“ကောင်းလိုက်တဲ့စကားပဲ” ကျီမင်းယွဲ့သည် ယဲ့နင်အား လက်ခုပ်ဩဘာ ပေးလိုက်မိသည်။ သူ၏ အသံသည် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ‘ငါတွေးတာ မမှားဘူး ယဲ့နင်က တကယ့်ကို ကောင်းကင်ဧကရာဇ်ရဲ့သားတော်ပဲ တကယ့် သူရဲကောင်း အစစ်ပဲ’ မိမိကိုယ်တိုင်၏အသက်ကို ပေးခြင်းသည် အမြင့်မြတ်ဆုံး ပေးဆပ်ခြင်းပင်ဖြစ်သည်။ ယဲ့နင်၏ ဆုံးဖြတ်ချက်သည် ကျီမင်းယွဲ့ကို ဝန်ပိစေပြီး အရှက်ရစေသည်။ ယဲ့နင်သည် “ဧကရာဇ်ဖော်စတာ ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ဖို့ဆိုရင် သူ၏အသက်ကိုပင် ပေးရဲသည်” ဟု ပြောနေသည်။ စင်စစ်တွင် ဖော်စတာသည် ယဲ့နင်ကို မေ့လျော့နေပြီဖြစ်သည်။ ထိုအရာသည် သူ့အမှားမဟုတ်ချေ။ ကြီးမြတ်သော ဧကရာဇ်တစ်ယောက်အနေဖြင့် နန်းတွင်းစာမေးပွဲမှ အောင်မြင်ခဲ့သူများသည် မြစ်ကမ်းနားတွင် တွေ့လေ့ရှိသော ဂဏန်းငယ်သာ ဖြစ်သည်။ ထို့ကြောင့် နန်းတွင်းစာမေးပွဲအောင်မြင်သူအားလုံးကို မှတ်မိဖို့ရန်မှာ မဖြစ်နိုင်ချေ။ ယဲ့နင်သည် အမှတ်ကောင်းကောင်းဖြင့်အောင်မြင်ခဲ့သူ ဖြစ်သော်လည်း ထိပ်ဆုံးဆယ်ယောက်တွင် ပါဝင်သူ တစ်ယောက် မဟုတ်ချေ။ ထို့ပြင် သူသည် တော်ဝင်မိသားစုမှ မွေးဖွားလာသူလည်း မဟုတ်သောကြောင့် ကျီမင်းယွဲ့မမှတ်မိသည်မှာ မထူးဆန်းပေ။ “သူက ငါကိုယ်တော်အတွက် အသက်ပင်ပေးရဲပေမယ့် ငါကိုယ်တော်က ဒီနေ့ မတိုင်ခင် အထိ သူ့ရဲ့ အမည်နာမကိုတောင် မသိခဲ့ဘူး” ကျီမင်းယွဲ့၏စိတ်သည် ခံစားချက် အမျိုးမျိုးကြောင့် ရှုပ်ထွေးနေလေသည်။ ကျီမင်းယွဲ့သည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။ “မောင်မင်းရဲ့ပေးဆပ်မှုက ငါကိုယ်တော်ကို ယုံကြည်ချက် ပေးတဲ့အတွက် ငါကိုယ်တော်သည် မောင်မင်းကို အဆုံးတိုင် ကာကွယ်ပေးမယ်” ထိုဆုံးဖြတ်ချက်သည် အလွန်ပင် ရဲစွမ်းသတ္တိနှင့်် ပြည့်စုံလှသည်။ ထို့ပြင် စိတ်လိုက်မာန်ပါ ချမှတ်လိုက်သော ဆုံးဖြတ်ချက် တစ်ခုဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်တစ်ပါးအနေ ဖြင့် တိုင်းပြည်၏အကျိုးသည် ပထမဦးစားပေးဖြစ်ပြီး