ကျီမင်းယွဲ့သည် ခေါင်းကိုငုံ့ထားသည်။ သရဖူတွင်ချိတ်ဆွဲထားသော ပုလဲပုတီးကုံးများသည် ဧကရာဇ်၏ ဒေါသမျက်ဝန်းများကို ဖုံးကွယ်နေသည်။ သူသည် တစ်ကြိမ်တစ်ခါမှ ထိုမျှအထိ ဒေါသ မထွက်ခဲ့ဖူးပေ။ထီးနန်းကို စတင်ဆက်ခံစဉ်တည်းက သူ၏ အပျော်မက်မှုများသည် ဟန်ဆောင်မှုများသာဖြစ်သည်။စင်စစ်တွင်မူ သူသည် ရည်မှန်းချက်ကြီးသော သူတစ်ယောက်ဖြစ်ခဲ့သည်။ ယခုကဲ့သို့ ဟန်ဆောင်နေရခြင်းသည် အင်မော်တယ်ဂိုဏ်း၏ ပစ်မှတ်ထားခံရခြင်းမှ ရှောင်ရှားရန်အတွက်ပင်။ ပျင်းရိပြီး ဉာဏ်မဲ့သော ဧကရာဇ်တစ်ပါးကဲ့သို့ ဟန်ဆောင်မှသာလျှင်အင်မော်တယ်ဂိုဏ်းကို နှစ်သိမ့်နိုင်ပြီး အာဏာတည်မြဲနိုင်ပေလိမ့်မည်။ သို့သော် ယနေ့တွင် ခါးသီးသော အမှန်တရားကို သိရှိလိုက်ရသည်။ သူ ရိုးသားလွန်းခဲ့သည်။ မည်မျှပင်တုံးအသည့် ပုံစံ ဟန်ဆောင်စေကာမူအင်မော်တယ်ဂိုဏ်းသည် ကျိုးမင်းဆက်အား ဖျက်စီးမည့်ရည်ရွယ်ချက်ကို လက်မလျှော့ခဲ့ပေ။ အင်မော်တယ်ဂိုဏ်း၏ အကြိမ်ပေါင်းများစွာ ဖျက်စီးဖို့ရန်ကြိုးစားသည်ကို လျစ်လျူရှုခဲ့သည်။ လျို့ဝှက်စွာ အင်အားကို စုဆောင်းပြီး တိုက်ခိုက်မည်ဟု တွေးထားသော်လည်းအကြံအစည် မအောင်မြင်ခင် နင်းချေခံရနိုင်ချေရှိသည်ကို သူမတွေးမိခဲ့ပေ။ ယနေ့အချိန်တွင် မဟာကျိုးမင်းဆက်သည် ယိုယွင်းပျက်စီးနေသည့် ပြည်ထောင်တစ်ခု ဖြစ်သည်။ အကယ်၍ ခုနှစ်ခုမြောက်ပြည်ထောင် ပေါ်ပေါက်လာပါက ကျိုးပြည်ထောင်သည် ကံဆိုးမိုးမှောင်မှုများကို ရင်ဆိုင်ရလိမ့်မည်။ ကျိုးပြည်ထောင်၏ စစ်တပ်နှင့် ပြည်သူတို့၏ စိတ်ဓာတ်သည် အောက်ခြေသို့ကျဆင်းသွားကာ ကျိုးမင်းဆက်၏ ဂုဏ်သိက္ခာသည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ကံဆိုးမိုးမှောင်ကျနေသော ကျိုးပြည်ထောင်သည် ကောင်းကင်၏ ကောင်းချီးပေးမှုကို မရရှိနိုင်ချေ။ ပြည်ထောင်တစ်ခုသည် ကောင်းကင်၏ ကောင်းချီးပေးမှုကို မရရှိပါက ထိုပြည်ထောင်သည် ပျက်စီးသွားမည် ဖြစ်သည်။ ထို့နောက် သူသည်လည်း ပြည်သူတို့၏ ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မည်။ တိုင်းပြည်၏ကံကြမ္မာကောင်းများ မရှိပါက အင်မော်တယ်ဂိုဏ်းသည် သူ့အား အလွယ်တကူ သတ်နိုင်လိမ့်မည်။ ကျီမင်းယွဲ့တွင် ရွေးချယ်စရာမရှိတော့ပေ။ ကျီမင်းယွဲ့၏ ပါးလွှာသော ခန္ဓာကိုယ်အား ကြီးမားသောနဂါးဝတ်ရုံဖြင့် လွှမ်းခြုံထားပြီး သူ၏ ဖြူဖွေးသေးသွယ်သော လက်ချောင်းများသည် ဝတ်ရုံ၏လက်များနှင့် ညှိတွယ်နေသည်။ ခုနှစ်ခုမြောက်ပြည်ထောင် ပေါ်ပေါက်လာမှုသည် ကျိုးပြည်ထောင်၏ကံကြမ္မာအား ထိခိုက်စေခြင်းရှိမရှိ မသေချာပေ။ သို့သော် သူသည် တိုင်းပြည်၏ ကံကြမ္မာကို အလောင်းအစား မလုပ်နိုင်ပါ။ ထီးနန်းအား ဆက်ခံခဲ့သည့် အချိန်မှစ၍ သူသည် နာခံသောသူတစ်ယောက်ဖြစ်ခဲ့သည်။ ယနေ့သည် ပထမဆုံးအကြိမ် သူ အင်မော်တယ်ဂိုဏ်း၏ တောင်းဆိုချက်ကို ငြင်းဆိုခြင်းဖြစ်သည်။ “ငါကိုယ်တော်က ဆန္ဒမရှိဘူးဆိုရင်ကော” ထိုသို့ ပြောလိုက်အခါ ညီလာခံ ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဟဲရွမ်သည် မျက်ခုံးပင့်လိုက်ပြီး သူ၏မျက်ဝန်းများသည် အေးစက်မှုတို့ ထင်ဟပ်နေခဲ့သည်။ “ဧကရာဇ်က အလိုမရှိဘူးလား” နှစ်ပေါင်းများစွာ အသိဉာဏ်မဲ့သော ဧကရာဇ်ပုံစံ ဟန်ဆောင်ခဲ့ပြီး တစ်လောကလုံးကို လိမ်ညာခဲ့ပြီးနောက် ကျီးမင်းယွဲ့၏ သရုပ်ဆောင်စွမ်းရည်သည် တိုးတက်လာခဲ့သည်။ ဟဲရွမ်သည် တုန်လှုပ်ခြင်းမရှိ ပုံမှန်အတိုင်းပင်ဖြစ်သည်။ သို့သော် ကျီမင်းယွဲ့သည် သူ၏တောင်းဆိုချက်ကို ငြင်းဆိုလိမ့်မည်ဟု သူ မထင်ထားမိပေ။ “ကျင်းယန်က တိုင်းပြည်အကျိုးနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် များစွာ ဆောင်ရွက်ခဲ့ပေမယ့် သူ့ကို အိမ်ရှေ့စံနေရာ ပေးလို့မရဘူး။ သူ့ကို ပေးလိုက်မယ်ဆိုရင် ပြည်သူတွေက လက်ခံမယ်ထင်လား” ကျီမင်းယွဲ့သည် သူ ဟန်ဆောင်ထားသည်ကို မပေါ်စေရန် အကြောင်းတစ်ခုပြပြီး ငြင်းဖို့ရန်ကြိုးစားလိုက်သည်။ “တစ်တိုင်းပြည်လုံးကပြည်သူတွေ” ဟဲရွမ်လှောင်ရယ် ရယ်လိုက်သည်။ “ဘယ်တိုင်းပြည်က သူတွေကို ဧကရာဇ်ပြောနေတာလဲ” ကျီမင်းယွဲ့ ၏အဖြေကို မစောင့်ဘဲ သူသည် မောက်မာသော မျက်နှာထားဖြင့်မြင်းမြှီးယပ်ကို ကိုင်လျက် မတ်တပ်ရပ်လိုက်သည်။ ကျီမင်းယွဲ့သည် အံကြိတ်လျက် “အင်မော်တယ်ဂိုဏ်းက ပြည်သူတွေကို ကိုယ်စားမပြုဘူး” ပြောလိုက်သည်။ ဟဲရွမ်သည် မထီမဲ့မြင်ပုံစံဖြင့် ပြုံးလိုက်ပြီး “ကျုပ်တို့က တိုင်းသူပြည်သားတွေကို ကိုယ်စားမပြုဘူးဆိုရင် ဘယ်သူက သူတို့ကို ကိုယ်စားပြုမှာလဲ။ မင်းသား၊ တော်ဝင်မျိုးနွယ်၊ ပြည်သူ့ရေးရာနဲ့ တိုင်းပြည်ရေးရာ အမတ်တွေက ကိုယ်စားပြုမှာလား” သူ၏ အေးစက်သောမျက်လုံးများသည် ညီလာခံထဲတွင်ရှိသော သူများကို ကြည့်ရှုလိုက်သည်။ တိုင်းပြည်ရေးရာနှင့်ပြည်သူ့ရေးရာအမတ်များသည် ချက်ချင်းပင် ဒူးထောက်ပြီး ဉီးညွှတ်ကြသည်။ “လီမျိုးနွယ်၏ တတိယမင်းသား ကျင်းယန်သည် ပြည်ထောင်အတွက် များစွာကောင်းကျိုးပြုခဲ့ပါသည် အိမ်ရှေ့စံနေရာ ပေးတော်မူပါ” “လီမျိုးနွယ်၏ တတိယမင်းသား ကျင်းယန်သည် ပြည်ထောင်အတွက် များစွာကောင်းကျိုးပြုခဲ့ပါသည် အိမ်ရှေ့စံနေရာ ပေးတော်မူပါ” “လီမျိုးနွယ်၏ တတိယမင်းသား ကျင်းယန်သည် ပြည်ထောင်အတွက် များစွာကောင်းကျိုးပြုခဲ့ပါသည် အိမ်ရှေ့စံနေရာ ပေးတော်မူပါ” . . . သူတို့၏ အသံများသည် သပ်ရပ်ပြီး ညီလာခံတစ်ခုလုံးကို လွှမ်းမိုးနိုင်သည် အထိ ကျယ်လောင်လှသည်မှာ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်းပင် ဖြစ်သည်။ ဘုရင်ခြောက်ပါးသည်လည်းလက်ခုပ်တီးပြီး ထောက်ခံကြလေသည်။ နန်းတော်တစ်ခုလုံးသည် ဧကရာဇ်ဘက်တွင် မရှိကြပေ။ ယခုအချိန်တွင် ပလ္လင်ပေါ်မှာထိုင်နေသော ကျီမင်းယွဲ့သည် အဆုံးမသတ်နိုင်သော မျှော်လင့်ချက်မဲ့မှုများသာ ခံစားနေရလေသည်။ သူ့မျက်နှာသည် ဝမ်းနည်းမှုနှင့် ဒေါသကြောင့် ဖျော့တော့နေသည်။ “လုရှီကျွင်း ခင်ဗျား ဧကရာဇ်ဘက်ကနေ ရပ်တည်ပေးသင့်တယ် ဒါက ဝန်ကြီးတစ်ယောက်ရဲ့တာဝန်မဟုတ်ဘူးလား” နှစ်ထောင်ပေါင်းများစွာရပ်တည်ခဲ့သောကျိုးပြည်ထောင်သည် အဆုံးတွင် ပျက်သုဉ်းခြင်းကို ရင်ဆိုင်ရလေပြီ။ အပြင်ဘက်တွင် အင်အားကြီးသော ရန်သူများဝန်းရံနေပြီး အတွင်းဘက်သည်ပျက်စီးနေသည်။ လက်ရှိအချိန်တွင် ကျီမင်းယွဲ့ခံစားရသော အရာသည် စကားလုံးနှင့်ပင် မဖော်ပြနိုင်ပေ။ သူသည် လဲကျလုဆဲဆဲ ဖြစ်နေကြောင့် သူ၏ အသံသည် မိန်းမသံကဲ့သို့ စူးရှနေခဲ့သည်။ “အရူးကောင်တွေ မတ်တပ်ရပ်စမ်း မင်းတို့မှာ ကျောရိုးမရှိဘူးလား” လျိုချင်သည် အမှောင်ထဲတွင် ဒေါသကြောင့် အံကြိတ်ထားမိသည်။ ယဲ့နင်သည် ဒေါသကြောင့် သူအသားနီရဲနေသည်ကို တွေ့သောကြောင့်စိတ်ဝင်စားစွာ မေးမြန်းလိုက်သည်။ “ကောင်းကင်ရဲ့သားတော်က နှစ်ပေါင်းများစွာ ထီးနန်းစိုးစံခဲ့ပေမယ့် သူ့မှာ မိတ်ဆွေတစ်ယောက်မှ မရှိခဲ့ဘူး။ နန်းတော်ထဲမှာ သူ့ဘက်ကနေ ရပ်တည်ပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး။ဒီငတုံးကောင်လည်း သူဘက်ကနေ ရပ်တည်မပေးနိုင်ခဲ့ဘူး” လျိုချင်သည် ထိုစကားများကို ကြားသောအခါ သူသည် သူ့ကိုယ်သူ ပို၍ပင် ဒေါသထွက်လာသည်။ “တကယ်တော့ သူ့မှာ အရင်းနှီးဆုံး မိတ်ဆွေတွေရှိခဲ့တယ် သစ္စာဖောက်ကောင် လုရှန်က သူတို့ထဲက တစ်ယောက်ပဲ” ယဲ့နင်သည် မျက်ခုံးပင့်လိုက်သည်။ “သစ္စာဖောက်” လျိုချင်ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေသည်။ “ကောင်းကင်ရဲ့သားတော်က သူငယ်ချင်းအရင်းဆီက သစ္စာဖောက်ခံရလို့ မယုံကြည်နိုင်ဖြစ်နေတာ၊ အဲ့သစ္စာဖောက်ကောင်က လာဘ်စားတယ် ဧကရာဇ်ကို လိမ်တယ် ဒါပေမယ့် ဧကရာဇ်က သူ့ကိုကာကွယ်ပေးခဲ့တယ် ဒီနေ့ ဒီလို ဖြစ်နေတာကို သူညီလာခံမလာဘူးဆိုတာ နေမကောင်းလို့ထင်တာပဲ သူ့ရဲ့သစ္စာဖောက် အဖွဲ့ကို ပြောထားပေမယ့် ဘယ်သူမှ ညီလာခံကို မလာကြဘူး” ယဲ့နင် နားလည်လိုက်သည်က ဤအခြေအနေများသည် ပုံမှန်ပင်ဖြစ်သည်။ သစ္စာဖောက်အမတ်များသည် သူတို့အကျိုးအတွက် လာဘ်စားကြပြီး နောက်ဆုံးတွင် အန္တရာယ်နှင့်ရင်ဆိုင်ရသည်။ သို့သော် ထိုသစ္စာဖောက် အဖွဲ့ ညီလာခံကို လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ဧကရာဇ်သည် လက်ရှိအခြေအနေကိုရင်ဆိုင်ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဧကရာဇ်သည် သူ၏ဘက်တွင် မည်သူမှ မရှိသောကြောင့် နိုင်ဖို့ရာ မဖြစ်နိုင်ချေ။ “ဧကရာဇ် အခုဘာပြောချင်သေးလဲ” ဟဲရွမ်၏ မျက်လုံးများသည် အထင်သေးမှုများဖြင့် ထင်ဟပ်နေသည်။ ပြည်သူရေးရာနှင့် တိုင်းပြည်ရေးရာ အမတ်များဖြစ်စေ ၊တော်ဝင်မျိုးနွယ် မူးမတ်များဖြစ်စေ အင်မော်တယ်ဂိုဏ်းရှေ့တွင် ပုရွက်ဆိတ်များသဖွယ်ဖြစ်နေသည်။ ဟဲရွမ်ကို မည်သူမျှ မဆန့်ကျင်နိုင်ချေ။ “ ဒီတိုင်းပြည်မှာကော ဒီကမ္ဘာပေါ်မှာကော ခင်ဗျားတို့ဘက်မှာ ဘယ်ပြည်သူမှ မရှိဘူး” ကျီမင်းယွဲ့သည် အရှုံးမပေးဘဲ တစ်ယောက်တည်း ဆက်လက်တိုက်ခိုက်နေသည်။ “ဟာသမပြောနဲ့ ကမ္ဘာပေါ်မှာ လူဘယ်နှယောက်ရှိလဲ ခင်ဗျားသိလို့လား တစ်ယောက်ချင်းစီရဲ့အမြင်ကို ခင်ဗျားသိလို့လား” ချူဘုရင် ရှန်းယွင်က ပြန်လည်ချေပေသည်။ “မင်းစိုးရိမ်စရာမလိုဘူး ငါ့လူတွေကို ကျင်းယန်အုပ်ချုပ်တဲ့နယ်မြေဆီကို ပို့ပြီး ဒေသခံတွေရဲ့အမြင်ကို မေးခိုင်းထားပြီးသား” ကျီမင်းယွဲ့သည် လက်ပြလိုက်သော အခါ မိန်းမစိုးများသည် ညီလာခံထဲသို့ စာအုပ်များစွာဖြင့် ဝင်ရောက်လာကြသည်။ “ဒါက ကျင်းယန်ရဲ့လူတွေ သူတို့ရဲ့ လက်ဗွေရာ နဲ့ တကွရေးထားတဲ့ စာအုပ်တွေပဲ” လီမျိုးနွယ် မင်းသားကျင်းယန်သည် မြေဩဇာကောင်းမွန်သော လယ်ကွက်များကို အလွဲသုံးစား လုပ်ခြင်း၊ ပြည်သူများအား ရိုက်နှက်ခြင်း၊ တစ်ပါးသူ၏ မိန်းမအား လုယူခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ “ဒီလိုမှတ်တမ်းရှိတဲ့သူက အိမ်ရှေ့စံနေရာနဲ့ထိုက်တန်တယ်ထင်တာလား” ကျီမင်းယွဲ့၏ စကားသည် မိုးချုန်းသံကဲ့သို့ကျယ်လောင်လှပြီး ညီလာခံထဲတွင်ရှိသော လူတိုင်းကို ကြက်သေသေ သွားစေသည်။ ထိုအသိဉာဏ်မဲ့လွန်းသော ဧကရာဇ်သည် ဤကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားလိမ့်မည်ဟု မည်သူမျှ မထင်မိပေ။ “ခင်ဗျားတို့ ဘာပြောနိုင်သေးလဲ ကြည့်ကြသေးတာပေါ့” ထိုမြင်ကွင်းကို မြင်သောအခါ လျိုချင်းသည် ပျော်ရွှင်မှုကြောင့် မျက်ရည်ကျလာခဲ့သည်။ သို့သော်ယဲ့နင်သည် ခေါင်းကို ခါလိုက်သည်။ အသုံးမဝင်ဘူး။ ဤကမ္ဘာ၏ အမှန်တရားသည် မှားယွင်းနေသည်။ အသုံးဝင်သည့်တစ်ခုတည်းသောအရာမှာ အာဏာပင်ဖြစ်သည်။ အကြောင်းပြချက်ကောင်းစွာပေးနိုင်ပါက ကျိုးမင်းဆက်သည် ဤကဲ့သို့ ဖြစ်လာမည် မဟုတ်ချေ။ ခေတ္တခဏမျှ တိတ်ဆိတ်နေပြီးနောက် ဝေ့ဘုရင် ချောင်းမန် သည် စာအုပ်ကိုင်ထားသော မိန်းမစိုးငယ်ကို ကန်ထုတ်ကာ ညီလာခံ ခန်းမထဲသို့ ဝင်လာခဲ့သည်။ သူသည် သူ၏ခါးတွင်ရှိသော ဓားအိမ်မှ ဓားကိုဆွဲထုတ်လိုက်ပြီး မိန်းမစိုးငယ်ကိုခုတ်ချလိုက်သည်။ ဓားသည် မီးလျှံများဖြင့် တောက်ပလာခဲ့သည်။ ဤဓားသည် အင်မော်တယ်ဂိုဏ်းမှ ချောင်းမန်အား ပေးထားသည့် မှော်ဓားဖြစ်သည်။ ချောင်းမန်သည် စာအုပ်များကို ထိုဓားဖြင့် ပိုင်းလိုက်ပြီး မီးရှို့ပစ်လိုက်လေသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ဓားကိုကိုင်ထားသည်။ “ကံဆိုးစွားနဲ့ပဲ မတော်တဆ မီးလောင်သွားလို့ ဧကရာဇ်စုဆောင်းထားတဲ့ စာအုပ်တွေတော့ ပျက်စီးသွားပြီ” မတော်တဆ မီးလောင်မှု နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ကျီမင်းယွဲ့သည် ဒေါသကြောင့် မတ်တတ်ရပ်လိုက်သည်။ “မင်း” သူသည် ချောင်းမန်အား မျက်ထောင့်နီဖြင့်စိုက်ကြည့်နေသည်။ သို့သော် ချောင်းမန်သည် အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။ သူ၏မျက်လုံးများသည်ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။ ကျီမင်းယွဲ့၏နှလုံးသည် ပြင်းထန်စွာခုန်ပေါက်နေခဲ့သည်။ သူသည် လူအုပ်ကို ဝေ့ဝိုက်ကြည့်လိုက်သောအခါ များစွာသော တိုင်းပြည်ရေးနှင့်ပြည်သူ့ရေးရာ အမတ်များ၊ ခြောက်ပြည်ထောင်၏ဘုရင်များ၊ အင်မော်တယ်ဂိုဏ်း၏ မောက်မာသောအကြည့်တို့သည် ဆူးချွန်များကဲ့သို့ သူ၏နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားကြသည်။ ယနေ့ဖြစ်ပျက်ခဲ့သော အရာများသည် ဧကရာဇ်အတွက် ကြီးစွာသော အရှက်ကွဲမှုပင်ဖြစ်သည်။ သို့သော် သူသည် ဘာမှမလုပ်နိုင်တော့ပေ။ သူသည် စကားတစ်ကြောင်းပင် ဖြောင့်အောင် မပြောနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူပြောလိုက်သော စကားများသည် အသုံးမဝင်မည်ကို သိနေသောကြောင့်ဖြစ်သည်။ “ဧကရာဇ် ကျေးဇူးပြု၍ ကျင်းယန်ကို ဧကရာဇ်နေရာ ပေးတော်မူပါ” ဟဲရွမ်သည် ချောင်းမန်အား အသိအမှတ်ပြုဟန်ဖြင့် ကြည့်လိုက်ကာ ချောင်းတစ်ချက်ဟန့်ပြီး