“ဟုတ်ကဲ့ပါ၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်” ဟွမ်ဇွမ်တျန်ဟာ ကတိပေးလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲမှာ ဒီကိစ္စကို လုံးဝအလိုမရှိပေမဲ့ ကြိုးကြာဖြူကို မဆန့်ကျင်ရဲပါဘူး။
ကြိုးကြာဖြူက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ် “ကြိုးစားထား၊ ငါ မင်းကို အမြင့်ကြီး တွေးထားတာ”
ဟွမ်ဇွမ်တျန်ဟာ ချက်ချင်းပဲ ဦးညွှတ်လိုက်ပါတယ်။
ကြိုးကြာဖြူ ပျံထွက်သွားတဲ့အခါ ဟွမ်ဇွမ်တျန်ဟာ လက်ထဲက စာလိပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပါတယ် “ခင်ဗျားတို့လို အကြီးအကဲတွေက ဘာဖြစ်လို့ အေးအေးဆေးဆေး မကျင့်ကြံနိုင်ရတာလဲ၊ ပြဿနာမရှာရရင် လူအထင်ကြီးအောင် လုပ်ကြတယ်၊ ခင်ဗျားတို့တွေ ခံရပေါင်းလည်း များလှပြီ၊ ဘာလို့ အခုထိ မမှတ်ကြသေးတာလဲ၊ ခင်ဗျားတို့ဦးနှောက်တွေက ဘာနဲ့များ လုပ်ထားကြတာလဲ”
“ဟင်း...”
ဟွမ်ဇွမ်တျန်ဟာ သက်ပြင်းချလိုက်ပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်သွားပါတယ်။
.....
နှစ် ၂၀ ကြာပြီးနောက်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပုံမှန်အတိုင်း တိုးတက်လာပါတယ်။ ဟန်ကျွယ် စွမ်းအားကြီးလာတာနဲ့အမျှ လောကဦး ကြယ်တရာခန္ဓာကိုယ်ရဲ့ ကမ္ဘာဖျက်ကြာနက်ကို ဝါးမြိုမှုကလည်း ပိုပြီးတော မြန်ဆန်လာပါတယ်။ ဒါ့အပြင် ပုကျုံးနတ်ပန်းရဲ့ ရှန်တျန်ချီ ထုတ်လွှတ်မှုကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ပုံသေတိုးတက်လို့လာပါတယ်။
ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို မကြာခင် ရောက်ရှိသွားမှာဖြစ်ပြီး အနန္တကပ်ဘေး ပြီးဆုံးသွားရင်တော့ နတ်မင်းအဆင့်ကို ကျိန်းသေပေါက် ရောက်ရှိနိုင်မှာပါ။ ဒီထက်မြင့်မားတဲ့ အဆင့်ကို ရောက်ရှိဖို့ဆိုရင်တော့ ဟန်ကျွယ် ကြိုးစားဖို့ လိုပါသေးတယ်။
ဒီလိုဖြစ်ဖိုကလည်း ဟန်ကျွယ် အသက်ရှင်နေမှ ဖြစ်မှာပါ။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ဘက် မောင်းထုတ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီရွှမ်အောက်သည် နတ်ဆိုးမျိုးနွယ်စု အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈၇
[သင့်မိတ်ဆွေ လီရွှမ်အောက်သည် နတ်ဆိုးမျိုးနွယ်စုမှ စွမ်းအားကြီးပုဂ္ဂိုလ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x6
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၇၆၉၂၁
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ သိဟုန်ယဲ့သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ခွန်လွန်သို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ခွန်လွန်သို့ ဝင်ရောက်သွား၏။]
