နောက် ပို၍ပင် အံ့ဖွယ်သရဲအဖြစ်အပျက်ကို တွေ့မြင်ကြရပြန်သည်။
ဝမ်ချင်းဆေဘာသည် အသက်ဝင်လာသကဲ့သို့ တင်းဟောက်၏လက်ထဲတွင် တုန်ခါလာ၏။ ၎င်းက သူ့ဘာသာသူ ထူးဆန်းသော အင်အားတစ်ခုထုတ်လွှတ်ကာ ဝံပုလွေနက်မိစ္ဆာ အသေကောင်ကို ဖုံးလွှမ်းလိုက်သည်။
ရွှပ်
ဝံပုလွေမိစ္ဆာ၏ လည်တိုင်ရှိ ပြတ်ရာမှ သွေးအမြောက်အများနှင့် တော်ဝင်မိစ္ဆာအဆီအနှစ်တို့ စီးထွက်လာ၏။ ကြမ်းကြုတ်ရက်စက်သော သွေးနဂါးတစ်ကောင်ကဲ့သို့ ၎င်းက ဝမ်ချင်းဆေဘာထဲသို့ ချက်ချင်းစုပ်ယူခံလိုက်ရသည်။
အဆုံးသတ်တွင် ဝံပုလွေမိစ္ဆာ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ခြောက်သွေ့သွားသည့် သားရေအိတ်ကြီးတစ်လုံးကဲ့သို့ ဖြစ်သွား၏။ လေအဝှေ့တွင် ၎င်းက သဲနက်များကဲ့သို့ အစိတ်စိတ်အမြွာမြွာဖြစ်သွားကာ မြေကြီးပေါ်ကျရောက်သွားသည်။
ဤထူးဆန်းသောအဖြစ်အပျက်ကို မြင်တွေ့ရသူအားလုံးမှာ ဆံပင်များ ကျွတ်ထွက်မတတ် ထောင်ကုန်ကြ၏။
ဝမ်ချင်းဆေဘာပေါ်တွင် ကြက်သွေးရောင်အလင်းစက်ဝိုင်း တစ်ခုပေါ်လာပြီး ဖျတ်ကနဲ့ ပျောက်ကွယ်သွားသည်။
အားလုံးက ဝမ်းချင်းဆေဘာကို တစ္ဆေတစ်ကောင်ကဲ့သို့ ဝိုင်းကြည့်နေကြပြီး မျက်လုံးများ လုံးဝမခွာနိုင်အောင် ဖြစ်နေကြ၏။ သူတို့၏ နှလုံးသားထဲ၌ ဖော်မပြနိုင်သည့် အကြောက်တရားတစ်ခုကို နက်နက်ရှိုင်းရှိုင်း ခံစားနေရကာ အန္တရာယ်များပြီး မထိန်းချုပ်နိုင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လာသည်။
အချို့သော ခွန်အားနည်းသည့် လူသားနှင့် မိစ္ဆာမျိုးနွယ်များမှာ သတိလစ်မေ့မြောကာ ပစ်လဲကုန်ကြ၏။
တင်းဟောက်ကိုယ်တိုင်လည်း အလွန်အံ့ဩသွားသည်။
ဝမ်းချင်းဆေဘာ၏ စွမ်းအားကို ထုတ်သုံးခဲ့သည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုကဲ့သို့ ထူးခြားဆန်းပြားသည့် ပြောင်းလဲမှုကို တစ်ခါမှ မကြုံဖူးသေးပေ။ ၎င်းက ဧရာမဝံပုလွေမိစ္ဆာ၏ ကိုယ်ခန္ဓာကို တခဏအတွင်း ဝါးမျိုသွားခဲ့သည်။
သူခေါင်းငုံ့ပြီး သေချာကြည့်လိုက်၏။ ဓားသွားက ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းပင်။
