“ဒါပေမဲ့...”
အနက်ရောင်အရိပ်ရဲ့ လေသံပြောင်းလဲသွားမှုကြောင့် ဟန်မင်ဟာ အနက်ရောင်အရိပ်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါတယ်။
“ချန်ကျောင်းတော်က ခွန်လွန်မှာ ပါရမီရှင်အင်မော်တယ် တွေ့ဆုံပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်၊ သက်တမ်း တစ်သန်းအောက်က အင်မော်တယ်တွေအကုန်လုံး ဒီပွဲကို တက်လို့ရတယ်၊ မင်း ဒီပွဲကို သွားတက်လို့ရတယ်၊ ဒီပွဲမှာ မင်းဘာပဲရရ မင်းပေါ်မှာပဲ မူတည်တယ်၊ ဒါပေမဲ့ ဒီတွေ့ဆုံပွဲပြီးရင်တော့ မင်း ဒီကို ပြန်လာရမယ်၊ မဟုတ်ရင် မင်းနဲ့ငါရဲ့ ဆရာတပည့်ရေစက်က အပြတ်ပဲ”
ဟန်မင်ဟာ ကျေနပ်အံအားသင့်သွားပြီး အနက်ရောင်အရိပ်ကို ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုပါတယ်။ ဟန်မင်ဟာ အသက်သုံးထောင်နီးပါ ရှိပြီမို့ သူ့စိတ်ကလည်း အရွယ်ရောက်နေပါပြီ။ ဒါပေမဲ့ ဟန်မင်ဟာ ဘယ်ကိုမှ မသွားဖူးတဲ့အပြင် သူ့မိဘတွေကိုတောင် မမြင်ဖူးပါဘူး။ ဒါကြောင့် ဟန်မင်ဟာ အပြင်ထွက်ဖို့ အခွင့်အရေးကို အမြဲတမ်း စောင့်စားနေခဲ့တာပါ။
“ကျွန်တော် ဆရာသခင်ကို စိတ်မပျက်စေရပါဘူး” ဟန်မင်ဟာ စိတ်လှုပ်ရှားစွာ ကတိပေးလိုက်ပါတယ်။
အနက်ရောင်အရိပ်ဟာ မဆိုစလောက် ခေါင်းညိတ်လိုက်ပြီး ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာ ဟန်မင်က အမြန်မေးလိုက်ပါတယ် “ကျွန်တော်အစ်ကိုရော ဒီပွဲကို လာတက်မှာလား”
အနက်ရောင်အရိပ်က အဓိပ္ပာယ်ပါပါ ပြန်ပြောလိုက်ပါတယ် “သူက သွားမှာ မဟုတ်ဘူး၊ သူ့အကြောင်းချည်း နေ့တိုင်း တွေးမနေနဲ့၊ မင်းနဲ့ သူရဲ့ ကွာခြားချက်က မိုးနဲ့မြေလိုပဲ၊ မင်းက သူ့ကို အစ်ကိုအဖြစ် အသိအမှတ်ပြုရင်တောင် သူက မင်းကို ညီအဖြစ် အသိအမှတ်ပြုချင်မှ ပြုမှာ၊ သူက မင်းရှိမှန်း သိတာလည်း မဟုတ်ဘူး၊ မင်းတို့က ငယ်ငယ်လေးကတည်းက မိဘစွန့်ပစ်တာ ခံခဲ့ရတာ၊ အနည်းဆုံးတော့ မင်းကိုစောင့်ရှောက်ဖို့ ငါ ရှိသေးတယ်၊ သူက အမြဲတမ်း တစ်ယောက်တည်း နေခဲ့ရတာဆိုတော့ သူ့နှလုံးသားက မိသားစုကို လက်ခံနိုင်မှာ မဟုတ်ဘူး၊ မင်းလုပ်ရမှာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီး တစ်နေ့ကျရင် သူနဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းဖို့ပဲ”
စကားအဆုံးမှာပဲ အနက်ရောင်အရိပ်ဟာ ကွင်းပြင်ကနေ ပျောက်ကွယ်သွားပါတယ်။ အနက်ရောင်အရိပ်ရဲ့ စကားကြောင့် ဟန်မင်ဟာ မျက်မှောင်ကြုတ်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံတာရပ်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျိန်စာတိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ငရဲပြည်မှ ထွက်ခွာသွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ကျယ်ကျောင်းတော် တပည့်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၉၃၀၈
