တစ်ယောက်က ဦးလေးထျန်းရှုကို မှတ်မိသွားသည်။
“ဒါက ဆရာကြီးထျန်းရှုဇီပဲ”
ဤနေရာတွင် အဓိပတိပေါင်းရာချီရှိနေကြ၏။ တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ဦးလေးထျန်းရှု၏ နာမည်တုကို ထုတ်ဖော်ပြောကြားလိုက်သည်။
လူအုပ်သည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး လူတိုင်းက ကျယ်လောင်စွာ စတင်ပြောဆိုလာကြ၏။
လူပေါင်းများစွာတို့က ထျန်းရှုဇီ၏အမည်ကို ယခင်ကကြားဖူးကြသည်။ သူ၏နောက်ခံက လျှို့ဝှက်ဆန်းကြယ်ပြီး အံ့အားသင့်ဖွယ်စွမ်းဆောင်မှုအနည်းငယ်ကို ပြုလုပ်ခဲ့ကာ သူ့ခွန်အားအစစ်သည် ပြိုင်ဘက်ကင်းအရှင်သခင်တစ်ဦး၏ခွန်အားသို့ ရောက်ရှိနေခြင်းဟုတ်မဟုတ်ကို မည်သူမျှမသိပေ။
ဦးလေးထျန်းရှုက သူသိသမျှလူတိုင်းကို အရှက်မဲ့စွာ ခေါင်းဆတ်ပြလိုက်သည်။
မိစ္ဆာမျိုးနွယ်မှ တစ်ရာနီးပါးသော အဓိပတိတို့၏မျက်နှာများမှာ ဖြူရော်သွား၏။ အင်အားစုတစ်ခု၏ ခွန်အားတောင့်တင်းလာခြင်းက အခြားတစ်ခုအတွက် ဆုတ်ယုတ်ခြင်းဖြစ်သည်။ ထျန်းရှုူဇီကသာ သူတို့အခိုင်အမာပြောသည့် ပြိုင်ဘက်ကင်းအရှင်သခင်ဖြစ်နေလျှင် မိစ္ဆာမျိုးနွယ်အတွက် မုန်တိုင်းဆိုက်ရောက်လာပေလိမ့်မည်။
လူတိုင်းက မကြာမီ တင်းဟောက်ကို လျစ်လျူရှုသွားကြသည်။
“ဟမ့် အရိုင်းအစိုင်းဝံပုလွေလေးတစ်ကောင်က ငါ့လမ်းကိုပိတ်ဖို့ကြိုးစားနေလို့.. ငါသူ့ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်” ဦးလေးထျန်းရှုက အရှက်မရှိ လူအုပ်ကိုဖြတ်ကာ ကြောင်လိမ်လှေကားထံ ဦးတည်လိုက်၏။ ကျားဖြူမ၏ကျောပေါ်တွင်စီးနင်းကာ သူက မိစ္ဆာမျိုးနွယ်၏ ဂိတ်စောင့်နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
ဤအထပ်ရှိ မိစ္ဆာမျိုးနွယ်ဂိတ်စောင့်နှစ်ဦး၏ ခွန်အားသည် ဝံပုလွေနက်မိစ္ဆာဧကရာဇ်ထက် များစွာသာလွန်၏။ သူတို့က ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ်မှ ဧကရာဇ်အဆင့်အဓိပတိများ ဖြစ်ကြသည်။
သူတို့နှစ်ယောက်လုံးက လူသားအသွင်ယူထားကြပြီး သူတို့ခန္ဓာကိုယ်များသည် တလိပ်လိပ်ထနေသော အချက်ပြမီးခိုးလုံးကဲ့သို့ ဝင်းလက်နေ၏။ သူတို့၏ချီနှင့် သွေးများက အမှန်တကယ်ဒြပ်ထုရှိနေသကဲ့သို့ ရဲရဲတောက်နေသည်။ သူတို့၏ မိစ္ဆာပုံစံအစစ်ကို မပြထားသော်လည်း သူတို့၏ ကြောက်မက်ဖွယ်ရောင်ဝါများက လူတစ်ယောက်ကို အသက်ရှူကြပ်စေနိုင်၏။ သူတို့က သံသယဖြစ်စရာမလိုအောင်ပင် ဧကရာဇ်အဆင့်အဓိပတိတစ်ဦး၏ စွမ်းအားကို ထုတ်ဖော်ပြသထားကြသည်။
