သို့သော် ဤတစ်ကြိမ်တွင် ကောင်းကင်မြေကြီးသွေးရိုးကြောင့် ဖြစ်ပေါ်လာသော အပူစီးကြောင်းသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ကျဆင်းမသွားဘဲ တင်းဟောက်၏လျှာထံသို့ တက်ပြေးလာ၏။ ဤက အလွန့်အလွန်တက်ကြွပြီး ထိုးဖောက်ပြန့်ပွားနိုင်သော အပူစီးကြောင်းတစ်ခုအဖြစ် ပြောင်းသွားကာ သံမဏိအပ်တစ်ချောင်းကဲ့သို့ တင်းဟောက်၏အပေါ်မေးရိုးမှ သူ၏ဦးနှောက်ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။
“ဘာဖြစ်တာလဲ”
တင်းဟောက်က အံ့ဩသွားကာ သူ၏ပိဖန်းချီကို ချက်ချင်းအသက်သွင်းလိုက်၏။ သူက အသက်အောင့်ကာ အာရုံစုစည်းလျှက် ထိုအပူစီးကြောင်းကိုထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် သူ့စိတ်ထဲမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရ၏။ သူက ခပ်အုပ်အုပ် ညည်းတွားလိုက်သည်။
တက်ကြွသော လျှပ်စစ်စီးကြောင်းတစ်ခုကဲ့သို့ အပူသည် ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးကဲ့သို့ တင်းဟောက်စိတ်ထဲတွင် အနှံ့အပြားပြေးလွှားသောင်းကျန်းနေပြီး အရပ်မျက်နှာတိုင်းသို့ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားကာ သူ့ခေါင်းကို လွင့်ထွက်သွားလုမတတ် ဖြစ်သွားစေ၏။
တင်းဟောက်တွင် ထင်ယောင်ထင်မှားအာရုံတစ်ခု ပေါ်လာသည်။
ဤအခိုက်အတန့်တွင် သူ၏ဦးနှောက်အရည်များနှင့် သူ့ခေါင်းထဲရှိအရာအားလုံးသည် အပူစီးကြောင်းကြောင့် အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်ကာ အသားအနှစ်ပျော့တစ်ခုအဖြစ် ပြောင်းသွားသယောင် ထင်မှတ်ရ၏။ သူက ပါးစပ်ဖွင့်ကာ အော်ဟစ်ပစ်ချင်သွားသည်။ သို့သော် သူလုံးဝအသံမထွက်နိုင်ကြောင်း မကြာမီနားလည်သွား၏။ သူက ပါးစပ်ပင် ကျယ်ကျယ်မဖွင့်နိုင်ချေ။
ဤအခိုက်အတန့်တွင် သူအလွယ်တကူလုပ်နေကျအရာများစွာက အလွန်အမင်းခက်ခဲလာသည်။
သူတုန်လှုပ်နေစဉ် နောက်ထပ်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
အပူစီးကြောင်း ပထမဆုံးပေါက်ကွဲခဲ့သော သူ့ဦးနှောက်အလယ်ပိုင်းက မဖော်ပြနိုင်သော အပူတစ်ခု စတင်ထုတ်လွှတ်လာပြီး မီးလုံးတစ်လုံးက ထိုနေရာတွင် လောင်ကျွမ်းကာပျံ့နှံ့သွားသကဲ့သို့ တရွေ့ရွေ့ပိုပူလာသည်။ ဤကြောက်မက်ဖွယ်အပူစီးကြောင်းသည် တင်းဟောက်ကို မီးရှို့ပြာချလုမတတ် ဖြစ်လာ၏။
