ထိန်းချုပ်မရနိုင်လုနီးပါးဖြစ်သော သတ်ဖြတ်ချင်စိတ်က တင်းဟောက်ရင်ထဲတွင် ထပ်မံမြင့်တက်လာပြန်သည်။ သူက ပြေးထွက်ကာ ထိုပုံရိပ်ကို အပိုင်းပိုင်းဖြတ်ပစ်ချင်စိတ်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ကီလိုမီတာရာပေါင်းများစွာအဝေးမှ ပုံရိပ်က တစ်စုံတစ်ခုကို အာရုံခံမိသွားပုံ ပေါ်သည်။ သူကခေါင်းမော့ကာ ဗုဒ္ဓစေတီတော်မျှော်စင်ရှိရာထံ လှမ်းကြည့်လိုက်၏။ ထိုမျက်လုံးအစုံထဲတွင် မျက်ဆံရော သူငယ်အိမ်များပါ မရှိပေ။ သူတို့သည် နတ်ဆိုး၏မျက်လုံးများကဲ့သို့ ထူးခြားဆန်းကြယ်ပြီး သူတို့၏မျက်လုံးအိမ်များက ဖြည်းဖြည်းချင်းပေါ်ပေါက်နေသော အနည်းငယ်ကတော့ထိုးနေသည့် အနက်ရောင်တွင်းတစ်စုံကဲ့သို့ နက်မှောင်ပြီး ဗလာကျင်းနေ၏။ သူတို့က လူများ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး အရာအားလုံးကို စုပ်ယူဖျက်ဆီးနိုင်စွမ်းလည်းရှိသည်။
တင်းဟောက်သည် ဤသို့သောမျက်လုံးများကို ယခင်က မမြင်ဖူးခဲ့ပေ။
သူတို့၏အကြည့်များဆုံးသွားသော အခိုက်အတန့်တွင် တင်းဟောက်သည် သူ့မျက်လုံးများထဲတွင် ပြင်းထန်ပြီးမဖော်ပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရ၏။ နောက်တစ်ခဏတွင် သူ့နဖူးမှ စူးရှသော ဝေဒနာကို ခံစားလိုက်ရသည်။ မကြုံစဖူးစိတ်အားငယ်မှုက သူ့ကို လွှမ်းခြုံသွားပြီးနောက် သူ့ရှေ့မှအရာအားလုံးသည် တီဗီဖန်သားပြင်မှပုံရိပ်တစ်ခုကဲ့သို့ ပျက်ပြယ်သွား၏။
သူ၏အမြင်အာရုံကိုပြန်ရသောအခါ အနီဖျော့ဖျော့နံရံဟောင်းတစ်ခုက သူ့ရှေ့တွင် ပေါ်နေသည်။ ဤအရာသည် လျှို့ဝှက်ခန်း၏နံရံဖြစ်၏။
သူ့မျက်ခုံးများကြားမှ နာကျင်မှုက တင်းဟောက်ကို အံကြိတ်မိသွားစေသည်။ သူမည်မျှ ပြင်းပြင်းထန်ထန် ကြုးစားစေကာမူ အပြင်တွင်ဖြစ်ပျက်နေသည်ကိုကြည့်ရန် သူ့ရှေ့မှနံရံကို ထွင်းဖောက်မမြင်ရတော့ပေ။ သူမြင်လိုက်ရသော ထွင်းဖောက်အမြင်သည် ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုကဲ့သို့ပင် ဖြစ်သွား၏။
“ဘာတွေဖြစ်နေတာလဲ။ ငါဘာလို့ ထွင်းဖောက်အမြင်ကို ရုတ်တရက်ကြီး သုံးလုံးမရတော့တာလဲ”