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၄၃၃၇၆
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ကျယ်ကျောင်းတော် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ နတ်ဆိုးဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ခန္ဓာကိုယ်အား ပြန်တည်ဆောက်ပြီး ကောင်းကင်တာအိုအား သိမြင်နားလည်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
‘ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်က ထပ်တိုက်ပြန်ပြီလား၊ သူတို့တိုက်ပွဲကလည်း ပြီးကို မပြီးနိုင်တော့ဘူး’
ဟန်ကျွယ်ရဲ့ တပည့်တွေထဲမှာ ဖန်းလျန်တစ်ယောက်ပဲ ကောင်းကင်ရုံးတော်မှာ ရှိနေတာပါ။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ဖန်းလျန်ကို ပြန်မခေါ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုစစ်ပွဲကခေါ်လိုက်ရင် ဖန်းလျန်က ကောင်းကင်ရုံးတော်ကို စွန့်ပစ်လိုက်သလိုမျိုး ဖြစ်သွားမှာပါ။
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်ကြည့်တဲ့အခါမှာ ထူးထူးခြားခြား ထပ်မတွေ့ရတော့ပါဘူး။ အနန္တကပ်ဘေးက အနည်းဆုံး နှစ်တစ်သောင်းနီးပါး ကြာမြင့်တဲ့အတွက် ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ တိုက်ပွဲက နှစ်လေးငါးရာနဲ့ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။
အင်အားစုတွေဟာ တိုက်ခိုက်ရင်းနဲ့ ကြီးထွားလာကြပါတယ်။ အမှန်အတိုင်းပြောရရင် တိုက်ပွဲကို အကြောင်းပြပြီး တခြားအင်အားစုငယ်လေးတွေကို ဝါးမြိုကြတာပါ။ ဥပမာပေးရရင် နတ်ဆိုးရုံးတော်က ငရဲပြည်မှာ တော်တော်လေး အင်အားကြီးနေပါပြီ။
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်နေတုန်း မိုးခြိမ်းသံလို ကျယ်လောင်တဲ့ အော်ဟစ်သံကို ကောင်းကင်ယံကနေ ကြားလိုက်ရပါတယ်။
“ငါက ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးပဲ၊ ငါ အင်မော်တယ်ကမ္ဘာရဲ့ နံပါတ်တစ် စစ်နတ်ဘုရားဘွဲ့ကို လိုချင်တယ်၊ မကျေနပ်တဲ့သူရှိရင် ကောင်းကင်မြစ်မှာ ငါ့ကို လာစိန်ခေါ်နိုင်တယ်၊ ငါ့ကို အနိုင်ယူနိုင်မယ်ဆိုရင် ငါပိုင်ဆိုင်တဲ့ ဝိညာဉ်စွမ်းအား၊ ဝိညာဉ်ရတနာနဲ့ ကံတရား အထောက်အပံ့ အကုန်လုံးကို မင်းတို့ရလိမ့်မယ်”
“ကောင်းကင်တာအိုရဲ့ မျက်စိအောက်မှာ နှစ်တစ်ထောင်အတွင်း ငါ့ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးဆိုရင် ငါက အသန်မာဆုံး စစ်နတ်ဘုရားပဲ”
ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ အသံဟာ အလွန်တရာမှာ မောက်မာလှပြီး ထိတ်လန့်ဖွယ်ပါ။ ဟန်ကျွယ်တောင်မှာ လက်နည်းနည်း တုန်သွားပါတယ်။
“ဝုန်း...”
ကျယ်လောင်တဲ့ ပေါက်ကွဲသံကြောင့် ဟန်ကျွယ် မော့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့အကြည့်ဟာ တိတ်ဆိတ်ကျွန်းကို ဖြတ်ကျော်ပြီး ငရဲပြည်ရဲ့ ကောင်းကင်ယံဆီ ရောက်သွားတဲ့အခါမှာတော့ ကောင်းကင်ပြင်ကို ထိုးဖောက်ထားတဲ့ လှံသွားကြီးတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။ ဒီလှံသွားအောက်မှာ ငရဲပြည်က အရာအားလုံးဟာ ပုရွတ်ဆိတ်လေးလိုပါပဲ။
ဒီလှံဟာ ဟန်ကျွယ်မြင်ဖူးတဲ့ အရာဝတ္ထုတွေထက် အများကြီး ပိုကြီးပါတယ်။ လှံသွားနဲ့တင် ဒီလောက်ကြီးနေတဲ့အတွက် ဒီလှံက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ဟန်ကျွယ်တင် ထိတ်လန့်သွားတာ မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေလည်း ထိတ်လန့်သွားကြပါတယ် “အဲဒါ ဘာကြီးလဲ”
“အဲဒါ ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ နတ်လက်နက်ပဲ”
“ကောင်းကင်နတ်ဘုရား စစ်သူကြီးက တော်တော် မောက်မာတာပဲ”
“သူ့မှာ မောက်မာနိုင်တဲ့ အစွမ်းရှိတယ်လေ၊ ကြည့်ရတာ အင်မော်တယ်ကမ္ဘာတော့ စည်စည်ကားကား ဖြစ်တော့မယ်”
“သူ ရူးသွားတာလား၊ ဘာဖြစ်လို့ ကောင်းကင်ရုံးတော်ကို ရန်သူများအောင် လုပ်နေတာလဲ”
“မဟုတ်ဘူး၊ အနန္တကပ်ဘေးအတွင်းမှာ ကောင်းကင်တာအိုကို ဆင့်ခေါ်လို့ရတယ်၊ ကောင်းကင်တာအိုရဲ့ မျက်စိအောက်မှာလို့ သူပြောတာ မင်းမကြားဘူးလား၊ တကယ်လို့ နှစ်တစ်ထောင်အတွင်း သူ့ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးဆိုရင် စစ်နတ်ဘုရား ကံတရား အထောက်အပံ့က သူ့အပိုင်ပဲ၊ အနန္တကမ္ဘာမှာရှိတဲ့ သူတို့ကိုယ်သူတို့ စစ်နတ်ဘုရားလို့ ခံယူထားတဲ့လူအားလုံး၊ စစ်နတ်ဘုရားဘွဲ့ရှိတဲ့ လူအားလုံးရဲ့ ကံတရား အထောက်အပံ့က ကောင်းကင်နတ်ဘုရား စစ်သူကြီးဆီ ရောက်သွားမှာ”
ငရဲနက်နတ်ဆိုးသခင်ဟာ ဆွေးနွေးဝိုင်းထဲ ဝင်လာပြီး ကောင်းကင်နတ်ဘုရား စစ်သူကြီး ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှင်းပြပါတယ်။
ငရဲနက်နတ်ဆိုးသခင်ရဲ့ စကားကြောင့် အားလုံးရဲ့အကြည့်တွေဟာ မုရုံချီဆီ ရောက်သွားပါတယ်။ မုရုံချီက စစ်နတ်ဘုရားလို ကျော်ကြားသူ မဟုတ်ပါလား။
ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ ကြော်ငြာချက်ဟာ မုရုံချီကို ရန်စလိုက်တာပါ။
မုရုံချီဟာ မတက်နိုင်တဲ့မျက်နှာနဲ့ ပြုံးလိုက်ပါတယ် “ကျွန်တော်ကို ဝိုင်းမကြည့်ကြနဲ့၊ စစ်နတ်ဘုရား ကံတရား အထောက်အပံ့ကို စွန့်လွှတ်ရလည်း မတက်နိုင်ဘူး၊ ဒီဘဝမှာ ကျွန်တော်က စစ်နတ်ဘုရားလို့ ခေါ်လို့မရဘူး၊ ကျွတ်..ကျွတ်... ကောင်းကင်နတ်ဘုရား စစ်သူကြီးက ရှန်နန်းတော်က ပစ်မှတ်ထားတာ ကျိန်းသေတယယ်၊ ရှန်နန်းတော်မှာက စစ်နတ်ဘုရားတွေ အများကြီးပဲ”
စုချီဟာ မုရုံချီစကားကြောင့် အံအားသင့်သွားပြီး ဝင်မေးပါတယ် “ကောင်းကင်ရုံးတော်နဲ့ ရှန်နန်းတော်က မဟာမိတ်တွေ မဟုတ်ဘူးလား”
“အင်မော်တယ်ကမ္ဘာက ထိပ်သီးအင်အားစုလေးစုရဲ့ ဆက်ဆံရေးက အမြဲတမ်း ပြောင်းလဲနေတာ၊ သူတို့ပြောတာကို ယုံလို့မရဘူး” ငရဲနက်နတ်ဆိုးသခင်ဟာ ခေါင်းခါလိုက်ပါတယ်။
လီယောင်က သိချင်စိတ်နဲ့ ဝင်မေးလိုက်ပါတယ် “ဒီကိစ္စမှာ ကောင်းကင်နတ်ဘုရား စစ်သူကြီးက စစ်နတ်ဘုရား ကံတရား အထောက်အပံ့ကို အလောင်းအစား လုပ်လိုက်တာဆိုတော့ တခြားသူတွေကရော တခြားကံတရား အထောက်အပံ့ကို အလောင်းအစား မလုပ်ကြဘူးလား၊ ဥပမာအနေနဲ့ ပြောရရင် အင်မော်တယ် ကံတရား အထောက်အပံ့ဆိုရင် အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ကံတရား အထောက်အပံ့ကို သိမ်းပိုက်နိုင်မှာမလား”
လူတိုင်းရဲ့အကြည့်ဟာ လီယောင်ဆီ စုပြုံကျရောက်သွားပါတယ် ‘ဒီမိန်းမက အမြဲတမ်း သိုသိုသိပ်သိပ် ကျင့်ကြံတာပါ၊ ဒီနေ့ကျမှ ဘာလို့ ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ’
ငရဲနက်နတ်ဆိုးသခင်ဟာ မျက်လုံးပင့်တက်သွားပြီး ဒေါသတကြီး ပြန်ဖြေလိုက်ပါတယ် “ဘယ်သူ လုပ်ရဲမှာလဲ၊ ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်တောင် အဲဒီလို မလုပ်ရဲဘူး၊ အဲဒီ အလောင်းအစားကို ဘယ်သူပဲလုပ်လုပ် ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
လီယောင်ဟာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူ့အတွေးတိမ်က ဘယ်လောက်တိမ်မှန်း သဘောပေါက်သွားပါတယ်။ နောက်မှာရပ်နေတဲ့ သွမ့်ဟုန်ချန်လည်း မေးစေ့ပွတ်ပြီး အတွေးနက်သွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ရဲ့ စကားကို နားထောင်ပြီး ကောင်းကင်ရုံးတော်အတွက် စိုးရိမ်သွားပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ လုပ်ရပ်က ကိုယ့်သေတွင်း ကိုယ်တူးတာပါ။ မုဆိုးက ရှေ့ထွက်တဲ့ငှက်ကို ပစ်နေကျ မဟုတ်ပါလား။
‘အို... ကောင်းကင်ဧကရာဇ်... ငါ မင်းကို ဘယ်လိုကယ်ရမှာလဲ’
ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ တိထိုက်ပိုင်ရဲ့ နတ်အာရုံနဲ့ ဆက်သွယ်မိသွားပါတယ်။
“ကောင်းကင်နတ်ဘုရား စစ်သူကြီးအကြောင်းကို မေးမလို့မလား” တိထိုက်ပိုင်က အပြုံးနဲ့ မေးလိုက်ပါတယ်။ ကြည့်ရတာ တိထိုက်ပိုင်ကိုရှာတာ ဟန်ကျွယ်တစ်ယောက်တည်း မဟုတ်ပုံပါပဲ။
“ဟုတ်တယ်၊ ဒီကိစ္စကို မောက်မာလွန်းရာ မရောက်ဘူးလား”
“မစိုးရိမ်နဲ့၊ ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းက မဟာမိတ်ဖွဲ့ပြီး နတ်ဘုရားရွေးချယ်ခုံ ထိန်းချုပ်ထားတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ကောင်းကင်ရုံးတော်ကို နတ်ဆိုးရုံးတော် တိုက်ခိုက်တုန်းက ရှန်နန်းတော်က လျစ်လျူရှုခဲ့တယ်၊ အဲဒါကြောင့်မို့လို့ သူတို့ကို သင်ခန်းစာပေးတာ”