…
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိတ်ဆွေအများစုက ကျိန်စာတိုက်ခံရပြီး မိတ်ဆွေတော်တော်များများက ခွန်လွန်ထဲ ဝင်ရောက်သွားလို့ပါပဲ။
‘တစ်ခုခုတော့ မှားနေပြီ’
‘တစ်ယောက်ယောက်က အမှောင်သခင်ကြီးယောင် ဆောင်ပြီး ကျိန်စာတိုက်နေတာလား’
‘ခွန်လွန်ကရော ဘာဖြစ်နေတာလဲ... အနန္တကပ်ဘေး ကျရောက်နေတဲ့ကာလမှာ လူတွေအများကြီးက ခွန်လွန်ကို ဘာသွားလုပ်ကြတာလဲ’
‘ကြည့်ရတာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်တော့မယ်နဲ့တူတယ်’
ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်လာပါတယ်။
တစ်လကြာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
အနန္တကပ်ဘေးထဲကို အင်အားစုတွေ တစ်စုပြီးတစ်စု ဝင်လာတာကြောင့် ဟန်ကျွယ်ဟာ သိုသိုသိပ်သိပ် နေထိုင်တာအပြင် စွမ်းအားကြီးမားလာအောင်လည်း အပတ်တကုတ် ကြိုးစားအားထုတ်ပါတယ်။
[ဟန်မင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ အသိပေးချက်ကြောင့် မှင်သက်သွားပါတယ် ‘ဒီကောင်စုတ်လေးက ငါ့ကို ဘယ်လိုလုပ်ပြီး အကောင်းမြင်သွားရတာလဲ’
ဟန်ကျွယ်ဟာ ဒီအကြောင်းကို အများကြီး မတွေးပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ ဟန်မင်ကို ညီအဖြစ် အသိအမှတ်ပြုဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။ လွမ်ဟွေအင်မော်တယ်ဧကရာဇ်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်က ဟန်မင်ကို အစောကြီးကတည်းက ကျိန်စာတိုက်ပြီးပါပြီ။
အပြာရောင် ကောင်းကင်အောက်မှာ အဖြူရောင်တိမ်တိုက်တွေ လွှင့်ပျံနေပြီး အင်မော်တယ် ကြိုးကြာငှက်တွေ အတန်းလိုက် စီတန်းရပ်နေပါတယ်။ မကြာခဏဆိုသလိုလည်း အင်မော်တယ်ငှက်တွေ စီးတော်သားရဲတွေ ဝိညာဉ်ရတနာတွေ ပျံသန်းလာတာကို တွေ့မြင်နိုင်ပါတယ်။
တောအုပ်တစ်အုပ်ရဲ့ ကျောက်သားဇရပ်တစ်ခု အတွင်းမှာ လူသုံးယောက် ထိုင်နေကြပါတယ်။ သူတို့သုံးယောက်ကတော့ ဖန်းလျန်၊ ကျိုးဖန်နဲ့ မော့ဖူချိုတို့ ဖြစ်ပါတယ်။ သူတို့သုံးယောက်ဟာ ကျောက်စားပွဲကို ဝိုင်းထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောရင်း အရက်သောက်နေကြပါတယ်။
“ကျွန်တော်တို့တွေ ဒီပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲမှာ အတူတူပူးပေါင်းသင့်တယ်၊ ဘယ်လိုပဲပြောပြော ကျွန်တော်တို့တွေ အင်မော်တယ်ကမ္ဘာက ပါရမီရှင်တွေကို မီနိုင်မှာ မဟုတ်ဘူး” ကျိုးဖန်က အကြံပြုပါတယ်။
ဖန်းလျန်က ပြုံးလိုက်ပါတယ် “အရင်တစ်ခေါက် ကျွန်တော့်ကို ကယ်ထားတဲ့ အကြွေးကို ပြန်မဆပ်ရသေးဘူးဆိုတော့ ဒီတစ်ခေါက် အတူတူ အလုပ်လုပ်ကြတာပေါ့”