သို့သော် သေချာကြည့်လျှင် ဓါးပေါ်ရှိ ကြက်သွေးရင့်ရောင်သင်္ကေတသည် သွေးဖြင့် ဆိုးထားသကဲ့သို့ ပိုမို၍ အရောင်တောက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ဆေဘာသည် ရုန်းကန်မနေတော့ဘဲ ပြန်လည်ငြိမ်သက်သွားကာ တင်းဟောက်၏ လက်ထဲတွင် မလှုပ်မယှက်ပြန်ဖြစ်သွား၏။
တင်းဟောက်က ဆေဘာကို ပြန်သိမ်းတော့မည့်အချိန်၌ သူ့မျက်နှာတွင် ထူးဆန်း အံ့ဩသော အရပ်အယောင်များ ပေါ်ထွက်လာသည်။
ရုတ်တရက် ဓားလက်ကိုင်မှ ပူနွေးသောစီးကြောင်းတစ်ခု ထွက်ပေါ်ပြီး တင်းဟောက် ၏လက်ဖဝါးမှတစ်ဆင့် သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာ၏။
“ဒါက ဘာလဲ…”
တစ်ခဏတာတုန်လှုပ်သွားပြီးသည့်နောက် ထိုအပူစီးကြောင်းသည် အလွန် သန့်စင်သော မူလစွမ်းအင်တစ်ခုဖြစ်ကြောင်း တင်းဟောက်သိလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းနေသော ထိုစွမ်းအင်က သူ၏မရီဒျန်လမ်းကြောင်းများထဲ ဝင်ရောက်ကာ ချီစွမ်းအင်အဖြစ်ပြောင်းလဲသွား၏။ သူက ယခု ဤစွမ်းအားကို သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးပြုနိုင်ပြီဖြစ်သည်။
ဆေဘာတွင် ဤသို့သော စွမ်အားများရှိနေလိမ့်မည်ဟု မည်သည့်အခါကမျှ မျှော်လင့် မထားပေ။
၎င်းသည် ရန်သူ၏သွေးသားနှင့် ရိုးတွင်းချဉ်ဆီများကို ဝါးမျိုကာ ၎င်းတို့အား အသန့်စင်ဆုံး မူလစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ၎င်းက ဆေဘာကိုင်သူ အား အတုံ့အလှယ်ပြုပေးခြင်းဖြစ်၏။ ထိုစွမ်းရည်က ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်နိုင်စွမ်းထက်ပင် ပိုပြီးကြောက်စရာကောင်းသည်။ ဒဏ္ဍာရီလာ နတ်ဘုရား လက်နက်များပင်လျှင် ၎င်းနှင့်နှိုင်းယှဉ်စရာ မရှိပေ။
အကယ်၍ ဝမ်ချင်းဆေဘာက အဓိပတိများနှင့် သတ္တဝါများကို အလုံအလောက် သတ်ဖြတ်နိုင်ခဲ့လျှင် ရလာမည့်စွမ်းအင်များက တင်းဟောက်အား အချိန်တိုအတွင်း ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာစေပေလိမ့်မည်။
တင်းဟောက်စိတ်ထဲတွင် ထိုသို့အတွေးဝင်လာသည်။ ၎င်းက အလွန်ပင် ညှို့ယူဖမ်းစားနိုင်သော အတွေးဖြစ်၏။
တင်းဟောက်သည် မျက်လုံးထောင့်မှ လူသားနှင့် မိစ္ဆာမျိုးနွယ်များ၏ ထိပ်တန်းသိုင်းသမားများကို ရိပ်ခနဲမြင်လိုက်ရသည်။ မည်သည့်အတွက်ကြောင်းမှန်းမသိ သူ့ရင်ထဲတွင် မတင်းတိမ်နိုင်သော သတ်ဖြတ်လိုစိတ်များ ရုတ်တရက် ထိုးတက်လာ၏။ သူက ဆေဘာကိုဆွဲထုတ်ပြီး အားလုံးကို သတ်ပစ်ချင်နေသည်။
