ပြီးခဲ့သောအထပ်များမှ အဓိပတိများအတိုင်း လူပေါင်းများစွာတို့သည် သူ့ကိုပထမဆုံးအကြိမ်မြင်သောအခါ တင်းဟောက်၏ ဈေးပေါသော အနက်ရောင်သံချပ်ကာအင်္ကျီနှင့် တုတ်ခိုင်သန်မာသော ပုံရိပ်ကြောင့် လှည့်စားခြင်းခံလိုက်ရ၏။ သူတို့က တင်းဟောက်ကို အထင်အမြင်မသေးမိဘဲ မနေနိုင်ချေ။ တင်းဟောက်၏ပုံသဏ္ဍာန်နှင့် အမူအရာတို့က စွမ်းအားကြီးသော အဓိပတိတစ်ဦးနှင့် လုံးဝမတူချေ။
ထို့ပြင် တင်းဟောက်၏ခန္ဓာကိုယ်မှ ချီလှိုင်းများလည်း ထွက်ပေါ်မနေချေ။ သိသာထင်ရှားစွာပင် သူ၏ချီကျင့်ကြံမှုမှာ ဗုဒ္ဓစေတီတော်မျှော်စင်၏ ဖိနှိပ်မှုကို အပြီးအပိုင်ဖိနှိပ်ခံထားရသည်။ ထို့ကြောင့် သူ၏ခွန်အားက ဖိနှိပ်ခံမထားရသော်လည်း တင်းဟောက်၏နယ်ပယ်က သိသာထင်ရှားစွာပင် အတော်လေးနိမ့်၏။ ထို့ကြောင့် လူတိုင်း၏မျက်လုံးထဲတွင် တင်းဟောက်က အခြေအနေကို လုံးဝနားမလည်သည့် ခပ်လွယ်လွယ်လူတစ်ယောက်မျှသာ ဖြစ်နေသည်။
စိမ်းပြာရောင်ဝံပုလွေမိစ္ဆာဧကရာဇ်ဖြစ်သူ ချင်းလဲ့သည် တင်းဟောက်က ဒဏ်ရာရထားသော ဝက်ဝံနက်မိစ္ဆာဧကရာဇ်ဟေးကန်ကို အခွင့်အရေးယူလိုသောကြောင့် သူတို့ကို တုံ့ဆိုင်းခြင်းမရှိဘဲ စိန်ခေါ်ရခြင်းဖြစ်ရမည်ဟု ထင်နေ၏။
လူသားမျိုးနွယ်အဓိပတိပေါင်းများစွာတို့ကလည်း ထိုသို့တွေးနေကြသည်။ အခြေအနေကို အမြတ်ထုတ်လိုသော လူသားအဓိပတိပေါင်းများစွာပင်ရှိနေသော်လည်း တင်းဟောက်က သူတို့ထက်ဦးသွားခြင်းဖြစ်၏။ သူတို့က တင်းဟောက်၏ကံဆိုးမှုကို နှစ်ထောင်းအားရဖြစ်နေကြသည်။
တင်းဟောက်က စကားတစ်ခွန်းမှမဆိုချေ။ သူက ခြေလက်များကိုဆန့်ကာ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံးကို လေ့ကျင့်လုပ်ပေးပြီး တိုက်ခိုက်ရန်ခွန်အားစုစည်းလိုက်သည်။
ဤအခိုက်အတန့်တွင်…
“နေဦး” ရုတ်တရက် တစ်စုံတစ်ယောက်က သူတို့ကိုဟန့်တားလိုက်၏။ ခရမ်းရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က လူအုပ်ထဲမှထွက်လာကာ တင်းဟောက်ကိုထိုးပြလျှက် အံကြိတ်ပြီး အော်ပြောလိုက်သည်။ “သိုင်းဦးလေး ဒီလူပဲ။ အထပ် ၂၀မှာတုန်းက ကျွန်တော်တို့ကို အလစ်တိုက်ပြီး စက်ဆုပ်စရာကောင်းအောင် လုယက်သွားတာ”
တင်းဟောက်က နောက်လှည့်ကြည့်လိုက်သည်။
‘ဪ ဒီကောင်ပဲ’