ဤသို့သေရေးရှင်ရေးအချိန်တွင် တင်းဟောက်က သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းကာ စိတ်အနှစ်သာရ၏ စိတ်နှင့်ကိုယ်တစ်သားတည်းနယ်ပယ်ကို အသက်သွင်းလိုက်သည်။ သူ၏နတ်ဘုရားအသိစိတ်များသည် အစစ်အမှန်ဒြပ်ထုတစ်ခုရှိနေသည့်ပုံပေါ်လာ၏။ သူက တုတ်တုတ်မှမလှုပ်ဘဲ သူ့ကိုယ်ထဲသို့ စူးစိုက်ကြည့်ကာ အရင်းအမြစ်ကိုခြေရာကောက်ပြီး သူ့စိတ်ထဲမှ အပူစီးကြောင်းကို ထုတ်ပစ်ရန်ကြိုးစားလိုက်သည်။
ဤအချိန်တွင် တင်းဟောက်၏နတ်ဘုရားအသိစိတ်များသည် ကီလိုဂရမ်ငါးထောင်အလေးချိန်ရှိသော ကျောက်တုံးကြီးကိုပင် ချက်ချင်း အစိတ်စိတ်အမြွာမြွာဖြစ်သွားစေနိုင်၏။ ၎င်းက သူ၏အတွင်းပိုင်းကို ဂရုတစိုက်လေ့လာကြည့်ရန် သူ့ခန္ဓာကိုယ်ထဲသို့လည်း အလွယ်တကူ ဝင်ရောက်နိုင်ပြီး ပြောင်းလဲမှုများအားလုံးကို ရှာဖွေတွေ့ရှိနိုင်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူက နတ်ဘုရားအသိစိတ်များကို သူ့ဦးနှောက်ထဲသို့ ပို့ဆောင်လိုက်သောအခါ မဖော်ပြနိုင်သောအင်အားတစ်ခု၏ ကြားဝင်နှောင့်ယှက်ခြင်းကို ခံလိုက်ရ၏။ သူ၏နတ်ဘုရားအသိစိတ်များက ပုံရိပ်များပြန်လည်ပေးပို့လာသောအခါ သူ့ဦးနှောက်ကို ဖုံးလွှမ်းထားသော တောက်ပသည့်ရွှေရောင်အကာအရံကိုသာ မြင်တွေ့ရသည်။ သူက နတ်ဘုရားအသိစိတ်များကို အသက်သွင်းရန် မည်မျှခက်ခက်ခဲခဲ ကြိုးစားစေကာမူ ဤအလင်းအကာအရံကိုဖြတ်ကာ သူ့ဦးနှောက်ထဲသို့မမြင်ရချေ။
သူ့ဦးနှောက်ထဲတွင် လောင်ကျွမ်းနေသော အာရုံခံစားမှုက ပိုပိုပြီးပြင်းထန်လာသည်။ ထိုအပူစီးကြောင်း၏ အပူချိန်က ပိဖန်းမီးတောက်ကို ချိုးနှိမ်ထားနိုင်ပြီဖြစ်ကြောင်း တင်းဟောက်ခံစားရသော်လည်း ထူးဆန်းစွာပင် သူ့ခေါင်းကို လောင်မြိုက်ပြာချလိုက်ခြင်းမရှိပေ။ မမြင်ရသောမီးတောက်တစ်ခုက သူ့အာရုံကြောများကို လောင်ကျွမ်းနေသကဲ့သို့ သူ့ဦးနှောက်ထဲမှ ထွက်ပေါ်လာသော ထင်ရှားပြတ်သားသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ရုတ်တရက် ထိုလောင်ကျွမ်းနေသည့်အာရုံ အပြင်းထန်ဆုံးဖြစ်နေသည့်နေရာ၌ အင်အားကြီးသော စွမ်းအင်စီးကြောင်းတစ်ခု ပြည့်လျှံထွက်လာ၏။ ၎င်းက မြေအောက်တွင် နှစ်သန်းပေါင်းများစွာ ကြာအောင်မြုပ်နေသော ချော်ရည်ပူများနှင့်အလားတူစွာ အပူအလုံအလောက်စုစည်းပြီး နောက်ဆုံးတွင် မီးတောင်တစ်လုံးကဲ့သို့ ကမ္ဘာ့မြေပြင်ကိုဖြတ်၍ပြည့်လျှံထွက်လာကာ ပေါက်ကွဲသွားမည်ဖြစ်သည်။