သူတို့ခြေရင်းတွင် လူသားအဓိပတိတို့၏ ရုပ်အလောင်းပေါင်း အမြောက်အမြားရှိ၏။ ပတ်ပတ်လည်တွင် ဤခြင်္သေ့မျိုးနွယ် ဧကရာဇ်အဆင့် အဓိပတိနှစ်ဦးကြောင့် ဒဏ်ရာရထားသော လူသားအဓိပတိပေါင်းများစွာလည်း ရှိသည်။
ထို့သို့ဆိုလျှင်တောင် ဦးလေးထျန်းရှုက သူတို့ကို စိုက်ကြည့်လာသောအခါ ထိုဧကရာဇ်အဆင့် အဓိပတိနှစ်ယောက်တို့မှာ ကြောက်လန့်မှုတို့လွှမ်းမိုးသွားပြီး သူနှင့်အကြည့်ချင်းမဆုံရဲကြပေ။ ရှေးဟောင်းတောင်ကြီးတစ်လုံးက သူတို့အပေါ်ဖိကျလာသကဲ့သို့ပင်။ သူတို့က ခုခံတားဆီးရဲလျှင် ရုပ်ပျက်ဆင်းပျက်အလောင်းများအဖြစ် ချေမှုန်းခံရပေလိမ့်မည်။
“ဘာလို့လဲ။ မင်းတို့နှစ်ယောက်က ငါ့လမ်းကို ပိတ်မှာလား” ဦးလေးထျန်းရှုက ပိုင်စိုးပိုင်နင်းအမူအရာဖြင့် မေးလိုက်၏။
မိစ္ဆာမျိုးနွယ်မှဂိတ်စောင့်များမှာ ကြောက်လန့်သွားကြသည်။ ပြောရလျှင် သူတို့သည် ဝံပုလွေနက်မိစ္ဆာအကြီးအကဲ၏ ပြိုင်ဘက်ပင် မဟုတ်ချေ။ ထျန်းရှုက သူတို့ကို ချက်ချင်းသတ်ပစ်လိုက်မည်ကို စိုးရွံ့ကာ အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြသည်။
ဦးလေးထျန်းရှုက တဟားဟားအော်ရယ်လိုက်၏။ ထိုရယ်သံက မိစ္ဆာမျိုးနွယ်အဓိပတိများအားလုံးကို ခေါင်းများငုံ့သွားစေသည်။ မိစ္ဆာမျိုးနွယ်သည် အင်အားကြီးပြီး အကြောက်တရားကင်းသော်လည်း ဤသို့မကျော်လွှားနိုင်သော လူပုဂ္ဂိုလ်တစ်ဦးကိုစိန်ခေါ်ရန် သတ္တိမရှိကြပေ။
ထျန်းရှုက သူ၏ရတနာများအကြောင်းကို ဆက်လက်တွေးတောမိသွားသောကြောင့် ကြောင်လိမ်လှေကားမှတစ်ဆင့် ၉၇ ထပ်သို့ တက်သွားသည်။ တင်းဟောက်၊ လမိစ္ဆာနှင့် အခြားသူတို့သည် သူ့နောက်မှ လိုက်လာခဲ့ကြ၏။
မိစ္ဆာမျိုးနွယ်၏ဂိတ်စောင့်နှစ်ယောက်ကို ဖြတ်ကျော်လာသောအခါ တင်းဟောက်က သူတို့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ လူသတ်လိုစိတ်တစ်ခု ဖြတ်ပြေးသွား၏။ သူ၏ဝမ်ချင်းဆေဘာကိုသုံးကာ ဤမိစ္ဆာဧကရာဇ်အဓိပတိနှစ်ယောက်ကို သတ်လိုက်လျှင် နောက်ထပ်နှစ်တစ်ဝက် အပတ်တကုတ်ကျင့်ကြံခြင်းနှင့်ယှဉ်နိုင်သော ပို၍ပင်သန့်စင်သော မူလစွမ်းအားတစ်ခုကို ရလာပေလိမ့်မည်။