"တခုခုတော့မှားနေပြီ"
တစ်ချိန်တည်းမှာပင် တင်းဟောက်သည် ကတုန်ကယင် ဖြစ်လာပြီး သူ့လျှာဖျားသူ ကိုက်လိုက်၏။
ပြင်းထန်သောဝေဒနာက သူ့စိတ်ကို ကြည်လင်သွားစေသည်။ စိတ်အနှစ်သာရကိုအသက်သွင်းရန် သူ့ကိုယ်သူတွန်းအားပေးလိုက်၏။ စိတ်နှင့်ကိုယ်နှင့်တသားတည်းနယ်ပယ်ရှိ နတ်ဘုရားသိုင်းသမားသည် သူ၏ လူသတ်လိုစိတ်ကို ချိုးနှိမ်လိုက်သည်။
ဓားလက်ကိုင်မှ အပူစီးကြောင်းလည်း ပျောက်ကွယ်သွား၏။
တင်းဟောက်က ၎င်းကို ချက်ချင်း သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းလိုက်ရင်း သူ၏အတွင်းမျက်လုံးဖြင့် အနည်းငယ်လေ့လာလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းသို့ ယခုလေးတင် စီးဆင်းလာသည့် သန့်စင်သောမူလစွမ်းအင်သည် လပေါင်းများစွာ လုံ့လစိုက်ထုတ်မှုနှင့် ညီမျှ၏။ ဤအခိုက်အတန့်တွင် မချုပ်တည်းနိုင်လောက်အောင် တောက်လောင်နေသည့်ချီမှာ သူ့ရင်ဘတ်ရှိ ဒန်ထျန်းအလယ်ပိုင်းတွင် တဟုန်ထိုး အုံကြွနေသည်။ သူ့ဝမ်းဗိုက်၏ အောက်ပိုင်းဒန်ထျန်းရှိ ငရဲရေခဲချီသည် ပြန်လည်ကောင်းမွန်သည့် လက္ခဏာရပ်များပြလာပြီး ဗုဒ္ဓစေတီတော်မျှော်စင်၏အပြီးအပိုင် ဖိနှိပ်ထားခြင်းကြောင့် တန့်နေခြင်းမရှိတော့ချေ။
နောက်ထပ်အလင်းပေါက်ကို ဖွင့်ချိန်တန်ပြီဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ရန် သင့်တော်သည့်နေရာမဟုတ်သေးမှန်း ထင်ရှားနေ၏။
တင်းဟောက်သည် ကြမ်းပြင်တွင် ပြန့်ကျဲနေသည့် သနားစဖွယ်သေဆုံးသွားခဲ့ကြသော လူသားအဓိပတိများ၏ ခြေလက်အပိုင်းအစများကို ဝေ့ဝဲကြည့်လိုက်ပြီး သက်ပြင်းချကာ လက်ဖျောက်တစ်ချက်တီး၍ အနီရောင်မီးတောက်တစ်ခု ထုတ်လွှတ်လိုက်၏။ ၎င်းက ကြမ်းပြင်ပေါ်ကျသွားကာ အရာအားလုံးကို တခဏအတွင်း လောင်ကျွမ်းသွားစေသည်။ သူက ဤသတ်ဖြတ်ခံလိုက်ရသော သိုင်းသမားများကို သူတို့အဆင့်အတန်းနှင့်ထိုက်တန်သော နောက်ဆုံးဂုဏ်သိက္ခာအား ပေးအပ်လိုက်၏။
လုထျန်းဟွာ၏ မျက်လုံးများ အရောင်တောက်သွားသည်။
