“သူက အင်မော်တယ်ဂိုဏ်းကလား” မူလခန္ဓာကိုယ်၏မှတ်ဉာဏ်တွင် အင်မော်တယ်ဂိုဏ်းအကြောင်းကို သေချာဖော်ပြထားခြင်း မရှိသောကြောင့် အမှန်တကယ်တွေ့လိုက်ရသောအခါ သူလွန်စွာ စိတ်လှုပ်ရှားမိသည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် သာမာန်လူသားတစ်ဦးသာဖြစ်ပြီးထိုကဲ့သို့ မြင်ကွင်းမျိုးကို ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင် မရင်ဆိုင်ခဲ့ဖူးသောကြောင့် အင်မော်တယ် တစ်ယောက်၏ပုံစံ သည် သူ၏အမြင်တွင် အ့ံဩဖွယ်ကောင်းလွန်းနေသည်။ ဧကရာဇ်အပါအဝင် များစွာသော မှူးမတ်များသည် ထိုသူ၏ ရှေ့တွင် ဉီးညွှတ်ထားကြသည်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သို့သော် ဧကရာဇ်ဘက်မှကြည့်လျှင် ထိုအခြင်းအရာသည် အလွန်ပင် သနားဖွယ်ကောင်းပြီး အကူအညီမဲ့လွန်းလှသည်။ ယဲ့နင်သည် ဧကရာဇ်၏ခံစားချက်ကို ဂရုစိုက်ဖို့ရန်ပျင်းရိနေမိသည်။ သူ့အတွက်လည်း ဘာအကျိုးမှမရှိချေ။ သူသာ ကောင်းကင်ဧကရာဇ် ဖြစ်လာလျှင် လက်ရှိပလ္လင်ပေါ်တွင် ထိုင်နေသော အင်မော်တယ်ထက် အဆပေါင်းများစွာ စွမ်းအားကြီးမည်မှာ ဧကန်မလွဲပင်။ အင်မော်တယ်ဂိုဏ်းအကြီးအကဲ ဟဲရွမ်၏ မျက်ဝန်းများတွင် ဧကရာဇ်အား အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေလျက်ရှိသည်။ သူသည် ဧကရာဇ်၏ ကျဆုံးခန်းကို ကျေနပ်စွာကြည့်ရှုနေသည်။ အင်မော်တယ်ဂိုဏ်းအကြီးအကဲသည် နှစ်ပေါင်းများစွာဂူအောင်းကျင့်ကြံခဲ့ပြီး အထက်အဆင့်သို့ လျှောက်လှမ်းနိုင်ခဲ့သည်မှာ သုံးနှစ်မျှပင်ရှိသေးသည်။ ဤနေ့တွင် သူသည် ဂူအောင်းကျင့်ကြံနေရာမှ အပြင်ကမ္ဘာသို့ ပထမဆုံးအကြိမ် ထွက်လာခြင်းဖြစ်သည်။ ကမ္ဘာကိုအုပ်စိုးခဲ့သော ကျိုးထိုက်ကျူ၏ မျိုးဆက်သည် သူ့အား ဉီးညွှတ်နေသည်ကို တွေ့ရသည်မှာ သူကို အလွန်ပင် ကျေနပ်စေသည်။ “မင်းက ဧကရာဇ်လား” သူသည် ပျင်းရိလေးပင်သော အသံဖြင့် မေးလိုက်သည်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ကြီးမြတ်သောကျိုးထိုက်ကျူသည် အင်မော်တယ်များပါအဝင် သရဲတစ္ဆေ မိစ္ဆာပင် မချန် အရာရာကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး အင်မော်တယ်ဧကရာဇ်နိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ သူ မတွေးခဲ့မိသည့်အရာမှာ နောင်နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် သူ၏ မျိုးဆက်သည် အင်မော်တယ်ဂိုဏ်း၏ ရှေ့တွင် ဉီးညွတ်နေမည်ကို ဖြစ်သည်။ ယနေ့ နန်းတော်ညီလာခံသို့ တက်ရောက်လာကြသော