“ကိုယ်တော်ကို ကျိန်စာတိုက်တဲ့သူက အမှောင်သခင်ကြီးလား” ကောင်းကင်ဧကရာဇ်က ကောင်းကင်တာအိုဗုဒ္ဓကို မေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုဗုဒ္ဓရဲ့ ရုပ်ဆိုးပြီး သွေးဆုတ်နေတဲ့ မျက်နှာကြောင့် စိုးရိမ်စိတ် နည်းနည်းဝင်သွားပါတယ် ‘သူတောင် ဒီလောက်ခံစားနေရရင် ငါ ကျိန်စာတိုက်ခံရရင်လည်း ဒီလောက်ခံစားရမှာ ကျိန်းသေတယ်၊ အမှောင်သခင်ကြီးက ငါ့ကို ပစ်မှတ်မထားပါစေနဲ့’ ကောင်းကင်ဧကရာဇ်ဟာ စိတ်ထဲက ဆုတောင်းရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓဟာ သက်ပြင်းချလိုက်ပါတယ် ‘ဟင်း... ဟုတ်တယ်၊ အမှောင်သခင်ကြီးရဲ့ ကျိန်စာက သိပ်မပြင်းပါဘူး၊ ဒါပေမဲ့ တာအိုနှလုံးသားကို တော်တော်လေး အနှောင့်အယှက်ပေးတယ်၊ ဒီလူက ကိုယ်တော်ကို ဆယ်နှစ်တိုင်း ကျိန်စာတိုက်နေတာ တော်တော်လေး မုန်းဖို့ကောင်းတယ်”
ကောင်းကင်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ကောင်းကင်တာအိုဗုဒ္ဓတောင် ဒီလိုဖြစ်နေရင် နတ်ဆိုးဧကရာဇ် ရူးသွပ်သွားတာ မဆန်းတော့ပါဘူး’
“အရှင်မင်းကြီး နတ်ဘုရားရွေးချယ်ခုံ ကိစ္စကို တွေးပြီးပြီလား” ကောင်းကင်တာအိုဗုဒ္ဓဟာ သက်သောင့်သက်သာ မဖြစ်မှုကို ဖိနှိပ်ပြီး မေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ အရက်ခွက်ကိုမြှောက်ပြီး အေးအေးဆေးဆေး ပြောလိုက်ပါတယ် “ကျုပ်တို့က နတ်ဘုရားရွေးချယ်ခုံကို ဗုဒ္ဓဂိုဏ်းနဲ့ အတူထိန်းချုပ်မယ်ဆိုရင် ကိုယ်တော်တို့ဗုဒ္ဓဂိုဏ်းက အနန္တကပ်ဘေးအတွင်းမှာ ကောင်းကင်ရုံးတော်ကို သစ္စာမဖောက်ပါဘူးလို့ အာမခံနိုင်လား”
“လုံးဝအာမခံပါတယ်”
“အနန္တကပ်ဘေးအတွင်းမှာ ဘယ်သူက ဆုံးဖြတ်ချက်ချမှာလဲ”
“ဗုဒ္ဓဂိုဏ်းက ကောင်းကင်ရုံးတော်ကို ကူညီဖို့အသင့်ပဲ၊ ကပ်ဘေးပြီးသွားရင် ကိုယ်တော်တို့တွေ အင်မော်တယ်ကမ္ဘာရဲ့ နယ်မြေတွေကို ခွဲဝေယူကြတာပေါ့၊ ကောင်းကင်ဘုံကိုတော့ ကောင်းကင်ရုံးတော်ပဲ အုပ်ချုပ်ပါ”
“ကောင်းပြီလေ၊ ကိုယ်တော်က ဒီလိုဆိုမှာတော့ ကျုပ်လည်း အချိန်ဆွဲမနေတော့ဘူး”
ကောင်းကင်ဧကရာဇ်ဟာ ပြုံးပြီး အရက်ခွက်ကို မြှောက်လိုက်ပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓကလည်း အရက်ခွက်ကို မြှောက်လိုက်ပါတယ်။ အင်အားစုနှစ်စုရဲ့ ခေါင်းဆောင်နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ပြုံးပြပြီး သဘောတူညီချက် ရသွားကြပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို ငါးရက်ကျော် ကျိန်စာတိုက်တဲ့အတွက် သက်တမ်းက လျင်မြန်စွာ ဆုတ်ယုတ်လာပါတယ်။
နှစ်တစ်သောင်း။
နှစ်တစ်သိန်း။
နှစ်တစ်သန်း။
နှစ်ဆယ်သန်း။
နှစ်ပေါင်း သန်းတစ်ရာ။
