ချောင်းမန်သည် ယဲ့နင်၏ ပစ်မှတ်အသစ် ဖြစ်လာသည်။ ယဲ့နင်၏မျက်လုံးထဲတွင် ချောင်းမန်သည် အသုံးချစရာ လူတစ်ယောက်သာဖြစ်သည်။ ‘မင်းသာ ငါ့ကို သတ်မယ်ဆိုရင် မင်းက ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ’ ချောင်းမန်သည် ဧကရာဇ်ရှေ့တွင် ဓားကိုဆွဲထုတ်ခဲ့သောကြောင့် သူသည် ဒေါသကြီးသူတစ်ယောက်ဖြစ်ကြောင်းထင်ရှားသည်။ ‘ဒီလို ဒေါသကြီးသူတစ်ယောက်ကတော့ ငါ့ကို သတ်နိုင်ချေရှိတယ်မလား’ ယဲ့နင်သည် ချောင်းမန်အပေါ် မျှော်လင့်ချက်ကြီးကြီးထားလိုက်သည်။ ယဲ့နင်သည် ကျောက်စိမ်းတံဆိပ်တုံးကို ရင်ဝယ်ပိုက်လျက် ကျောက်စိမ်းလှေကားပေါ်တွင် မတ်တပ်ရပ်ကာ မောက်မာစွာပြောလိုက်သည်။ “မင်းတို့ ဧကရာဇ်ကို နန်းချချင်ရင် ငါသေမှပဲရမယ်” ထိုသို့ပြောနေသောအချိန်တွင် ယဲ့နင်၏မျက်ဝန်းများသည် အထင်သေးမှုတို့ ဖြင့် ထင်ဟပ်နေခဲ့သည် ။ စင်စစ်တွင် သူသည် အားနည်းသော သူတစ်ယောက်သာ ဖြစ်သည်။ သို့သော် သူ့တွင် တရားရုံး၏ အမိန့်ကို ဖီဆန်ရန် သတ္တိရှိလေသည်။ “ငါတို့ရဲ့မျိုးဆက်သစ်က ဒီလိုပဲဖြစ်နေရမှာ” တော်ဝင်မျိုးနွယ် အမတ်တို့သည် ယဲ့နင်အား ကြည့်လေ ကြည့်လေ ပို၍ပင် မိမိကိုယ်ကို ရှက်ရွံ့လာကြသည်။ အမတ်အများစုသည် ရှက်ရွံမှုကြောင့် မျက်ရည်ဝဲလာကြပြီး တွင်းတစ်တွင်းထဲတွင် သူတို့၏ ခေါင်းကို မြုပ်ထားချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။ အတိတ်တွင် သူတို့သည် နုံအသော သူများ ဖြစ်ခဲ့ကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အချင်းချင်း နှစ်သိမ့်ခဲ့ကြသည်။ ‘တခြားသူတွေလဲ တူတူပဲဟာ ဘယ်သူမှ သတ္တိမရှိကြဘူး’ သို့သော် ယဲ့နင်သည် ထိုသို့ မဟုတ်ပေ။ သူ့တွင် အမှန်တရားအတွက် ရပ်တည်ရဲသော သတ္တိရှိသည်။ တော်ဝင်မျိုးနွယ် အမတ်များသည် သူရဲဘောကြောင်သောအုပ်စုတစ်စုသာ ဖြစ်သည်။ ရာထူးနိမ့်သော အမှုဆောင် အရာရှိငယ်တစ်ယောက်တည်းသာလျှင် နန်းတွင်းအမတ်တို့၏ ကျင့်ဝတ်နှင့် ကိုက်ညီခဲ့သည်။ ‘ဒါကဘာလဲ’ ‘ဒါက သူရဲကောင်းပဲ...’ “ပညာရှိတစ်ယောက်သည် မှန်ကန်သောအရာကိုသာလျှင် လုပ်သည်” ဟု ကွန်ဖြူးရှပ်က မိန့်ကြားခဲ့ဖူးသည်။ ညီလာခံထဲတွင်ရှိသော လူအားလုံးသည် ယဲ့နင်အား ပုံပြင်စာအုပ်ထဲတွင်သာရှိသော ပညာရှိတစ်ပါးနှယ် ရှုမျှော်နေကြသည်။ ‘ဒီကမ္ဘာကြီးမှာ ရဲရင့်ပြီး အမှန်တရားအတွက်ရင်ဆိုင်ရဲတဲ့သူတွေ ရှိသေးသားပဲ’ “မြင့်မြတ်လိုက်တဲ့သူ၊ နှစ်တစ်သောင်းကြာပြီးနောက် နောက်ဆုံးတော့ ငါကိုယ်တော်ကို သစ္စာရှိတဲ့သူ ပေါ်ပေါက်လာခဲ့ပြီ” ကျီမင်းယွဲ့သည် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။ ကျောက်စိမ်းလှေကားပေါ်တွင် ရပ်နေသော ယဲ့နင်၏ ပုံရိပ်သည် ရှည်မျောသေးသွယ်လှသောကြောင့် လေတစ်ချက်ထိုင်ရုံဖြင့်ပင် လဲကျနိုင်ဟန်ပေါ်သည်။ သို့သော် ကျီမင်းယွဲ့၏ မျက်ဝန်းထဲတွင်မူ ယဲ့နင်သည် မြင့်မားသောတောင်တန်းကြီးတစ်ခုပင် ဖြစ်သည်။ နန်းတက်စဉ်ကတည်းက သူသည် သိုသိပ်စွာ နေထိုင်ခဲ့ပြီး အာဏာတည်မြဲဖို့ရန် အင်အားကို တိတ်တဆိတ် စုဆောင်းနေမိသည်။ သူ့အား ကာကွယ်ပေမည့် သူရဲကောင်းကို ဘယ်သောအခါမှ မမျှော်လင်ခဲ့ဖူးပေ။ တကယ်လည်း သူ့ဘက်တွင် ရပ်တည်ပေးပြီး သူ့အား ကာကွယ်ပေးမည့်သူ သည် ဘယ်သောအခါမှ မရှိခဲ့ချေ။ သို့သော် ယနေ့တွင် သူသည် ထိုလူအား ရှာတွေ့ခဲ့လေပြီ။ သူ၏ ခြောက်သွေ့သောနှလုံးသားလေးသည် ယခင်ကမရှိခဲ့ဖူးသော နွေးထွေးမှုကို ခံစားနေရသည်။ လည်စလုတ်ကင်းမဲ့သည့် နှင်းကဲ့သို့ ဖြူဖွေးသော လည်တံသည် စိတ်လှုပ်ရှားမှုကြောင့် အကြိမ်ကြိမ် တံတွေးမျိုချနေမိသည်။ ‘သူ ယဲ့နင့်ကို စိုးရိမ်မိသည်’ သစ္စာဖောက်အင်မော်တယ်ဂိုဏ်းသာလျှင် အာဏာရှိသော ဤညီလာခံခန်းမတွင် သစ္စာစောင့်သိပြီးဖြောင့်မတ်သောသူ မရှိနိုင်ချေ။ “မိုက်ရိုင်းလို့” ဝေ့ဘုရင် ချောင်းမန်သည် အလွန်ပင်ဒေါသထွက်သောကြောင့် ရူးလုမတတ် ဖြစ်နေသည်။ ‘ဒီကောင်က ဘယ်လောက်မြင့်မြတ်နေလို့လဲ...ငါလို ဘုရင်တစ်ပါးက ဘာလို့ ရာထူးနိမ့်တဲ့ကောင်ရဲ့ လက်ညိုးထိုးပြီး ဆူဆဲတာကို ခံရမှာလဲ’ “ဒီဘုရင်က မင်းကို မသတ်ဘူးများ ထင်နေတာလား” ချောင်းမန်သည် လူသတ်ချင်စိတ်အပြည့်ဖြင့် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြန်သည်။ ချောင်းမန်သည် လက်ရုံးရည်၊နှလုံးရည် နှစ်ခုလုံးဖြင့် ပြည့်စုံသော ဘုရင်တစ်ပါးဖြစ်ပြီး