သူ့တွင် မျှော်စင်အတွင်းသို့ ဝင်ရောက်လာခဲ့သော လူသားမျိုးနွယ် ပြိုင်ဘက်ကင်းအရှင်သခင်တစ်ဦး ချန်ထားရစ်သည့် ရတနာတစ်ပါး ရှိ၏။ ၎င်းက မိုးထိမျှော်စင်၏ ဖိနှိပ်မှုအရှိန်အဝါကို တွန်းလှန်နိုင်ပြီး သူ၏ချီမှတစ်ဆင့် သွေးခဲဓားညီနောင်ကို အသက်သွင်းနိုင်အောင် လုပ်ပေးသည်။ သို့သော် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ဗလတောင့်တောင့်နှင့် လျို့ဝှက်ဆန်းကြယ်သည့် ဤလူငယ်သည် လက်ဖျောက်တစ်ချက်တီးကာ မီးတောက်ချီကို အသက်သွင်းနိုင်ခဲ့၏။ သို့ဖြစ်လျှင်…
ဤအနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် ဗလတောင့်တောင့်လူသည် နိမ့်ကျသော နောက်လိုက်တစ်ဦးသဖွယ် ရုပ်ဖျက်ထားသော ပြိုင်ဘက်ကင်းအရှင်သခင်တစ်ဦးပင်လော။
‘ဒီလိုသာဆိုရင်တော့ ကောင်းတာပဲ’
ယခုအခါ ပြိုင်ဘက်ကင်းအရှင်သခင်အဆင့်ရှိ နောက်ထပ်သိုင်းသမားတစ်ဦး ထပ်ပါလာသည့်အတွက် လူသားမျိုးနွယ်အနေဖြင့် နတ်ဘုရားလက်နက်သုံးခုအား သိမ်းပိုက်နိုင်ရန် ပို၍ပင်အလားအလာရှိသည်။
"ဟားဟား အရမ်းတော်တယ် ကောင်လေး" ဦးလေးထျန်းရှုသည် အကြံဆိုးကြီးဖြင့် တင်းဟောက်ထံ ချဉ်းကပ်လာသည်။ သူက တင်းဟောက်၏ ပုခုံးကိုဖက်လိုက်ပြီး လူလိမ်အပြုံးဖြင့် ပြောလိုက်၏။ "ဒါနဲ့ မင်းကိုင်တဲ့ ဆေဘာဟောင်းလေးက တော်တော်အစွမ်းထက်တာပဲ။ ငါဘာလို့ အရင်ကမမြင်ဖူးရပါလိမ့်။ ကဲ ငါ့ကိုတစ်ချက်လောက် ပေးကြည့်ပါဦး…”
“သွားစမ်းပါ” တင်းဟောက်က ပြောလိုက်၏။
သူတို့ ခရီးသွားဖော်များဖြစ်ခဲ့သည့် ပြီးခဲ့သောရက်ပိုင်းအတွင်း ဦးလေထျန်းရှုသည် အလားတူချော့မော့သော လေသံဖြင့် တင်းဟောက်ထံမှ ပစ္စည်းတစ်ဒါဇင်ကျော်ကို ငှားရမ်းခဲ့ပြီး တစ်ခုမှပြန်မပေးခဲ့ချေ။
ထို့ကြောင့် တင်းဟောက်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
"မင်းက သိပ်ကိုကပ်စီးနဲတာပဲ။ မင်းနဲ့ ညီရင်းအစ်ကိုဆက်ဆံရေးကို ဖြတ်ပစ်မယ်.." ဦးလေးထျန်းဆုက ဒေါသတကြီးအော်ပြောလိုက်သည်။
တင်းဟောက်က ပြောလိုက်၏။ "ညီရင်းအစ်ကိုဆက်ဆံရေးဟုတ်လား… ကျွန်တော်တို့က သွေးသောက်ညီအစ်ကိုတွေ ဖြစ်ဖူးလို့လား"
“အဲ…”
"သွားကြရအောင်..။ ကျွန်တော်တို့ ဆက်ကြာနေရင် အခြားအထပ်တွေမှာ ခင်ဗျားရဲ ရတနာပစ္စည်း တွေကို ဓားပြတိုက်သွားလိမ့်မယ်။ အဲဒါမှ ရင်ကွဲနေရဦးမယ်" တင်းဟောက်က သတိပေးလိုက်သည်။
ဦးလေးထျန်းရှု လန့်သွား၏။ သူက စကားတစ်ခွန်းမှမပြောနိုင်တော့ဘဲ ကြောင်လိမ်လှေကားထံ ကသောကမျော ပြေးထွက်သွားသည်။
တင်းဟောက်သည် စကားလမ်းကြောင်းကို အောင်မြင်စွာ လွှဲနိုင်လိုက်ပြီဖြစ်၏။
တင်းဟောက်က ကြောင်လိမ်လှေကားမှ အထပ် ၉၆ ထပ်သို့ တက်ရောက်ပျောက်ကွယ်သွားသည်ကို အားလုံးက မှင်သက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
တင်းဟောက်၏ ထက်မြက်သောအစွမ်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါက သူ့အား နတ်ဘုရားနှင့်တူသော အဓိပတိတစ်ဦးအဖြစ် ထိုနေရာရှိ လူတိုင်းကို ထင်မှတ်စေခဲ့၏။ သို့သော် ထျန်းရှုက သူ့ကို ဤသို့ပေါ့ပေါ့ပါးပါးလေသံ၊ အပြုအမူတို့နှင့်သာ ပြောဆိုဆက်ဆံခဲ့သည်။ ဤမုတ်ဆိတ်ဖြူနှင့် သူတော်စင်သဖွယ် အဘိုးအိုက ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သည်ကို သူတို့တွေ့ရှိလိုက်ရ၏။
"သူကဘယ်သူကြီးမို့လို့လဲ”
သူတို့က ဦးနှောက်ခြောက်မတတ် စဉ်းစားနေကြသည်။ သို့သော် အံ့ဩဖွယ်ရာ ဆေဘာစွမ်းရည်နှင့် ပြိုင်ဘက်ကင်းနီးပါ ရုပ်ပိုင်းခွန်အားများရှိသည့် ဤအနက်ရောင်သံချပ်ကာဝတ်ဆင်ထားသော ဗလတောင့်တောင့်လူကို လူသားအဓိပတိများထဲမှ မည်သူမျှ မမှတ်မိကြချေ။
တင်းဟောက်နှင့် သူ့လူများပျောက်ကွယ်သွားချိန်ထိ သူတို့အားလုံး မှင်သက်နေခဲ့ကြသည်။
လုထျန်းဟွာက လူအုပ်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို သဘောပေါက်သွားကာ အော်ပြောလိုက်၏။ "အခုမိစ္ဆာမျိုးနွယ်ရဲ့ ဂိတ်စောင့်သေပြီ။ နောက်အသစ်တစ်ယောက် မခန့်အပ်ခင် လူသားမျိုးနွယ်တွေ အားလုံး ၉၆ ထပ်ကို တက်သွားကြတော့။ အဖိုးတန် အခွင့်အရေးကို အလဟဿမဖြစ်စေနဲ့”
သူ့စကားဆုံးသည်နှင့်..
လူသားမျိုးနွယ်သိုင်းသမားများ၏ မျက်လုံးများ အရောင်လက်သွားသည်။ ၎င်းက သူတို့အတွက် အခွင့်အရေးကြီး ဖြစ်ကြောင်းကို အားလုံးသဘောပေါက်သွား၏။ သူတို့က ဝမ်းသာအားရဖြင့် ကြောင်လိမ်လှေကားအတိုင်း တစ်ယောက်ပြီးတစ်ယောက် ပြေးတက်သွားကြသည်။
မိစ္ဆာမျိုးနွယ်သိုင်းသမားများအားလုံးကမူ ခါးသီးပြီး နာကျည်းနေပုံရသော်လည်း သူတို့ဘာမှ မတတ်နိုင်ချေ။
မိစ္ဆာမျိုးနွယ်၏ ဂိတ်စောင့်သေသွားသော်လည်း လူသားမျိုးနွယ်၏ဂိတ်စောင့် မသေသေးပေ။