သို့သော် နောက်ဆုံးတွင် သူက ဤလူသတ်လိုသောအတွေးကို ချိုးနှိမ်လိုက်သည်။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့၏ ပြိုင်ဘက်ကင်းအဓိပတိများက သဘောတူညီမှုတစ်ခုရထားပြီးဖြစ်သည့်အတွက် သူတို့၏ဆက်ဆံရေးက ယခုအခါ အတော်လေး ငြိမ်းချမ်းနေပြီဖြစ်၏။ အနည်းဆုံး ယခုလောလောဆယ် မဆင်မခြင်သွေးချောင်းစီးသတ်ပွဲများ မရှိချေ။ မိစ္ဆာမျိုးနွယ်စုက အရေအတွက်အရ အားသာချက်ချက်ရှိပြီး လူသားများနှင့်မတူဘဲ ဤမျှော်စင်၏ဖိနှိပ်ထားသော ပတ်ဝန်းကျင်တွင် သူတို့၏စွမ်းအားများကိုလည်း အပြည့်အဝ ထုတ်သုံးနိုင်သေးသည်။ ထိုသို့ဖြစ်ခဲ့လျှင် လူသားမျိုးနွယ်၏ အဓိပတိများ အပြတ်အသတ်ရှုံးနိမ့်ပေလိမ့်မည်။
ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ်စုမှ ဤဂိတ်စောင့်များသည် တင်းဟောက်အတွက် လမ်းဖယ်ပေးပြီးဖြစ်သောကြောင့် သူတို့ကိုသတ်ဖြတ်ရန် အကြောင်းပြချက်မရှိပေ။ သူတို့ကို အကြောင်းမရှိဘဲသတ်လျှင် သူတို့၏အတိုက်အခိုက်ရပ်စဲရေးက ပျက်ပြယ်သွားပြီး အခြားလူသားအဓိပတိများထံ ဘေးဒုက္ခယူဆောင်လာပေးပေလိမ့်မည်။
ဤသို့တွေးမိသောအခါ တင်းဟောက်က အကြည့်ရုပ်သိမ်းကာ သူတို့ကို တည်ငြိမ်စွာ ဖြတ်ကျော်သွားသည်။
ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ်စုမှ မိစ္ဆာဧကရာဇ်နှစ်ဦးသည် သူတို့ကိုဖြတ်ကျော်သွားသော ဤဗလတောင့်တောင့်လူထံမှ ထွက်ပေါ်လာသည့် လူသတ်လိုစိတ်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။ သူတို့စိတ်ထဲမှ ဒေါသများအလိပ်လိုက်ထွက်လာသည်။
သူတို့က ထျန်းရှုူဇီကဲ့သို့လူတစ်ယောက်ကို ဆန့်ကျင်ရန် မတတ်နိုင်ပေ။
သို့သော် လက်ပါးစေသာသာလူတစ်ယောက်က အမှန်တကယ်ပင် သူတို့ကိုသတ်ရန် ကြံစည်နေသည်လော။
သူက သူတို့ကို မိစ္ဆာဧကရာဇ်အဆင့်ရှိပြယုဂ်သာသာမျှသာဟု အမှန်တကယ် ထင်နေသည်လော။ သို့သော် သူတို့က ကျားဖြူမကိုစီးသွားသော ထျန်းရှုဇီ၏နောက်ကျောကိုမြင်သောအခါ အံကြိတ်ကာ သူတို့၏တိုက်ခိုက်လိုစိတ်ကို မျိုသိပ်ထားလိုက်သည်။
တင်းဟောက်နှင့်အခြားသူများက နောက်ဆုံးတွင် ကြောင်လိမ်လှေကားမှတက်သွားကြ၏။ ထိုလူနှစ်ယောက် ၉၇ ထပ်သို့ တက်ရောက်ပျောက်ကွယ်သွားသောအခါမှ မိစ္ဆာမျိုးနွယ်မှ အဓိပတိတစ်ရာနီးပါးတို့သည် သူတို့ရင်ထဲမှ အလုံးကြီးပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ကြောက်ရွံ့တုန်လှုပ်မှုများ နောက်ဆုံးတွင် လွင့်ပါးသွား၏။
မကြာမီ