ပြည်ထောင်အတွက် မရေတွက်နိုင်သော ရန်သူများအား သတ်ဖြတ်ပေးခဲ့ဖူးသူ တစ်ယောက်ဖြစ်သည်။ ‘ဒါဆို သူငါ့ကို သတ်တော့မှာပေါ့’ ဤမျှပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် လူတစ်ယောက်အား နေရာတွင်ပင် ကြောက်ဒူးတုန်ကာ လဲကျစေလိမ့်မည်။ သို့သော် နွားရိုင်းတစ်ကောင်သည် တုန့်ပြန်မှု မရှိသော ပင်လယ်ပြင်အား တိုးဝေ့နေသည့်နှယ် ထိုသတ်ဖြတ်လိုစိတ်သည် ယဲ့နင်အပေါ်တွင်မူ သက်ရောက်မှုမရှိချေ။ ‘သူတကယ်ပဲ သေမှာမကြောက်ဘူးလား’ ချောင်းမန်သည် အလွန်ပင် အံ့အားသင့်သွားသည်။ သူ၏ဘဝတွင် စစ်သည်တော်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ မည်မျှပင် သတ္တိရှိသောသူဖြစ်စေကာမူ သေခြင်းတရားကို ရင်ဆိုင်ရသောအခါ ကြောက်ရွံ့မှုအနည်းငယ်သည် နှလုံးသားထဲတွင် ကိန်းဝပ်နေဆဲပင် ဖြစ်သည်။ သို့သော် ၎င်းအရာရှိငယ်သည် အမှန်တကယ်ပင် ကြောက်ရွံ့မှု မရှိချေ။ ထိုအရာရှိငယ်ထံမှ မည်သည့် ကြောက်ရွံ့မှုကိုမျှ သူမခံစားရပေ။ ကြောက်ရွံ့မှုများ ရှိရမည့် မျက်လုံးသည် သူ၏ဓားအောက်တွင် သေဖို့ရန် မစောင့်ဆိုင်းနိုင်တော့သည့် လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်နေသည်။ ထိုအရာသည် ချောင်းမန်ကို အံ့ဩစေခဲ့ပြီး လေးစားမှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။ သူသည် တပ်စုပေါင်းများစွာကို ဉီးဆောင်ခဲ့သော်လည်း သူလေးစားသော စစ်သည်တော်မှာ အနည်းငယ်မျှသာ ရှိသည်။ ချောင်းမန်သည် သူ၏ ချစ်ခြင်းမေတ္တာနှင့် ပင်ကိုယ်စွမ်းရည်ကြောင့် ကျော်ကြားသော သူတစ်ယောက် ဖြစ်သည်။ ယခင်တုန်းက သူ၏သားတော်သည် ရန်သူ့စစ်သူကြီးကြောင့် သေဆုံးခဲ့သည်။ သို့သော် သူသည် သားတော်သေဆုံးခြင်းအတွက် ဝမ်းနည်းရမည့် အစား သူ၏ရဲရင့်မှုကို ဂုဏ်ပြုခဲ့သည်။ သူ၏ ဘိုးဘေဘီဘင်အား သူခိုးများဟု စာရေးကာ ဆဲဆိုခဲ့သော စစ်သုံ့ပန်း တစ်ယောက်ရှိခဲ့ဖူးသည်။ သို့သော် သူသည် ထို စစ်သုံ့ပန်းကို ထက်မြက်သူတစ်ယောက်ဟု သတ်မှတ်ခဲ့သည်။ ထိုစစ်သုံ့ပန်းအား အနိုင်ရပြီးနောက် မသတ်ဘဲ လူယုံတော် အဖြစ် ခန့်အပ်ကာ စာပေအကြောင်းများကို ဆွေးနွေးခဲ့ဖူးသည်။ ချောင်းမန်သည် ထိုသို့သော