သူ ဝမ်ချင်းဆေဘာကို ရရှိပြီးကတည်းက တင်းဟောက်သည် ၎င်း၏စွမ်းအားကို အကြိမ်ရေအနည်းငယ်မျှသာ ထုတ်သုံးခဲ့၏။ သို့သော် ဤတစ်ကြိမ်တွင် သူ၏ငရဲရေခဲချီက ဖိနှိပ်ခံထားရပြီး သံချေးတက်ဓါးက ၎င်း၏စွမ်းအားကို မထုတ်နိုင်သောကြောင့် သူက ဝမ်ချင်းဆေဘာကို အစားသုံးလိုက်ရသည်။ ထို့နောက် ဤထူးဆန်းသော အဖြစ်အပျက်ကို ကြုံလိုက်ရ၏။ ဆေဘာက သူ့ဘာသာသူ အားအင်ပြန်ပြည့်လာပြီး မိစ္ဆာနက်ဝံပုလွေ၏ခန္ဓာကိုယ်မှ အဆီအနှစ်နှင့် သွေးတို့ကို ဝါးမျိုခဲ့ကာ သူတို့ကို တင်းဟောက်ထံ လွှဲပြောင်းပေးခဲ့သည်။ တင်းဟောက်သည် အားရကျေနပ်စွာ အံ့ဩသွားခဲ့ပြီး မတွေးမိဘဲ မနေနိုင်ချေ။
ဝမ်ချင်းဆေဘာ၏ ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်လှသည်။
ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့က ၎င်းသည် ရှေးဟောင်းနတ်ဆိုးတစ်ကောင်၏ လက်နက်တစ်ခုဖြစ်နိုင်သည်ဟု ထင်ကြေးပေးဖူး၏။ ၎င်းက သူတော်စင်စစ်တလင်း၏ ရှေးဦးကမ္ဘာတွင် စွန့်ပစ်ခံထားရပြီး သံချေးတက်ဓါးနှင့် ယှဉ်နိုင်သည်။ နှစ်ခုလုံးသည် တားမြစ်အဆင့်လက်နက်များ ဖြစ်ကြ၏။
ယခုတိုင်အောင် တင်းဟောက်က ၎င်း၏စွမ်းအားကို အပြည့်အဝနားမလည်သေးပေ။ ထို့ကြောင့် သူအနည်းငယ် စိတ်လှုပ်ရှားနေသည်။
သူ ဝမ်ချင်းဆေဘာကိုသုံးသည့်အကြိမ်ရေအား ကန့်သတ်သင့်သည်လော။ ဝမ်ချင်းဆေဘာသည် သူ့ကို အပြစ်ကျူးလွန်ရန်တွန်းအားပေးနေသည့် ဖမ်းစားနိုင်သော နတ်ဆိုးတစ်ကောင်ကဲ့သို့ သူ့ရင်ထဲမှ သတ်ဖြတ်လိုစိတ်အား လှုံ့ဆော်နိုင်ကြောင်း တင်းဟောက်နားလည်သည့်အတွက် ၎င်းကို တတ်နိုင်သမျှမသုံးမိရန် သူကြိုးစားရပေလိမ့်မည်။ ၎င်းကို အကြိမ်ပေါင်းများစွာ သုံးမိလျှင် ဝမ်ချင်းဆေဘာက သူ့ကိုထိန်းချုပ်ခြင်းဖြင့် အဆုံးသတ်သွားမည်ဖြစ်၏။ သူက ဆေဘာအတွက် လူသတ်ပေးသော စိတ္တဇလူသတ်ကောင်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
“မင်းက အဲ့ဒီအတွက် စိတ်ပူစရာမလိုပါဘူး” သူ့စိတ်ထဲမှ ဆေဘာဆရာမကြီး၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
တင်းဟောက်၏မျက်လုံးများ အရောင်တောက်သွားကာ အလျင်အမြန်မေးလိုက်၏။ “ဆေဘာအင်မော်တယ်ဆရာမကြီး ကျွန်တော့်ကို အကြံပေးပါဦး”