စွမ်းအင်သည် တင်းဟောက်၏နဖူးအလယ်ရှိ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာ၏။ သူ၏ဦးခေါင်းခွံမှာ ဤအင်အားဖြင့် တိုက်ရိုက်ဝင်ဆောင့်ခြင်းကိုခံလိုက်ရပြီး သွေးထွက်နေသော အခေါင်းပေါက်တစ်ခု ဖြစ်လာသည်။ ထို့နောက် ထိုသွေးအခေါင်းပေါက်ထဲမှ အမှန်တကယ်ထူးဆန်းသော တစ်စုံတစ်ခု ပြည့်လျှံထွက်သွား၏။
နောက်တစ်ခဏတွင် သူ့စိတ်ထဲမှ ထူးဆန်းသောအာရုံခံစားမှုများအားလုံး လွင့်ပါးသွားသည်။ သူ့ဝိညာဉ်ကိုလောင်မြိုက်နေသော ထိုစွမ်းအားသည် တစ်ခါမှမရှိဖူးသကဲ့သို့ ဤအချိန်တွင် ရုတ်တရက် ပျောက်ကွယ်သွား၏။ တင်းဟောက်က မည်သည့်နာကျင်မှု သို့မဟုတ် အပူကိုမှ မခံစားရတော့ချေ။ ပြင်းပြင်းထန်ထန်ပေါက်ကွဲသွားသည်ဟု ခံစားခဲ့ရသော သူ့ဦးနှောက်မှာ ချက်ချင်းကုသပြီးသွားသကဲ့သို့ ထင်မှတ်လာရ၏။
တင်းဟောက်က သူ့ခေါင်း၏လှုပ်ရှားမှုများကို ထပ်မံထိန်းချုပ်နိုင်သွားသည်။ သူက မျက်လုံးများဖွင့်ကာ အလိုအလျောက်ပင် လှည့်ပတ်ကြည့်လိုက်၏။ သူ့မျက်လုံးများက ထူးခြားဆန်းကြယ်စွာပင် ဗုဒ္ဓစေတီတော်မျှော်စင်၏ ထူထဲသောအနီဖျော့ဖျော့နံရံကို ထွင်းဖောက်မြင်နေရသည်။ သူသည် မျှော်စင်ပြင်ပရှိ မြင်ကွင်းကို မြင်နိုင်ပြီဖြစ်၏။
“ဒါ… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
တင်းဟောက်မှာ ကြောင်အမ်းသွားရသည်။ မဖြစ်နိုင်ဆုံးအရာက အမှန်တကယ်ပင် ဖြစ်လာပြီဖြစ်၏။
ဗုဒ္ဓစေတီတော်မျှော်စင်ကိုဝင်ရောက်လာပြီးနောက် တင်းဟောက်သည် ထိုနံရံများကိုဖြတ်ကာ ပြင်ပကမ္ဘာကိုကြည့်ရန် နည်းလမ်းမျိုးစုံကြိုးစားကြည့်ခဲ့သည်။ သို့သော် သူတစ်ခါမှ မအောင်မြင်ခဲ့ပေ။
၎င်းက မျှော်စင်တွင် ပြတင်းပေါက်များမရှိသောကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ ၎င်းသည် ပြင်ပကမ္ဘာမှ လုံးလုံးလျားလျားသီးခြားခွဲထွက်နေသော မျှော်စင်တစ်ခုဖြစ်၏။ ထို့ပြင် ဤမျှော်စင်ကို ထုဆစ်သွန်းလုပ်ထားသော အနီရောင်ကျောက်တုံးကြီးကလည်း လျှို့ဝှက်ဆန်းကြယ်သည်။ ပြင်ပတွင်ဖြစ်ပျက်နေသည်တို့ကိုကြည့်ရန် သူ၏နတ်ဘုရားအသိစိတ်များရော စွမ်းအင်လှိုင်းများကပါ ကျောက်တုံးနံရံကို မထိုးဖောက်နိုင်ခဲ့ပေ။