တင်းဟောက်သည် အလွန်အမင်း ခေါင်းခြောက်သွား၏။ သူက လက်ဆန့်ထုတ်ကာ နဖူးထက်ရှိ နာကျင်မှုထွက်ပေါ်လာရာ နေရာကိုထိလိုက်သည်။ ထိုနေရာသည် မည်သည့်ဒဏ်ရာမှမရှိဘဲ ချောမွတ်နေ၏။
မကြုံစဖူးပင်ပန်းနွမ်းနယ်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူက မကျော်လွှားနိုင်သော တိုက်ခိုက်မှုနည်းလမ်း၏ စိတ်အနှစ်သာရကို လေ့ကျင့်ပြီးကတည်းက တင်းဟောက်၏ ထိုးထွင်းသိမြင်နိုင်စွမ်းသည် သိုင်းဧကရာဇ်နယ်ပယ်ရှိ သာမန်အဓိပတိများထက် ပိုစူးရှပြီး ပိုများပြားလာ၏။ တင်းဟောက်သည် တစ်ခါမှ ဤမျှလောက် စိတ်ပင်ပန်းခြင်း မဖြစ်ခဲ့ဖူးချေ။
သူက စိတ်ထဲမှ ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့ကို ဆင့်ခေါ်ရန်ကြိုးစားကြည့်လိုက်သော်လည်း တုံ့ပြန်မှုမရှိပေ။ သူတို့နှစ်ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်ပုံပင်။
“ဘာတွေဖြစ်နေတာလဲ။ ဒါက အခုလေးတင် ငါ့ဦးနှောက်ထဲက လောင်မြိုက်နေတဲ့အပူနဲ့ ပေါက်ကွဲသွားတဲ့ခံစားမှုကြောင့်များလား။ လူထူးဆန်းကြီးနှစ်ယောက်ကို ထိခိုက်သွားတာများလား”
ဤသို့တွေးလိုက်မိသောအခါ တင်းဟောက် မနေနိုင်တော့ဘဲ အနည်းငယ်စိုးရိမ်သွားသည်။ သို့သော် ထိုလူအိုကြီးနှစ်ယောက်ကို ထပ်ခါတလဲလဲ ခေါ်ကြည့်သော်လည်း မည်သည့်တုံံ့ပြန်မှုမှမရှိချေ။ နောက်ဆုံးတွင် သူက စိတ်ကိုငြိမ်အောင်ထားပြီး သေသေချာချာ တွေးတောကြည့်လိုက်သည်။
ထူးဆန်းသောပြောင်းလဲမှုများအားလုံးသည် ထိုပေါင်းစည်းလိုက်သော ခေါင်းသုံးလုံးကောင်းကင်ဘုံခွေး၏ ကောင်းကင်မြေကြီးသွေးရိုးနှင့် ဆက်စပ်နေ၏။ သို့သော် ယခု ဤစွမ်းအားရှိနေသည့်နေရာကို သူ၏နတ်ဘုရားအသိစိတ်များနှင့် ရှာဖွေထောက်လှမ်းခြင်း မပြုနိုင်ပေ။ မည်သည့်ဒုတိယစွမ်းအားကိုမှလည်း သူအာရုံခံမရချေ။ ကောင်းကင်မြေကြီးသွေရိုးသည် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည့်ပုံပင်။