စကားကိုအရှက်မရှိမျက်နှာပြောင်တိုက်စွာ ပြောဆိုနေသော ဤအရိုင်းအစိုင်းလူငယ်သည် အထပ် ၂၀ မြောက်တွင် သူနှင့်ထျန်းရှုကိုဓါးပြတိုက်ရန် ကြိုးစားခဲ့သူဖြစ်၏။ နောက်ဆုံးတွင် ဤခရမ်းရောင်သံချပ်ဝတ်လူငယ်မှာ ဦးလေးထျန်းရှု၏ အကြင်နာတရားမဲ့စွာ အိတ်သွန်ဖာမှောက် ရှာဖွေလုယူခြင်းကိုသာ ခံလိုက်ရသည်။
သူသည် ဤလူငယ်ကို သူ၏နိမ့်ကျသောခွန်အားကြောင့် ၉၈ထပ်ထိ ရောက်လာနိုင်ရန် မျှော်လင့်မထားချေ။
“အိုး ရှုံ.. သေချာထပ်ကြည့်လိုက်ပါဦး။ ဒီအနက်ရောင်သံချပ်ဝတ်လူဆိုတာ သေချာလား” ခရမ်းရောင်ချီမီးတောက်များဖြင့် ရစ်ပတ်ထားသော လူသားမျိုးနွယ်ဂိတ်စောင့်က ဖြည်းဖြည်းချင်း လှမ်းထွက်လာပြီး တင်းဟောက်ကို အလွန်အံ့အားသင့်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုဖြင့် စိုက်ကြည့်လိုက်သည်။
ချောမောခံ့ညားပြီး ခရမ်းရောင်သံချပ်ဝတ်ထားသော ဇီရှုံ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်တစ်ခုလက်သွား၏။ သူက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ “ဟုတ်တယ် အဲ့ဒါသူပဲ။ သူ ပြာမှုန့်ဖြစ်သွားရင်တောင် သူ့ကိုမှတ်မိနိုင်သေးတယ်”
ခရမ်းရောင်မီးတောက်တို့ဖြင့် ရစ်ပတ်ထားသော လူသားမျိုးနွယ်ဂိတ်စောင့်က ခေါင်းငြိမ့်ကာ တင်းဟောက်ထံ ချဉ်းကပ်လာသည်။ သူ့မျက်လုံးများထဲမှ ခရမ်းရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး သူက အေးစက်စွာပြောလိုက်၏။ “ဒီကမ္ဘာပေါ်မှာ သေရမှာမကြောက်တဲ့သတ္တဝါတွေ ရှိနေဦးမယ်လို့ ငါထင်မထားဘူး။ မင်းက ငါတို့ ဇီကျီဂိုဏ်းကို ဓါးပြတိုက်ရဲတယ်ပေါ့။ မင်းကိုယ်မင်းသတ်သေလိုက်။ ဒါဆို မင်းမိသားစုနဲ့မိတ်ဆွေတွေကို ချမ်းသာပေးမယ်”
ထိုစကားက ပေါ်ပေါ်ထင်ထင်ပင် ပိုင်စိုးပိုင်နင်းနိုင်လှသည်။
တင်းဟောက်က မျက်မှောင်ကြုတ်လိုက်၏။ “သူအမှန်အတိုင်းပြောနေတာဟုတ်မဟုတ် ကျုပ်ကို မမေးတော့ဘူးလား”
လူသားမျိုးနွယ်၏ဂိတ်စောင့်က အော်ရယ်လျှက် မောက်မာစွာ ပြောလိုက်သည်။ “မလိုပါဘူး။ မင်း ဘာလို့အဲ့ဒီလိုလုပ်တယ်ဆိုတာ ငါဂရုမစိုက်ဘူး။ ဇီကျီဂိုဏ်းကိုဆန့်ကျင်တဲ့ ဘယ်သူမဆိုသေရမယ်”