အလျင်စလိုတက်လာသော ခြေသံတစ်ပြုံကြီးကို ကြားလိုက်ရပြီး လူသားအဓိပတိပေါင်းများစွာတို့က ၉၅ထပ်မှ တက်လာကြသည်။
“အာ.. အဲ့ဒီအနက်ရောင်သံချပ်ကာဝတ်ထားတဲ့ ဗလတောင့်တောင့်လူက ထွက်သွားတော့တာလား” လှေကားမှတက်လာရုံရှိသေးသည့် လူသားမျိုးနွယ်အဓိပတိတစ်ဦးက စိတ်မကောင်းစွာ ပြောလိုက်၏။ “ဒီမှာ အခုလေးတင် တိုက်ပွဲဖြစ်သွားတာလား”
“မိစ္ဆာမျိုးနွယ်က ဂိတ်စောင့်တွေက လမ်းဖယ်ပေးဖို့ ဆုံးဖြတ်လိုက်တာ” တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“ဟားဟား အဲ့ဒီဗလတောင့်တောင့်လူက တကယ့်ကို ပြိုင်ဘက်ကင်းအရှင်သခင်တစ်ယောက်ပဲ။ ဒီအထပ်က မိစ္ဆာမျိုးနွယ်ရဲ့ဂိတ်စောင့်တွေတောင် သူ့ကို မတိုက်ခိုက်ရဲဘူး”
“အနက်ရောင်သံချပ်ဝတ်ထားတဲ့ ဗလတောင့်တောင့်လူ ဟုတ်လား။ အရှင်သခင်အစစ်က သူတော်စင်နဲ့တူတဲ့ ထျန်းရှုဇီမဟုတ်ဘူးလား”
“ထျန်းရှုဇီ ဟုတ်လား။ သူက ၉၅ ထပ်မှာမတိုက်ခိုက်ခဲ့ပါဘူး။ ဝံပုလွေနက်မိစ္ဆာဧကရာဇ်ကို အနိုင်ယူခဲ့တာက အနက်ရောင်သံချပ်ဝတ်ထားတဲ့လူပဲ”
“ဘာ… ဒီတော့ ဝံပုလွေနက်မိစ္ဆာမျိုးနွယ်စုရဲ့ အကြီးအကဲကို အနိုင်ယူခဲ့တဲ့သူကလည်း…”
“အဲ့ဒီအနက်ရောင်သံချပ်နဲ့ ဗလတောင့်တောင့်လူပဲလေ။ အဲ့ဒီမဆင်မခြင်လုပ်တာလို့ထင်ရတဲ့လူက ပြိုင်ဘက်ကင်းအဓိပတိတစ်ယောက်ဖြစ်နေမယ်လို့ ငါတို့တကယ်ထင်မထားဘူး။ စာအုပ်တစ်အုပ်ကို အဖုံးပဲကြည့်ပြီးဆုံးဖြတ်လို့မရသလိုပဲ ပင်လယ်ရေရဲ့ပမာဏကိုလည်း…”
ဤအပြန်အလှန်ပြောဆိုမှုက ၉၆ ထပ်မှအဓိပတိများကို ကြက်သေသေသွားစေသည်။
ထိုသို့ဆိုလျှင် ဝံပုလွေနက်မိစ္ဆာများ၏ အကြီးအကဲကို အမှန်တကယ်အနိုင်ယူခဲ့သူက သူတော်စင်သဖွယ် ထျန်းရှုဇီမဟုတ်ဘဲ ထိုအဆင်အခြင်မဲ့သည့် အနက်ရောင်သံချပ်ဝတ်သိုင်းသမားဖြစ်နေသည်လော။
မိစ္ဆာမျိုးနွယ်ဂိတ်စောင့်နှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး စိတ်သက်သာရာရမှုနှင့် ကြောက်ရွံ့မှုကို တစ်ယောက်မျက်လုံးထဲမှတစ်ယောက် မြင်လိုက်ရသည်။ ကံကောင်းစွာဖြင့် ထျန်းရှုဇီ၏ကျေးဇူးကြောင့် သူတို့က ထိုအနက်ရောင်သံချပ်ဝတ်လူကို ရင်မဆိုင်ခဲ့ကြပေ။ သူတို့ကသာ သူ့ကို ရန်လိုသည့်အမူအရာတစ်ခုခု ပြခဲ့မိလျှင် သူ့အားဒေါသထွက်အောင်လုပ်သည့်အတွက် ဝံပုလွေနက်မိစ္ဆာဧကရာဇ်ကဲ့သို့ သူတို့နှစ်ယောက်လည်း လုံးလုံးလျားလျား ချေမှုန်းခံလိုက်ရပေမည်။