သူအများစုသည် သာမာန်လူသားများဖြစ်သောကြောင့် မည်သူမျှ ဧကရာဇ်၏ဘက်တွင် မရပ်တည်ပေးကြပေ။ လူအများစုသည် ဤကိစ္စကို သူတို့နှင့်မသက်ဆိုင်သည့်အတိုင်း ပြုမူကြသည်။ ထို့အပြင်ဧကရာဇ်၏မျက်နှာပေါ်တွင် ဤကဲ့သို့ ပြုမူခံရခြင်းအပေါ် စိတ်မကျေနပ်မှုအား တစိုးတစဉ်းမျှပင် မတွေ့ရှိရချေ။ ထို့ကြောင့် ယဲ့နင်၏သေချင်စိတ်များသည် တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ သို့သော် “ပွဲစစချင်းသာ ငါသေသွားမယ်ဆိုရင် ကြည့်ကောင်းမှာ မဟုတ်ဘူး သေမယ့်တူတူ ဂုဏ်သရေရှိရှိပဲ သေမယ်”ဟု တွေးပြီးနောက် သူသည် သေကြောင်းကြံမည့်ကိစ္စကို ခေတ္တခဏမျှဆိုင်းငံ့ထားလိုက်သည်။ ယဲ့နင်၏စိတ်သည် အတွေးများဖြင့် ပြည့်နှက်နေသည်။ သေခြင်းတရားသည် ငှက်မွှေးတစ်ခုထက်ပင်ပေါ့ပါးနိုင်သလို ထိုက်တောင်တန်းထက်လည်း လေးလံနိုင်ပေသည်။ ထို့ကြောင့် သေမည့်နည်းလမ်းအား ရွေးချယ်သောအခါတွင် ဂုဏ်ရှိသော နည်းလမ်းကိုသာလျှင် ရွေးချယ်သင့်သည်။ အချိန်ဆိုသည့်အရာသည် ပုပ်သိုးခြင်းမရှိသောကြောင့် စောင့်ဆိုင်းခြင်းသည် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။ “ ဧကရာဇ်က ဉီးညွှတ်စရာမလိုပါဘူး” ဟဲရွမ်သည် တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။ “ကောင်းကင်ရဲ့သားတော်အစစ်ကို လူတိုင်းဉီးညွှတ်သင့်ပါတယ်” ဧကရာဇ်သည် ပုံမှန်သံဖြင့် ပြန်ပြောလိုက်သည်။ ယဲ့နင်သည် အသိဉာဏ်မဲ့သောဧကရာဇ်ကို အကောင်းမမြင်သောကြောင့် ဝေဖန်ရန်လည်းဝန်မလေးပေ။ ထို့ကြောင့်“ပျော့ညံ့လိုက်တဲ့ဧကရာဇ်”ဟု တီးတိုးအသံထွက်ရေရွတ်မိသွားသည်။ သို့သော် ထိုအသံသည် တခြားသူအားထိတ်လန့်စေလိမ့်မည်ဟု မထင်မိပေ။ သူ့အား နန်းတော်သို့လာရန်ပြောခဲ့သော အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် မိန်းမစိုးက “သခင်လေးယဲ့ ညီလာခံမှာ အဲ့လိုမပြောပါနဲ့ ခေါင်းဖြတ်ခံရလိမ့်မယ်” ဟု တီးတိုးသံဖြင့် သတိပေးလိုက်သည်။ ယဲ့နင်သည် ခေါင်းခါပြီး “ ဒီလိုပြောတာက နန်းတော်ကို စော်ကားတယ်ဆို ဧကရာဇ်ကို နှိမ်နေတဲ့လူတစ်စုကကော” ဟု ပြောလိုက်သည်။ မိန်းမစိုးသည် ထိုစကားကို ကြားသောအခါ အေးစက်သောမျက်နှာထားဖြင့် ခါးသက်စွာ ပြုံးလိုက်သည်။ လက်ရှိအခြေအနေသည် တင်းမာနေပြီး လူတိုင်းသည် အတွေးကိုယ်စီရှိနေကြသောကြောင့် ခန်းမ၏ထောင့်စွန်းတွင်ရှိနေသော သူတို့နှစ်ယောက်၏တီးတိုးစကားများကို မည်သူမျှ မကြားလိုက်ပေ။ သို့သော်ယဲ့နင်သည် အပြစ်ပေးခံရမည်ကို မစိုးရိမ်ပါ။ သူသည် မိန်းမစိုးအား