“ဝိုး ဟားဟားဟား ကောင်လေးတင်း မင်းတောင်အပြောကောင်းတဲ့သူ ဖြစ်လာပြီပဲ” ဆေဘာဆရာမကြီးသည် တင်းဟောက်က သူမကို ဆေဘာအင်မော်တယ်ဟုခေါ်လိုက်သည့်အတွက် သိသိသာသာပင် အလွန်ကျေနပ်သွား၏။ သူမက ရယ်မောကာ ပြောလိုက်သည်။ “ငါ့ဘဝမှာ နတ်ဘုရားဆေဘာတွေ ဘယ်လောက်တောင်တွေ့ခဲ့ဖူးတယ်ဆိုတာ ရေတောင်မရေနိုင်တော့ဘူး။ ငါ့အထင်ပြောရရင် ဒီဆေဘာအကျိုးက ဆိုးသွမ်းပြီး လူ့စိတ်ထဲက သတ်ဖြတ်လိုစိတ်နဲ့ မကောင်းတဲ့သဘာဝကို နှိုးဆွနိုင်ပေမယ့် နတ်ဆိုးဆေဘာတစ်လက်မဟုတ်ဘူးဆိုတာတော့ ငါယုံတယ်။ အဓိပတိတွေရဲ့ အဆီအနှစ်၊ သွေးနဲ့ အသားတွေကို ဝါးမျိုနိုင်စွမ်းရှိတာနဲ့ သူက နတ်ဆိုးလို့ ပြောလို့မရဘူး။ သူက အညစ်အကြေးတွေကို ဖယ်ရှားပြီး မိစ္ဆာစွမ်းအားကို သန့်စင်နိုင်တယ်၊ ပြီးတော့ မင်းဆီလွှဲပြောင်းပေးဖို့ အဲ့ဒါကို အသန့်စင်ဆုံးမူလစွမ်းအင်အဖြစ် ပြောင်းလဲပေးတယ်။ ဒါက အမြင့်မြတ်ဆုံးလက်နက်တွေသာ ထုတ်ပေးနိုင်တဲ့ ဒဏ္ဍာရီလာမှော်စွမ်းအင်တစ်ခုပဲ”
တင်းဟောက် အပျော်လွန်သွားသည်။ “ဒါဆို ဒီဆေဘာက နတ်ဆိုးလက်နက်တစ်ခုမဟုတ်ဘူးဆို နတ်ဘုရားလက်နက်တစ်ခုလား”
ဆေဘာဆရာမကြီးက ပြန်ပြောလိုက်၏။ “အင်း… အခုလောလောဆယ်တော့ အဲ့ဒါကို ငါလည်းသေချာမပြောနိုင်သေးဘူး။ ဒါပေမယ့် မင်း ဒီဆေဘာကို စိတ်ချလက်ချသုံးလို့ရတယ် ဆိုတာတော့ သေချာတယ်။ သူက မင်းစိတ်ထဲက သတ်ဖြတ်လိုစိတ်ကိုနှိုးဆွရင်တောင် အဲ့ဒါကိုဖိနှိပ်ဖို့ မကျော်လွှားနိုင်တဲ့တိုက်ခိုက်ခြင်းနည်းလမ်းရဲ့ စိတ်အနှစ်သာရကို သုံးလို့ရသေးတာပဲ။ ပြောရရင် မကျော်လွှားနိုင်တဲ့တိုက်ခိုက်ခြင်းနည်းလမ်းဆိုတာ အံ့ဖွယ်ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်ပြီး စိတ်အနှစ်သာရက မင်းရဲ့နတ်ဘုရားအသိစိတ်တွေနဲ့ အတွင်းစိတ်ကို လေ့ကျင့်ပေးဖို့ အထင်ကရနည်းလမ်းတစ်ခုပဲ။ အဲ့ဒါကြောင့် မင်းရဲ့အတွင်းစိတ်ထဲက မိစ္ဆာတွေကိုဖိနှိပ်ဖို့ သိပ်မခက်ဘူးဆိုတာ မင်းသိလာလိမ့်မယ်”
ဆေဘာဆရာမကြီး၏စကားများက တင်းဟောက်၏စိုးရိမ်မှုများကို အတော်လေး ဖြေဖျောက်ပေးလိုက်သည်။ သူ့အောက်ပိုင်းဒျန်ထျန်းထဲရှိ ငရဲရေခဲချီက ဖိနှိပ်ခံထားရသောကြောင့် ယခုလောလောဆယ်တွင် သံချေးတက်ဓါးက ပင်ကိုအားဖြင့် သုံးမရသေးပေ။ ထို့ကြောင့် တင်းဟောက်က ဝမ်ချင်းဆေဘာ၏စွမ်းအားကို ထုတ်လွှတ်ရန် ပို၍ပင်မဖြစ်မနေလိုအပ်သည်။
သူက ထိပ်တန်းအဆင့် သိုင်းဧကရာဇ် သို့မဟုတ် သူတော်စင်တစ်ဦးနှင့်တွေ့ရလျှင် သူ၏ခွန်အားတစ်ခုတည်းနှင့် အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။ ဝမ်ချင်းဆေဘာကသာ သူ၏နောက်ဆုံးဝှက်ဖဲ ဖြစ်ပေလိမ့်မည်။ ဝမ်ချင်းဆေဘာကို အပြည့်အဝအသက်သွင်းနိုင်စွမ်းက တင်းဟောက်အား ဤစွန့်စားခန်း၏နောက်ဆုံးအဆင့်ထိ ရောက်အောင်လုပ်ပေးနိုင်မည်ဖြစ်သည်။
သူက ဆေဘာဆရာမကြီးနှင့် ဝမ်ချင်းဆေဘာအကြောင်း အတန်ကြာအောင် ထပ်ဆွေးနွေးလိုက်၏။ ထို့နောက်မှသာ ၎င်းကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။
ဆေဘာရည်ရွယ်ချက်ကျူဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း တင်းဟောက်က သူ့ကိုယ်သူ ဆေဘာရည်ရွယ်ချက်များ၏ ကြယ်ရောင်စုံကမ္ဘာထဲသို့ နှစ်မြှုပ်လိုက်၏။ သူက ဤနည်းလမ်းဖြင့် အကြိမ်ပေါင်းများစွာ လေ့ကျင့်ဖူးသည်။
တင်းဟောက်သည် ဓါးရည်ရွယ်ချက်လေးမျိုးဖြစ်သည့် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းဓါးရည်ရွယ်ချက်တို့ကို နားလည်သဘောပေါက်ပြီးဖြစ်၏။ ထို့ပြင် သူက ၎င်းတို့ကို ပေါင်းစည်းကာ လိုက်ဖက်အောင်ပြင်ဆင်ပြီး ၎င်းတို့၏အကျိုးသက်ရောက်မှုကို အပြည့်အဝ ကျွမ်းကျင်နေပြီဖြစ်သည်။ တင်းဟောက်သည် သူ၏ဓါးသိုင်းကွက်များနှင့် ဓါးရည်ရွယ်ချက်များကို အမြဲအသုံးပြုနေသော်လည်း ဆေဘာရည်ရွက်ချက်များကိုမူ အသုံးပြုခဲ၏။ အမှန်တကယ်တော့ သူက ဓါးရည်ရွယ်ချက်ကဲ့သို့ ဆေဘာသိုင်းကွက်များနှင့် ဆေဘာရည်ရွယ်ချက်များကို ပြီးမြောက်သည်အထိ မကျွမ်းကျင်သေးသောကြောင့်ဖြစ်သည်။
ဆေလာရည်ရွယ်ချက်များနှင့် ဓါးရည်ရွယ်ချက်များသည် အံ့ဩစရာကောင်းလှပြီး သူတို့၏ နက်နဲသိမ်မွေ့မှုက မျိုးကွဲပေါင်းမြောက်မြားစွာရှိသည့် နိယာမစွမ်းအားများနှင့် ဆင်တူ၏။ သူတို့က ဝမ်ချင်းဆေဘာနှင့် သံချေးတက်ဓါးတို့၏ အထွတ်အထိပ်မှော်စွမ်းအင်များဖြစ်ကြသည်။ လူအများစုသည် သူတို့ဘဝတစ်သက်တာတွင် ၎င်းတို့၏နက်နဲသိမ်မွေ့မှုကို ရှူပင်ရှူရှိုက်နိုင်ကြမည်မဟုတ်ပေ။ တင်းဟောက်တွင် ဆေဘာရည်ရွယ်ချက်ကျူဖျာနှင့် ဓါးရည်ရွယ်ချက်ကျူဖျာနှစ်ချပ်လုံးရှိပြီး ဆေဘာနှင့်ဓါးတို့၏သူတော်စင်သဖွယ်ဖွဲ့စည်းပုံလည်းရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ကျင့်ကြံရန် သူ့အတွက် အလွန်လွယ်ကူ၏။