တင်းဟောက်က မနေနိုင်တော့ဘဲ လှောင်ပြုံးပြုံးလိုက်၏။ “ဇီကျီဂိုဏ်းက ဗိုလ်ကျပြီး လျော်ကန်မှုမရှိဘူးဆိုတာတော့ ကြားဖူးနေတာကြာပါပြီ။ အခု ခင်ဗျားတို့ဂိုဏ်းက ကြားထားတဲ့အတိုင်း တကယ်ကို အရှက်မရှိဘူးဆိုတာ မြင်လိုက်ရပါပြီ”
“မင်းဘာပြောလိုက်တာလဲ” လူသားမျိုးနွယ်ဂိတ်စောင့်က တစ်ခဏမျှကြောင်အမ်းသွားကာ ဒေါသအမျက်ချောင်းချောင်းထွက်လာသည်။ “မင်းကို ကြင်နာမှုပြနေတဲ့အချိန်တုန်းကတော့ မမြင်ဘူးမလား။ ငါက စိတ်ကောင်းရှိလို့ မင်းမိသားစုနဲ့ မိတ်ဆွေတွေကို အလွတ်ပေးလိုက်တာ။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်မောက်မာပြီး ရိုင်းစိုင်းမယ်လို့ ထင်မထားဘူး။ ဒီတော့ မင်းက နောင်တမရဘူးပေါ့။ မင်းကို အပြုအမူကောင်းရှိဖို့ ဘယ်သူမှမသင်ပေးခဲ့ဘူးပဲ။ မင်းရဲ့မိဘတွေနဲ့ ဆရာတွေကလည်း ကောင်းမှာမဟုတ်တာ သေချာတယ်။ ငါ သူတို့အကုန်လုံးကိုပါ သတ်ပစ်မယ်”
တင်းဟောက်က အလွန်ဒေါသထွက်လာကာ ရယ်မောလိုက်သည်။ “ကောင်းလိုက်တဲ့ အကြောင်းပြချက်.. အရှက်မရှိလိုက်တဲ့ ဆင်ခြေပါလား။ ခင်ဗျားလိုလူတစ်ယောက်က ဘယ်လိုလုပ် ကျုပ်တို့လူသားမျိုးနွယ်ရဲ့ ဂိတ်စောင့်ဖြစ်နေရတာလဲ”
တင်းဟောက်၏မျက်လုံးများထဲတွင် လူသတ်လိုသောအရိပ်အယောင်များ တလိပ်လိပ်တက်လာသည်။ သူ၏ဝိဉာဉ်က အချိန်နှင့်နေရာကိုဖြတ်ကာ နယ်မြေအသစ်သို့ ခရီးသွားခဲ့ခြင်းဖြစ်သော်လည်း နတ်ဘုရားအတုမြို့တော်အလယ်ရှိ နတ်ဘုရားယဇ်ပုလ္လင်၏ ရွေရောင်အလင်းက သူ၏မိဘမျိုးရိုးအကြောင်းကို ပြောပြခဲ့၏။ နတ်ဘုရား၏ကျေးဇူးတော်ကုန်းမြေမှ ထိုနှလုံးကြေကွဲဖွယ် ဖြစ်ရပ်များက သူ့မိဘများဖြစ်သော တင်းရှန့်ထန်နှင့် ယုချင်းချန်တို့ကို သူ့နှလုံးသားထဲတွင် အထွတ်အမြတ်နေရာတစ်ခု အပိုင်ယူသွားစေသည်။ တင်းဟောက်သည် သူတို့ကို တစ်ခါမှမမြင်ဖူးသော်လည်း မည်သူမျှ သူတို့ကို မဟုတ်မမှန်အသရေဖျက်ခွင့် မပြုနိုင်ပေ။
ထို့ပြင် ဓါးခရီးသည်ဂိုဏ်းသည်လည်း တင်းဟောက်ရင်ထဲတွင် အထွတ်အမြတ်ထားရာတစ်ခု ဖြစ်၏။
ဤလူသားမျိုးနွယ်ဂိတ်စောင့်က သေရန်ထိုက်တန်ပေသည်။
“ဟားဟား ငါက ဘယ်လိုလုပ် ဂိတ်စောင့်ဖြစ်လာရမှာလဲ။ မင်းလိုနိမ့်ကျတဲ့ကောင်က ဘယ်လိုလုပ် သိမှာလဲ” လူသားမျိုးနွယ်ဂိတ်စောင့်က အထင်အမြင်သေးစွာ အော်ရယ်လိုက်၏။