ဤသို့တွေးမိသောအခါ ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ်စုမှ မိစ္ဆာဧကရာဇ်နှစ်ဦးမှာ ထိုအခိုက်အတန့်တွင် မနေနိုင်တော့ဘဲ သူတို့၏သွေးဆာမှုကို ချုပ်ထိန်းလိုက်ရသည်။ သူတို့က နောက်တစ်ခါစိန်ခေါ်သူများကို ရက်စက်မှုတို့လျှော့၍ တိုက်ခိုက်လျှင် အညှာအတာမဲ့စွာ သတ်ဖြတ်ခြင်းခံရတော့မည်မဟုတ်ပေ။ ထိုအနက်ရောင်သံချပ်ဝတ်ဗလတောင့်တောင့်လူကဲ့သို့ နောက်ထပ်ရုပ်ဖျက်ထားသော အဓိပတိတစ်ဦးနှင့် ဆုံရလျှင် သူတို့ပြဿနာအကြီးအကျယ်တက်ပေလိမ့်မည်။
ထို့ကြောင့် နောက်ထပ်လူသားမျိုးနွယ်အဓိပတိပေါင်းများစွာတို့သည် စစ်ဆေးမှုကိုအောင်မြင်ကာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရသွားကြ၏။ အစပိုင်းတွင်အံ့ဩနေကြသော်လည်း လူသားအဓိပတိအချို့သည် မကြာမီ အဖြစ်အပျက်ကိုနားလည်သွားကာ တင်းဟောက်နှင့် ထျန်းရှုဇီတို့ကို ကြိတ်၍ကျေးဇူးတင်သွားကြသည်။
ဗုဒ္ဓစေတီတော်မျှော်စင်၏ ၉၇ ထပ်မြောက်သည် ပြီးခဲ့သော အထပ်ပေါင်း ၉၆ထပ်နှင့် လုံးဝခြားနားနေသောကြောင့် တင်းဟောက်အံ့ဩသွားရ၏။ ၎င်းက ကြီးမားသော ဗလာအခန်းတစ်ခု မဟုတ်တော့ချေ။
ဤအထပ်တွင် ကြောင်လိမ်လှေကားမှ မြောက်၊ တောင်၊ အရှေ့နှင့်အနောက်သို့ ဦးတည်နေသော ဝင်္ကပါကဲ့သို့ စင်္ကြံလမ်းလေးခုရှိနေသည်။ ထိုစင်္ကြံလမ်းများအတွင်းရှိ သုံးမီတာတိုင်းတွင် ကျောက်တံခါးတစ်ချပ်ရှိ၏။
“ဒီအထပ်မှာ လျှို့ဝှက်အခန်းပေါင်း ၅၀၀ ရှိတယ်။ ကျင့်ကြံဖို့၊ မင်းတို့ရဲ့ဒဏ်ရာတွေကိုကုသဖို့နဲ့ ခွန်အားပြန်ဖြည့်ဖို့ ကြိုက်ရာအခန်းရွေးနိုင်တယ်။ ဘာလို့လဲဆိုတော့ နောက်တက်ရမယ့် အထပ်နှစ်ထပ်က အကြီးအကျယ် ခက်ခဲပင်ပန်းတော့မှာမလို့။ ဒါက မင်းတို့အနားယူဖို့ အခွင့်အရေးပဲ”
လေထဲမှ အသံတစ်သံထွက်ပေါ်လာသည်။
တင်းဟောက်နှင့် ထျန်းရှုက အကြည့်ချင်းဖလှယ်လိုက်ကာ ချက်ချင်းသဘောပေါက်သွား၏။ ထိုသို့ဆိုလျှင် ကျောက်တံခါးတစ်ချပ်စီက အားပြန်ဖြည့်ရန်နှင့် အနားယူရန်အတွက်သုံးသော လျှို့ဝှက်ခန်းတစ်ခန်းထံ ဦးတည်နေခြင်းဖြစ်သည်။
စင်္ကြံလမ်းများ၏ ဗိသုကာလက်ရာနှင့် ကျောက်တံခါးများ၏သက်တမ်းတို့ကို အကဲဖြတ်ကြည့်ရလျှင် သူတို့က ဗုဒ္ဓစေတီတော်မျှော်စင်နှင့် တစ်ချိန်တည်းတည်ဆောက်ခဲ့ခြင်းဖြစ်နိုင်၏။ ထိုအခန်းများကို ယခုအခါ မျိုးနွယ်စုနှစ်ခု၏ ပြိုင်ဘက်ကင်းအဓိပတိများအတွက် ယာယီနေရာခွဲဝေပေးထားသည်။