ယခုထိတိုင် တင်းဟောက်သည် ဆေဘာ၏လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဆေဘာရည်ရွယ်ချက်များကို တစ်ဖက်ကမ်းခပ် ထိန်းချုပ်နိုင်ပြီဟု မဆိုရဲသေးပေ။ သူက ဤနတ်ဘုရားလက်နက်နှစ်ခုကို ပိုနားလည်လာပြီး သူ့ကိုယ်သူ ၎င်းတို့ထဲတွင် ပိုနှစ်မြှုပ်လိုက်လေ သူတို့၏လေးနက်မှုနှင့် ကျယ်ပြန့်မှုကို ခံစားရလေဖြစ်သည်။ သူသည် အလုံးစုံမသိသော သမုဒ္ဒရာပြင်ကျယ်ကြီးထဲတွင် လှေငယ်တစ်စင်းကို တာဝန်ယူထိန်းကွပ်ပေးနေရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူ အနည်းငယ်နားမိလျှင်တောင် တလိပ်လိပ်ထနေသော လှိုင်းတံပိုးများအောက်တွင် လှေမှောက်ကာ နစ်မြုပ်သွားပေလိမ့်မည်။
ထို့ကြောင့် တင်းဟောက်က သူ၏ဆေဘာနှင့်ဓါးရည်ရွယ်ချက်များကျင့်ကြံမှုကို မလျှော့ချလိုက်ရဲပေ။ အထူးသဖြင့် သံချေးတက်ဓါးသို့မဟုတ် ဝမ်ချင်းဆေဘာကို သုံးလိုက်သည့်အချိန်တိုင်း တင်းဟောက်သည် ကျူဖျာများထံမှ ပို၍ပင်အကျိုးရလာမည်ဖြစ်၏။ သူ၏ကာယခွန်အားက အပြီးအပိုင် ကုန်ခန်းနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
တင်းဟောက်က ကျင့်ကြံရေးမှ မနိုးထလာမီ နှစ်နာရီလုံးလုံးအချိန်ယူလိုက်ရပြီး ဆေဘာရည်ရွယ်ချက် ကျူဖျာထံမှ အကျိုးများစွာရရှိခဲ့၏။ တင်းဟောက်က နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟူသည့် ဆေဘာရည်ရွယ်ချက်လေးမျိုးကို ပေါင်းစည်းကာ သူ့ကိုယ်ပိုင်ဆေဘာရည်ရွယ်ချက်ကို ဖန်တီးရန် ကြိုးစားခဲ့သည်။ သူက စူးစမ်းလေ့လာရေးအဆင့်၌သာ ရှိသေးပြီး အောင်မြင်မှုမှ အလွန်အလှမ်းကွာနေသေး၏။ သူ၏ခွန်အားက တိုးလာသောကြောင့် တင်းဟောက်က သူ၏ကျင့်ကြံမှုအား မည်သို့ရှေ့ဆက်သင့်သည်ကို ပိုပိုတွေးလာရသည်။
ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့က ဆေဘာနှင့်ဓါးတို့၏နတ်ဘုရားဧကရာဇ် ကျင့်ကြံရေးလမ်းစဉ်အကြောင်း တစ်ခါပြောဖူး၏။ သူတို့က အများကြီးမပြောခဲ့ပေ။ တင်းဟောက်က စိတ်ထဲတွင် ဝိုးတဝါးပန်းတိုင်တစ်ခုချမှတ်ပြီး ၎င်းကိုရရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။