လူငယ် ဇီရှုံကလည်း ရက်စက်သော လှောင်ပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “ကောင်လေး မင်း အခုသေရတော့မယ်။ ဘယ်သူမှ ငါတို့ဂိုဏ်းရဲ့ဂုဏ်သရေကို မစော်ကားရဲဘူး။ မင်းရဲ့သွေးနဲ့ ငါခံစားခဲ့ရတဲ့ အရှက်ကွဲမှုကို ဆေးကြောပစ်မယ်”
တင်းဟောက်က အထင်သေးမှုများပြည့်နေသော မျက်လုံးများဖြင့် သူ့ကိုစောင်းငဲ့ကြည့်လိုက်သည်။ “မင်းလိုတပည့်မျိုးရှိနေမှတော့ ဇီကျီဂိုဏ်းက အနှေးနဲ့အမြန် ဖျက်ဆီးခံရလိမ့်မယ်”
“အဓိပ္ပာယ်မရှိလိုက်တာ။ ကောင်လေး မင်းသေရတော့မယ်” လူသားမျိုးနွယ်ဂိတ်စောင့်က လှောင်ပြောင်ကာ လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ ခရမ်းရောင်ချီသည် ကောင်းကင်ယံကိုဖြတ်သွားပြီး ၎င်း၏ကြောက်မက်ဖွယ်စွမ်းအားက နဂါးတစ်ကောင် သို့မဟုတ် ဆင်တစ်ကောင်ကဲ့သို့ ပေါ်ပေါက်လာ၏။
ပွဲကြည့်ပရိသတ်များမှာ ဤကြောက်မက်ဖွယ်မုန်တိုင်းကဲ့သို့ အင်အား၏ရိုက်ခတ်ခြင်း ခံရမည်စိုးသောကြောင့် အလိုအလျောက်ပင် အတူတူ နောက်ဆုတ်သွားကြသည်။ ဤဂိတ်စောင့်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးမှသာလျှင် ဤမျှော်စင်ထဲတွင် သူ၏ချီစွမ်းအင်ကို ထိုမျှပမာဏထိ ထုတ်လွတ်နိုင်မည်ဖြစ်၏။ ၎င်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။
တင်းဟောက်က နောက်မဆုတ်ချေ။ ထိုအစား သူက စွမ်းအားကြီးသော လက်သီးချက်တစ်ခု ပစ်သွင်းလိုက်၏။
ဘုန်း
ခရမ်းရောင်စွမ်းအင်က မီးပွားများကဲ့သို့ ပေါက်ကွဲထွက်လာသည်။
ဖရိုဖရဲဖြစ်နေသော ချီစီးကြောင်းများက ၉၈ ထပ်တစ်ခုလုံးရှိ လေထုကို ရုတ်တရက် ထူထဲလေးလံသွားစေသည်။ ၎င်းနှင့်အနီးဆုံးအဓိပတိများမှာ သူတို့၏ရင်ဘတ်များ တင်းကြပ်လာသည်ကို ခံစားလိုက်ရ၏။ သူတို့က ပြန့်ကျဲနေသော ခရမ်းရောင်ချီစီးကြောင်းများဖြင့် ရိုက်ခတ်ခြင်းခံလိုက်ရပြီး ဧရာမတူကြီးဖြင့်ထုခံနေရသကဲ့သို့ သူတို့၏ရင်ဘတ်များထဲမှ စူးအောင့်သော နာကျင်မှုကို ခံစားလာရသည်။
လူသားမျိုးနွယ်ဂိတ်စောင့်သည် အံ့ဩစွာပင့်သက်ရှိုက်လိုက်ပြီး အရုပ်စုတ်တစ်ရုပ်ကဲ့သို့ နောက်ပြန်လွင့်ထွက်သွား၏။ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ခရမ်းရောင်ချီမီးတောက်များက ပြန့်ကျဲသွားပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အလွန်အမင်းတုန်လှုပ်နေသော မျက်နှာပေါ်လာသည်။ သူ့နှုတ်ခမ်းထောင့်တွင် သွေးစီးကြောင်းတစ်ခုရှိနေ၏။