ဦးလေးထျန်းရှု၏ အယုတ်တမာအကြံအစည်ကို သူအမှတ်ရသွားသည်။ ထိုလူသည် အခြားသူများက ရတနာများအတွက် သူ့အားတိုက်ခိုက်လာမည်ကိုတားဆီးရန် ကြောင်လိမ်လှေကားကို ဖျက်ဆီးလိုခဲ့၏။ နောက်ဆုံးတွင် သူမည်မျှကြိုးစားစေကာမူ ထိုအမြင်အားဖြင့် သစ်သားဖြင့်ပြုလုပ်ထားသည်ဟု ထင်ရသောလက်ရန်းပေါ်တွင် ခြစ်ရာလေးတစ်ခုမျှပင် မလုပ်နိုင်ကြောင်း မကျေမချမ်းနိုင်စွာဖြင့် နားလည်ကာ အရှုံးပေးလိုက်ရသည်။
တင်းဟောက်လည်း ကြိုးစားကြည့်ခဲ့၏။ သို့သော် ဤမျှော်စင်ကိုတည်ဆောက်ရာတွင် သုံးထားသော ပစ္စည်းများက မယုံကြည်နိုင်လောက်အောင် မာကြောကြောင်း သူမကြာမီ သဘောပေါက်လာခဲ့သည်။ သူက ခွန်အားအကုန်ထည့်ထားသော လက်သီးချက်တစ်ချက်ပစ်သွင်းလိုက်သည်ကိုပင် ကျောက်နံရံပေါ်၌ အရာလေးတစ်ရာမျှ ချန်မထားနိုင်ခဲ့ပေ။ သံချေးတက်ဓါးနှင့် ဝမ်ချင်းဆေဘာတို့ကဲ့သို့ တားမြစ်လက်နက်တစ်ခုသာလျှင် ကျောက်နံရံကို ခုတ်ဖြတ်ကောင်းခုတ်ဖြတ်နိုင်ပေမည်။ တင်းဟောက်က ထိုအရာကို မကြိုးစားကြည့်ခဲ့ပေ။
မိစ္ဆာနက်ဝံပုလွေမျိုးနွယ်စု၏အကြီးအကဲကို ဗုဒ္ဓစေတီတော်မျှော်စင်ရှိ သားရဲကြီးများကြားတွင် ပြိုင်ဘက်ကင်းအရှင်သခင်တစ်ဦးအဖြစ် မှတ်ယူနိုင်သည်။ သူက သူ့မျိုးဆက်များကိုကယ်တင်ရန် စိတ်အားထက်သန်နေသော်လည်း သဘာဝကြောင်လိမ်လှေကားကိုဖြတ်၍သာ သူ့စွမ်းအားကို ပေးပို့နိုင်၏။ သူ၏မိစ္ဆာနက်ရောင်ဝါက မျှော်စင်၏မူလစင်္ကြံလမ်းကိုဖြတ်၍ တင်းဟောက်ကိုတိုက်ခိုက်ခဲ့ပြီး နံရံများကိုမူ မထိုးဖောက်နိုင်ခဲ့ပေ။
ဤမိုးထိမျှော်စင်က စွမ်းအားမှန်သမျှကို အကုန်ဖြတ်တောက်ထားသည်။ သို့သော် ဤအခိုက်အတန့်တွင် တင်းဟောက်သည် မျှော်စင်ပြင်ပရှိမြင်ကွင်းကို အမှန်တကယ် မြင်နေရ၏။
“ငါ… ငါဘယ်လိုဖြစ်လို့ ဒီလိုလုပ်နိုင်သွားတာလဲ”
တင်းဟောက်က မျက်တောင်ဆက်တိုက်ခတ်လိုက်ပြီး လက်မြှောက်ကာ မျက်လုံးများကိုပင် ပွတ်သပ်လိုက်သေးသည်။ သူက မျက်လုံးများပြန်ဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့မှအရာအားလုံးက စူးရှသောအမြင်အာရုံအောက်တွင် ရှိနေဆဲဖြစ်၏။ သူက ထိုမာကျောပြီး လျှို့ဝှက်ဆန်းကြယ်သော အနီရောင်ကျောက်နံရံကိုဖြတ်ကာ ဗုဒ္ဓစေတီတော်မျှော်စင်ပြင်ပရှိ မြင်ကွင်းကိုမြင်နိုင်သည်။
ပြီးလျှင် ဤမြင်ကွင်းက မယုံကြည်နိုင်လောက်အောင် အလွန်ကြည်လင်ပြတ်သားနေ၏။
တင်းဟောက်သည် မျှော်စင်ပြင်ပမှ ကီလိုမီတာပေါင်းရာချီအဝေးထိ တစ်ဆက်တည်းတည်ရှိနေသော ခမ်းနားကြီးကျယ်သည့်အဆောက်အဦးပင်လယ်ကြီးကို မြင်နေရသည်။ ခံ့ညားထည်ဝါသော ရှေးဟောင်းအဆောက်အဦးများသည် ဆက်စပ်နေကြပြီး လှိုင်းထနေသော ရွှေပင်လယ်တစ်ခုကဲ့သို့ တအိအိလှုပ်နေ၏။
မျှော်စင်၏ ၉၇ထပ်မှငုံ့ကြည့်လျှင် အဆောက်အဦးများက ဖြန့်ထားသောလက်ချောင်းများနှင့်တူပြီး လမ်းများက ဆံချည်မျှင်လေးများနှင့် တူနေသည်။ သို့သော် သူတို့ကအလွန်ဝေးကွာနေသော်လည်း တင်းဟောက်သည် ဤအဆောက်အဦးများ၏ အမှုန်အမွှား အသေးစိတ်များကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
သူက ဤအဆောက်အဦးပင်လယ်ကြီးထဲတွင် လျင်မြန်စွာလမ်းလျှောက်နေသော သက်ရှိသတ္တဝါအချို့ ကိုပင် မြင်နိုင်သည်။
သိသာထင်ရှားစွာပင် သူတို့သည်လည်း မျှော်စင်ထဲသို့ဝင်ရောက်ကာ ဝေစုရလိုသော စွန့်စားသူများဖြစ်ကြ၏။ အချို့က လူသားမျိုးနွယ်မှဖြစ်ကာ အခြားသူများက မိစ္ဆာမျိုးနွယ်မှဖြစ်ပြီး အလျင်အမြန်ခရီးဆက်လာကြ၏။ အရိုးမြှုပ်တောအုပ်အနက်ထဲသို့ ဝင်ရောက်လာနိုင်ခဲ့ကြသည့်အတွက် သူတို့၏ခွန်အားက အတော်လေးအင်အားကြီးပေမည်။
မြင့်မြတ်သောခန်းမအပျက်အစီးများ ပြန်လည်ပေါ်ပေါက်လာမှုက သိုင်းလောကကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
သူတို့၏ ပထဝီဝင်အနေအထားဆိုင်ရာ ထိစပ်မှုကြောင့် အလယ်ပိုင်းနတ်ဘုရားကုန်းမြေနှင့် တောင်ပိုင်းတောရိုင်းနယ်မြေမှ အဓိပတိများက ဤသတင်းကို ပထမဆုံးကြားသူများဖြစ်ကြ၏။ သူတို့က ပျားအုပ်ကဲ့သို့ ဤနေရာသို့ အပြေးအလွှားရောက်ရှိလာကြသည်။ အနောက်ပိုင်းကန္တာရ၊ အရှေ့ပိုင်းနယ်စပ်နှင့် မြောက်ပိုင်းနယ်မြေမှ အဓိကအင်အားစုများအားလုံးသည်လည်း မကြာမီ သတင်းကြားကာ ဤအပျက်အစီးများထံ ကီလိုမီတာပေါင်းသန်းချီကာ ဖြတ်ကျော်ရောက်ရှိလာနိုင်သည်။
ထို့နောက်တွင် အရိုးမြှုပ်တောအုပ်ထဲတွင် အဓိပတိများနှင့် အင်အားစုများ ပိုပိုများလာပေလိမ့်မည်။ ပြီးလျှင် သူတို့က ခမ်းနားထည်ဝါသောအဆောက်အဦးပင်လယ်ကြီးနှင့် ဗုဒ္ဓစေတီတော်မျှော်စင်ကို ရှာတွေ့သွားကာ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲတစ်ခု စတင်ပေလိမ့်မည်။
အမှန်တကယ်တော့ ထိုအရာများက တင်းဟောက်စိတ်ပူသည့်အရာမဟုတ်ချေ။ သူ့ကိုတုန်လှုပ်စေသည့်အရာမှာ သူက ဗုဒ္ဓစေတီတော်မျှော်စင်၏ ကျောက်နံရံများကိုဖြတ်ကာ အပြင်တွင် ဖြစ်ပျက်နေသည်များကို အမှန်တကယ်မြင်နေရခြင်းဖြစ်သည်။