သူသည် ဆေဘာနှင့်ဓါးကိုလေ့ကျင့်ပြီး ဆေဘာရည်ရွယ်ချက်နှင့် ဓါးရည်ရွယ်ချက်များကို နားလည်လာသော်လည်း ထိုလက်နက်များကို အတူတကွကိုင်ဆောင်ထားသည့်အချိန်တိုင်း ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတိုး ညွှန်ပြထားသည့်အတိုင်း သူတို့ကို မပေါင်းစည်းနိုင်သေးကြောင်း မကြာသေးမီက တင်းဟောက်နားလည်စပြုလာ၏။
ဆေဘာနှင့်ဓါးတို့ကို တစ်ချိန်တည်းကိုင်ဆောင်လိုက်တိုင်း သူ့သိုင်းကွက်များ၏စွမ်းအားက တိုးလာသော်လည်း ဤအချင်းအရာသည် သူက ဆေဘာနှင့်ဓါးတို့၏သူတော်စင်သဖွယ်ဖြစ်တည်မှု ဖြစ်သောကြောင့်သာဖြစ်သည်။ သူက ၎င်းတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ရုံမျှဖြစ်ပြီး ၎င်းက အမှန်တကယ်ပေါင်းစည်းခြင်းမဟုတ်ပေ။
‘ငါက ဆေဘာနဲ့ဓါးကို အမှန်တကယ်ပေါင်းစည်းနိုင်တဲ့ တိုက်ခိုက်ရေးနည်းလမ်းကို မကျွမ်းကျင်သေးလို့များလား။ ငါလေ့ကျင့်ခဲ့တဲ့ ကျင့်ကြံမှုနဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေက ဆေဘာအတွက်ဆို ဆေဘာ၊ ဓါးအတွက်ဆိုဓါး သီးခြားစီဖြစ်နေတယ်…’
တင်းဟောက်က အတွေးထဲတွင် နစ်မြုပ်နေ၏။ သူက စွန့်စားမှုပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီး ကောင်းကင်ဘုံဆေဘာအဆုံးမဲ့ဓါးမျှော်စင်၏ နည်းလမ်းများကို အာခီအန်ခေတ်မှ တိုက်ခိုက်ရေးစွမ်းရည်များအဖြစ် တိုးမြှင့်ခဲ့သော်လည်း ဆေဘာမျှော်စင်မှ ဆေဘာသိုင်းကွက်များနှင့် ဓါးမျှော်စင်မှဓါးသိုင်းကွက်များက သီးခြားစီဖြစ်နေခြင်းကို သူစိတ်မကောင်းဖြစ်နေဆဲပင်။ သူတို့ကြားတွင် ထပ်တူညီသည့်အရာ ဘာမှမရှိချေ။
ထို့ပြင် နံရံပေါ်တွင်ချန်ထားခဲ့သော စကားလုံးများအရ ဤကျင့်ကြံရေးနည်းလမ်းများကို ဖန်တီးခဲ့သော အရှင်သခင်နှစ်ဦးသည် ချစ်ကျွမ်းဝင်ခဲ့သော်လည်း သူတို့ဘဝတစ်လျှောက်လုံး တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြကြောင်း သူကောက်ချက်ချနိုင်၏။ ထို့ကြောင့် သူတို့၏ကျင့်ကြံရေးနည်းလမ်းများက ပေါင်းစည်းရန်ဖြစ်နိုင်ချေအနည်းဆုံးပင်။
သူက ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့ အကြံပြုထားသည့်အတိုင်း ဆေဘာနှင့်ဓါးတို့၏ နတ်ဘုရားဧကရာဇ်ကို အမှန်တကယ်အတုယူလိုလျှင် ဆေဘာနှင့်ဓါးနည်းလမ်းတို့ကို အပြည့်အဝပေါင်းစည်းကာ သူ့ကိုယ်ပိုင်ပြီးပြည့်စုံသည့် လမ်းကြောင်းတစ်ခုရှာရမည်ဖြစ်သည်။