သူတို့သည် စင်္ကြံလမ်းတစ်ခုစီကို တစ်ကြိမ်စီ လျှောက်ကြည့်လိုက်ကြ၏။ တင်းဟောက်က တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ကျောက်တံခါးတစ်ချပ်၏အပြင်ဘက်တွင် မီးထွန်းထားသော အစိမ်းရောင်မီးအိမ်တစ်လုံးရှိလျှင် ထိုအခန်းက ပိုင်ရှင်ရှိသည့်အဓိပ္ပာယ်ဖြစ်၏။
“ငါတို့အနားယူဖို့မလိုဘူး။ တစ်လမ်းလျှောက်လုံးကို ဆက်တိုက်သွားလိုက်ကြစို့။ မဟုတ်ရင် တစ်ယောက်ယောက်က ငါ့ရတနာတွေအကုန်လုံးကို လုယူသွားလိမ့်မယ်…” ဦးလေးထျန်းရှုူက သူ့ရတနာများအတွက်ကိုသာ စိတ်ပူနေသည်။
တင်းဟောက်က တစ်ခဏမျှစဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်၏။ သူက အရှေ့ဘက်စင်္ကြံလမ်း၏ အစွန်ရှိ လျှို့ဝှက်ခန်းတစ်ခန်းကိုရွေးကာ ဝင်သွားလိုက်ပြီး ကျောက်တံခါးကိုပိတ်၍ စတင်ကျင့်ကြံလိုက်သည်။
“ဟေး ကောင်လေး.. ငါတို့မှာ ဖြုန်းစရာအချိန်မရှိဘူးလေ။ မင်းက နားချင်နေသေးတယ်” ဦးလေးထျန်းရှုက အလွန်ဒေါသဖြစ်သွားကာ အံကြိတ်လိုက်၏။
“ဒီမျှော်စင်က ကောလဟာလတွေပြောသလို တကယ်ပဲ ရတနာတွေနဲ့ပြည့်နေတာလား။ ကျွန်တော်တို့ အခုထိ သေချာမသိသေးဘူးလေ။ ရတနာတွေရှိနေရင်တောင် သူတို့အတွက်ပြိုင်ဆိုင်ဖို့ ခွန်အားရှိဖို့လိုတယ်။ မဆင်မခြင်ပြေးတက်သွားရင် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ ထူးမခြားနားပဲ” တင်းဟောက်၏အသံက ကျောက်တံခါးနောက်မှ ထွက်ပေါ်လာသည်။ “နတ်ဘုရားရတနာသုံးခုကို ရအောင်ယူဖို့က လွယ်မှာမဟုတ်ဘူး။ မျိုးနွယ်စုနှစ်ခုရဲ့ ပြိုင်ဘက်ကင်းအရှင်သခင်တွေက သဘောတူညီချက်ပြုထားတယ်ဆိုတော့ ကျွန်တော်တို့ စောင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ”
ကျောက်တံခါးနောက်ရှိ တင်းဟောက်ထံမှ မည်သည့်တုံ့ပြန်မှုမှ ထပ်ထွက်မလာတော့ချေ။
ဦးလေးထျန်းရှုက အံတင်းတင်းကြိတ်ကာ စင်္ကြံလမ်းတွင် အတန်ကြာအောင် တွေးတောနေ၏။ နောက်ဆုံးတွင် သူကပြောလိုက်သည်။ “ကောင်လေး ငါမင်းကို မစောင့်နိုင်တော့ဘူး။ ငါအရင်တက်နှင့်တော့မယ်။ မြန်မြန်လုပ်… ကြောင်လေး မင်းက ဒီမှာစောင့်နေချင်လား ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့ချင်လား”
အမှန်တကယ်တော့ လမိစ္ဆာ ကြောင်ဖက်တီးကလည်း စောင့်နေခြင်းဖြင့် အချိန်မဖြုန်းချင်ပေ။ နောက်ဆုံးတွင် ဦးလေးထျန်းရှုက လမိစ္ဆာ၊ ခွေးနက်လေး၊ ကျားဖြူမနှင့် သားပေါက်နှစ်ကောင်ကိုခေါ်ကာ ၉၈ ထပ်မြောက်ကိုတက်သော အလယ်ရှိကြောင်လိမ်လှေကားထံ သွားလိုက်သည်။