ထူးဆန်းလှသည့် ပြောင်းလဲမှုပင်။
“ငါ အခုလေးတင်မျိုချလိုက်တဲ့ ကောင်းကင်မြေကြီးသွေးရိုးနဲ့များ ဆက်စပ်နေတာလား”
ဤထွင်းဖောက်အမြင်အာရုံက ကောင်းကင်မြေကြီးသွေးရိုး၏ ပုံမှန်မဟုတ်သော ဒုတိယအစွမ်းပေလော။
ဤသို့တွေးလိုက်မိသောအခါ တင်းဟောက်၏အတွေးများက တဖြည်းဖြည်း ကြည်လင်လာသည်။
‘ဖြစ်နိုင်တယ်’
ထိုအမြင်အာရုံက ဗုဒ္ဓစေတီတော်မျှော်စင်၏ ကျောက်နံရံများကို ထွင်းဖောက်မြင်နိုင်သည်မှာ အမှန်တကယ် မယုံကြည်နိုင်ဖွယ်ရာကောင်းလှ၏။ အမှန်တကယ်ပင် ခေါင်းသုံးလုံးကောင်းကင်ဘုံခွေးကြီးကဲ့သို့ ဘုရင်အဆင့်အာခီအန်ခေတ်သားရဲတစ်ကောင်၏ ကောင်းကင်မြေကြီးသွေးရိုးဟု ခေါ်ထိုက်ပေသည်။
တင်းဟောက်က တည်ငြိမ်အောင်ပြန်ထိန်းရင်း မော့ကြည့်လိုက်သောအခါ မျှော်စင်အပြင်ဘက်တွင် ထူးဆန်းသောတစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။
မှိုင်းညို့ညို့တိမ်တိုက်တစ်ခုကဲ့သို့ မီးခိုရောင်မြူခိုးထုတစ်ခုက ခမ်းနားကြီးကျယ်သော အဆောက်အဦးပင်လယ်၏ အဝေးအစွန်ဖျားတွင် မြင့်တက်လာသည်။ ၎င်းက လေဆင်နှာမောင်းတစ်ခုကဲသို့ မျှော်စင်ကိုရစ်ပတ်လိုက်၏။ တင်းဟောက်က အလိုအလျောက်ပင် မျက်လုံးများကို အာရုံစုစည်းကာ သေသေချာချာ လေ့လာကြည့်ရှုလိုက်သည်။ သူသည် ဟန်မဆောင်နိုင်လောက်အောင် ကြက်သေသေသွားရ၏။
ထိုမီးခိုးရောင်မြူခိုးထုက အမှန်တကယ်ပင် ဖုန်မှုန့်နှင့်ကျောက်တုံးအကျိုးအပဲ့ အစုအဝေးတစ်ခု ဖြစ်သည်။
ထိုသဲများနှင့်ကျောက်တုံးများသည် အဆက်မပြတ်ပြိုကျနေသော အဆောက်အဦးများထံမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ခမ်းနားထည်ဝါသောအဆောက်အဦးပင်လယ်ကြီး၏ အစွန်ဆုံးအပိုင်းတွင် ငလျင်တစ်ခု လှုပ်ခတ်သွားသည့်ပုံပင်။ ခန်းမဆောင်များနှင့် နတ်ဘုရားရုပ်တုများက ဆက်တိုက်တုန်ခါနေကြပြီး မြေကြီးက အက်ကွဲပွင့်ထွက်နေသည်။ မြေကြီးထဲရှိ များပြားလှသော အက်ကွဲကြောင်းများနှင့် တွင်းများထဲမှ ကြက်သွေးရောင်ချော်ရည်များ ပန်းထွက်လာသည်ကို ဝိုးတဝါးမြင်နေရ၏။
လမ်းများပေါ်တွင် ဝမ်းနည်းစွာ အော်မြည်နေကြသော သတ္တဝါများရှိသည်။ သူတို့သည် မကြာမီ မြေကြီးထဲမှ ပွင့်ထွက်လာသော အက်ကွဲကြောင်းကြီးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ ၎င်းက ကမ္ဘာပျက်သည့်နေ့တွင် အပြီးအပိုင်အမြစ်ဖြတ်ချေမှုန်းခြင်းနှင့် တူနေသည်။