ထိုသို့အဖြေရှာပြီးသောအခါ တင်းဟောက် ရုတ်တရက် စိတ်သက်သာရာရလာ၏။ သူက လောလောဆယ် ဤမေးခွန်းကို ဘေးဖယ်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ စတင်စူးစမ်းလေ့လာလိုက်၏။
တင်းဟောက်ခန္ဓာကိုယ်ထဲရှိ ဝမ်ချင်းဆေဘာကပေးအပ်ထားသည့် တောက်လောင်နေသောချီက ဤအခိုက်အတန့်တွင် အလွန်အမင်း စွမ်းအားကြီးလာသည်။ သူ၏အလယ်ဒျန်ထျန်းရှိ ကောင်းကင်ဘုံမီးချီက တလိပ်လိပ်ထိုးတက်နေသည်ကို သူခံစားနိုင်၏။ ၎င်းကို ဖိနှိပ်ရန် မတတ်နိုင်လုနီးပါးဖြစ်ကြောင်း သူဝိုးတဝါးခံစားရသောကြာင့် သူ၏ကျင့်ကြံမှုကိုသာ ဆက်လုပ်လိုက်ပြီး အလယ်ဒျန်ထျန်း၏ ထူးဆန်းသောသွေးကြောခြောက်ခုအတွင်းရှိ ပထမခါးပတ်မရီဒျန်၏ “ကျိပိုင်”အလင်းပေါက်ကို စတင်ဖွင့်လိုက်သည်။
ကျိပိုင်အလင်းပေါက်သည် ခါးပတ်မရီဒျန်၏ ဆယ်ခုမြောက်အလင်းပေါက်ဖြစ်ပြီး သိုင်းဘုရင်နယ်ပယ်ရှိ အရံလမ်းကြောင်းခြောက်သွယ်၏ ပထမဆုံးအလင်းပေါက်လည်းဖြစ်၏။ ၎င်းကိုဖွင့်လိုက်သည်နှင့် တင်းဟောက်က အလင်းတစ်ပေါက်သိုင်းဘုရင်နယ်ပယ်အဓိပတိတစ်ဦး ဖြစ်လာပေလိမ့်မည်။ ဤအချင်းအရာက သူသည် ပြီးခဲ့သောတစ်ဝက်သိုင်းဘုရင်နယ်ပယ်ထက် အဆပေါင်းများစွာ ပိုသန်မာသည့် သိုင်းဘုရင်အစစ်တစ်ဦးဖြစ်လာမည့် အဓိပ္ပာယ်ပင်။ သူသည် သိုင်းဘုရင်နယ်ပယ်အောက်မှလူများ မလေ့ကျင့်နိုင်သော တိုက်ခိုက်ရေးလမ်းစဉ်များနှင့် ကျင့်ကြံရေးနည်းလမ်းများကို စတင်လေ့ကျင့်နိုင်ပြီဖြစ်၏။
သူက ၉၅ထပ်မြောက်တွင် ရှေးဟောင်းစွမ်းအားကို ဝမ်ချင်းဆေဘာထံမှ အလုံအလောက်ရရှိခဲ့ပြီး သူ၏ပိဖန်းမီးတောက်ကလည်း ဤမိုးထိမျှော်စင်တွင် ဖိနှိပ်ထားခြင်းမခံရပေ။ ကျိပိုင်အလင်းပေါက်ကိုဖွင့်ရန် တင်းဟောက်အတွက် အလွန်လွယ်ကူသည်။
ဤချီနယ်ပယ်တွင် ဆေဘာနှင့်ဓါးတို့၏သူတော်စင်သဖွယ်ဖြစ်တည်မှုအတွက် ကြန့်ကြာစေသည့်အရာ သို့မဟုတ် ကောင်းကင်ဘုံမှချမှတ်သော ကပ်ဘေးမျိုးမရှိချေ။ ထို့ကြောင့် နာရီဝက်ခန့်ကြာပြီးနောက် စကြဝဠာထဲတွင် ထူးဆန်းပြီး အံ့အားသင့်ဖွယ်ကြယ်တစ်လုံး ထွန်းလင်းလာသကဲ့သို့ တင်းဟောက်၏ ပုခုံးချပ်ဝတ်ထဲမှ ကြက်သွေးရောင် ကြယ်အလင်းတို့ ထွက်ပေါ်လာသည်။