ဟန်ကျွယ်ရဲ့ ဒွါရကိုးပေါက်ကနေ သွေးတွေ ယိုစီးကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းချုပ်နဲ့ စာအိတ်တွေကို တစ်ချိန်တည်း စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓနဲ့ ပတ်သက်ပြီး စာအိတ်တစ်ခုမှ မတွေ့ရပါဘူး။ ကောင်းကင်တာအိုဗုဒ္ဓက ဟန်ကျွယ်ရဲ့ နှစ်သန်းတစ်ရာ ကျိန်စာစွမ်းအားကို ကျောက်တောင်လို ကြံ့ကြံ့ခံထားတုန်းပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓ ဘာမှမဖြစ်လို့ စိတ်ပျက်ခြင်းမရှိဘဲ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်း ဆယ်ဘီလီယံလောက် သုံးပစ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ကောင်းကင်တာအိုဗုဒ္ဓကို အနည်းဆုံး နှစ်ဘီလီယံလောက် လက်ဆောင်ပေးသင့်တယ်လို့ တွေးလိုက်ပါတယ်။
ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ မျက်နှာတစ်ခုလုံး သွေးတွေဖုံးလွှမ်းသွားပါတယ်။ ဝူတောက်ကျန့်သာ ဟန်ကျွယ်ရဲ့ ဒီအဖြစ်ကို မြင်တွေ့သွားရင် ကျိန်းသပေါက် ထအော်မှာပါ။
သုံးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ နှစ်ဘီလီယံထိ လျော့ကျသွားပါတယ်။ ဒါပေမဲ့လည်း ကောင်းကင်တာအိုဗုဒ္ဓနဲ့ ပတ်သက်ပြီး ဘာစာအိတ်မှ တက်မလာသေးပါဘူး။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျလုနီးနီး ဖြစ်သွားပါတယ် ‘ဒီကတုံးကောင်က တော်တော်ကြမ်းတာပဲ၊ ငါ ဒီလောက် ကျိန်စာတိုက်တာတောင် အခုထိ ဘာမှမဖြစ်သေးဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အခဲမကျေ ဖြစ်သွားပေမဲ့ သက်တမ်းသုံးတာ များသွားပြီမို့ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။ အဲဒီနောက် သုံးလေးရက်နားပြီး ရွှေဂဠုန်နတ်ဆိုးသခင်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်းက နောက်ထပ် နှစ်သန်းတစ်ရာ လျော့ကျသွားတဲ့ခါမှာတော့ ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ ပုံရိပ်ဟာ ဟန်ကျွယ်ရဲ့ လူမှုဆက်ဆံရေးထဲကနေ လုံးဝ ပျောက်ကွယ်သွားပါတော့တယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ရွှေဂဠုန်နတ်ဆိုးသခင်သည် ဝိညာဉ်ပေါက်ကွဲပြီး သေဆုံးသွား၏။]
ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်က နတ်ဆိုးဧကရာဇ်ပါ။
ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်ဖို့ နှစ်ဘီလီယံ သုံးပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုဗုဒ္ဓတုန်းကလိုပဲ ဘာစာအိတ်မှ တက်မလာပါဘူး။
‘နတ်ဆိုးဧကရာဇ်က ပိုပြီးတော့ စွမ်းအားကြီးလာတာလား၊ ဒါမှမဟုတ် ရတနာတစ်ခုခုသုံးပြီး ငါ့ကျိန်စာစွမ်းအားကို ခုခံနေတာလား’ ဟန်ကျွယ်ဟာ မျက်နှာပေါ်သွေးတွေကို သုတ်ပစ်လိုက်ပြီး ရက်အနည်းငယ် အနားယူပါတယ်။