ဆုံးဖြတ်ချက်ချရာ၌ မိမိကိုယ်တိုင်၏ ခံစားချက်များနှင့် မရောနှောသင့်သောကြောင့်ဖြစ်သည်။ သို့သော် ကျီမင်းယွဲ့သည် သူ၏ခံစားချက်များနှင့် ရောနှောကာ ဆုံးဖြတ်ချက်ချလိုက်သည်။ ကျီမင်းယွဲ့၏ အကြောင်းပြချက်သည် ခိုင်လုံသည်။ ‘ယဲ့နင်လို သစ္စာရှိတဲ့ အရာရှိကိုတောင် မကာကွယ်နိုင်ရင် ဒီပလ္လင်ပေါ်ထိုင်နေတာက ဘာလုပ်ဖို့လဲ’ “ဒါက တကယ့်ကို ကောင်းတဲ့ စကားတွေပဲ” ဝေ့ဘုရင် ချောင်းမန်သည် ယဲ့နင်အား လေးစားစွာ ကြည့်လျက် စကားလုံးအနည်းငယ်ကို တိုးတိတ်စွာရေရွတ်လိုက်သည်။ ချောင်းမန်သည် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ကာ သူ၏နေရာသို့ ပြန်သွားပြီး မျက်လုံးများကို ပိတ်လျက် ထိုင်လိုက်သည်။ ယနေ့ ကိစ္စတွင် သူသည် ပါဝင်ပတ်သက်လိုခြင်းမရှိတော့ပေ။ ဘုရင်ခြောက်ပါးသည် အင်မော်ဂိုဏ်းနှင့်ပူးပေါင်းထားသောကြောင့် အခြေအနေသည် ပို၍ပြင်းထန်လာခဲ့သည်။ သို့သော် ဤပူးပေါင်းမှုသည် အင်မော်တယ်ဂိုဏ်းနှင့် ဘုရင်ခြောက်ပါးကြားတွင် ငြင်းပွားမှုမရှိဟု မဆိုလိုပေ။ စင်စစ်တွင် ဘုရင်ခြောက်ပါးကြား၌ နယ်စပ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အငြင်းပွားမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။ အင်မော်တယ်ဂိုဏ်းအကြီးအကဲ ဟဲရွမ်သည် ယနေ့ကိစ္စတွင်ပါဝင်ပတ်သတ်ပြီး ခုနှစ်ခုမြောက်ပြည်ထောင်ကို တည်ထောင်လိုသော်လည်း ၎င်းကိစ္စသည် သူနှင့် အနည်းငယ်မျှသာ သက်ဆိုင်သည်။ အဘယ်ကြောင့်ဆိုသော် ခြောက်ပြည်ထောင်တွင် သူတို့အား ထောက်ပံ့နေသော လက်မဲကြီးများရှိသောကြောင့်ဖြစ်သည်။ အင်မော်တယ်ဂိုဏ်းကို ကူညီရသည့် အကြောင်းရင်းမှာလည်း အခြေအနေတစ်ခုလုံးကို စောင့်ကြည့်ရန်အတွက်ပင်ဖြစ်သည်။ ယခုတွင်မူ အင်မော်တယ်ဂိုဏ်း အကြီးအကဲ ဟဲရွမ်သည် သူလုပ်သင့်သည်များကို လုပ်ခဲ့ပြီး၊ သူပြောသင့်သည်များကို ပြောခဲ့ပြီ ဖြစ်သောကြောင့် ကျန်ရှိသော အကြောင်းအရာများသည် သူနှင့် မသက်ဆိုင်ပေ။ လက်ရှိအခြေအနေသည် အင်မော်တယ်ဂိုဏ်းအကြီးအကဲ ဟဲရွမ်စတင်ခဲ့သည် ဖြစ်၍ အကြီးအကဲ ဟဲရွမ်သည်သာ ဖြေရှင်းသင့်သည်။ "ချောင်းမန်ရဲ့ဓားက မှန်ကန်တဲ့သူကို ဘယ်တော့မှ သတ်မှာ မဟုတ်ဘူး" ချောင်းမန်သည်မျက်လုံးများကိုပိတ်ထားသော်လည်း သူ၏ နှလုံးသားမှာ ခံစားချက်ပေါင်းစုံဖြင့် ရှုပ်ထွေးနေလေသည်။ ‘ဒီနေ့ ငါ တကယ့်သူရဲကောင်းအစစ်ကိုတွေ့ခဲ့လို့ အရမ်းပျော်တယ်ကွာ။’ ‘သူရဲကောင်းက ဒီဘုရင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်တာကတော့ တကယ်ဝမ်းနည်းစရာပဲ’ ပြည်ထောင်ခြောက်ခုတွင် ဝေ့ပြည်သည် အင်အားအကြီးဆုံးပြည်ထောင်ဖြစ်ပြီး ဝေ့ဘုရင်၏ အဆင့်အတန်းသည်လည်း အမြင့်မားဆုံးဖြစ်သည်။ အခြားသော ဘုရင်များသည် ချောင်းမန်၏ လက်လျှော့မှုကို မြင်သောအခါ သူတို့သည် စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့သည် အင်မော်တယ်ဂိုဏ်းအကြီးအကဲအား ထောက်ခံခဲ့ကြသောကြောင့် အကြံအစည် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် အင်မော်တယ်ဂိုဏ်းအပေါ်တွင်သာ လုံးလုံးလျားလျားမူတည်နေလိမ့်မည်။ ထို့ပြင်၊ သူတို့သည်လည်း ခုနှစ်ခုမြောက်ပြည်ထောင် ပေါ်ပေါက်လာမည်ကို အလိုမရှိချေ။ ပြည်ထောင် တစ်ခု အသစ်တိုးလာခြင်းသည် ပြိုင်ဖက်အသစ်တစ်ယောက်တိုးလာခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းကို ဤကိစ္စပြီးမှ ဆက်လက်ကိုင်တွယ်မည်ဟု ထားခဲ့ကြခြင်းဖြစ်သည်။ မှူးမတ်များ၊ တိုင်းပြည်ရေးရာနှင့် ပြည်သူ့ရေးရာ အရာရှိများသည်လည်း နှုတ်ဆိတ်နေကြသည်။ ထို့ပြင်ဘုရင်ခြောက်ပါးသည် တိတ်ဆိတ်စွာထိုင်နေကြသည်။ ယဲ့နင် သည် အလွန် အံ့အားသင့်သွားသည်။ "ဘာဖြစ်တာလဲဟ" သူ မျက်တောင်ခတ်လိုက်သည်။ ‘ညီလာခံက ထူးဆန်းနေတယ်။’ ‘မဟုတ်ဘူး၊ ဒီအဆင့်မြင့်အရာရှိတွေကိုက ဦးနှောက်မကောင်းတာလား။’ ‘ကျုပ်က ခင်ဗျားတို့ကျုပ်ကို သတ်ဖို့အစွမ်းကုန်ကြိုးစားနေတာလေ ကျူပ်က မောက်မာတဲ့ကောင်လေဗျာ လာလေ တစ်ယောက်လောက် ဓားနဲ့လာခုတ်ကြစမ်းပါ’ ‘ခင်ဗျားတို့က ဒါကို သည်းခံနိုင်တယ်ပေါ့’ ‘ဒါက ကျုပ်ပြဿနာလား၊ ခင်ဗျားတို့ ပြဿနာလား’ ညီလာခံတွင် လူပေါင်းမြောက်များစွာရှိသောကြောင့် ယဲ့နင်သည် ခေါင်းမူးလာခဲ့သည်။ ‘ဒီလူအုပ်ထဲက တစ်ယောက်မှတောင် ငါ့ကို မသတ်ချင်ကြဘူးလား’ ‘မဟုတ်ဘူး၊ မှားတယ်။’ ‘လူတစ်ယောက်ကျန်သေးတယ်’ သူသည် ဟဲရွမ်ကို စဉ်းစားမိသွားသည်။ ‘တိုင်းပြည်ရေးရာနဲ့ ပြည်သူ့ရေးရာကကောင်တွေက အဆုံးထိ ဘာမှ မလုပ်နိုင်တဲ့ ငကြောက်သာသာပဲ တော်ပြီ သူတို့ကို ထည့်မတွက်တော့ဘူး’ အပေါ်ယံကြည့်လျှင် ဘုရင်ခြောက်ပါး ကြီးစိုးနေသည်ဟု ထင်ရသော်လည်း ဘုရင်ခြောက်ပါးသည် မဟာကျိုးပြည်ထောင်ကို သစ္စာခံနေဆဲဖြစ်ပြီး သူတို့၏ကိုယ်ကျင့်တရားကို အမဲစက် မစွန်းထင်းလိုကြပေ။ သို့သော် အင်မော်တယ်ဂိုဏ်းအကြီးအကဲ ဟဲရွမ်တွင်မူ ကိုယ်ကျင့်သိက္ခာမရှိပေ။ အင်မော်တယ်ဂိုဏ်းသည် ဤလောကဝယ် အတ္တအကြီးဆုံးနှင့် မာနအကြီးဆုံးဂိုဏ်းတစ်ခုဖြစ်သည်။ တခြားသူများ မည်မျှပင် သည်းခံနိုင်စေကာမူ အင်မော်တယ်ဂိုဏ်းအကြီးအကဲ ဟဲရွမ်သည် သည်းခံလိမ့်မည် မဟုတ်ပေ။ "ငါသေချင်ရင် အင်မော်တယ်ဂိုဏ်းကို ရန်စမှပဲရတော့မယ်ထင်တယ်" ယဲ့နင်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူထင်ထားသည့် အတိုင်းပင် အင်မော်တယ်ဂိုဏ်း၏ သည်းခံနိုင်စွမ်းသည် ကုန်ဆုံးသွားခဲ့လေပြီ။ စင်စစ်တွင် ဟဲရွမ်သည် အလွန်ဒေါသထွက်နေခဲ့သည်။ တိတ်ဆိတ်နေသော ဘုရင်ခြောက်ပါးသည် ဟဲရွမ်အား စိတ်မသက်မသာဖြစ်စေသော အချက်ပြမှုတစ်ခု ကို ပေးပို့ခဲ့သည်။ "ဒီခြောက်ကောင်က အင်မော်တယ်ဂိုဏ်းအကြီးအကဲကို ဝင်မပါစေချင်တာလား” ယဲ့နင် ပိုတွေးလေ ပို၍ပင်ရှုပ်ထွေးလာလေဖြစ်သည်။ ‘ဘုရင်ခြောက်ပါးက ဒီလိုတွေးတာက အရေးမကြီးဘူး၊ ဘာလို့ဆို သူတို့နောက်ကွယ်က အင်မော်တယ်ဂိုဏ်းတွေလည်း ဒီလိုပဲ တွေးနေလောက်တယ်’ ထို့ပြင် အာဏာရှိသူတစ်ယောက်ထပ်မံပါဝင် ပတ်သတ်လာခြင်းသည် အာဏာကိုမျှဝေမည့်သူ တိုးလာခြင်းပင်ဖြစ်သည်။ "ငါတို့ရဲ့ အကြံအစည်ကို ရပ်တန့်ဖို့ မကြိုးစားနဲ့" ဟဲရွမ် ဒေါသထွက်လေပြီ။ ဟဲရွမ်၏အေးစက်သော မျက်ဝန်းများသည် ယဲ့နင်အား စိုက်ကြည့်နေသည်။ မူလအစီအစဥ်သည် အဆင်ပြေစွာပြီးမြောက်ခဲ့သော်လည်း