သူ့နဖူးထက်မှ နာကျင်မှုသာလျှင် ကျန်ရစ်တော့သည်။ သူက နတ်ဘုရားအသိစိတ်များနှင့် သူ့ခေါင်းထဲသို့ ကြည့်လိုက်သောအခါ တင်းဟောက် အကြီးအကျယ်တုန်လှုပ်သွားသည်။ နတ်ဘုရားအသိစိတ်များသည် သူ့နဖူးထဲရှိ စူးရှသောနာကျင်မှုူထွက်ပေါ်လာရာနေရာမှ လက်မအရွယ်ခန့်ရှိသော ရွှေရောင် ရောင်ခြည်စက်ဝန်းတစ်ခုကို မြင်လိုက်ရ၏။ ၎င်းက လည်နေပြီး ရွှေရောင်မြူခိုးများ ထုတ်လွှတ်နေကာ အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်လှသည်။
“ဒါကဘာလဲ”
တင်းဟောက်က ၎င်းကိုစူးစမ်းလေ့လာရန် နတ်ဘုရားအသိစိတ်များနှင့် သူ့စိတ်ထဲသို့ဝင်ရန် ကြိုးစားလိုက်သည်။ သို့သော် မကြာမီ သူ၏နတ်ဘုရားအသိစိတ်များမှာ ရွှေရောင်အလင်းလုံးနှင့် နီးသွားသည်နှင့်ချက်ချင်း ဝါးမျိုခံလိုက်ရသည်ကို တွေ့လိုက်ရ၏။ သူတို့က ပင်လယ်ထဲသို့ကျသွားသော ရွှံ့ရုပ်နွားကဲ့သို့ ခြေရာပင်မကျန်ဘဲ ချက်ချင်းပျောက်ကွယ်သွားသည်။
“ငါ့ရဲ့ထွင်းဖောက်အမြင်နဲ့ အပြင်ကမ္ဘာကိုလေ့လာတုန်းက စိတ်တွေပင်ပန်းနွမ်းနယ်သွားတယ်။ ဒီရွှေရောင်အလင်းလုံးကြောင့်များလား”
တင်းဟောက်က ဤအကြောင်းကို အချိန်အတန်ကြာအောင် တွေးတောလိုက်ပြီး သူမှန်ကြောင်း ပိုပိုပြီး သေချာလာသည်။ ရွှေရောင်အလင်းလုံးသည် သူ၏စိတ်နှင့် နတ်ဘုရားအသိစိတ်များကို အစားအသောက်ကဲ့သို့ဝါးမျိုနေပုံပေါ်၏။ တင်းဟောက်က နတ်ဘုရားအသိစိတ်များကို အသက်သွင်းရန် မည်မျှကြိုးစားစေကာမူ အနည်းငယ်မျှပိုနီးလာသည်နှင့် ၎င်းကဝါးမျိုခံလိုက်ရသည်။ မကြာမီ ၎င်းသည် အပြင်ပန်းတွင်မည်သည့်ပြောင်းလဲမှုမှမရှိသော်လည်း သူ၏နတ်ဘုရားအသိစိတ်ပမာဏအများကြီးကို ဝါးမျိုပြီးသွား၏။
“သူက နတ်ဘုရားအသိစိတ်တွေရဲ့အစွမ်းကို ဝါးမျိုနိုင်တာပဲ။ ဆေဘာဆရာမကြီးနဲ့ ဓါးဆရာကြီးတို့ကိုရော ဝါးမျိုပစ်လိုက်ပြီများလား။ ပြောရရင် ဒီလူထူးဆန်းကြီးနှစ်ယောက်က စိတ်ဝိဉာဉ်တွေအနေနဲ့ပေါ်လာပြီး ငါ့ရဲ့အသိစိတ်ထဲမှာနေတာလေ”
ဤသို့တွေးလိုက်မိသောအခါ တင်းဟောက် အနည်းငယ်စိတ်ပူသွားသည်။ သူက ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့ကိုခေါ်ရန် ထပ်မံကြိုးစားကြည့်လိုက်သော်လည်း တုံ့ပြန်မှုမရှိချေ။
တင်းဟောက်စိတ်များ လေးလံသွား၏။ သူသည် မူလက ဤလျှို့ဝှက်ခန်းထဲတွင် သူ့ခွန်အားကို အနည်းငယ်တိုးမြှင့်ကာ သူ၏အဆင့်ကို ခိုင်မာတောင့်တင်းအောင် လုပ်လိုခဲ့သည်။ သို့သော် ကောင်းကင်မြေကြီးသွေးရိုးနှင့်ပေါင်းစည်းပြီးနောက် ဤသို့မမျှော်လင့်သော အရာတစ်ခုဖြစ်ပျက်လာ၏။ ဤသည်က ကောင်းချီးတစ်ခုလော ကျိန်စာတစ်ခုပေလော။
သူက အတွေးများအားလုံးကို စုစည်းကြည့်သော်လည်း နောက်ဆုံးတွင် မည်သည်မှထူးမလာချေ။ သူသည် ယခုလောလောဆယ်တွင် ဤဆန်းကြယ်မှုကို ဘေးဖယ်ထားလိုက်ရတော့သည်။
ကံကောင်းစွာဖြင့် ဆေဘာဆရာမကြီးနှင့် ဓါးဆရာကြီးတို့သည် ယခင်ကလည်း ဆက်သွယ်မရဖြစ်ဖူးပြီး ရက်အနည်းငယ်ကြာမှ တုံ့ပြန်ခဲ့ကြဖူး၏။ ဤတစ်ကြိမ်တွင်လည်း အတူတူပင်ဖြစ်ကာ ထိုလူထူးဆန်းကြီးနှစ်ယောက် ရုတ်တရက် ပြန်ပေါ်လာစေရန်သာ တင်းဟောက် မျှော်လင့်မိသည်။
သူက ဖြည်းညင်းစွာထရပ်ကာ ဆေဘာရည်ရွယ်ချက်ကျူဖျာကို သိမ်းလိုက်၏။
“ငါအခုလေးတင်မြင်လိုက်ရတဲ့ ကမ္ဘာပျက်ကိန်းမြင်ကွင်းက တကယ့်အစစ်လား။ ဗုဒ္ဓစေတီတော်မျှော်စင်ရဲ့အပြင်မှာ ဘယ်လိုကပ်ဆိုးမျိုး ဖြစ်နေတာလဲ”
တင်းဟောက်၏ရင်ထဲတွင် ကြောက်မက်ဖွယ်တစ်စုံတစ်ခုဖြစ်တော့မည့်အတိုင်း ပိုပိုပြီး လေးလံလာသည်။
“ငါဦးလေးထျန်းရှုနဲ့ လမိစ္ဆာတို့ကိုရှာရမယ်။ တစ်ခုခုတော့ အတော်လေးမှားနေပြီ”
တင်းဟောက်သည် ၉၇ထပ်အလယ်မှကြောင်လိမ်လှေကားအောက်ရှိ လျှို့ဝှက်ခန်းထဲမှထွက်လာကာ ၉၈ထပ်မြောက်သို့ တက်သွားလိုက်၏။
၉၈ထပ်
လေးဘက်လေးတန်လုံးတွင် မျိုးနွယ်စုအသီးသီးမှ အဓိပတိများ ရပ်နေကြသည်။ တင်းဟောက်က အကြမ်းဖျဉ်းခန့်မှန်းကြည့်လိုက်သောအခါ ဤနေရာတွင် လူပေါင်းတစ်ထောင်နီးပါးရှိပြီး အားလုံးသည် သာမန်ထက်ထူးကဲသော ရောင်ဝါများနှင့် ဒေသတစ်ခုမှအဓိပတိများဖြစ်ကြ၏။
တင်းဟောက်၏ရောက်ရှိလာမှုက မည်သူ၏အာရုံကိုမှ မဆွဲဆောင်နိုင်ပေ။ သူတို့အားလုံးသည် မျှော်စင်၏အလယ်ဗဟိုရှိ ကြောင်လိမ်လှေကားပေါ်သို့သာ အာရုံစိုက်နေကြ၏။ ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။