လူစားမျိူးဖြစ်သည်။ အချစ်ကို ဘဝဟု သတ်မှတ် ပြီး ကျိုးကြောင်းဆီလျှော်စွာ မစဉ်းစားတတ်သော စိတ်ဝိညာဉ်နှင့် သူရဲကောင်းစိတ် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ဖြစ်သည်။ ယဲ့နင်၏ ကြောက်ရွံ့မှု ကင်းမဲ့သော အပြုအမူသည် သူ၏ ယဲ့နင်အပေါ် လေးစားမှုကို မြှင့်တက်စေခဲ့သည်။ ချောင်းမန်၏ သတ်ဖြတ်လိုစိတ်များသည် ပျောက်ကွယ်သွားသော်လည်း ရက်စက်လိုဟန်ရှိသော ပုံရိပ်သည် ရှိနေဆဲပင် ဖြစ်သည်။ “ဒူးထောက်လိုက်စမ်း။ ဒီဘုရင် အလိုရှိရင် မင်းကို ဒီနေရာမှာတင် သွေးအိုင်ထဲ လဲအောင် လုပ်နိုင်တယ်ဆိုတာ မင်းသိလား။ မင်းသေသွားရင် အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။ ဒီဘုရင်က မင်းအလောင်းကို ခွေးစာကျွေးပစ်မှာ မို့လို့ပဲ။ ဒီလောကမှာ ရှိသမျှ ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး” ထိုစကားကြောင့် ယဲ့နင်သည် ပျော်ရွှင်ကာ ရယ်မိသည်။ ‘ရတယ်လေ မင်းငါ့ကို သတ်မယ်ဆို မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပဲ’ ယဲ့နင်သည် အခုချက်ချင်းပင် ချောင်းမန်ကို သူ့အား သတ်စေချင်မိသည်။ ထို့ကြောင့် သူသည် ဒူးထောက်ရမည့်အစား ချောင်းမန်၏ လူသတ်လိုစိတ်ကို တွန်းအားပေးရန် ချက်ချင်း ခြေလှမ်း အနည်းငယ်မျှ တိုးလိုက်သည်။ “ကြောက်တယ်ဆိုတာဘာလဲ” ချောင်းမန်သည် စိတ်ရှည်နေဆဲပင် ဖြစ်သည်။ “မင်းက ကျော်ကြားဖို့ အတွက် သေချင်နေတာပဲ။ မင်းရဲ့ အနစ်နာခံမှုကို လူတွေက အသိအမှတ် ပြုကြမယ်ထင်နေတာလား။ မဖြစ်နိုင်တာတွေ။ ဒီဘုရင် က မင်းရဲ့ ရဲစွမ်းသတ္တိရှိမှုကို ဘယ်သူမှ အသိအမှတ်မပြုနိုင်အောင် အမိန့်ထုတ်လိုက်မှာ။ ပြီးရင် မင်းရဲ့သေခြင်းက လှပလိမ့်မယ် မထင်နဲ့။” ‘သေတာက လှပဖို့ လိုလို့လား ရက်ရက်စက်စက် အသတ်ခံရတာပဲဖြစ်ဖြစ် အသတ်မခံရတာပဲ ဖြစ်ဖြစ် သေတာက သေတာပဲလေ’ ယဲ့နင်သည် များများစားစား မတောင်းဆိုလိုပေ။ သူ၏ တစ်ခုတည်းသော ဆန္ဒသည် သေဖို့ပဲ ဖြစ်သည်။ သို့သော် ကျောက်စိမ်းလှေကားထက်တွင်ရပ်ကာ ချောင်းမန်နှင့် စကားပြောနေရခြင်းသည် သူ့အား အနည်းငယ်မျှ စိတ်လှုပ်ရှားစေသည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် သေရမည်ကို