ပြီးတော့မှာပဲ ဟန်ကျွယ်ရဲ့ နောက်ဆုံးရန်သူဖြစ်တဲ့ လီရွှမ်အောက်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီရွှမ်အောက်က နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓလိုများ စွမ်းအားကြီးလိမ့်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် လီရွှမ်အောက်ကို ကျိန်စာတိုက်ဖို့ နှစ်ဘီလီယံသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ် အခြေအနေ ပြန်ကောင်းမွန်လာတာနဲ့ လီရွှမ်အောက်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းက တစ်ဘီလီယံခွဲ လျော့ကျသွားတဲ့အတွက်မှာတော့ ဟန်ကျွယ် မြင်ချင်လှတဲ့ စာအိတ်တစ်အိတ်ကို မြင်လိုက်ရပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ လီရွှမ်အောက်သည် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။ လီရွှမ်အောက်အတွက်က အတွင်းနတ်ဆိုး ဖြစ်ပေါ်တာနဲ့ လုံလောက်ပါပြီ။ ဆက်ပြီးတော့ ကျိန်စာတိုက်လို့လည်း ဒီထက် ထူးခြားလာမှာ မဟုတ်ပါဘူး။ ဒီကျိန်စာတိုက်တာက ဂိမ်းကစားသလိုပါပဲ။ ရလဒ်ကောင်းတုန်း ရပ်ထားသင့်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ရန်သူတွေကို ဆယ်နှစ်တစ်ကြိမ် ပုံမှန်ကျိန်စာတိုက်ပြီး နှစ်တစ်ထောင်တိုင်းမှာ ပြင်းပြင်းထန်ထန် ကျိန်စာတိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး သူ့ဒဏ်ရာတွေကို ကုသပါတယ်။
အင်မော်တယ်ကမ္ဘာ၊ တောအုပ်တစ်အုပ်အတွင်း။
လီရွှမ်အောက်ဟာ သစ်တစ်ပင်အောက်မှာထိုင်ပြီး ဝိညာဉ်စွမ်းအားကို လက်နှစ်ဖက်နဲ့ လှည့်ပတ်နေပါတယ်။ သူ့ခန္ဓာကိုယ်မှာလည်း သတ်ဖြတ်ငွေ့တွေ အပြည့် ဖြစ်နေပါတယ်။ လီရွှမ်အောက်ဟာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးရင်း မျက်နှာပျက်သွားသလို မျက်မှောင်လည်း ကြုတ်သွားပါတယ်။
လီရွှမ်အောက်နဲ့ မနီးမဝေးမှာ ဓားတာအိုကို သုံးသပ်နေတဲ့ ဟွမ်ဂျိဟောင်ဟာ မျက်လုံးပွင့်လာပြီး လီရွှမ်အောက်ကို တအံတဩ ကြည့်လိုက်ပါတယ်။
“ဘာဖြစ်လို့လဲ ဆရာသခင်” ဟွမ်ဂျိဟောင်က မေးလိုက်ပါတယ်။ ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်ရဲ့ တပည့်ဖြစ်လာကတည်းက သူ့ဘဝကလည်း အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။ လီရွှမ်အောက်ရဲ့ ဦးဆောင်သင်ကြားမှုအောက်မှာ ဟွမ်ဂျိဟောင်ရဲ့ ဓားတာအိုဟာ ပိုပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။ ဒါကြောင့် ဟွမ်ဂျိဟောင်ရဲ့ စိတ်ထဲမှာ လီရွှမ်အောက်က အသန်မာဆုံး ဓားအင်မော်တယ်လို့ မှတ်ယူထားပါတယ်။