လျှို့ဝှက်ခန်းသည် အလွန်ကျဉ်းမြောင်းလှ၏။ ၎င်းက လူသုံးလေးယောက်သာဆံ့သော စတုရန်းပုံအခန်းတစ်ခန်းဖြစ်ပြီး လုံးဝဗလာကျင်းနေကာ မည်သည့်လက်နက် သို့မဟုတ် ပန်းကန်ခွက်ယောက်မှ မရှိပေ။ လေးဘက်လေးတန်ရှိ အဝါဖျော့ဖျော့နံရံများတွင် ကျောက်တုံးများ၏သဘာဝအမြှောင်းများ ရှိနေသည်။ ထိလိုက်လျှင် အနည်းငယ်ကြမ်းရှပြီး သူတို့သည် မိုးရေဖြင့် ဆေးကြောထားသကဲ့သို့ စင်းကြောင်းများမရှိဘဲ ဗြောင်အတိုင်းဖြစ်၏။
ဤနေရာရှိအရာအားလုံးက ရိုးရှင်းလှသည်။
အတန်ကြာမျှ စူးစမ်းလေ့လာပြီးနောက် တင်းဟောက်က သိုလှောင်လက်စွပ်ထဲမှ ကျူဖျာစုတ်ကိုထုတ်ကာ ကြမ်းပြင်ပေါ်ချလိုက်ပြီး ထိုင်ချလိုက်၏။
ဤကျူဖျာက ကောင်းကင်ဘုံဆေဘာအဆုံးမဲ့ဓါးမျှော်စင်၏ ဆေဘာမျှော်စင်မှ ရလာခြင်းဖြစ်သည်။ ဓါးမျှော်စင်မှကျူဖျာကဲ့သို့ ၎င်းက ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း ၎င်းက ပြိုင်ဘက်ကင်း မှော်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်၏။ ၎င်းတွင် ကြယ်ကဲ့သို့ဆေဘာရည်ရွယ်ချက်များ၏ မယုံကြည်နိုင်ဖွယ်နယ်ပယ်တစ်ခု ပါဝင်ပြီး သူ့ကို ၎င်းတို့၏အဓိပ္ပာယ်အားနားလည်စေရန် ကူညီပေးနိုင်သည်။
တင်းဟောက်သည် ဆေဘာရည်ရွယ်ချကျူဖျာပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ဓါးရည်ရွယ်ချက်များ၏ ကြယ်ရောင်စုံကမ္ဘာသို့ ချက်ချင်းမဝင်ခဲ့ချေ။ ထိုအစား သူက ဝမ်ချင်းဆေဘာကိုထုတ်ကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သည်။
၉၅ ထပ်မြောက်ရှိတိုက်ပွဲတွင် တင်းဟောက်သည် ဝမ်ချင်းဆေဘာ၏ ထူးခြားဆန်းကြယ်သောပြောင်းလဲမှုကြောင့် ကမ်းကုန်အောင် တုန်လှုပ်ခဲ့ရ၏။ အနောက်သို့သွားရာရှေးဟောင်းလမ်း၌ သူ ဝမ်ချင်းဆေဘာကို စတင်ရခဲ့သည့်အချိန်က ကောင်းကင်နှင့်မြေကြီးတွင် ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်ကို သူမှတ်မိသေးသည်။ ရိုင်းစိုင်းကြမ်းကြုတ်ပြီး သွေးဆာနေသည့်ရောင်ဝါတစ်ခုက နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ထိုသေရေးရှင်ရေးအချိန်၌ သံချေးတက်ဓါးကသာ ဆေဘာကို တန်ပြန်မခုခံခဲ့လျှင် တင်းဟောက် ၎င်းကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ချေ။
***