သည်းသည်းမည်းမည်းတိုက်ခိုက်နေကြသူများမှာ တဖျပ်ဖျပ်လွင့်နေသော ဝတ်ရုံဖြူဝတ်ဆင်ထားသည့် လူသားအဓိပတိတစ်ဦးနှင့် ဧရာမဝက်ဝံနက်တစ်ကောင်အဖြစ် ပြောင်းလုနီးပါးဖြစ်နေသော မိစ္ဆာဧကရာဇ်တစ်ဦးဖြစ်၏။ သူတို့နှစ်ယောက်လုံးက ဤဖိနှိပ်ထားသောမျှော်စင်ထဲတွင် သူတို့နှင့်ချီစွမ်းအင်နှင့် မိစ္ဆာရောင်ဝါတို့ကို သုံးနိုင်ကြဆဲဖြစ်သောကြောင့် အလွန်အမင်းစွမ်းအားကြီးသော သိုင်းသမားများဖြစ်ကြသည်။
တိုက်ပွဲမှဆူညံသံများသည် မိုးချိမ်းသံများကဲ့သို့ မရပ်မနားပဲ့တင်ထပ်နေ၏။ တုန်ခါနေသောစွမ်းအင်လှိုင်းများက မုန်တိုင်းတစ်ခုသဖွယ် အရပ်မျက်နှာတိုင်းတိုင်းသို့ ပျံ့နှံ့သွားသည်။ တိုက်ပွဲနှင့်မီတာပေါင်းများစွာအကွာအတွင်းသို့ မည်သူမှခြေမချရဲပေ။
တင်းဟောက်က သူတို့ကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် တုန်လှုပ်သွားရသည်။ နှစ်ဖက်လုံး၏ခွန်အားသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှ၏။ သာမန်အခြေအနေအောက်တွင် သူသည် သေချာပေါက် သူတို့၏ပြိုင်ဘက်မဖြစ်နိုင်ချေ။ ၉၈ထပ်မြောက်သို့ ရောက်လာကြသူများမှာ အမှန်တကယ်ပင် သာမန်ထက်ပိုသော သိုင်းသမားများဖြစ်ကြသည်။
တင်းဟောက်၏မျက်လုံးများက လူအုပ်ကို ခြုံ၍ကြည့်လိုက်သော်လည်း ဦးလေးထျန်းရှုနှင့် လမိစ္ဆာတို့ကို မမြင်ရချေ။
‘သူတို့က ၉၉ထပ်ကို တက်သွားကြတာများလား’
ဤသည်က တင်းဟောက်၏ခန့်မှန်းချက်သာဖြစ်၏။
ဤအခိုက်အတန့်တွင်…
ဘုန်း
နောက်ထပ်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီး ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ တုန်လှုပ်စွာပင့်သက်ရှိုက်လိုက်သံများကို နေရာတိုင်းမှ ကြားလိုက်ရ၏။
လက်လေးချောင်းရှိသည့် ဝက်ဝံနက်မိစ္ဆာဧကရာဇ်မှာ တဖျပ်ဖျပ်လွင့်နေသော အဖြူရောင်အဝတ်အစားများနှင့် လူသားအဓိပတိကြောင့် လွင့်စင်သွားပြီး သူ့လက်မောင်းနှစ်ဖက်က ပျော့ခွေကာ တွဲလောင်းကျသွားသည်။ သူတို့က ကျိုးသွားမှန်းသိသာနေပြီး မိစ္ဆာဧကရာဇ်သည် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရ၏။ သူက ပါးစပ်ဟကာ သွေးမည်းများအန်ထုတ်လိုက်ပြီး သူ၏ရဲရဲနီနေသော မျက်လုံးများက ပြိုင်ဘက်ကို ဒေါသတကြီးစိုက်ကြည့်လာသည်။ နောက်ဆုံးတွင် သူက မလိုလားစွာဖြင့် အရှုံးကိုလက်ခံလိုက်ရ၏။ “မင်းနိုင်တယ်။ အပေါ်တက်သွားလို့ရပြီ”