ဒီအချိန်မှာပဲ လီရွှမ်အောက်ဟာ ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပါတယ်။ လီရွှမ်အောက်ရဲ့ မျက်ဆံတွေဟာ နီရဲနေပြီး နဖူးမှာလည်း ထူးဆန်းတဲ့ ငွေရောင်သင်္ကေတတွေ ပေါ်လာပါတယ်။
ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်ရဲ့ အကြည့်နဲ့ မျက်နှာချင်း ဆိုင်မိသွားတဲ့အခါ နှလုံးခုန်မြန်သွားပြီး သတ်ဖြတ်ငွေ့ကို ခံစားလိုက်ရပါတယ် ‘ဆရာသခင်က ငါ့ကို သတ်ချင်နေတာလား... မဟုတ်ဘူး... ဆရာသခင်က ငါ့ကို သတ်ချင်နေတာ မဟုတ်ဘူး’
“လီတောက်ခုံး... ငါ မင်းကို အနိုင်ယူပြမယ်” လီရွှမ်အောက်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
‘လီတောက်ခုံး...’ ဟွမ်ဂျိဟောင်ဟာ စွမ်းအားကြီးမားပြီး ရွတ်နောက်တက်တဲ့ သူ့ဆရာဦးလေးကို မျက်စိထဲ မြင်ယောင်မိသွားပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဟွမ်ဂျိဟောင်ကို လီတောက်ခုံးက သင်ခန်းစာတစ်ခု သင်ပေးခဲ့ပါတယ်။ ဒီသင်ခန်းစာကြောင့် ဟွမ်ဂျိဟောင်ရဲ့ တာအိုနှလုံးသားဟာ ပြိုလဲလုနီး ဖြစ်ခဲ့ရပါတယ်။
‘ဆရာသခင်နဲ့ ဆရာဦးလေးက စွမ်းအားချင်း အတူတူပဲနဲ့တူတယ်၊ ဒါကြောင့် ဆရာသခင်က ဆရာဦးလေးကို အနိုင်မယူနိုင်တာ ဖြစ်ရမယ်’
“ဆရာသခင်... ဘာဖြစ်လို့လဲ” ဟွမ်ဂျိဟောင်က ဂရုတစိုက် မေးလိုက်ပါတယ်။
လီရွှမ်အောက်ရဲ့ မျက်လုံးတွေဟာ ပြန်ကြည်လင်သွားပြီး ဟွမ်ဂျိဟောင်ကို ခေါင်းခါပြလိုက်ပါတယ် “ငါ ဘာမှမဖြစ်ဘူး၊ ဓားတာအိုကိုသာ ဆက်သုံးသပ်ချည်” အဲဒီနောက် လီရွှမ်အောက်ဟာ မျက်လုံး ပြန်မှိတ်လိုက်ပါတယ် ‘သေစမ်း... ငါ့ကို ဘယ်သူ ကျိန်စာတိုက်နေတာလဲ၊ အမှောင်သခင်ကြီးလား’
လီရွှမ်အောက်ဟာ သူ့ကို ဘယ်သူကျိန်စာတိုက်လဲဆိုတာ စဉ်းစားမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီရွှမ်အောက် ရန်စထားတဲ့သူတွေက တော်တော်လေး နည်းလို့ပါ။
‘ကောင်းကင်ဧကရာဇ်များလား... မဖြစ်နိုင်ဘူး၊ ကောင်းကင်ဧကရာဇ်နဲ့ လီတောက်ခုံးက မိတ်ဆွေတွေ၊ ကောင်းကင်ဧကရာဇ်သာ ငါ့ကို ဒုက္ခပေးချင်ရင် လီတောက်ခုံးကနေတစ်ဆင့် ပြဿနာရှာခိုင်းလို့ရတာပဲ’
လီရွှမ်အောက်ဟာ သူ့ကို ကျိန်စာတိုက်တဲ့လူကို တွက်ချက်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ အဖြေက ထွက်မလာပါဘူး။
လီရွှမ်အောက်ကို စိတ်အနှောင့်အယှက် အပေးဆုံးကတော့ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာတာပါ။ လီရွှမ်အောက်ဟာ အရင်ကတည်းက သူ့ဂိုဏ်းတူအစ်ကိုကို တော်တော်လေး မနာလို ဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ ကျိန်စာစွမ်းအားက မနာလိုဖြစ်မှုကို နောက်တစ်ဆင့် မြှင့်ပေးလိုက်တဲ့အတွက် အခုလိုမျိုး အတွင်းနတ်ဆိုး ဖြစ်သွားတာပါ။