လုထျန်းဟွာ၏ သွေးခဲဓါးနှစ်ချောင်းက အရှိန်အဝါကြီးမားသည်။ သူတို့အားလုံး ဤနေရာတွင် ပိတ်မိနေသည်မှာ အတော်ကြာပြီဖြစ်၏။ မိစ္ဆာမျိုးနွယ်တွင် လုထျန်းဟွာကို အနိုင်ယူနိုင်သည့် ပြိုင်ဘက်ကင်းအဓိပတိများ မကျန်တော့ကြောင်း လူတိုင်းသိသည်။။ ထို့ကြောင့် သူတို့သည် ကြောင်လိမ်လှေကားကိုဖြတ်ကာ ၉၆ ထပ်မြောက်ကို မည်သည့်အခါမှ တက်နိုင်တော့မည် မဟုတ်ချေ။
လူသားနှင့် မိစ္ဆာမျိုးနွယ်မှ သိုင်းသမား ၂၀၀ ခန့်သည် ထည်ဝါသော ဗုဒ္ဓစေတီမျှော်စင်၏ ၉၆ ထပ်မြောက်သို့ စုရုံးရောက်ရှိလာကြ၏။
ပြီးခဲ့သောအထပ်အတိုင်း အထက်သို့တက်ရမည့် ကြောင်လိမ်လှေကားတွင် တံခါးစောင့်များ ရှိနေသည်။ သို့သော် ဤအထပ်ရှိ တံခါးစောင့်အရေအတွက်သည် နှစ်ဆတိုးလာပြီး လူသားနှင့်မိစ္ဆာမျိုးနွယ်မှ တံခါးစောင့် နှစ်ဦးစီရှိ၏။
လေထုထဲတွင် သွေးနံ့များရနေသေးသကဲ့သို့ တံခါးစောင့်များရှေ့တွင် အလောင်းများ ပြန့်ကျဲနေသော်လည်း ၉၅ ထပ်မှာကဲ့သို့ မြင်ကွင်း ထိတ်လန့်ကြေကွဲစရာ မကောင်းချေ။
၉၆ ထပ်သို့ တင်းဟောက်ရောက်လာချိန်တွင် အားလုံးက သူ့ကိုစိုက်ကြည့်နေခဲ့ကြသည်။
ဝံပုလွေနက်မိစ္ဆာမျိုးနွယ်၏ ပြိုင်ဘက်ကင်းအရှင်သခင်များက ဤအဆင့်သို့ မရောက်သော်လည်း သူတို့၏အနက်ရောင်မိစ္ဆာရောင်ဝါကမူ ရောက်နိုင်သည်။ အောက်ထပ်မှ ဒေါသတကြီး အော်သံများကို ကြားနေရသည့် ဤနေရာမှ အဓိပတိများအားလုံးသည် လူသားမျိုးနွယ်အရှင်သခင်တစ်ဦးက ပြိုင်ဘက်ကင်းဝံပုလွေနက်မိစ္ဆာတစ်ဦးကို ၉၅ ထပ်တွင် အနိုင်ယူခဲ့ကြောင်း သိနေကြပြီးဖြစ်၏။
သို့ဖြစ်လျှင် ဤလူက ဝံပုလွေနက်မိစ္ဆာမျိုးနွယ်စု၏ ခေါင်းဆောင်ကို အနိုင်ယူခဲ့သော လူသားအဓိပတိပေလော။
အားလုံး၏မျက်လုံးများက တင်းဟောက်ကိုစိုက်ကြည့်ကာ အံ့ဩနေကြသည်။
ဤအထပ်ရှိ အဓိပတိများကလည်း ၉၅ ထပ်ရှိ အဓိပတိများကဲ့သို့ပင် တုံ့ပြန်နေကြ၏။ သာမာန်တတိယ သို့မဟုတ် စတုတ္တအဆင့်သိုင်းသမားတစ်ဦးအသွင်သဏ္ဍာန်ရှိသော ဤဗလတောင့်တောင့်လူသည် ဝံပုလွေနက်မိစ္ဆာမျိုးနွယ်၏ ခေါင်းဆောင်ကို အနိုင်ယူခဲ့ကြောင်း ယုံကြည်ရန်ခက်နေကြသည်။
ထို့ကြောင့် သူတော်စင်အင်မော်တယ်တစ်ဦးသဖွယ် ဝတ်ရုံဖြူကိုဝတ်ဆင်ထားသည့် ဦးလေးထျန်းရှု ပေါ်လာသောအခါ သူတို့အားလုံးက ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိသွားပုံပေါ်လာသည်။
***