မကြောက်သော အလွန်မြင့်မားသည့် ရည်မှန်းချက်ရှိသော သူတစ်ယောက်သာဖြစ်သည်။ သူလို ဇာတ်ကောင်မျိုးသည် အစားထိုးရန်လွယ်ကူသော ဇာတ်ကောင်မျိုးဖြစ်သည်။ တိုက်ရိုက်ပြောရမည်ဆိုလျှင် သူသည် ဤပွဲတွင် ပါဝင်ဖျော်ဖြေနေသော သူတစ်ဉီးသာ ဖြစ်သည်။ ယဲ့နင်သည် အသက်ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်။ “ဒါပေမယ့် ငါရဲ့အမှန်တရားအပေါ်ချစ်မြတ်နိုးမှုက ထာဝရ အသက်ရှင်နေမှာပဲ” “ငါ့မှာ နာမည်မရှိဘူး၊ သမိုင်းက သက်သေထူတဲ့အခါ တောတောင်မြစ်ချောင်းတို့က ငါ့နာမည်ပဲ” ယဲ့နင်၏အသံသည် ညီလာခံတစ်လျှောက် ကျယ်လောင်လှသော မိုးချုန်းသံ ကဲ့သို့နှယ် ပဲ့တင်ခတ်နေသည်။ ထို့နောက် ချက်ချင်းပင် ညီလာခံထဲ၌ ကျယ်လောင်လှသာအသံတစ်သံသည် ပျံ့နှံ့လေသည်။ “ငါ့မှာနာမည်မရှိဘူး၊ သမိုင်းက သက်သေထူတဲ့အခါ တောတောင်မြစ်ချောင်းတို့က ငါ့နာမည်ပဲ” “ငါ့မှာနာမည်မရှိဘူး၊ သမိုင်းက သက်သေထူတဲ့အခါ တောတောင်မြစ်ချောင်းတို့က ငါ့နာမည်ပဲ” “ငါ့မှာနာမည်မရှိဘူး၊ သမိုင်းက သက်သေထူတဲ့အခါ တောတောင်မြစ်ချောင်းတို့က ငါ့နာမည်ပဲ” တော်ဝင် နန်းတော်ထဲတွင် ရှိသည့် မရေမတွက်နိုင်သော မှူးမတ်များ၊ အမတ်များ၊ စစ်သည်တော်များ၊ ကုန်သည်များ၊ ရဲမက်တို့သည် အချိန်များ ရပ်တန့်သကဲ့သို့ ရပ်တန့်ကုန်ကြသည်။ ထိုအချိန်တွင် နန်းတော်ထဲတွင်ရှိသော မြောက်များစွာသော စာသင်ဆောင်များတွင် ရှိသည့် ပညာရှိသူတော်စင်ရုပ်ထုများသည် မျက်စိကျိန်းဖွယ် လင်းထိန်လာကြသည်။ လှိုက်လှိုက်လှဲလှဲ အော်ဟစ်နေသော အမှန်တရား၏အသံသည် မြောက်များစွာသော လူများ၏ နားတွင် ပဲ့တင်ထပ်နေခဲ့ပြီး ပညာရှိနတ်မင်းတို့၏ ကောင်းချီးပေးမှုကို ရရှိလေသည်။ “ဘယ်သူလဲ ပညာရှိနတ်မင်းတွေကိုတောင် လှုံ့ဆော်နိုင်စွမ်းရှိတာက ဘယ်သူလဲ” မြောက်များစွာသောစာပေပညာရှင်များ၏ စာပေစွမ်းအင်များသည် နိုးထလာပြီးအံ့ဩမှုကြောင့်မျက်ရည်များပင် ကျဆင်းလာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့၏နှလုံးသွေးကို နှိုးထစေသော သူရဲကောင်း၏ ဟစ်ကြွေးသံကို ကြားလိုက်ရသောကြောင့်ဖြစ်သည်။
***