လူတိုင်း မျက်လုံးပြူးသွားကြသည်။ ဤသို့သော တိုက်ပွဲရလဒ်ကို သူတို့စိတ်ပင်မကူးမိခဲ့ကြချေ။
ချောမောသော လူငယ်လေး ဇီရှုံသည် သူ့မျက်လုံးသူမယုံကြည်နိုင်ဖြစ်ကာ ကြက်သေသေနေမိ၏။
တင်းဟောက်က လက်သီးချက်တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်သည်။ သူက ဇီရှုံကို လှည့်တိုက်ခိုက်လိုက်၏။
“မင်း.. မင်းဘာလုပ်တာလဲ။ ထပ်တိုးမလာနဲ့…” သူက အလန့်တကြားနောက်ဆုတ်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ “ငါ့ကို လာမရှုပ်နဲ့နော်။ မဟုတ်ရင် ဇီကျီဂိုဏ်းက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး…”
ဖြန်း
တင်းဟောက်က သူ့ကိုရိုက်လိုက်သည်။
ဇီရှုံသည် စစ်ပွဲသုံးတူကြီးတစ်ချောင်းဖြင့် အထုခံလိုက်ရသကဲ့သို့ ချက်ချင်းခံစားလိုက်ရ၏။ သူက လေထဲတွင် လည်ထွက်ကာ လွင့်သွားသည်။ သူ့မျက်နှာတစ်ခြမ်းမှာ အရိုက်ခံလိုက်ရပြီး အရိုးများကြေသွားကာ မျက်လုံးတစ်လုံး ကျွတ်ထွက်သွား၏။
“အား…” ဇီရှုံက ကြောက်လန့်စွာအော်ဟစ်ရင်း သူ၏ကောက်ကျစ်စဉ်းလဲသော မျက်လုံးများမှာ ရူးသွပ်မှုနှင့် အငြိုးတရားများ ပြည့်သွားသည်။ “မင်းက ငါ့ကိုရိုက်ရဲတယ်ပေါ့။ ငါမင်းကို အလွတ်မပေးဘူး။ ငါ…”
“ငါမင်းကို ချမ်းသာပေးလိုက်ရင် မင်းက ကပ်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်” တင်းဟောက်က ရှေ့တိုးလိုက်သည်။ “ဂျွတ်” သူက ဇီရှုံကိုတက်နင်းကာ သူ၏ရင်ညွန့်ရိုးကို ချိုးလိုက်သည်။
“ရပ်လိုက် မင်းက ဘယ်လိုတောင် ဇီကျီဂိုဏ်းရဲ့တပည့်တစ်ယောက်ကို သတ်ရဲရတာလဲ။ ရဲတင်းလိုက်တာ…” လူသားမျိုးနွယ်၏ဂိတ်စောင့်သည် အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားသောကြောင့် ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အပြေးရောက်ရှိလာ၏။ စွမ်းအားကြီးသော ခရမ်းရောင်အလင်းတိုင်များက တင်းဟောက်၏နောက်ကျောသို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။ တင်းဟောက်က လက်သီးတစ်ချက် နောက်ပြန်ပစ်သွင်းလိုက်၏။