ဤတိုက်ပွဲ၏အောင်နိုင်သူက နောက်ဆုံးတွင် ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
ဝက်ဝံနက်မိစ္ဆာဧကရာဇ်သည် ဤအထပ်မှ မိစ္ဆာမျိုးနွယ်၏ဂိတ်စောင့်ဖြစ်ရပေမည်။ သူ့ကိုအနိုင်ရသော လူသားအဓိပတိများက ၉၉ထပ်ကို တက်ခွင့်ရမည်ဖြစ်သည်။
ဤအဖြူရောင်ဝတ်ရုံဝတ်လူသားအဓိပတိသည် အသက် ၁၇ သို့မဟုတ် ၁၈နှစ်မျှသာ ရှိသေးပုံပေါ်၏။ သူ့မျက်နှာက အလွန်အမင်းနုနယ်ပြီး သူ့အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည်။ သူ့လက်ထဲတွင် ရွှေရောင်ခေါက်ယပ်တောင်တစ်ချောင်းကိုင်ထားပြီး သူ့ဆံပင်အနက်ရောင်များက ရေတံခွန်ကဲ့သို့ ဖြာကျနေ၏။ သူက အလွန်ချောမောပြီး တားဆီး၍မရနိုင်သောကြောင့် ထူးထူးကဲကဲ နှစ်လိုဖွယ်ကောင်းသော လူကြီးလူကောင်းတစ်ယောက်ဟု ဆိုနိုင်သည်။
သူက ဝက်ဝံနက်မိစ္ဆာဧကရာဇ်ကိုအနိုင်ယူခဲ့ခြင်းအတွက် ဂုဏ်ယူဝင့်ကြွားဟန်မရှိပေ။ သူက သူ့လက်ဝါးကို ခေါက်ယပ်တောင်ဖြင့်ရိုက်လိုက်ပြီး အရှုံးကိုလက်မခံနိုင်ဖြစ်နေသော ပြိုင်ဘက်ကို ငဲ့စောင်း၍ပင်မကြည့်ဘဲ ကြောင်လိမ်လှေကားထံ လျှောက်လာသည်။
သူက ခြေတစ်လှမ်းလှမ်းပြီးသည်နှင့်ချက်ချင်း ရုတ်တရက် အံ့ဩစွာရေရွတ်လိုက်ပြီး လှည့်ကြည့်လိုက်၏။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏မျက်လုံးများက လူအုပ်ကိုဖြတ်ကာ တင်းဟောက်ထံ တစ်ခဏမျှ ကျရောက်လာသည်။ သူ့မျက်လုံးနက်နက်ထဲတွင် ဝေခွဲမရသော စိတ်ပျက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူကခေါင်းယမ်းကာ ၉၉ထပ်သို့ အလျင်အမြန်တက်သွားသည်။
တင်းဟောက် အနည်းငယ်အံ့ဩသွားမိ၏။ ဤအဖြူရောင်အဝတ်အစားများဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်ကိုင်ထားသည့် လူငယ်သည် နဝမကောင်းကင်ဘုံနတ်သမီးများ၏ ရွှေရောင်လှေပေါ်မှ ကောင်းကင်ဘုံနန်းဆောင်တွင်တွေ့ခဲ့ရေသော ချောမောသည့်လူငယ်နှင့်တစ်ယောက်တည်းဖြစ်သည်။ သူသည် ကောင်းကင်ဘုံနန်းဆောင်၏ နောက်ကျောဘက်ခန်းမထဲသို့ ဝင်ခွင့်ရခဲ့၏။ လူငယ်က နောက်တစ်နေ့တွင် တင်းဟောက်ကို ယောကျ်ားလေးဟုတ်မဟုတ်ပင် မေးခဲ့သေးသည်။