မော့ဖူချိုဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “အဲဒီလိုတွေးစရာ မလိုပါဘူး၊ တကယ်တမ်းပြောရရင် ကျုပ်တို့ ကူညီခဲ့တယ်လို့တောင် ပြောလို့မရပါဘူး”
ဖန်းလျန်က ပြောလိုက်ပါတယ် “ဒါနဲ့ ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲရဲ့ စည်ကမ်းတွေကို သိကြလား”
ကျိုးဖန်ရော မော့ဖူချိုရော ခေါင်းခါလိုက်ကြပါတယ်။ ဖန်းလျန်တို့ သုံးယောက် စကားပြောဆိုနေတုန်း ကျင့်ကြံသူ အများပြားဟာ တောအုပ်ကိုဖြတ်ပြီး ပျံသန်းသွားကြပါတယ်။ ဒီကျင့်ကြံသူတွေရဲ့ ဦးတည်ရာကတော့ ခွန်လွန်ပါပဲ။
ခွန်လွန်က ဖန်းလျန်တို့သုံးယောက် အရက်သောက်နေတဲ့ တောအုပ်နဲ့ သိပ်မဝေးတာကြောင့် ဖန်းလျန်တို့သုံးယောက်ဟာ အေးအေးလူလူ လုပ်နေကြပါတယ်။
ကျိုးဖန်က မျှော်လင့်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ပြောကြတာတော့ ပါရမီရှင်အင်မော်တယ် တွေ့ဆုံပွဲမှာ ဧကရာဇ်အဆင့် တက်ရောက်ဖို့ နည်လမ်းရှိတယ်လို့ ကြားတယ်”
မော့ဖူချိုက ပြုံးလိုက်ပါတယ် “ငါကတော့ ဒီအနန္တကပ်ဘေးကို ရှောင်ရှားဖို့ ချန်ကျောင်းတော်ထဲ ဝင်ဖို့ စဉ်းစားထားတယ်”
ဖန်းလျန်ဟာ ပြုံးလိုက်ပြီး အဝေးမှာလျှောက်နေတဲ့ လူတစ်ယောက်ကို တစ်ချက်ကြည့်မိလိုက်တဲ့အခါ မျက်လုံးပြူးပြီး ကြက်သေသေသွားပါတယ်။ ကျိုးဖန်ဟာ ဖန်းလျန်ရဲ့ အမူအရာကို သတိထားမိသွားပြီး လှမ်းကြည့်လိုက်တဲ့အခါ ကျိုးဖန်လည်း မှင်သက်သွားပါတယ်။
မော့ဖူချိုဟာ ကျိုးဖန်နဲ့ ဖန်းလျန်ရဲ့ အကြည့်နောက်ကို လိုက်ပြီး တအံတဩ ဖြစ်သွားပါတယ် “အစ်ကိုဟန်လား”
အနက်ရောင်ဝတ်ရုံနဲ့လူဟာ မော့ဖူချိုရဲ့စကားကို ကြားသွားဟန်ရှိတာကြောင့် မော့ဖူချိုတို့ကို လှမ်းကြည့်လိုက်ပါတယ်။
ကျိုးဖန်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “အို... ကျွန်တော်တို့တွေ လူမှားတာပဲ၊ ဟန်ကျွယ်က သူ့ထက် ပိုကြည့်ကောင်းတယ်”
ဖန်းလျန်က ကျိုးဖန်စကားကို ခေါင်းညိတ်ပြီး ထောက်ခံပါတယ်။
အနက်ရောင်ဝတ်ရုံနဲ့လူဟာ ကျိုးဖန်ရဲ့စကားကို ကြားသွားပြီး ကျောက်သားဇရပ်နားကို လျှပ်တပြက် ရောက်လာပါတယ် “ခင်ဗျားတို့ ပြောနေတဲ့လူက ဟန်ကျွယ်လား”
ဖန်းလျန်တို့သုံးယောက်ဟာ အနက်ရောင်ဝတ်ရုံနဲ့လူရဲ့ မေးခွန်းကြောင့် ထိတ်လန့်သွားကြပြီး အနက်ရောင်ဝတ်ရုံနဲ့လူကို မျက်စိဒေါက်ထောက် ကြည့်လိုက်ကြပါတယ်။
ဖန်းလျန်ဟာ ဓားကိုဆွဲထုတ်လိုက်ပြီး ပြန်မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
အနက်ရောင်ဝတ်ရုံနဲ့လူက အေးစက်စွာ ဖြေပါတယ် “ငါက ဟန်မင်ပဲ”
‘ဟန်မင်’ ဖန်းလျန်တို့သုံးယောက်ဟာ ဒီအဖြေကြောင့် ထပ်ပြီးတော့ မှင်သက်သွားကြပါတယ် ‘ဒီနာမည်က ဟန်ကျွယ်နာမည်နဲ့ ဆင်တူတယ်၊ နောက်ပြီး သူတို့နှစ်ယောက်ကလည်း ရုပ်ချင်းဆင်တယ်၊ မဟုတ်မှလွဲရော...’
