အင်မော်တယ်ကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက်… ယဲ့နင်…ကံမ္မကောင်းခြင်းများ ပြည့်စုံနေခဲ့လေပြီ။ သေလွန်ပြီးနောက် ကောင်းကင်ဧကရာဇ် ဖြစ်မည့်လူသား။ ယဲ့နင်: “ဒါ သေလမ်းရှာဖို့ အချိန်ကောင်းပဲ” ကျိုးဧကရီ: “ယဲ့နင်က ငါ့ရဲ့ဝိဉာဉ်ဖက်ပဲ။ သူသေရင်ငါလဲလိုက်သေမှာ” အထက်ဘုံမှအင်မော်တယ်အကြီးအကဲချုပ်: “သေမျိုးကမ္ဘာက အေးစက်ပြီးမည်းမှောင်တယ်။ ဒါပေမဲ့ အရှင်ယဲ့ကတော့ နွေးထွေးလင်းဖြာတဲ့ တစ်ဦးတည်းသောမီးအိမ်ရှင်ပဲ။ ငါသူ့ကို အစွမ်းရှိသမျှ ကာကွယ်ရမယ်” အခြားလူများ: “ပြီးပြည့်စုံတဲ့လူဆိုတာ မရှိဘူး။ ဒါပေမဲ့ အရှင်ယဲ့ကတော့ ခြွင်းချက်ပဲ။ သူက အစစ်အမှန်သူတော်စင်လေးပဲ” ယဲ့နင်: “ဟေ့လူတွေ ငါက ဘာလို့သေလို့မရဘူးလဲ။ ငါသေရင် ပြိုင်ဘက်ကင်းပြီဆိုနေ…”
***
မဟာကျိုးဧကရာဇ်တိုင်းပြည်၊ ရှန်းကျင်းနန်းမြို့တော်။ အလွန်ခမ်းနားကြီးကျယ်သော နန်းတော်ဝင်းအတွင်းတွင်… အပြာရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် မျက်လုံးမှိတ်လျှက်ငြိမ်သက်စွာရပ်နေသည်။ “ဒီတော့ ငါဒီလိုပဲ ဘ၀ကူးလာတယ်ပေါ့” သူ့နာမည်က ယဲ့နင်။ အရင်ကမ္ဘာတွင် လစာကောင်းသော အလုပ်သမားတစ်ယောက်ဖြစ်ပြီး အလုပ်ပိတ်ရက် အမူးလွန်ရာမှ မမျှော်လင့်ပဲ အခြားကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခြင်းပင်။ သူ့ခန္ဓာကိုယ် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို လက်ခံနေရင်း ယဲ့နင် ကမ္ဘာသစ်အကြောင်း လေ့လာနေသည်။ ဤကမ္ဘာ၏ ပုံစံက သုံးပြည်ထောင်ခေတ်နှင့် တစ်နည်းတစ်ဖုံ ဆင်တူသည်။ ပြည်ထောင်များကို အုပ်ချုပ်သော ဘုရင်များရှိသလို တစ်တိုင်းပြည်လုံးအုပ်စိုးသော ဧကရာဇ်တစ်ပါးရှိပြီး ကောင်းကင်၏သားတော်၏ဟု တင်စားကြသည်။ ပြည်ထောင်ကိုးခု အချင်းချင်းစစ်မက်ဖြစ်ပွားပြီးနောက် ပြည်ထောင်ခြောက်ခုအဖြစ် ပေါင်းစည်းသွားခဲ့ခြင်းဖြစ်သည်။ ထိုပြည်ထောင်ခြောက်ခုမှာ ချီ၊ ချူ၊ ဝေ့၊ ဝူ၊ ချင် နှင့် ယန်ပြည်ထောင်တို့ပင်။ ပြည်ထောင်ခြောက်ခုသည် အမြဲတမ်း ရည်မှန်းချက်ကြီးမားပြီး မဟာဧကရာဇ်ဖြစ်ရန်တာဆူနေကြသည်။ ထိုပြည်ထောင်ခြောက်ခု၏ နောက်ကွယ်တွင်တော့ ဧရာမဂိုဏ်းကြီးက ဩဇာလွှမ်းမိုးနေသည်။ အင်မော်တယ်ဂိုဏ်း…။ ထိုနေရာတွင် သန်မာသူများနေထိုင်ကြသည်။ သန်မာသူများဆိုသည်မှာ တိမ်လွှာကိုစီး၊ တိမ်ညွန့်ကိုစားသော အင်မော်တယ်များပင်ဖြစ်သည်။ တောင်တွေကိုရွှေ့၊ ပင်လယ်ကို