ကောင်းကင်သည် အနက်ရောင်မြူခိုးတို့ဖြင့် ဖုံးလွှမ်းသွားပြီး ဧရာမကောင်းကင်မျက်လုံးဂိတ်တံခါးက ပြန်ပွင့်လာ၏။ ဤတစ်ကြိမ်တွင် ထိုထဲမှ ဧရာမအနက်ရောင်ကွင်းဆက်များ ထွက်ကျလာရမည့်အစား နတ်ဆိုးကဲ့သို့သော ပုံရိပ်များဖြစ်နေသည်။
နှစ်တစ်သောင်းသက်တမ်းရှိသည့် သေမင်းဝိဉာဉ်များဖြစ်ကြ၏။
သေမင်းဝိဉာဉ်များက ဖက်ထုတ်လုံးများကဲ့သို့ အစုလိုက်အပြုံလိုက်ကျလာကြသည်။ သူတို့သည် အရေအတွက်သန်းပေါင်းများစွာရှိပြီး ရေတွက်၍ပင်မနိုင်ချေ။
သူတို့က မြေကြီးပေါ်သက်ဆင်းလာပြီး အက်ကွဲကြောင်းများ၊ ပြိုကျနေသော ခန်းမဆောင်များနှင့် နတ်ဘုရားရုပ်ထုများကို ဖြတ်ကျော်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် အဆက်မပြတ် ပျက်စီးသွားလိုက် ပြန်လည်စုစည်းသွားလိုက်ဖြစ်နေကြ၏။ အနက်ရောင်တပ်ဖွဲ့တစ်ခုကဲ့သို့ သူတို့ကို ရပ်တန့်၍မရနိုင်ချေ။ သူတို့ဖြတ်ကျော်သွားသည့် အခိုက်အတန့်တွင် အရာအားလုံးက ပျက်စီးသွားသည်။
အချိန်မီလွတ်မြောက်အောင် ထွက်မပြေးနိုင်ကြသော သားရဲသတ္တဝါအနည်းငယ်မှာ ထိုအစုအဝေးထံ ဝင်ရောက်သွားကာ အော်ဟစ်ရင်း သေဆုံးသွားကြ၏။
ထိုသို့ကြောက်မက်ဖွယ်မြင်ကွင်းက ခမ်းနားထည်ဝါသော အဆောက်အဦးပင်လယ်၏ အစွန်ဆုံးအပိုင်းတွင် ပေါ်ပေါက်နေသည်။ ပြင်းထန်သောကပ်ဆိုးတစ်ခု ပျံ့နှံ့သွားသကဲ့သို့ သူတို့က ဗုဒ္ဓစေတီတော်မျှော်စင်ကို ဝန်းရံလိုက်ကြ၏။ အလွန်နှေးကွေးစွာ ရွေ့လျားနေသော်လည်း သူတို့ကို ရပ်တန့်၍မရနိုင်ပေ။
“ဒီအပျက်အစီးတွေက ဖျက်ဆီးခံရတော့မှာလား”
တင်းဟောက် တုန်လှုပ်သွား၏။ နောက်တစ်ခဏတွင် ထူးဆန်းသောပုံရိပ်တစ်ခုက ဖုန်မှုန့်နှင့် မီးခိုးငွေ့များကြားမှ ရုတ်တရက်ထွက်ပေါ်လာကာ အက်ကွဲနေသော မြေကြီးပေါ်တွင် တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူဖြတ်သွားရာတိုင်းရှိ အရာအားလုံးမှာ ချော်ရည်များဖြင့် ဝါးမျိုခံလိုက်ရ၏။ သောင်းချီသောသေမင်းဝိဉာဉ်တို့က သူတို့၏ဘုရင်ကို အရိုအသေပေးနေကြသော ဝန်ကြီးများကဲ့သို့ သူ့ပတ်ပတ်လည်တွင် စုဝေးလာကြပြီး ဩဘာပေးကာ ဟစ်ကြွေးနေကြသည်။
‘အဲ့ဒါကဘယ်သူလဲ။ သူက သေခြင်းတရားနဲ့ ပျက်စီးခြင်းကို ဒီလောက်လွယ်လွယ်ကူကူ သယ်လာနိုင်တာလား’
***