“ဟမ်... ဟန်ကျွယ် ဒီကို ရောက်နေတာလား” ဟန်မင်က နှာခေါင်းရှုံ့သွားပြီး မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည် ယှက်သမ်းသွားပါတယ်။
ဖန်းလျန်က ပြန်ဖြေလိုက်ပါတယ် “ဆရာဘိုးဘိုးက ဘုံပျံမတက်သေးဘူး၊ ဘုံပျံတက်ခဲ့ရင်တောင် ဒီလောက်ကြီးကျယ်တဲ့ပွဲကို လာတက်မှာ မဟုတ်ဘူး”
‘သူက ဘုံပျံမတက်သေးဘူးလား’ ဟန်မင်ဟာ မျက်မှောင်ကြုတ်သွားပြီး လေသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “သူ့ကျင့်ကြံမှုက ဘယ်ထိရောက်ပြီလဲ၊ ဘာလို့ အခုထိ ဘုံပျံမတက်သေးတာလဲ”
ကျိုးဖန်ဟာ ဟန်မင်ရဲ့လေသံကို မနှစ်သက်တာကြောင့် နှာခေါင်းရှုံ့လိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ဘာကိစ္စနဲ့ အစ်ကိုဟန်ရဲ့ ကျင့်ကြံမှုကို သိချင်ရတာလဲ”
ဟန်မင်ဟာ ကျိုးဖန်ကို ဂရုမစိုက်ဘဲ ဖန်းလျန်ကိုသာ စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက သူ့ရဲ့ မြေးတပည့်လား၊ မင်းက ဘယ်ဂိုဏ်းကလဲ”
ဖန်းလျန်က ပြန်မဖြေတာကြောင့် ဟန်မင်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။ ဟန်မင်ဟာ ထပ်မေးဖို့ ပြင်လိုက်ပေမဲ့ လောကတစ်ခုလုံး ပဲ့တင်ထပ်သွားတဲ့ ခေါင်းလောင်းသံကို ရုတ်တရက် ကြားလိုက်ရပါတယ်။
“ဒေါင်... ဒေါင်... ဒေါင်...”
“ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲ စတင်တော့မယ်၊ ဦးဆုံးရောက်တဲ့သူတွေ ကိုယ့်နေရာ ကိုယ်ရွေးပါ”
ဒီအသံကြောင့် ဖန်းလျန်၊ ကျိုးဖန်နဲ့ မော့ဖူချိုတို့ဟာ ကျောက်သားဇရပ်ကနေ အလျင်စလို ပြေးထွက်သွားကြပါတယ်။
ဟန်မင်လည်း မျက်နှာပျက်သွားပြီး နောက်ကနေ ပြေးလိုက်ပါတယ်။ သူတို့တင်ပဲ မဟုတ်ပါဘူး။ တခြား အင်မော်တယ်တွေလည်း အရပ်ဆယ်မျက်နှာကနေ တဟုန်ထိုး ပျံသန်းလာကြပါတယ်။
ဒီလိုနဲ့ ဆယ်နှစ်တာကာလ လွန်မြောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူကာ တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“ကျွန်တော်တပည့် လုံဟောင်နဲ့ ဖန်းလျန် ဒီနှစ်ထဲ ဘာတွေလုပ်နေလဲ” ဟန်ကျွယ်က ဦးအောင် မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့တပည့်နှစ်ယောက်က နတ်ဆိုး၊ ကျင့်ကြံသူ၊ အင်မော်တယ် သက်ရှိတွေ တိုက်ခိုက်တာ ခံရတာကို စာအိတ်တွေကနေ တွေ့ထားတဲ့အတွက် အခုလိုမျိုး မေးလိုက်တာ ဖြစ်ပါတယ်။