သူ၏နဂါးဟိန်းသံက နားကွဲလုမတတ် ကျယ်လောင်လှသည်။
တင်းဟောက်က ညာလက်သီးဖြင့် လက်သီးချက်ထိုးသွင်းလိုက်ပြီးနောက် သူ၏ကျောရိုးထဲမှ ခရမ်းရောင်ကောင်းကင်ဘုံနဂါးစွမ်းအင်တစ်ခု တိုက်ရိုက်ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းတိုင်များကို ပေါ့ပေါ့ပါးပါး ချိုးဖျက်ကာ ဂိတ်စောင့်၏ရင်ဘတ်ကို ထိုးမိသွား၏။ ဂိတ်စောင့်သည် နောက်ပြန်လွင့်ထွက်သွားကာ ပါးစပ်ထဲမှ သွေးများစီးကျလာ၏။
“ဇီကျီက အရမ်းကြီးမြတ်တယ်များ ထင်နေတာလား ဟမ်။ ခင်ဗျားတို့ရဲ့ ဖြောင့်မတ်မှုမရှိတဲ့ဂိုဏ်းကို တစ်ယောက်ယောက်က ဖျက်ဆီးဖို့ သိပ်မလိုလောက်တော့ပါဘူး”
လူသားမျိုးနွယ်ဂိတ်စောင့်ကို သူ့လက်သီးဖြင့် လွင့်ထွက်သွားအောင်လုပ်ပြီးနောက် တင်းဟောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
မတိုင်မီကလည်း တင်းဟောက်က ထိုသို့ပြောခဲ့သော်လည်း ဤတစ်ကြိမ်က ပိုတုန်လှုပ်စရာ ကောင်းနေ၏။ သူပြသလိုက်သော ကြီးမားသည့်ခွန်အားက အမြဲလိုလို ပိုင်စိုးပိုင်နင်းနိုင်ကာ ရက်စက်ကြမ်းကြုတ်သော ဇီကျီဂိုဏ်းသည် အဓိပတိစစ်စစ်တစ်ယောက်နှင့်ကြုံကာ ပြဿနာတက်နေရပြီဖြစ်ကြောင်း လူတိုင်းကို သဘောပေါက်သွားစေသည်။
“မင်း… မင်းနောင်တရလိမ့်မယ်… ဇီကျီဂိုဏ်းက မင်းကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး…” ဇီရှုံ၏ တစ်ဘက်တည်းသောမျက်လုံးက မကျေမချမ်းနိုင်မှုတို့နှင့် ပြည့်နေ၏။
“ဒါဆို မင်းရဲ့မိသားစုဝင်တွေကို ငါ့ဆီလာခိုင်းလိုက်” တင်းဟောက်က သူ၏ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ချေ။ သူက မြေပြင်ပေါ်သက်ဆင်းလာကာ သူ့စွမ်းအားများကပြည့်လျှံထွက်လာပြီး ဇီရှုံကို ချက်ချင်း သွေးမြူခိုးများအဖြစ် ပေါက်ကွဲသွားစေသည်။
သူ့ပတ်ပတ်လည်ရှိ လူတိုင်းမှာ ဆောင်းရာသီမှပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားကြ၏။ တင်းဟောက်ကိုအထင်သေးခဲ့ကြသူများမှာ ကြောက်လန့်လာကြသည်။ စိမ်းပြာရောင်ဝံပုလွေမိစ္ဆာဧကရာဇ် ချင်းလဲ့၏ နောက်ကျောမှ ချွေးအေးများထွက်လာ၏။ သူ့နှုတ်ခမ်းထောင့်မှာ မဲ့သွားသည်။
ဤဇီကျီဂိုဏ်းမှလူသားမျိုးနွယ်ဂိတ်စောင့်၏ခွန်အားသည် သူနှင့်အတူတူခန့်ဖြစ်သော်လည်း ဤအနက်ရောင်သံချပ်ဝတ်ထားသော ဗလတောင့်တောင့်လူက လက်သီးချက်နှစ်ချက်တည်းဖြင့် အလွန်လွယ်ကူစွာ အနိုင်ယူလိုက်၏။ တစ်နည်းပြောရလျှင် ချင်းလဲ့သည်လည်း သူနှင့်တိုက်ခိုက်လျှင် ထိုနည်းအတိုင်း အဆုံးသတ်မည်ဖြစ်ပြီး အလွယ်တကူရှုံးနိမ့်ကာ အသတ်ပင်ခံရနိုင်သည်။
ဤဗလတောင့်တောင့် အနက်ရောင်သံချပ်ကာဝတ်လူ၏ အသန့်စင်ဆုံးစွမ်းအားတွင် မည်သည့်ချီလှိုင်းများမှ လုံးဝမပါကြောင်း သူတွေ့ရ၏။ ကြောက်စရာကောင်းလှသော ခန္ဓာကိုယ်ပင်ဖြစ်သည်။ ဤမိုးထိမျှော်စင်ကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ပင် ထိုလူကို မကျော်လွှားနိုင်လုနီးပါးဖြစ်၏။
“မင်း… မင်း ငါတို့မြို့အရှင်ရဲ့သားကို တကယ်ကြီးသတ်လိုက်တယ်။ ကောင်လေး မင်းသေပြီပဲ။ မင်း ဘယ်ကိုပြေးပြေး ဇီကျီဂိုဏ်းက မင်းကိုမြေလှန်ရှာပြီး နုပ်နုပ်စဉ်းပစ်လိမ့်မယ်” လူသားမျိုးနွယ်ဂိတ်စောင့်က သွေးများအန်ထုတ်ကာ အံကြိတ်လျှက် တင်းဟောက်ကို စိုက်ကြည့်လိုက်သည်။
မဟာဧကရာဇ်နယ်ပယ်ရှိ အဓိပတိတစ်ဦးအနေဖြင့် သူ့ချီကျင့်ကြံမှု၏ ၆၀ ရာခိုင်နှုန်းက ဤမျှော်စင်ထဲတွင် ဖိနှိပ်ခံထားရသည်ကို သူမကျေမနပ်ဖြစ်လာ၏။ သူက ခွန်အား၏ ရာခိုင်နှုန်းအနည်းငယ်မျှကိုသာ ထုတ်လွှတ်နိုင်သည်။ အခြားတစ်နေရာရာ၌သာဆိုလျှင် သူ ဤမျှဆိုးဆိုးဝါးဝါး အနိုင်ယူခံရမည်မဟုတ်ပေ။
“ခင်ဗျားက အခုထိ အခြေအနေကို နားမလည်သေးတဲ့ပုံပဲ”
တင်းဟောက်၏စိတ်သည် လူသတ်လိုစိတ်များဖြင့် ဒေါသူပုန်ထနေပြီဖြစ်၏။ ချက်ချင်းပင် သူက စိတ်ဆုံးဖြတ်ကာ ဝမ်ချင်းဆေဘာကို လက်ပြန်ဆင့်ခေါ်လိုက်သည်။ သူက ၎င်း၏စွမ်းအားအနည်းငယ်ကို အသက်သွင်းလိုက်သောအခါ ရဲရဲတောက်နေသောအပူစီးကြောင်းတစ်ခု တဟုန်ထိုးတက်လာ၏။
အနီရောင်အလင်းက လေဟာနယ်ကို ပိုင်းဖြတ်လိုက်သည်။
ဆေဘာလမ်းစဉ် ၂၄ကွက်ထဲမှ ပထမသိုင်းကွက်ဖြစ်၏။
သူက ကောင်းကင်ဘုံဆေဘာအဆုံးမဲ့ဓါးမျှော်စင်တွင် သူရှာတွေ့ခဲ့သောသိုင်းကျမ်းထဲမှ ဆေဘာသိုင်းကွက်များကို ချက်ချင်းထုတ်သုံးလိုက်သည်။ ဤတစ်ကြိမ်သည် တင်းဟောက် ဆေဘာလမ်းစဉ် ၂၄ကွက်ကိုထုတ်သုံးသည့် ပထမဆုံးအကြိမ်ဖြစ်၏။