အတွင်းနတ်ဆိုးက လီရွှမ်အောက်ကို လီတောက်ခုံးနဲ့ တိုက်ခိုက်ဖို့ ဖြားယောင်း သွေးဆောင်နေပါတယ်။
လီရွှမ်အောက်ဟာ တွေးလေလေ စိတ်မချမ်းသာလေလေ ဖြစ်လာပြီး စိတ်လေးလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခေါက် အနန္တကပ်ဘေးက အရင်တုန်းက အနန္တကပ်ဘေးတွေနဲ့ မတူဘဲ ကပ်ဘေးထဲ ဝင်ပါတဲ့ အင်အားစုတွေ များတဲ့အပြင် နောက်ကွယ်ကနေလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က အင်အားစုတွေနဲ့ အနန္တကပ်ဘေးကို ခြယ်လှယ်ကြိုးကိုင်နေလို့ပါပဲ။
ဒီလိုနဲ့ ဥတုရာသီ ပုံမှန်လည်ပတ်ပြီး အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။
လီရွှမ်အောက်ကို ကျိန်စာတိုက်ပြီးကတည်းက ဟန်ကျွယ်ဟာ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ပါတယ်။ အနန္တကပ်ဘေးမှာ အင်မော်တယ်ဧကရာဇ် စတုတ္တအဆင့်က ဘာမှမဟုတ်သေးပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို အမြန်ဆုံး ရောက်ချင်နေပါပြီ။
ထုန်ကျန့်ကမ္ဘာကလည်း လျင်မြန်စွာ တိုးတက်လာပါတယ်။ အင်မော်တယ်ကမ္ဘာက ပြန်လာတဲ့သူတွေဟာ ဂိုဏ်းကိုယ်စီ တည်ထောင်ကြတာကြောင့် ထုန်ကျန့်ကမ္ဘာရဲ့ ကျင့်ကြံမှုအဆင့်အတန်းဟာ ပိုပိုတိုးတက် ထွန်းကားလာပြီး ကံတရား အထောက်အပံ့ကလည်း တစ်နေ့တစ်ခြား တိုးပွားလာပါတယ်။
ဟန်ကျွယ်ကို မျက်နှာလုပ်ချင်တဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ရုပ်တုကို ထုန်ကျန့်ကမ္ဘာအနှံ့ ဖြန့်ကျက်ပြီး ထုန်ကျန့်ကမ္ဘာရဲ့ နတ်ဘုရားအဖြစ် ရှိခိုးပူဇော်ခိုင်းပါတယ်။ ဒီလုပ်ရပ်ကြောင့် ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ဟာ ဟန်ကျွယ်ပေါ် သက်ရောက်ပြီး ဟန်ကျွယ်ဟာ အနန္တကပ်ဘေးထဲ မဝင်ရဘဲ ကံတရား အထောက်အပံ့ တိုးတက်လို့ လာပါတယ်။
နှစ်လေးဆယ်ကြာပြီးနောက်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကတော့ ကျင့်ကြံတာမဟုတ်ရင် အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်နေကြပါတယ်။
ထူလင်းအာနဲ့ လီယောင်ကတော့ အတူထိုင်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်နေပါတယ်။ ထူလင်းအာဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို ရပြီးကတည်းက အတော်လေး အစွမ်းထက်လာပါတယ်။ အင်မော်တယ်ဧကရာဇ်ကလွဲရင် ဘိုးဘေးမှော်ဆရာမျှော်စစ်ရဲ့ ခံစစ်ကို ဘယ်သူမှ မချိုးဖျက်နိုင်ပါဘူး။ လီယောင်နဲ့ မုရုံချီဟာ ဒီကိစ္စကို အယုံအကြည်မရှိဘဲ ထူလင်းအာကို မကြာခဏ စိန်ခေါ် တိုက်ခိုက်လေ့ရှိပါတယ်။
ဟန်ကျွယ်ရဲ့ ရောင်ဝါကို ခံစားမိတာကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... နွေဦးပင်လယ်က လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
***