သူသည် အလင်းပေါက်ကို အောင်မြင်စွာဖွင့်နိုင်ခဲ့ပြီဖြစ်၏။ တင်းဟောက်မနေနိုင်တော့ဘဲ ပြုံးမိသွားသည်။ သူက အသေးစားအဆင့်တစ်ဆင့်ဖြတ်ကျော်ကာ နောက်နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့၏။ သူ၏နောက်ဆုံးအဆင့်တက်ပြီးသည်မှာ ဆယ်ရက်ပင်မရှိသေးပေ။ သူ၏ခွန်အားတိုးမှုက အမှန်တကယ်ပင် ကြောက်ခမန်းလိလိဖြစ်သည်။ တင်းဟောက်က စံချိန်တင်ကာလအတွင်း ၎င်းကိုရရှိခဲ့ခြင်းဖြစ်ပြီး အလွန်အမင်းကျေနပ်နေမိ၏။
သူ၏အလယ်မရီဒျန်ရှိ အရံလမ်းကြောင်းခြောက်သွယ်က အလင်းတစ်ပေါက် သိုင်းဘုရင်နယ်ပယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူက အဆင့်ထပ်တက်လိုလျှင် အောက်ပိုင်းဒန်ထျန်းရှိ မရီဒျန်လမ်းကြောင်း ဆယ့်နှစ်ခုကိုလည်း အလင်းတစ်ပေါက်သိုင်းဘုရင်နယ်ပယ်သို့ရောက်အောင် လုပ်ရမည်ဖြစ်ပြီး သို့မှသာ သူတို့က အပြန်အလှန် အထောက်အပံ့ပြုပေးပေလိမ့်မည်။
သို့သော် တင်းဟောက်၏အောက်ပိုင်းဒန်ထျန်းရှိ ငရဲရေခဲချီက ဗုဒ္ဓစေတီတော်မျှော်စင်၏ ဖိနှိပ်ခြင်းကိုခံထားရသောကြောင့် ပင်ကိုအားဖြင့် ထပ်မံအဆင့်တက်ရန် မဖြစ်နိုင်တော့ချေ။ ဤအချင်းအရာက နောက်ထပ်စွန့်စားခန်းတစ်ခုခုမကြုံရလျှင် တင်းဟောက်သည် ချီကျင့်ကြံမှုတွင် ဆက်လက်အဆင့်တက်နိုင်သေးမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်၏။
သူက ဤမိုးထိမျှော်စင်မှထွက်ခွာနိုင်သည့်အချိန်ကျမှသာ ထပ်မံအဆင့်တက်နိုင်မည်ဖြစ်သည်။
တင်းဟောက်က ထိုအရာကို အတင်းအကြပ်လုပ်မနေပေ။ သူ၏အားကောင်းသော ပိဖန်းချီကို အရံလမ်းကြောင်းခြောက်သွယ်တစ်ဝိုက်တွင် ၆၄ကြိမ် လည်ပတ်စေလိုက်ပြီး နယ်ပယ်ကို တောင့်တင်းခိုင်မာအောင်လုပ်ကာ ဖြည်းဖြည်းချင်း ရပ်နားလိုက်သည်။
သူ ယခု နောက်ထပ်အချင်းအရာတစ်ခုကို အမှတ်ရသွား၏။ နတ်ဘုရားအသိစိတ်က သိုလှောင်လက်စွပ်အတွင်းမှ ပေါ်ထွက်လာသောကြောင့် တင်းဟောက်စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားပြီး သူ့လက်ထဲတွင် ကြက်သွေးရောင်ပုတီးစေ့တစ်ခု ပေါ်လာသည်။
၎င်းက ထိပ်တန်းအဆင့် ကောင်းကင်မြေကြီးသွေးရိုးတစ်ခုဖြစ်ပြီး လွန်ခဲ့သောရက်အနည်းငယ်က ခေါင်းသုံးလုံးကောင်းကင်ဘုံခွေး၏ ပုံရိပ်ယောင်ဝိညာဉ်က သူမ၏သားငယ်ကို သူ့ထံအပ်နှံစဉ် ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းက ရှားပါးပြီး အလွန်အမင်း တန်ဖိုးကြီး၏။ တင်းဟောက်သည် ထိုအချိန်က ဦးလေးထျန်းရှု၏လောဆော်မှုကြောင့် ၎င်းကို သူ့ခန္ဓာကိုယ်ထဲသို့ မပေါင်းစည်းခဲ့ရပေ။