ပျင်းရိစွာဆိုလိုက်သည်။ “ဧကရာဇ် ကျေးဇူးပြု၍ ကျင်းယန်ကို ဧကရာဇ်နေရာ ပေးတော်မူပါ” “ဧကရာဇ် ကျေးဇူးပြု၍ ကျင်းယန်ကို ဧကရာဇ်နေရာ ပေးတော်မူပါ” “ဧကရာဇ် ကျေးဇူးပြု၍ ကျင်းယန်ကို ဧကရာဇ်နေရာ ပေးတော်မူပါ” လူတိုင်း၏ ညီညွှတ်စွာ တောင်းဆိုသံများသည် မိုးချုန်းသံ ကဲ့သို့ကျယ်လောင်လှသည်။ ကျီမင်းယွဲ့သည် တွန်းအားတစ်ခုကြောင့် တွန်းကန်ခံလိုက်ရသည့်နှယ် ပလ္လင်ပေါ်သို့ ထိုင်လျက် ကျသွားသည်။ သူ၏ မျက်လုံးများသည် နီရဲနေခဲ့သည်။ ခြိမ်းခြောက်မှုကြောင့် စိတ်ဒုက္ခရောက်ပြီး သူ့အား မျက်ရည် ကျလာစေခဲ့သည်။ “သောက်အမတ်မင်းတွေ သောက်ဝန်ကြီးတွေ သောက်သူခိုးတွေ” လျိုချင်းသည် ဒေါသကြောင့် မျက်ရည်များကျဆင်းကာ ဆဲရဲနေမိသည်။ ယနေ့ ဖြစ်ပျက်ခဲ့သော အရာများသည် ယွဲ့နင်အားအကြောင်းအရာ သုံးခုကို သိစေခဲ့သည်။ မြင့်မြတ်လှသော ဧကရာဇ်သည် ဤကဲ့သို့ အရှက်ခွဲမှုကို ခံစားရသည်။ ဤကမ္ဘာတွင် မှန်ကန်သော လူမရှိပေ။ “ ဧကရာဇ်သဘောတူလိုက်ပြီ” အမှန်စင်စစ် ဝေ့ဘုရင် ချောင်းမန်သည် ကျီမင်းယွဲ့အား စိတ်မဝင်စားပေ။ သူသည် ဓားကို ကိုင်လျက် လူအုပ်ထဲသို့ တိုးဝင်သွားသည်။ “အစီအစဉ်ချတော့” ချက်ချင်းပင် တစ်စုံတစ်ယောက်သည် နန်းတွင်း အမိန့်စာအား ပို့ဆောင်လာသည်။ ချောင်းမန်သည် အမိန့်လွှာကို ခုံပေါ်တင်လိုက်သည်။ “တံဆိပ်တုံး ထုပေးမယ့်အရာရှိက ဘယ်မှာလဲ ကျောက်စိမ်းတံဆိပ်တုံးကို မြန်မြန်ပို့ပေးစမ်း” ယနေ့ပွဲသည် ဤမျှလောက်နှင့်ပင် အဆုံးသတ်သွားခဲ့သည်။ နောက်ဆုံးတစ်ဆင့်သာ ကျန်ရှိသော်လည်း ထိုအဆင့်တွင် ပြဿနာ တက်လိမ့် လိမ့်မည်ဟု မည်သူမှ မထင်မိပေ။ ညီလာခံခန်းမ၏ အသက်နှစ်ဆယ်ခန့်ရှိမည့် ချောမောသော ယောက်ျားပျိုတစ်ယောက်သည် သစ်သားသေတ္တာငယ်ကိုကိုင်လျက် ပေါ်ပေါက်လာခဲ့သည်။ အရာရှိငယ်၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေခဲ့သည်။ သူသည် ကျောက်စိမ်းတံဆိပ်တုံး မပေးဘဲ သူ၏ရင်ဘတ်ထဲတွင် တင်းကျပ်စွာ ဖက်ထားလျက် ကျိန်ဆဲလိုက်သည်။ “စောက်သစ္စာဖောက်တွေ မင်းတို့ ဒီကျောက်စိမ်းတံဆိပ်တုံးကို ဘယ်တော့မှ မရစေရဘူး”
***