“ဗုဒ္ဓဂိုဏ်းက ယုံလို့ရလို့လား”
“ကောင်းကင်တာအိုဗုဒ္ဓကိုယ်တိုင် အရှင်မင်းကြီးနဲ့ လာဆွေးနွေးတာ၊ ဒီကိစ္စကိုလည်း အင်မော်တယ်ကမ္ဘာမှာ လူသိရှင်ကြား ကြော်ငြာပြီးပြီ၊ ဗုဒ္ဓဂိုဏ်းသာ ဒီသဘောတူညီမှုကို ချိုးဖောက်ရင် သူတို့က ဘယ်သူက ယုံကြည်ရဲတော့မှာလဲ”
“ထားပါတော့”
ဟန်ကျွယ်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို သိမ်းပြီးတဲ့အခါမှာတော့ စိတ်လေးသွားပါတယ် ‘ကောင်းကင်တာအိုဗုဒ္ဓက ထောင်ချောက်တော့ စဆင်နေပြီ’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်သင့် မတိုက်သင့် ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ သူ့ကို သေအောင် ကျိန်စာတိုက်လိုက်လို့ ဗုဒ္ဓဂိုဏ်း ဖရိုဖရဲ ဖြစ်သွားရင် ကောင်းကင်ရုံးတော်ရော ဒုက္ခရောက်သွားမလား’
‘ထူးဆန်းတယ်၊ ကောင်းကင်တာအိုဗုဒ္ဓက ကောင်းကင်ရုံးတော်နဲ့ ဘယ်လိုလုပ်ပြီး မဟာမိတ်ဖွဲ့ရတာလဲ၊ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို ကျိန်စာမတိုက်တာ သတိထားမိသွားလို့လား၊ ဒါ ဖြစ်နိုင်တယ်’
‘ဟုတ်တယ် ဒီတစ်ချက်ကို ငါ မေ့နေတာပဲ၊ တစ်ယောက်ယောက်သာ ကျိန်စာတိုက်တာကို သေချာစုံစမ်းရင် အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကဆိုတာကို သိသွားတော့မှာပဲ... မဖြစ်သေးဘူး’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ကောင်းကင်ဧကရာဇ်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်က အယောင်ပြ ကျိန်စာတိုက်တာဖြစ်တဲ့အတွက် တစ်ရက်ပဲ ကျိန်စာတိုက်ပါတယ်။ ပြီးတဲ့အခါမှာလည်း ကောင်းကင်ဧကရာဇ်ကို စိတ်ထဲကနေ တောင်းပန်လိုက်ပါတယ်။
‘အို ကောင်းကင်ဧကရာဇ် မကြောက်ပါနဲ့၊ ကျွန်တော်က ဟန်ပြ ကျိန်စာတိုက်တာပါ၊ တစ်ခုခုဖြစ်သွားအောင် ကျိန်စာမတိုက်ပါဘူး’
ကောင်းကင်ရုံးတော် နတ်ဘုရားခန်းမမှာ အင်မော်တယ် နတ်ဘုရားတွေ စုရုံးနေကြပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ဝိညာဉ်စွမ်းအားကို လှည့်ပတ်ကာ ကျိန်စာစွမ်းအားကို ခုခံပါတယ်။ တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ် မျက်နှာပြောင်းသွားတာကို သတိထားမိတာကြောင့် မေးလိုက်ပါတယ် “အရှင်မင်းကြီး ဘာဖြစ်လို့လဲ”
တိထိုက်ပိုင်ရဲ့ အမေးကြောင့် အင်မော်တယ် နတ်ဘုရားတွေရဲ့အကြည့်ဟာ ကောင်းကင်ဧကရာဇ်ဆီ ရောက်သွားပါတယ်။
ကောင်းကင်ဧကရာဇ်ရဲ့ မျက်ဝန်းထဲမှာ ဒေါသမီးလျှံ ယှက်သမ်းသွားပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် “တစ်ယောက်ယောက် ငါ့ကို ကျိန်စာတိုက်နေတယ်၊ ငါ တွက်ချက်ကြည့်တာ စာအုပ်တစ်အုပ်ဆိုတော့ အမှောင်သခင်ကြီးပဲ ဖြစ်ရမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
***