“သစ္စာဖောက်တွေ သူခိုးတွေ” ထိုစကားလုံးများသည် ညီလာခံခန်းမတစ်လျှောက် မိုးချုန်းသံနှယ် ဟိန်းထွက်သွားခဲ့သည်။ ယနေ့လို နေ့ကြီးရက်ကြီးအခါတွင် ထိုကဲ့သို့အသံကို ကြားရလိမ့်မည် ဟု မည်သူမျှ မထင်မိပေ။ ဝေ့ဘုရင် ချောင်းမန်သည် ထိုအသံ လာရာနေရာအား ကြည့်လိုက်သောအခါ ကျောက်စိမ်းတံဆိပ်တုံးကို တာဝန်ယူ ထိန်းသိမ်းရသည့် အရာရှိငယ်ကို တွေ့လိုက်ရသည်။ “မင်းလို ဘာအဆင့်မှမရှိတဲ့ အရာရှိငယ်တစ်ယောက်က ငါ့ကို ဆဲရဲတယ်” ချောင်းမန်သည် အလွန်ပင် ဒေါသထွက်နေသည်။ “မင်းက ဧကရာဇ်အသစ်ကို စော်ကားတာလား” “မဟုတ်ပါဘူး” အရာရှိငယ်သည် ခေါင်းခါလိုက်သည်။ ဤအဆင့်နိမ့်အရာရှိသည် အဘယ်ကြောင့် အကြောက်အရွံ့မရှိ ခေါင်းမာနေသည်ကို ချောင်းမန်နားမလည်ချေ။ ထိုစဉ်မှာပင် အရာရှိငယ်က ထပ်ပြောလိုက်သည်။ “ဒီမှာရှိတဲ့ လူ အကုန်လုံးကို ပြောတာ” ထိုခေါင်းမာသော အရာရှိငယ်သည် ယဲ့နင်ပင် ဖြစ်သည်။ ယဲ့နင်သည် တိုင်းပြည်နှင့် ပြည်သူ့ရေးရာအမတ်များကို ဒေါသတကြီး ကြည့်လိုက်သည်။ “ဒီမှာရှိတဲ့ ကျိုးမင်းဆက်ရဲ့ အမတ်တွေ တစ်ယောက်မှ ရိုးသားမှုနဲ့ဖြောင့်မတ်မှုကိုမရှိကြဘူး” “ခင်ဗျားတို့တွေလုပ်တဲ့ လုပ်ရပ်က ရထားတဲ့ လစာနဲ့ကော ထိုက်တန်မှုရှိကြသေးရဲ့လား။ မဟာကျိုးပြည်ထောင်ရဲ့ ဧကရာဇ်ကိုကော ခင်ဗျားတို့ ရွေးချယ်ခွင့် ရှိလို့လား” “တော်ဝင်မိသားစုကို မြှင့်တင်ဖို့ ပညာတွေသင်ထားကြပေမယ့် အခုတော့ ခင်ဗျားတို့က နန်းတော်ကို ဆန့်ကျင်ဖို့ ကြိုးစားနေကြပြီ” ယဲ့နင်၏ဒေါသတကြီးအော်ငေါက်နေသော အသံသည် ခန်းမတစ်လျှောက် ဟိန်းထွက်နေသည်။ ညီလာခံထဲတွင်ရှိသော သူများအားလုံး ကြက်သေသေလျှက် ရှိကြသည်။ “ဒါ ဒါ ဒါက သခင်လေးယဲ့ မလား” လျိုချင်သည် ပါးစပ်အဟောင်းသားပွင့်နေမိသည်။ ယဲ့နင်သည် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ညီလာခံခန်းမထဲသို့ ဝင်ရောက်လာပြီး တော်ဝင်မျိုးနွယ် အမတ်များအား ဆူဆဲနေသည်။ လျိုချင် ပထမဉီးစွာ တွေးမိသည်မှာ “သခင်လေးယဲ့က တအားမိုက်တာပဲ” ဤအမှုဆောင်ငယ်သည် သိပ်ရဲရင့်လွန်းလှသည်။သို့သော် သူ့ခေါင်းထဲသို့ ဒုတိယ အတွေးရောက်လာခဲ့သည်။ “သခင်လေးယဲ့ မိုက်ရူးရဲဆန်လွန်းတယ်” ယင်းကဲ့သို့ လုပ်ခြင်းသည် ခေါင်းဖြတ်ခံရမည်ကို လျှိုချင် သိသောအခါ သူ၏မျက်နှာသည် စက္ကူရွက်နှယ် ဖြူဖျော့သွားခဲ့သည်။ “သူတော့ သေပြီ” “သူက ကျောက်စိမ်းတံဆိပ်တုံးကို ထိန်းတဲ့အရာရှိလား” ကျီမင်းယွဲ့လည်း အံ့ဩနေသည်။ ကျောက်စိမ်းတံဆိပ်တုံးကို ထိန်းသိမ်းရသော ရာထူးသည် အဆင့်နိမ့်သောရာထူးဖြစ်သောကြောင့် သူ မသိသည်မှာ မထူးဆန်းပေ။ သို့သော် ယဲ့နင်၏သူရဲကောင်းလုပ်ရပ်မှာ သူ့နှလုံသားထဲတွင် ထာဝရ စွဲထင်နေလိမ့်မည်။ “ငါကိုယ်တော်ကို သစ္စာခံတဲ့သူတွေ ရှိသေးတယ်…” ကျီမင်းယွဲ့၏ နီရဲနေသော မျက်ဝန်းများသည် မျက်ရည်တို့ဖြင့် ပြည့်နှက်လာခဲ့သည်။ မည်သူမျှ သူ၏လက်ရှိခံစားချက်ကို နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ သူတစ်ယောက်တည်း နှင့် တစ်လောကလုံးကို ဆန့်ကျင်နေရစဉ်က ခံစားရသော အထီးကျန်မှု၊ ကြောက်ရွံ့မှုူများသည် စကားနှင့်ပင် ဖော်ပြလို့မရချေ။ သူအလိုအပ်ဆုံးအချိန်တွင် ယဲ့နင်သည် သူအတွက် ရပ်တည်ပေးခဲ့သည်။ ယဲ့နင်သည် အရာရှိငယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ရှည်သောအရပ်ကြောင့် ပြည်ထောင်တစ်ခုလုံး၏ တိုင်းပြည်ရေးရာနှင့် ပြည်သူ့ရေးရာ အမတ်များကို လွှမ်းမိုးသွားခဲ့သည်။ “မကောင်းတော့ဘူး” ကျီမင်းယွဲ့သည် ယဲ့နင်၏ သူ့ဘက်တွင် ရပ်တည်ပေးမှု အပေါ်ပျော်ရွှင်မိသော်လည်း ထိုအရာသည် သေတွင်းတူးခြင်းပင်ဖြစ်သည်။ ယဲ့နင်လို ရာထူးငယ် အမတ်တစ်ယောက်က သစ္စာဖောက် အမတ်များနှင့် အင်မော်တယ်ဂိုဏ်းကို မည်သို့ ဆန့်ကျင်မည်နည်း။ ကျီမင်းယွဲ့သည် သူ့အတွက်ရပ်တည်ပေးခဲ့သော ယဲ့နင်ကို မသေစေချင်ပေ။ တော်ဝင်မျိုးနွယ်အမတ်များသည် ယဲ့နင်၏ အပြုအမူကြောင့် အလွန်အမင်းပင် မခံမရပ်နိုင် ဖြစ်နေကြသည်။ သစ္စာဖောက်နှင့်သူခိုးများဟု အခေါ်ခံရသည်ကို မည်သူမျှ မကြိုက်ကြပေ။ အထူးသဖြင့် ထိုသို့ခေါ်သောသူသည် သူတို့ထက် ရာထူးနိမ့်သော သူဖြစ်နေလျှင် ပို၍ပင် ဆိုးရွားပါသည်။ “အတင့်ရဲလိုက်တာ” မုတ်ဆိတ်ဖြူများရှိသော အနီရောင် နန်းတွင်း အမတ်ဝတ်ရုံ ဝတ်ဆင်ထားသည့် အသက်အရွယ်ကြီးသော အမတ်တစ်ယောက်သည် မတ်တပ်ရပ်လိုက်သည်။ “အညတရ အရာရှိ ကများ ဒီလို ရမ်းရမ်းကားကား ပြောရဲတယ်” ယဲ့နင်သည် ခေါင်းကို မော့လိုက်ပြီး ကြည့်လိုက်သည်။ “ခင်ဗျားက ဘယ်သူလဲ” အမတ်ကြီးသည် သူ၏ မုတ်ဆိတ်ကို မောက်မာစွာ ပွတ်သပ်နေသည်။ “ကျန်းဟွာရန် ပြည်ထဲရေးဝန်ကြီး” ယဲ့နင် ခေါင်းငြိမ့်လိုက်သည်။ “ပြည်ထဲရေးဝန်ကြီးဆိုတော့ ပညာတတ် တစ်ယောက်ပေါ့” ကျန်းဟွာရန်သည် ပို၍ပင် မောက်မာသွားသည်။ “ဒီအဘိုးကြီးက ထိပ်ဆုံးကျောင်းသားတစ်ယောက်လေ” ‘မင်းကိုယ်မင်း ဘယ်လောက်အဆင့်ရှိတယ်ထင်လို့ ဒီအဘိုးကြီးကို ဒီလိုပြောရဲတာလဲ’ သို့သော် ယဲ့နင်သည် ဂရုမစိုက်ပါ။ သူ၏ အဓိကရည်ရွယ်ချက်သည် သေဖို့ရန် ဖြစ်သောကြောင့် မည်သည့်အရာကိုမှ မကြောက်ရွံ့ပေ။ သူက မထီမဲ့မြင်ဟန်ဖြင့် ဆက်ပြောလိုက်သည်။ “မြင့်မြတ်တဲ့စာအုပ်တွေကို ခွေးတွေက လေ့လာနေကြတာပဲ” “ခင်ဗျားက ထိပ်ဆုံးကျောင်းသားဆိုတော့ နန်းတွင်း စာမေးပွဲတွေကို အောင်ခဲ့လို့ နန်းတွင်းကို ရောက်လာခဲ့တာမလား။ တကယ်လို့ ဧကရာဇ်သာ ခင်ဗျားကို ရာထူးမတိုးပေးဘူးဆိုရင် ခင်ဗျားဒီအဆင့်ထိရောက်လာမယ်ထင်လား” “ဒါပေမယ့် ခင်ဗျားက အခုတော့ ဧကရာဇ်ကို နန်းချဖို့ကြိုးစားနေတယ်။ ခင်ဗျားက တိရိစ္ဆာန်ထက်တောင် နိမ့်ကျတယ်။ သူခိုး၊ သစ္စာဖောက်လောက်ကောင်။ ခင်ဗျားနဲ့ စကားပြောရတာ ကျုပ်ပါးစပ်တောင် ညစ်ပတ်သွားသလိုပဲ” ကျန်းဟွာရန်သည် သူ၏ဘဝတစ်လျှောက်လုံး ချီးမွန်းစကား၊ မြှောက့်ပင့်စကားများကိုသာ ကြားခဲ့ရသည်။ ယခုတွင် သူသည် သူ့ထက် ရာထူးနိမ့်သော အမှုဆောင်အရာရှိငယ်၏ ရိုင်းစိုင်းစွာ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရသည်။ သို့သော် ကျန်းဟွာရန်သည် ယဲ့နင်ကို ပြန်လည် မချေပနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူလုပ်ခဲ့သောအရာများသည် စည်းမျဉ်းစည်ကမ်းများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ ဒေါသကြောင့် ကျန်းဟွာရန်၏မျက်နှာသည် နီတစ်လှည့်ပြာတစ်လှည့်ဖြစ်လာခဲ့သည်။ အသက်ရှူသွင်းကာ စကားများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မထိန်းချူပ်နိုင်ခဲ့ပေ။ “မ..မင်း..” ကျန်းဟွာရန်သည် ယဲ့နင်ကို လက်ညိုးထိုးလျက် သွေးအန်ကာ လဲကျသွားလေသည်။ ‘သွေးအန်ပြီး လဲကျသွားတာလား’ ယဲ့နင်သည် စိတ်ရှုပ်ထွေးနေမိသည်။ ‘သူဘာမှတောင် မကြိုးစားလိုက်ရဘူးလေ’ ‘ဒီရှေးလူကြီးက ဒီလောက်လေး ပြောရုံနဲ့ သွေးအန်သွားတာလား’ ယဲ့နင် လုံးဝနားမလည်နိုင်ပေ။ သူတခြားသူများကို ဝေ့ဝိုက်ကြည့်လိုက်သောအခါ အကုန်လုံးသည် သူတို့ခေါင်းများကို ငုံ့ထားကြသည်။ ယဲ့နင်သည် အကုန်လုံးထက်မြင့်သော အမှန်တရားထက်တွင်ရပ်ကာ ဆူနေသောကြောင့် တော်ဝင်မျိုးနွယ်အမတ်တို့သည် ရှက်စိတ်ဝင်ကာ ယဲ့နင်နှင့် ပြိုင်ပြီး ချေပရန် လက်လျှော့လိုက်ကြလေသည်။ ထိုအရာက ယဲ့နင်ကို အမှန်ပင် စိတ်ပျက်မိစေသည်။ ‘ဒီလောက်နဲ့ ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူးထင်တယ်’ သူသည် ရည်ရွယ်ချက်ရှိရှိ လူအုပ်ကို ရန်စပြီး အင်မော်တယ်နှင့် လူသားများကြား ရန်ပွဲကို ဖန်တီးကာ သေလမ်းဖောက်ရန် ကြိုးပမ်းခဲ့သည်။ ယနေ့တွင် တစ်စုံတစ်ယောက်သာ သူ့ကို သတ်မည်ဆိုလျှင် အခုချက်ချင်းပင် ကောင်းကင်ဧကရာဇ် ဖြစ်လာပြီး ထိုသူ့ကို ကျေးဇူးဆပ်ရန် ကြံရွယ်ထားသော်လည်း ထို အမတ်များသည် လုံးဝအသုံးမကျပေ။ သူတို့တွင် သူအားသတ်ရန် သတ္တိမရှိပေ။ ယဲ့နင်မျက်လုံးများသည် ဘုရင် ခြောက်ပါးဆီသို့ ဉီးတည်လိုက်သည်။ အထူးသဖြင့်် ဓားကိုင်ဆောင်ထားသော ဝေပြည်ထောင်၏ ချောင်းမန်အား ဖြစ်သည်။ “ဒီနေ့ ညီလာခံမှာ ခင်ဗျားက ဓားကို ယူလာတာဆိုတာ ဧကရာဇ်ကို သတ်ဖို့လား” ယဲ့နင်သည် ပို၍ပင် မောက်မာလာပြီး အော်ဟစ်ရန်စလေသည်။
***