မေးခွန်းတစ်ခုထပ်မေးလိုက်သည်။ “ခင်ဗျားရဲ့မျိုးရိုးနာမည်ကဘာလဲ” မိန်းမစိုးသည် သူတို့အား မည်သူမှ ဂရုမစိုက်ကြောင်း သေချာစေရန် ဘေးဘီကိုကြည့်လိုက်သည်။ထို့နောက် သူသည် သူ၏စိတ်ထဲရှိစကားများကို ရင်ဖွင့်ချင်သောကြောင့် ယဲ့နင်၏မေးခွန်းကို ပြန်ဖြေလိုက်သည်။ “လျိုချင်း” ယဲ့နင်သည် မျက်မှောင်ကြုတ်လိုက်ပြီး “ လျိုချင်းလား ကောင်းတဲ့နာမည်ပဲ” သူ သေသေချာချာ မှတ်မိသည်။ လျိုချင်းသည် တရုတ်သမိုင်းစာအုပ်ထဲတွင် ပါဝင်သည့် ကျော်ကြားသောမိန်းမစိုးတစ်ယောက်ဖြစ်သည်။ “ငါ့အဖိုးကပဲ ငါ့ကို အဲ့နာမည်ပေးခဲ့တာ၊ ငါ့အဖိုးက မင်းကြီးကို ခစားရတဲ့ မိန်းမစိုးတစ်ယောက်လေ...” လျိုချင်းသည် သူ၏အကြောင်းကို အသံတိုးတိုးဖြင့် ပြောပြနေမိသည်။ မိန်းမစိုးများသည် ကလေးမယူနိုင်ကြသောကြောင့် ရှေးယခင်ကာလကတည်းက သူတို့သည် အသက်ကြီးလာသောအခါ ငယ်ရွယ်သော မိန်းမစိုးများကို ရွေးချယ်ပြီး မွေးစားလေ့ရှိကြသည်။ သို့မှသာ သူတို့သည် နောက်ဘဝသို့သွားမည့်လမ်းကို နောင်တမရှိပဲဖြတ်သန်းနိုင်ပေလိမ့်မည်။ မိန်းမစိုးအိုကြီးသည် သူ၏ ဘဝတစ်လျှောက်လုံးကို နန်းတွင်းထဲတွင် ဖြတ်သန်းခဲ့သောကြောင့် သူ၏စိတ်သည် သစ္စာတရားနှင့် မျိုးချစ်စိတ်များဖြင့် ရိုက်သွင်းခံခဲ့ရသည်။ သူသည် ထိုအရာများကို လျိုချင်း၏ စိတ်ထဲ ရိုက်သွင်းပေးခဲ့သည်။ ထို့ကြောင့် လျိုချင်းသည် ယနေ့ညီလာခံ၏အခြေအနေကို တွေ့မြင်ရသောအခါ သူသည် ဝမ်းနည်းမှုဖြင့် သက်ပြင်းချမိသည်။ “ ခင်ဗျားကော အခုအခြေအနေကို ဘယ်လိုထင်လဲ” ယဲ့နင်က မေးလိုက်သည်။ “ညီလာခံမှာရှိတဲ့ လူတွေအကုန်လုံးက သူခိုးတွေ ဧကရာဇ်ကို ပလ္လင်ပေါ်ကနေ ဖယ်ရှားချင်တဲ့သူတွေကြီးပဲ သူတို့ အကုန်သေသင့်တယ်” လျိုချင်းသည် အံကြိတ်လျက်ပြောလိုက်သည်။ ယဲ့နင်၏ မျက်လုံးသည် တောက်ပလာပြီး “အဲ့ဆို ဘာလို့ ခင်ဗျားက သူတို့ကို အဲ့လို သွားမပြောတာလဲ” လျိုချင်းသည် တုန်လှုပ်သွားပြီး ခေတ္တခဏမျှကြက်သေသေသွားသည်။ “အဲ့ဒါက ဘာလို့ဆို ငါက အေးအေးဆေးဆေးပဲ နေတတ်တဲ့သူဆိုတော့...” သူသည်ယဲ့နင်ကို ကြောက်ရွံ့လာမိသည်။ “သခင်လေးယဲ့က ရူးနေတာလား၊ စောစောသေချင်တဲ့သူပဲ အင်မော်တယ်ဂိုဏ်းနဲ့ဘုရင်ခြောက်ပါးကို သွားရန်စရဲမှာ” ယဲ့နင်သည် ပျင်းရိစွာ စိတ်မဝင်စားဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။ သူသည် လျိုချင်းကို သတ္တိရှိသူလို့ ထင်မိသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုသူသည် မိန်းမစိုးတစ်ယောက်ပင် ဖြစ်သောကြောင့် သတ္တိမရှိချေ။ သေသေချာချာစဉ်းစားကြည့်ပါက လက်ရှိညီလာခံထဲတွင်ရှိသော မှူးမတ်တိုင်းတွင် သူတို့ပြောလိုသည့် စကားများရှိပေလိမ့်မည်။ သူတို့မည်မျှပင် ဒေါသထွက်စေကာမူ သူတို့သည် သေမည်ကို ကြောက်ရွံ့သောကြောင့် နှုတ်ဆိတ်နေခြင်းဖြစ်သည်။ သို့သော် လက်ရှိအခြေအနေသည် ယဲ့နင်အတွက် သေဖို့ရန် အတော်အတန်ကောင်းမွန်သည်။ လူများများပိုကြောက်လေ သူထင်ပေါ်ဖို့ရန် အခွင့်အရေးပိုရလေဖြစ်သောကြောင့် ဖြစ်သည်။ အင်မော်တယ်ဂိုဏ်းကို ဆန့်ကျင်လိုက်ပါက ယဲ့နင်သည် သေမည့်လမ်းမှ ပြေးမလွှတ်တော့ပေ။ ပွဲကြီးပွဲကောင်း စတင်နေပြီ ဖြစ်သော်လည်း ညီလာခံထဲရှိလူများသည် အချိန်ဆွဲနေကြသည်။ ပထမဉီးစွာ သူတို့သည် တိုင်းပြည်ရေးရာများကို ဆွေးနွေးကြသည်။ သို့သော် အဓိကအချက်ကို မဆွေးနွေးကြပေ။ “ဘာလို့ သူတို့တွေက ခုနစ်ခုမြောက်ပြည်ထောင် တည်ထောင်မယ့် အကြောင်းကို မပြောကြတာလဲ၊ မဟုတ်ရင် အင်မော်တယ်ဂိုဏ်းက အဲ့အကြောင်းကို စိတ်မဝင်စားတော့လို့လား” လျိုချင်းသည် မျှော်လင့်တကြီး ပြောမိသည်။ “မဖြစ်နိုင်တာ ဒီကိစ္စ က ခဏလေးနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ ကြည့်ပါလား အင်မော်တယ်ဂိုဏ်းအကြီးအကဲတောင် စိတ်မရှည်တဲ့ပုံမပြဘူး...” ယဲ့နင်သည် လျိုချင်း၏ အတွေးကို လှောင်လိုက်သည်။ ယဲ့နင် ထင်သည့်အတိုင်းပင် နန်းတွင်းအမတ်များ၏ ကျယ်လောင်စွာဆွေးနွေးသံသည် ဟဲရွမ်၏ ချောင်းဟန့်သံတိုးတိုးအောက်တွင် ချက်ချင်း ငြိမ်ကျသွားခဲ့သည်။ ဟဲရွမ်သည် မြင်းမြှီးယပ်ကို စိတ်မရှည်စွာခါးယမ်းလိုက်ကာ “ဒီအသေးအဖွဲ့ကိစ္စတွေကို ဆွေးနွေးဖို့က ပိုအရေးကြီးနေတာလား” ဟုပြောလိုက်သည်။ ဟဲရွမ်သည် ပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်အား စောင်းကြည့်လျက် “ဧကရာဇ်လည်း သိသင့်တယ် ဒီအဘိုးကြီးရဲ့ တစ်ခုတည်းသော ဆန္ဒက လီမျိုးနွယ်ရဲ့ တတိယမင်းသား ကျင်းယန် ကို အိမ်ရှေ့စံနေရာ ထားချင်တယ်ဆိုတာ သူက တိုင်းပြည်နဲ့ ပြည်သူ့အကျိုးအတွက် များစွာဆောင်ရွက်ခဲ့ပေးတဲ့အတွက် သူသာ အဲ့နေရာနဲ့ထိုက်တန်တယ်” ဟုပြောလိုက်သည်။ လူတိုင်း၏မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားကြပေမယ့် သူတို့သည် ဆက်လက်ပြီး နှုတ်ဆိတ်နေကြသည်။ ယဲ့နင်သည် ဧကရာဇ် မည်သို့တုန့်ပြန်မည်ကို တိတ်တဆိတ်စောင့်ကြည့်နေသည်။ ညီလာခံထဲတွင်ရှိသော သူများသည် တိတ်ဆိတ်စွာသက်ပြင်းအကြိမ်ကြိမ်ချပြီးနောက် နဂါးပလ္လင်ပေါ်မှ အသံ ကိုကြားလိုက်ရသည်။ “ငါကိုယ်တော်က ဆန္ဒမရှိဘူးဆိုရင်ကော”
***