တင်းဟောက်သည် ဤလူငယ်ကို အရိုးမြှုပ်တောအုပ်အစွန်ရှိ မြို့ငယ်လေးမှစားသောက်ဆိုင်တွင် ထပ်တွေ့ခဲ့ရသေး၏။ သူက အလယ်ပိုင်းဒေသ၏ထိပ်တန်းအင်အားစုများကို ရိုင်းစိုင်းစွာပြောဆိုကာ တိုက်ပွဲကြီးကိုစတင်ခဲ့သည်။
ထိုလူငယ်ကို ဤမျှော်စင်ထဲတွင် ရောက်နေလိမ့်မည်ဟု သူမျှော်လင့်မထားပေ။ သူက အလွန်စွမ်းအားကြီးပြီး မိစ္ဆာဧကရာဇ်အဓိပတိကိုပင် လွယ်လွယ်ကူကူ အနိုင်ယူလိုက်သေးသည်။
‘သူကဘယ်ကလာတာလဲ’ တင်းဟောက် တွေးတောနေမိ၏။
တင်းဟောက်တွေးနေရင်း နောက်ထပ်စိန်ခေါ်သံတစ်ခု ထပ်မံကြားလိုက်ရသည်။ သို့သော် ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်ဂိတ်စောင့်ကို မိစ္ဆာမျိုးနွယ်ဘက်မှ တစ်စုံတစ်ယောက်က စိန်ခေါ်လိုက်ခြင်းဖြစ်၏။ သူတို့က မကြာမီစတင်တိုက်ခိုက်လိုက်ကြပြီး အရပ်မျက်နှာတိုင်းသို့ မီးပွားများ လွင့်စင်သွားသည်။
လူသားမျိုးနွယ်၏ဂိတ်စောင့်သည် တစ်ကိုယ်လုံးတွင် ခရမ်းရောင်ချီများနှင့် သိုင်းသမားတစ်ဦးဖြစ်၏။ ဤသို့သောပတ်ဝန်းကျင်မျိုးတွင် သူ၏ချီကိုထုတ်သုံးနိုင်သည်ကိုကြည့်ရခြင်းအားဖြင့် သူက အနည်းဆုံး မဟာဧကရာဇ်နယ်ပယ် ဖြစ်ရမည်။ သူ၏လှုပ်ရှားမှုများက အလွန်အမင်းရိုးရှင်းသော်လည်း လှုပ်ရှားမှုတိုင်းတွင် အထင်ကြီးစရာကောင်းပြီး ကမ္ဘာကြီးကိုအက်ကွဲစေနိုင်သော စွမ်းအားတစ်ခု ပါဝင်နေသည်။
သူ့ကိုစိန်ခေါ်သည့် မိစ္ဆာမျိုးနွယ်အဓိပတိက လှပသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်၏။ သူမတွင် လုံးကြီးပေါက်လှခန္ဓာကိုယ်အချိုးအစားရှိပြီး လှုပ်ရှားမှုတစ်ခုလုပ်လိုက်တိုင်း ရင်သားများက ခုန်ပေါက်သွားကြသည်။ သူမ၏ဝင်းလက်ဖြူဖွေးသော အသားအရေက အလွန်ဆွဲဆောင်အားကောင်း၏။ သူမ၏အဝတ်အစားများမှာ မလုံ့တလုံဖြစ်ပြီး ခန္ဓာကိုယ်၏အရေးကြီးအစိတ်အပိုင်းများကိုသာ ပါးလွှာသော ခရမ်းရောင်ခြုံထည်ဖြင့် ဖုံးအုပ်ထားသည်။ တစ်ခါတစ်ရံ အလွန်လျှင်မြန်စွာရွေ့လျားရင်း သူမထံမှ ညှို့ယူဖမ်းစားနိုင်သော ရယ်သံလွင်လွင် ထွက်ပေါ်လာတတ်သည်။