ဇီကျီဂိုဏ်းမှ လူသားမျိုးနွယ်ဂိတ်စောင့်၏မျက်လုံးများ ပြူးကျယ်သွားသည်။ တင်းဟောက်၏ ဆေဘာလမ်းကြောင်းကို လုံးဝခြေရာခံ၍မရကြောင်း သူခံစားလိုက်ရ၏။ ၎င်းတွင် မဖော်ပြနိုင်သော တာအိုစွမ်းအားများပါဝင်နေပြီး ရှောင်တိမ်းရန်နည်းလမ်းမရှိချေ။
ဝှစ်
ခေါင်းတစ်လုံး ပျံဝဲထွက်သွား၏။ သွေးများက သွေးရေတံခွန်ကဲ့သို့ ပန်းထွက်လာသည်။ ဝမ်ချင်းဆေဘာက သူ့ဘာသာသူ တုန်ခါလာကာ ကြောက်မက်ဖွယ်စုပ်ယူအားတစ်ခု ထုတ်လွှတ်ကာ အလောင်းကို ရစ်ပတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် ၎င်း၏အဆီအနှစ်၊ ဝိဉာဉ်နှင့် သွေးတို့၏ စွမ်းအားများအကုန်လုံးကို ၎င်း၏ရင်ဘတ်မှ စုပ်ယူထုတ်ကာ ဓါးကျိုးထဲသို့ ထည့်သွင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း လူသားမျိုးနွယ်ဂိတ်စောင့်မှာ အဝတ်အစားများဝတ်ထားသည့် အရေပြားအိတ်တစ်လုံးထက် မပိုတော့ဘဲ ကြမ်းပြင်ပေါ်သို့ တွန့်လိမ်ပျော့ခွေကျသွား၏။
မြင်ကွင်းက အလွန်ထူးခြားဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤသည်ကိုမြင်သောအခါ မျိုးနွယ်စုနှစ်ခုမှသိုင်းသမားများသည် တစ်ပြိုင်နက်တည်းတွင် ကျောချမ်းသွားကြ၏။
လူတိုင်းသည် သူတို့၏ဦးခေါင်းထိပ်များ ပေါက်ကွဲတော့မည့်အတိုင်း သူတို့၏ကျောရိုးများထဲမှ ဦးနှောက်ထဲအထိထောင်တက်သွားသော အရိုးစိမ့်ဖွယ်အအေးဓာတ်ကို ခံစားလိုက်ရသည်။ ကြောက်စိတ်များက ကပ်ရောဂါတစ်ခုကဲ့သို့ သူတို့တစ်ကိုယ်လုံးကို တားမရဆီးမရ ပျံ့နှံ့သွား၏။
စိမ်းပြာရောင်ဝံပုလွေမိစ္ဆာဧကရာဇ် ချင်းလဲ့က ဟန်မဆောင်နိုင်တော့ဘဲ အံ့ဩတကြီး ထအော်လိုက်သည်။ သူက ချက်ချင်းနောက်ဆုတ်သွားပြီး ကြောင်လိမ်လှေကားတွင် ဆက်လက်စောင့်ကြပ်မနေရဲတော့ချေ။ တင်းဟောက်က သူ့ကိုပြိုင်ဘက်အနေဖြင့် တိုက်ခိုက်လာမည်ကို သူထိတ်လန့်နေ၏။
သူ့ဘဝတစ်လျှောက်လုံး မောက်မာကာ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့ပြီး မိစ္ဆာမျိုးနွယ်တွင် ဗိုလ်ကျစိုးမိုးခဲ့သည်။ ယခင်က ဤမျှမကြောက်လန့်ခဲ့ဖူးချေ။
အထူးသဖြင့် သူ့မျက်လုံးများက တင်းဟောက်လက်ထဲရှိ ရဲရဲတောက်နေသော ဆေဘာအကျိုးထံ ကျရောက်သွားသောအခါ ထိုအခိုက်အတန့်လေး၌ သူ့စိတ်ထဲမှ ကြောက်လန့်မှုနှင့် အဆိုးမြင်သောစိတ်ခံစားချက်များအားလုံး နိုးကြွကာ ကြီးထွားလာသကဲ့သို့ ခံစားလိုက်ရသည်။
***