ယဲ့နင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေမိသည်။အကြောင်းမှာ ယနေ့တွင် နန်းတော်ဝယ် ပွဲကြီးပွဲကောင်းတစ်ခုကို တွေ့ရမှာ ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့ပွဲ၏ အဓိက ဇာတ်လိုက်များမှာ ဧကရာဇ်နှင့် အင်မော်တယ်ဂိုဏ်းတို့ဖြစ်သည်။ ထိုသူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းသည် အလွန်ပင် အန္တရာယ်များသောကြောင့် ဝင်ရောက်စွက်ဖက်မိသူသည် အစိတ်စိတ်အမြွှာအမြွှာ ကြေမွခံရပေလိမ့်မည်။ ရွံ့ရုပ်များကဲ့သို့ ခံစားချက်မဲ့သောမျက်နှာများဖြင့် မတ်တပ်ရပ်နေကြသော နန်းတွင်းအမတ်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူတို့သည် ဤပွဲကို ဝင်ရောက်စွက်ဖက်ရန်သတ္တိမရှိကြောင်းသိနိုင်သည်။ ထိုရာထူးကြီးသော အမတ်မင်းများပင် ဝင်ရောက်မစွက်ဖက်နိုင်လျှင် ယဲ့နင်ကဲ့သို့ မည်သည့်အရာမျှ ပြောပိုင်ခွင့်မရှိသည့် အမတ်ငယ်သာ ဝင်ရောက်စွက်ဖက်ပါက အချိန်တိုအတွင်း လူတစ်ယောက်သေသွားပါလိမ့်မည်။ “ဒါက သေဖို့ အခွင့်ကောင်းပဲ” ယဲ့နင်သည် ခေတ္တခဏမျှပင် မစောင့်ဆိုင်းနိုင်တော့ပေ။သူသည် ယခုချက်ချင်းသေပြီး ကောင်းကင်ဘုံဧကရာဇ်ဖြစ်ချင်လှပြီ။ သူသည် အတွေးထဲ၌ လွင့်မျောနေစဉ် စူးရှသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ဧကရာဇ် ကြွချီတော်မူလာပါပြီ” မိန်းမစိုးများဝန်းရံထားသော ခရမ်းရောင်နဂါးဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်တစ်ဉီးကို သူမြင်လိုက်ရသည်။ “ဒါက ဧကရာဇ်လား တအားငယ်တာပဲ” သူ၏စိတ်ထဲတွင် ရေရွတ်မိသည်။ သူရပ်နေသောနေရာမှ ကြည့်ပါက ကျီမင်းယွဲ့၏ သေးငယ်သောမျက်နှာကို တွေ့ရှိနိုင်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ မဟာကျိုးပြည်ထောင်၏ ပထမဆုံးဧကရာဇ်တွင် ကျီမင်းယွဲ့ ဟုခေါ်သည့် သားတော်တစ်ပါးသာလျှင် ရှိခဲ့သည်။ လွန်ခဲ့သော ခုနှစ်နှစ်က မဟာကျိုးပြည်ထောင်၏ ယခင် ဧကရာဇ်သည် နာမကျန်းမှုကြောင့်သေဆုံးခဲ့ပြီး သူ၏ သားတော် ကျီမင်းယွဲ့က ထီးနန်းကို ဆက်ခံခဲ့သည်။ ကျီမင်းယွဲ့သည် ထီးနန်းအား ဆက်ခံခဲ့စဉ်က သူသည် အသက် ဆယ့်နှစ်နှစ်မျှသာ ရှိသေးပြီး အလွန်ပင် ငယ်ရွယ်လှသည်။ သူ၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့် သူသည် နန်းတွင်း အမတ်တို့ထံမှ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံခဲ့ရသည်။ အကယ်၍ သူသည် ငယ်စဉ်အချိန်ကတည်းက ထက်မြက်ပြီး ကြိုးစားခဲ့လျှင် မဟာကျိုးပြည်ထောင်ကို ကံကြမ္မာဆိုးများမှ ကယ်တင်ပေးနိုင်လိမ့်မည်။ သို့သော် သူသည် ထီးနန်းကိုဆက်ခံသည့်အချိန်သည် ငယ်ရွယ်လွန်းသောကြောင့် အပျော်ပါးမက်သည့် အသိဉာဏ်မဲ့လွန်းသော ဧကရာဇ်တစ်ပါးသာ ဖြစ်လာခဲ့သည်။ အသက်အရွယ်ကြီးပြင်းလာသောအချိန်တွင်လည်း ငယ်ရွယ်စဉ်အချိန်က ပြုလုပ်ခဲ့သောအရာများကို နောင်တမရသည့်အပြင် တိုင်းပြည်ရေးကို လေ့လာသင်ယူမည့်အစား သူသည် ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်လာပြန်သည်။ နေ့စဉ်နေ့တိုင်း သူသည် တိုင်းပြည်ရေးအား လျစ်လျူရှုပြီး ဘုန်းကြီးများ၊ သီလရှင်များနှင့် ပိဋကကျမ်းတော်များကို ဆွေးနွေးခြင်း၌ အချိန်ဖြုန်းခဲ့သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ပြည်သူလူထုကို အလွန်ပင် စိတ်ပျက်စေခဲ့ပြီး သူ့အား အသုံးမကျသောဧကရာဇ်ဟု ပြောစမှတ် ပြုကြသည်။ အသိဉာဏ်မဲ့သော ဘုရင်တစ်ပါးကြောင့် မဟာကျိုးပြည်ထောင်သည် မြေပုံပေါ်မှ ပျောက်ကွယ်သွားလိမ့်မည်။ သို့သော်လည်းပဲ ယဲ့နင်၏အမြင်တွင် ကျီမင်းယွဲ့၏ ဉာဏ်နည်းမှုသည် အရေးမကြီးချေ။ မဟာကျိုးပြည်ထောင်ပျက်သုဉ်းရခြင်း၏အဓိကအကြောင်းအရင်းမှာ အင်မော်တယ်ဂိုဏ်း၏လက်စားချေမှုကြောင့်ဖြစ်သည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကြီးမြတ်သော ကျိုးထိုက်ကျူနှင့် ချောင်မုန့် သည် ကမ္ဘာပေါ်ရှိ အင်မော်တယ်ဂိုဏ်းများကို ယှဉ်ပြိုင်ပြီး တာအိုအုပ်ချုပ်ရေးစနစ်ကို တည်ထောင်ခဲ့သည်။ မဟာကျိုးပြည်ထောင်ကို တည်ထောင်ပြီးနောက် ထောင်ပေါင်းများစွာသော အင်မော်တယ်များသည် ကျိုးပြည်ထောင်သို့ရောက်ရှိလာကြသောကြောင့်ကျိုးပြည်ထောင်သည်ပထမဦးဆုံးသောအင်မော်တယ်ဧကရာဇ်နိုင်ငံတော်ဖြစ်လာခဲ့သည်။ ကြီးမြတ်သော ကျိုးထိုက်ကျူက “တစ်ကမ္ဘာလုံးကိုအုပ်ချုပ်နိုင်တဲ့ဘုရင်လည်းမရှိသလို ချွင်းချက်မရှိတဲ့ သိုင်းပညာရှင်လည်းမရှိဘူး” ဟု မိန့်ဆိုခဲ့သည်။ ကျိုးထိုက်ကျူသည် တာအိုနည်းလမ်းမှ သွေဖယ်ရန်ကြိုးပမ်းသော သိုင်းပညာရှင်များကို စည်းပိတ်ခဲ့သောကြောင့် ပုန်ကန်မှုများကို ပေါ်ပေါက်စေခဲ့သည်။ ဤသို့ပြုလုပ်ခဲ့သောအကျိုးရလဒ်ကြောင့် အင်မော်တယ်ဂိုဏ်းပေါင်းများစွာသည် အမြစ်ဖြုတ်ခြင်း ခံခဲ့ရသည်။ သူ၏အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော နှစ်သုံးထောင်သည် အင်မော်တယ်ဂိုဏ်း၏ အမှောင်မိုက်ဆုံး နှင့် အဆိုးရွားဆုံးအချိန်များပင်ဖြစ်သည်။ နှစ်ပေါင်းသုံးထောင်ကြာပြီးနောက် ကြီးမြတ်သောကျိုးထိုက်ကျူသည် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။ အသစ်တက်လာသော ဧကရာဇ်သည် အရည်အချင်းရှိသောသူ တစ်ယောက်ဖြစ်သော်လည်းပဲ သူသည် ထိုက်ကျူနှင့်ယှဉ်သော် သိပ်ပြီးမဆိုးသောကြောင့် အင်မော်တယ်ဂိုဏ်းအတွက် အသက်ရှူပေါက်ရခဲ့သည်။ နောက်ပိုင်း မင်းဆက်များသည်လည်း ယခင်မင်းဆက်များနှင့် ယှဉ်လျှင် အရည်အချင်းမရှိပေ။ ယခုအချိန်တွင် ယခင်မင်းဆက်များ၏ရွှေထီးဆောင်းခဲ့သောနေ့ရက်များသည် တဖြည်းဖြည်းမှေးမှိန်လာခဲ့ပြီး ကြီးမြတ်သော ကျိုးထိုက်ကျူ၏ တာအိုအုပ်ချုပ်ရေးစနစ် သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ မဟာကျိုးပြည်ထောင်သည် တိုးတက်လာခြင်းမရှိပဲ နှစ်ပေါင်းထောင်ချီ တည်ရှိလာပြီးနောက် အင်မော်တယ်ဂိုဏ်းသည် သိုင်းဂိုဏ်းတစ်ခုတွင်ရှိသင့်သော လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ပြန်လည်ရရှိခဲ့သည်။ အင်မော်တယ်ဂိုဏ်းသည် သူ၏စွမ်းအားများ ပြန်လည်ရရှိလာသည်နှင့်တစ်ပြိုင်နက်မဟာကျိုးပြည်ထောင်အားလက်စားချေမည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းသည်။ ပြည်ထောင်ခြောက်ခုကို လက်ရှိအခြေအနေထိရောက်အောင်တွန်းပို့သည့် တချို့သော လျှို့ဝှက်ချက်များကို အချိန်ယူဆောင်ရွက်ခဲ့ပြီးနောက် ယနေ့တွင် ဧကရာဇ်သည် ခုနှစ်ခုမြောက်ပြည်ထောင်ကို တည်ထောင်ရန်အလိုရှိသည်။ ခုနှစ်ခုမြောက်ပြည်ထောင်ကို တည်ထောင်လိုက်သည်နှင့် တစ်ပြိုင်နက် မဟာကျိုးပြည်ထောင်သည် ကြီးမားသောဖိအားကို ခံစားရပေလိမ့်မည်။ တစ်စတစ်စနှင့် ပြိုလဲပျက်စီးနေသော ပြည်ထောင်သည် အဆုံးသတ်တွင် အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။ ထိုအချိန်သို့ရောက်သောအခါ ဧကရာဇ်သည် သူ၏အာဏာကိုဆုံးရှုံးပြီး ပြည်ထောင်ပျက်သုဉ်းမှုကြောင့် နာကျည်းနေသောလူများသည် သူအား ဖမ်းဆီးရန် ကြိုးပမ်းပေလိမ့်မည်။ “ဒီတိုင်းပြည်က ကောင်းကင်ကံကြမ္မာကြောင့်သာမဟုတ်ရင် ပျက်စီးနေတာကြာလှပြီ” ယဲ့နင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းချလျက်တွေးမိသည်။ ၎င်းနိုင်ငံ၏ ကံကြမ္မာသည် အမှန်တကယ်ပင် အံ့ဩဖို့ကောင်းလွန်းလှသည်။ ပြည်ထောင်၏ကောင်းကင်ကံကြမ္မာသည် ဧကရာဇ်အားကံကောင်းမှုများကို ပေးသနားခဲ့သည်။ ထိုသူအား ဆန့်ကျင့်သော လူတိုင်းသည် ကောင်းကင်၏အပြစ်ပေးခြင်းကို ခံစားရပေလိမ့်မည်။ သို့မဟုတ်လျှင် ဤဉာဏ်မဲ့သောဧကရာဇ်သည် ယခုအချိန်ထိ အသက်ရှင်လိမ့်မည်မဟုတ်ချေ။ သို့သော်လည်းပဲ ဤအကြောင်းအရာများသည် ယဲ့နင်နှင့် မသက်ဆိုင်ပါ။ သူ၏ရည်မှန်းချက်သည် ကောင်းကင်ဘုံဧကရာဇ်ဖြစ်ဖို့ရန် ဖြစ်သည်။ ထို့ကြောင့် သူသည် ကြီးမြတ်သောကျိုးပြည်ထောင်၏ အရေးကို အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိချေ။ ဤလူငယ်လေးသည် တခြားသူများ အာဏာနှင့်အကျိုးအမြတ်တို့ ရရှိဖို့ရန် ကြိုးစားနေသည်ကို ဝင်ပါဖို့ရန်ပျင်းလွန်းလှသည်။ ဤလူငယ်လေး၏တစ်ခုတည်းသော ဆုတောင်းမှာ သေဖို့ရန်ဖြစ်သည်။ ထိုဆုတောင်းကို ဖြည့်ဆည်းပေးသူသာလျှင် သူ၏ အဖော်ကောင်းဖြစ်သည်။ ဧကရာဇ်သည် ပလ္လင်ပေါ်တွင် ထိုင်ပြီးနောက် “သက်သောင့်သက်သာနေကြပါ” ဟု ပေါ့ပါးစွာ ဆိုလိုက်သည်။ ထို့နောက် မူးမတ်များသည် မက်တပ်ရပ်လာခဲ့ပြီး “ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ” ဟု ကျေးဇူးတင်စကားဆိုလိုက်သည်။ သူတို့သည် မက်တပ်ရပ်လိုက်သော်လည်းပဲ သူတို့၏လှုပ်ရှားမှုများ လေးပင်နေပုံမှာ တစ်စုံတစ်ခုကို မျှော်လင့်စောင့်စားနေဟန်ပေါ်သည်။ ခဏအကြာတွင် ညီလာခံခန်းမ၏ ဂိတ်တံခါးဝမှ ဆူညံသောဖိနပ်သံများသည် ထွက်ပေါ်လာခဲ့သည်။ ယောက်ျားခြောက်ယောက်သည် ဉီးစွာဝင်ရောက်လာခဲ့သည်။ ထိုလူခြောက်ယောက်သည် ဧကရာဇ်၏ဆင့်ခေါ်မှုကို မစောင့်ဆိုင်းဘဲ သူတို့၏ခါးတွင်ဓားကို ချိတ်ဆွဲလျက် အထက်စီးဆန်သောမျက်နှာဖြင့် ဝင်ရောက်လာကြသော ဘုရင်ခြောက်ပါးပင်ဖြစ်သည်။ “ငါတရားရုံးကိုမသွားချင်ဘူး၊ နန်းတော်ကိုပဲ သွားမယ်” ယဲ့နင်သည် စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ခဲ့သော်လည်း ထိုပြင်ဆင်မှုသည် မောက်မာသောလူတစ်စုကြောင့် ပျောက်ဆုံးသွားခဲ့လေပြီ။ ပုံမှန်အားဖြင့် ပြည်ထောင်တစ်ခုတွင် ဧကရာဇ်သည် တစ်ပါးသာရှိသော်လည်း မဟာကျိုးပြည်ထောင်တွင် ကောင်းကင်ဧကရာဇ်အပြင် ဘုရင် ခြောက်ပါးရှိသည်။ ဘုရင်များသည် ညီလာခံသို့ ရောက်သောအခါ အမတ်မင်းတို့ရှေ့ရပ်ကာ သူတို့၏ပုံစံကို ပြင်ဆင်ပြီး ကောင်းကင်၏သားတော်ရှေ့ ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။ “နောက်ဆုံးတော့ တကယ့်ကောင်းကင်သားတော်အစစ်က ပေါ်ပေါက်လာပြီပေါ့” ဧကရာဇ်၏ဘေးဘက်တွင် ပလ္လင်တစ်ခုပေါ်ပေါက်လာခဲ့သည်။ လရောင်ကဲ့သို့ဖြူစွပ်သောဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းယောက်ျားတစ်ယောက်သည် မြင်းမြှီးယပ်ကို ကိုင်လျက် ပလ္လင်ပေါ်တွင် အေးဆေးစွာတက်ထိုင်လိုက်သည်။ “နောက်ဆုံးတော့ တကယ့်ကောင်းကင်သားတော်အစစ်ကို မြင်ဖူးခဲ့ပြီ” မန်ချူးမျိုးနွယ် ပြည်သူ့ရေးရာနှင့်စစ်ရေးရာ မှူးမတ်များသည် အလိုအလျောက် မတ်တပ်ရပ်ပြီး သူတို့စောင့်ဆိုင်းခဲ့ရသော အရှင်သခင် အရှေ့တွင် ခေါင်းငုံ့ပြီး အရိုအသေပေးကြသည်။ နဂါးပလ္လင်တွင် ထိုင်နေသော ဧကရာဇ်သည်လည်း တုန်လှုပ်စွာမတ်တပ်ရပ်ပြီး သူနှင့် တူညီသောနေရာတွင် ထိုင်နေသော လူလတ်ပိုင်းအမျိုးသားကို နှုတ်ဆက်လိုက်သည်။ “အကြီးအကဲ ဟဲရွမ်ကို ခုမှပဲမြင်ဖူးတော့တယ်”
***