မှောက်သွန်၊ မိုးနှင့်လေကို စေခိုင်းနိုင်သော ကြေက်မက်ဖွယ်တန်ခိုးရှင်များပင်တည်း။ အတိုချုပ်သော် ဤကမ္ဘာသည် ရူးလောက်အောင်အန္တရာယ်များသည်။ ယဲ့နင်တို့လို သာမန်လူများဆိုသည်မှာ တန်ခိုးရှင်တို့ နှာချေလျှင်ပင် သေသွားနိုင်သော ပုရွက်ဆိတ်များပင်။ သို့သော် ယဲ့နင်ကတော့ လုံး၀ကြောက်ရွံ့ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော သူ့မှာ အပိုဆု ပါသောကြောင့်ပင်ဖြစ်၏။ ကမ္ဘာကူးလာသူတစ်ယောက်အနေဖြင့် အပိုဆုပါလာရမည်မှာ ထုံးစံပင်မဟုတ်လော။ သူ၏ အပိုဆုကတော့ အလွန်ရိုးရှင်းကြမ်းတမ်းလွန်းလှသည်။ ရိုးရှင်းလွန်းသောကြောင့် စကားလုံးအနည်းငယ်နှင့်ပင် ရှင်းပြနိုင်သည်။ “သေလျှင်ပြိုင်ဘက်ကင်းပြီ” ဒါပဲဖြစ်သည်။ သူ၏ဆုလဘ်က ထိုသို့ထိုနှယ် တုံးတိတိကြီးပင်။ ဤဘ၀မှာ သေဆုံးသွားလျှင် ဘ၀အဆက်ဆက် စုဆောင်းခဲ့သမျှ ကံမ္မကံကောင်းခြင်းများ ပြီးပြည့်စုံသွားပြီဖြစ်ပြီး ကောင်းကင်ဧကရာဇ်အဖြစ်သို့ တက်လှမ်းရောက်ရှိသွားပေတော့မည်။ ကောင်းကင်ဧကရာဇ်။ အထွတ်အထိပ် တန်ခိုးရှင်။ သူ့မှတ်ဉာဏ်များအရ ကောင်းကင်ဧကရာဇ် ရှစ်ပါးရှိပြီး တစ်ဦးချင်းစီကလည်း သောက်ကြမ်းကြီးတွေပင်။ သို့ဖြစ်ရာကား ယဲ့နင် ယခုပင် ကြိုးဆွဲချလိုက်ပါက အနိစ္စသဘောနှင့် ကိစ္စချောပြီး ကောင်းကင်ဧကရာဇ် တန်းဖြစ်ရောမဟုတ်ပါလော။ ဒါပေါ့။ ထိုမျှ ပြီးပြည့်စုံသောဘ၀ကို ရရှိရန် ကန့်သတ်ချက်များတော့ ရှိသည်ပင်။ မိမိကိုယ်ကိုယ် သတ်သေခြင်းမပြုရ။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းသည် တားမြစ်ထားသောအရာဖြစ်ပြီး ကံမ္မကောင်းခြင်းများအား လက်ခံယူနိုင်မည်မဟုတ်ချေ။ ဖြတ်လမ်းမရှိဟု ထင်ရသည်။ သို့သော် ယဲ့နင်အမြင်တွင်တော့… “ဒါက စာမဖွဲ့လောက်ပါဘူး” သူပြုံးလိုက်သည်။ သေဖို့ခက်တယ်တဲ့လား။ ကိုယ့်ကိုယ်ကိုယ် သတ်လို့မရလျှင် တခြားလူတွေ သတ်အောင် ကိုယ့်သေလမ်းကိုယ်ရှာလို့ရသည်မဟုတ်လော။ ဤကမ္ဘာလို အန္တရာယ်တောထဲတွင် ပိုတောင်လွယ်သေးသည်။ ဘယ်နေရာမှာပဲ သွားပြဿနာရှာရှာ ခေါက်ကနဲ သေသွားနိုင်သည်မဟုတ်လော။ “လက်စသပ်တော့ ပြိုင်ဘက်ကင်းဖို့ ဒီလောက်တောင် လွယ်သကိုး” နှလုံးသားထဲတွင် ကြည်နူးမှုကြောင့် ယဲ့နင် ပြုံးဖြီးဖြီးဖြစ်နေသည်။ ကောင်းကင်ဧကရာဇ်တဲ့ ငါ့ကောင်ရေ။ သောက်ကျိုးနည်း။ ထိုအကြောင်းစဉ်းစားနေစဉ် သူ့နောက်မှ ရှတတအသံတစ်ခုကို ကြားလိုက်ရသည်။ “သခင်လေးယဲ့၊ လွှတ်တော်ကိုသွားဖို့ အချိန်ရောက်ပါပြီ” ယဲ့နင်လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဝတ် မိန်းမစိုးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအခါမှ သူ့သရုပ်မှန်ကို သူ ပြန်သတိရသွားသည်။ ယဲ့နင်၊ မဟာကျိုးပြည်ထောင်၏ အလယ်အလတ်စာပေပညာရှင်။ တံဆိပ်တုံးအရာရှိ။ သူကဲ့သို့ အရာရှိငယ်လေးများသည် နန်းတွင်းညီလာခံကဲ့သို့ အစည်းအဝေးကြီးများကို တက်ရောက်ရန် အဆင့်အတန်းမမှီပါချေ။ သို့သော် သူ့လိုစာပေပညာရှင်ကတော့ ခြွင်းချက်ဖြစ်သည်။ ဧကရာဇ်က အမိန့်တော်ချမှတ်သည့်အခါ၊ သို့တည်းမဟုတ် စီရင်ချက်ချသည့်အခါမျိုးတွင် တံဆိပ်တုံးအရာရှိက ပြန်တမ်းစာရွက်များအပေါ် တော်ဝင်ချိတ်တံဆိပ် ခတ်နှိပ်ပေးရလေသည်။ ထိုရာထူးကြောင့်ပင် ယဲ့နင်သည် နန်းတွင်းအရေးအခင်းကြီးများကို အတွေ့အကြုံရှိခဲ့သည်။ သို့သော် ယနေ့နံနက်ကတော့ ယခင်ထက်ပို ထူးခြားပေလိမ့်မည်။ အစိမ်းရောင်ဝတ် အထိန်းတော်ကြီး၏ မျက်ခုံးနှစ်ခု တင်းကြပ်စွာကြုတ်နေမှုအား တွေ့မြင်နိုင်သည်။ ငါမှတ်မိပြီ။ ဒီနေ့က ခြောက်ပြည်ထောင် အစည်းအဝေးနေ့ပဲ။ ယခင်မှတ်ဉာဏ်များကြောင့် ယဲ့နင်၏ နှလုံးသည်ပင် ခုန်လှုပ်လာသည်။ “အထက်လူကြီးတွေရော ဘာပြောသေးလဲ” အစိမ်းရောင်ဝတ်အထိန်းတော်က ခါးသီးစွာခေါင်းခါပြသည်။ "အားလုံး ရေငုံနှုတ်ပိတ်နေကြတယ်" ယဲ့နင် မအံ့ဩပါ။ ခြောက်ပြည်ထောင် ဖြစ်တည်လာခြင်းသည်ပင် ပြည်ထောင်စုထဲမှ အင်အားစုများသက်သက်ကြောင့်မဟုတ်ပဲ နောက်ကွယ်မှ ထောက်ပံ့ပေးနေသော လက်မည်းကြီးဖြစ်သော အင်မော်တယ်ဂိုဏ်းကြောင့်ပင်ဖြစ်သည်။ ထိုလက်မည်းကြီးသည် ခြောက်ပြည်ထောင်ကို စစ်တုရင်ကွက်များကဲ့သို့၊ တိုင်းသူပြည်သားများကို ကျားစေ့များကဲ့သို့ သဘောထားကာ ရွှေ့ချင်သလိုရွှေ့ပြီး ပြီးပြည့်စုံသည့် အာဏာကို ပိုင်ဆိုင်ရယူလိုနေခြင်းဖြစ်သည်။ ဤတစ်ကြိမ် အောင်မြင်ခဲ့လျှင် ထို နောက်ကွယ်မှ လက်မည်းကြီးအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။ အတိတ်ကကမ္ဘာသည် စည်းလုံးညီညွတ်ခဲ့၏။ ကုန်းမြေတိုက်ကြီးတစ်ခုတည်းအဖြစ်သာတည်ရှိပြီး ဧကရာဇ်တစ်ပါးတည်း အကြွင်းမဲ့စိုးစံသည်။ သို့သော် ယခုခေတ်အခါသမယတွင် ကုန်းမြေတိုက်ကြီး ခြောက်ခု(သို့မဟုတ်) ခြောက်ပြည်ထောင် ကွဲထွက်နေပြီးဖြစ်သည်။ ယနေ့တွင် နောက်ကွယ်မှလက်မည်းကြီးသည် ယန်ပြည်ထောင်အုပ်ချုပ်သူ လီအိမ်တော်အား ပံ့ပိုးပေးနေသည်။ သူတို့က ယန်ပြည်ထောင်ကို ထက်ဝက်ပိုင်းကာ အုပ်ချုပ်လိုပြီး ကျင်းနိုင်ငံ ထူထောင်ချင်နေသည်။ ထိုအကြံအစည်သာအောင်မြင်သွားလျှင် ခြောက်ပြည်ထောင်ခေတ်မှ ခုနှစ်ပြည်ထောင်ခေတ် ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ပြည်သူများသည် မဟာကျိုးမင်းဆက်ကို စိတ်ကုန်သည်ထက် စိတ်ကုန်သွားကြပေလိမ့်မည်။ ပြည်သူများအားလုံး စိတ်ဓါတ်ကျဆင်းသွားကြပေလိမ့်မည်။ နဂိုကတည်းက ချည့်နဲ့နေသော လူသားတို့၏ ကံကြမ္မာသည်လည်း ပြင်းပြင်းထန်ထန် ချို့တဲ့သွားပေတော့မည်။ ကံကောင်းခြင်းများ ဆိတ်သုဉ်းသွားပြီး တိုင်းပြည်၏ ကံကြမ္မာရွှေနဂါးကြီး ပြိုလဲသွားသည့်အခါ မဟာကျိုးမင်းဆက်၏ အဆုံးသတ် နိဌိတံချိန်လည်း ရောက်ရှိလာပေတော့မည်။ ဒါကို နန်းတွင်းထဲရှိ မှူးမတ်၊ ပညာတတ်၊ ကုန်သည်၊ အထိန်းတော်၊ အစေခံမကျန် အကုန်သိထားပြီးဖြစ်သည်။ သူတို့ထဲတွင် တရားမျှတလိုသူများရှိသော်လည်း ယခုအချိန်တွင်တော့ ရေငုံနှုတ်ပိတ်နေရုံသာ တတ်နိုင်ကြတော့သည်။ လာလတ္တံ့သော ကံကြမ္မာအား ဆန့်ကျင်တိုက်ခိုက်ရန် အဓ္ဓိပါယ်မရှိတော့ချေ။ နိုင်ငံရေးအခြေအနေက ထိုသို့ ဖြစ်နေသည့်အပြင် အင်မော်တယ်ဂိုဏ်းသည်လည်း အလွန်ရက်စက်ကြမ်းကြုတ်သည်ဟု ကျော်ကြား၏။ သူတို့သည် ပိုးမွှားများကဲ့သို့ တစိမ့်စိမ့် ထိုးဖောက်သည်။ အသားလှီးဓါးကဲ့သို့ ပါးပါးချင်းလှီးယူသည်။ ယခုအချိန်သည် သူတို့၏ အသေချာဆုံးအောင်ပွဲပင်ဖြစ်သည်။ ဘယ်သူက ဘာတတ်နိုင်ဦးမည်နည်း။ ထိပ်တန်းမှူးမတ်ကြီးများပင်လျှင် တစ်ဆင့်ချင်း ဆုတ်ခွာပေးရုံသာ တတ်နိုင်တော့သည်။ ယနေ့ နံနက် ညီလာခံသည် သေချာသော အဆုံးသတ်ရှိနေပြီးဖြစ်သည်။ မဟာကျိုးမင်းဆက် ကျဆုံးခြင်း၏ အစဟုပင်ဆိုနိုင်လေသည်။ ယဲ့နင် ရွှေနန်းတော်သို့ ရောက်ရှိလာခဲ့သည်။ မြင်တွေ့ရသမျှသော အရပ်ဘက်၊ စစ်ဘက် အရာရှိများ၏ မျက်နှာထားသည် ရွှံ့ရုပ်ကြီးများကဲ့သို့ မှုန်တည်နေပြီး မည်သည့်ခံစားချက်ကိုမျှ မတွေ့ရချေ။ ဒါက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်လာခဲ့ပြီဖြစ်ကြောင်း သိသာစေသည်။ မိမိအကျိုးစီးပွားကို ကာကွယ်ရန်အတွက် အရာရှိကြီးများနှင့် ဝန်ကြီးအများစုသည် အင်မော်တယ်ဂိုဏ်းနှင့် ခြောက်ပြည်ထောင်၏ ဩဇာကို မဖယ်ရှားဝံ့ကြချေ။ ညီလာခံရင်ပြင်၏ တစ်ထောင့်တစ်နေရာတွင် ကျောက်စိမ်းတံဆိပ်တုံးလေးကိုင်ကာ ယဲ့နင် မထင်မရှား ရပ်နေသည်။ အခြေအနေကို အကဲခတ်ရင်း သူ့မျက်လုံးများက တလက်လက်တောက်ပလာသည်။ “ဒါ သေလမ်းရှာဖို့ အချိန်ကောင်းပဲ”