တိထိုက်ပိုင်က အပြုံးနဲ့ ပြန်ဖြေပါတယ် “သူတို့နှစ်ယောက် ပါရမီရှင် အင်မော်တယ်တွေ့ဆုံပွဲကို သွားတက်တယ်၊ ဒီပွဲကို ခွန်လွန်မှာရှိတဲ့ ချန်ကျောင်းတော်က ဦးစီးကျင်းပတာ၊ မစိုးရိမ်ပါနဲ့၊ ဒီဟာက အခွင့်အရေးကောင်းဆိုတော့ သူတို့တွေ ဘာမှဖြစ်မှာ မဟုတ်ပါဘူး၊ သူတို့နှစ်ယောက် ပိုပြီးတော့ပဲ စွမ်းအားကြီးလာမှာ”
‘ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲ... ငါ့မိတ်ဆွေတွေ ဒီနှစ်ထဲ ခွန်လွန်ကိုသွားကြတာ အံဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်က ဆက်ပြီးတော့ စပ်စုလိုက်ပါတယ် “ချန်ကျောင်းတော်က ဘာလုပ်ချင်တာလဲ၊ အခုအချိန်က အနန္တကပ်ဘေး ကျရောက်နေတာမလား”
“ချန်ကျောင်းတော်က ဆက်ဆံရေးကောင်း တည်ဆောက်ချင်တာ၊ ဘယ်သူပဲနိုင်နိုင် ဘယ်သူပဲရှုံးရှုံး ချန်ကျောင်းတော်ကို အကြွေးတော့တင်သွားမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အင်အားစုအသီးအသီးရဲ့ မျိုးဆက်သစ်တွေက အဲဒီနေရာမှာ အခွင့်အလမ်းအသစ်တွေ ရသွားတာကို”
‘ဒီလိုလား’ ဟန်ကျွယ်ဟာ ချန်ကျောင်းတော်ရဲ့ နည်လမ်းကို ကောင်းလား မကောင်းလား မဆုံးဖြတ်တက်ပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ချန်ကျောင်းတော်ရဲ့ နည်းလမ်းဟာ အရှုံးမရှိတဲ့နည်းလမ်းတစ်ခုပါ။
“ဒါနဲ့ မင်းက အောက်ပိုင်းကမ္ဘာမှာမလား၊ သေချာဂရုစိုက်နေအုန်း၊ ငရဲမင်းက ကောင်းကင်ရုံးတော်ကနေ ခွဲထွက်ကြောင်း ကြော်ငြာလိုက်ပြီ၊ တစ်ယောက်ယောက်က မင်းကို ပစ်မှတ်ထားရင် မင်းက ကောင်းကင်ရုံးတော်ရဲ့လူဆိုတာ မသိစေနဲ့၊ မဟုတ်ရင် ပိုပြီးတော့ အန္တရာယ်များလိမ့်မယ်” တိထိုက်ပိုင်က သတိပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စအတွက် အံဩခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငရဲမင်းက စွမ်းအားကြီးလွန်းတဲ့အတွက် တစ်စင်ထောင်တာ ဖြစ်သင့်တဲ့ကိစ္စပဲ မဟုတ်ပါလား။
တိထိုက်ပိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒီတစ်ခေါက် အနန္တကပ်ဘေးက ဖရိုဖရဲ ဖြစ်လွန်းတယ်၊ မျိုးနွယ်စုအသီးအသီးကလည်း အနန္တကပ်ဘေးထဲဝင်လာတော့ အခြေအနေတွေက ဘာဆက်ဖြစ်မလဲ မသိနိုင်ဘူး၊ အခုအချိန်အထိ ဘယ်သူက နောက်ဆုံးရယ်နိုင်မလဲဆိုတာ ငါ မမြင်နိုင်သေးဘူး၊ အထူးသဖြင့် အမှောင်သခင်ကြီးရဲ့ အင်အားစုတွေပဲ၊ အင်မော်တယ်ကမ္ဘာမှာ အမှောင်သခင်ကြီးရဲ့ လက်အောက်ကပါလို့ ဝန်ခံတဲ့ အင်အားစုတွေ မျိုးနွယ်စုတွေ ပိုပိုများလာတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
***