သူမက မြေခွေးမျိုးနွယ်စုမှ မိစ္ဆာဧကရာဇ်တစ်ဦးဖြစ်၏။
တင်းဟောက်က တိုက်ပွဲ၏အလယ်သို့ တိုးသွားလိုက်သည်။ စည်းမျဉ်းများအရ တိုက်ပွဲပြီးသွားသည်နှင့် လူသားမျိုးနွယ်က မိစ္ဆာမျိုးနွယ်၏ဂိတ်စောင့်ကို တစ်ဖန်စိန်ခေါ်နိုင်သည့်အလှည့်ဖြစ်၏။ တင်းဟောက်က ၉၉ ထပ်သို့ မြန်မြန်တက်ကာ ဦးလေးထျန်းရှုနှင့် လမိစ္ဆာတို့ကို ရှာရမည်ဖြစ်သည်။ လျှို့ဝှက်ခန်းမှ သူမြင်ခဲ့ရသော ကမ္ဘာပျက်ကိန်းသည် ထင်ယောင်ထင်မှားမဟုတ်ကြောင်း သူခံစားရ၏။
မိစ္ဆာမျိုးနွယ်၏စိန်ခေါ်မှုက မကြာမီပြီးဆုံးသွားပြီး နောက်ဆုံးတွင် လှပသော မြေခွေးမျိုးနွယ်စုဝင် မိစ္ဆာဧကရာဇ်က အနိုင်ရရှိသွားသည်။ သူမက ၉၉ထပ်သို့တက်ရောက်ခွင့် ရသွား၏။
တင်းဟောက်က အနည်းငယ်သက်ပြင်းချလိုက်သည်။ ခရမ်းရောင်မြူခိုးနှင့်မီးတောက်များဖြင့် ဖုံးအုပ်ထားသော လူသားမျိုးနွယ်ဂိတ်စောင့်သည် အကြောင်းကြောင်းကြောင့် စွမ်းအားအကုန်ထုတ်မသုံးမှန်း သူမြင်နေရ၏။ သူက မြေခွေးမျိုးနွယ်စုဝင်မိစ္ဆာမကို တက်ခွင့်မပြုမီ ခွန်အားအကုန်သုံး၍ တိုက်ခိုက်ဟန်ဆောင်နေခြင်းသာဖြစ်သည်။
တိုက်ပွဲပြီးသောအချိန်၌ တင်းဟောက်က စက်ဝိုင်းနှစ်ခု၏ အလယ်သို့တက်သွားလိုက်၏။ ဤတစ်ကြိမ်တွင် မိစ္ဆာမျိုးနွယ်မှဂိတ်စောင့်က ဒဏ်ရာရထားသော ဝက်ဝံနက်မိစ္ဆာဧကရာဇ် မဟုတ်တော့ဘဲ အေးစက်သောအမူအရာနှင့် စူးရှသောမျက်လုံးများရှိသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်နေသည်။
သူ့လည်ပင်းပေါ်တွင် ဝံပုလွေအမွေးနှင့်တူသော စိမ်းပြာရောင်လည်ဆံမွေးသာမရှိလျှင် လူအများအပြားက သူ့ကို လူသားမျိုးနွယ်၏အဓိပတိတစ်ဦးဟု အထင်မှားကြပေလိမ့်မည်။
“ဟီးဟီး ဒီတော့ မင်းကထွက်ဖို့မစောင့်နိုင်တော့ဘူးပေါ့။ ငါတို့အစ်ကိုကြီး ဒဏ်ရာရသွားတာကို အခွင့်ကောင်းယူလို့ရမယ်များ ထင်နေတာလား။ ငါ.. ချင်းလဲ့က မင်းကိုသတ်ဖို့ ဒီနေရာကိုရောက်နေတာ” စိမ်းပြာရောင်ဝံပုလွေမိစ္ဆာဧကရာဇ်က လှောင်ပြောင်လိုက်၏။ သူက တင်းဟောက်ကို နုပ်နုပ်စဉ်းထားသော အသားပုံတစ်ပုံကဲ့သို့ ကြည့်နေလေသည်။
***