‘ဒီသွေးရိုးမှာ ဘယ်လိုပြီးပြည့်စုံတဲ့မှော်စွမ်းအားမျိုး ပါလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် ဒါက အာခီအန်ခေတ်က ဘုရင်အဆင့်သားရဲကြီးဖြစ်တဲ့ ခေါင်းသုံးလုံးကောင်းကင်ဘုံခွေးကြီးရဲ့ခန္ဓာကိုယ်က ထွက်လာတာဆိုတော့ သာမန်ထက်တော့ထူးခြားမှာပဲ။ သူကို ငါ့ခန္ဓာကိုယ်ထဲပေါင်းထည့်လိုက်ရင် ငါ့ခွန်အား သေချာပေါက်တိုးလာမှာပဲ’
တင်းဟောက်က အတန်ကြာအောင် တွေးတောလိုက်ပြီးနောက် ပါးစပ်ဟကာ ကောင်းကင်မြေကြီးသွေးရိုးကို မျိုချလိုက်သည်။
သူသည် ဦးလေးထျန်းရှု၏ဆွဲဆောင်မှုကြောင့် ဗုဒ္ဓရုပ်ပွားတော်မျှော်စင်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း လက်ဗလာဖြင့်မပြန်လိုပေ။ သူက နတ်ဘုရားလက်နက်များဖြစ်သော သဲနာရီ၊ ကောင်းကင်ဘုံဆမ်ဆာရာစက်ဝန်းနှင့် နတ်ဘုရားဖိနှိပ်ခြင်းချိပ်တံဆိပ်တို့အတွက် ဧကရာဇ်အဆင့်နှင့် သူတော်စင်အဆင့်ရှိ အဓိပတိများနှင့် ယှဉ်ပြိုင်လိုသေးသည်။တင်းဟောက်သည် သူ့ခွန်အားကိုတိုးတက်နိုင်သည့် အခွင့်အရေးတိုင်းကို အမိအရယူမည်ဖြစ်၏။
ကောင်းကင်မြေကြီးသွေးရိုးက သူ့ပါးစပ်ထဲရောက်သွားသည့်အခိုက်အတန့်၌ နွေးထွေးသော အပူစီးကြောင်းတစ်ခုအဖြစ် ပြောင်းသွားသည်။ ၎င်းက တင်းဟောက်မျှော်လင့်ထားသည့်အတိုင်းပင်။ တင်းဟောက်သည် မတိုင်မီက ကောင်းကင်မြေကြီးသွေးရိုးပေါင်းများစွာကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းခဲ့ဖူး၏။ သို့သော် ဤတစ်ကြိမ်က တင်းဟောက်မျှော်လင့်ထားသည်ထက် လုံးလုံးလျားလျား ကျော်လွန်နေလေသည်။
ယခင်က ကောင်းကင်မြေကြီးသွေးရိုးတစ်ခုကို မျိုချခဲ့လျှင် အပူစီးကြောင်းက သူ့အစာပြွန်အောက်ရှိ ရင်ဘတ်ထဲသို့ စီးဆင်းသွား၏။ ထို့နောက် ၎င်းက သူ့ချီစွမ်းအင်၏မောင်းနှင်မှုဖြင့် သူ၏ခြေလက်အင်္ဂါများနှင့် အရိုးများထဲတွင် လှည့်လည်စီးဆင်းပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။ တင်းဟောက်က ထို့နောက်တွင် အရိုးမှပါဝင်သော စွမ်းအားများအားလုံးကို ရရှိသွားပြီဖြစ်သည်။
***