ဤပုရွက်ဆိတ်တစ်ကောင်ကြောင့် စတင်ပြီးလမ်းလွဲလာခဲ့လေသည်။ ‘မင်းလို သာမာန်အရာရှိကများ ငါ့ကို တားချင်တယ်’ ဟဲရွမ် လုပ်ရမည့် အရာမှာ ရိုးရှင်းသော လက်တိုလက်တောင်း ကိစ္စတစ်ခုသာဖြစ်သည်။ ထိုအရာကို သူမလုပ်နိုင်ပါက အင်မော်တယ်ဂိုဏ်းသို့ ပြန်ရောက်လျှင် သူ မည်သို့ခေါင်းဖော်ရမည်နည်း။ "ပုရွတ်ဆိတ်ကောင်၊ အခု ချက်ချင်း ကျောက်စိမ်းတံဆိပ်တုံးကို လွှဲပေးစမ်း၊ အခုလွှဲပေးရင် မင်းရဲ့ အလောင်းကို လမ်းကြိုလမ်းကြားထဲမှာ ထားပေးမယ်၊ မလွှဲပေးရင် မင်းရဲ့ ဝိညာဉ်ကိုပါ အမှုန့်ချေပစ်မယ်” ဟဲရွမ်သည် သူ၏မြင်းမြှီးယပ်ကို ခါလိုက်သည်။ ဟဲရွမ်၏ စကားလုံးများသည် ဓားသွားများကဲ့သို့ထက်မြက်သောကြောင့် ညီလာခံထဲတွင်ရှိသော လူအားလုံးကို ကြောက်ရွံ့စေသည်။ ကြောက်ရွံ့လွန်းသောကြောင့် သွားချင်းရိုက်ကာ လက်ပိုက်နေကြသောသူများပင်ရှိသည်။ "အဆုံးသတ်သွားပြီ" မိန်းမစိုးလျိုချင်းသည် စိတ်ပျက်နေလေသည်။ ‘သခင်လေးယဲ့က ဘယ်လိုလို့ အင်မော်တယ်ဂိုဏ်းကို ယှဉ်နိုင်မှာလဲ’ "သူ့ကို မသတ်နဲ့” ကျီမင်းယွဲ့သည် စိုးရိမ်ပူပန်လာသောကြောင့် ပလ္လင်ပေါ်မှ ထရပ်ကာ တားဖို့ရန်ကြိုးစားလေသည်။ သို့သော် ဟဲယွမ်ယီသည် ကျီမင်းယွဲ့၏စကားများကို ဂရုမစိုက်ပေ။ ဟဲရွမ်သည် မြင့်မားသော နေရာတွင် ရပ်ကာ သိုင်းပညာကို နားလည်ပုံမရသည့် ယဲ့နင်ကိုငုံ့ကြည့်နေသည်။ သူ၏မျက်လုံးများသည် ဤလူသေကောင်ယဲ့နင်မှတစ်ပါး မည်သည့်အရာကိုမှ မမြင်နိုင်တော့ပေ။ ဆိုးဆိုးရွားရွားပြောရလျှင် ယဲ့နင်အားသတ်ပစ်ခြင်းသည် သူ၏လက်ကိုညစ်ပတ်စေလိမ့်မည်။ “ဒီအရှင်သခင်က မင်းကို စဉ်းစားဖို့ သုံးမိနစ် ပေးမယ်၊ မင်းငြင်းရင် ဒီအရှင်သခင်က အင်မော်တယ်ဂိုဏ်းကို ငြင်းပယ်တဲ့ အကျိုးဆက်ကို မင်းကို ပြသပေးမယ်” ကျင့်ကြံသူတစ်ယောက်တွင် သာမာန်လူသားများအား ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းပေါင်းမြောက်များ စွာရှိသည်။ ညှင်းပန်းနှိပ်စက်ခံရသူသည် ထိုစဉ်က ခံစားခဲ့ရသော ဝေဒနာကို သေသည့်တိုင်အောင် မမေ့လျော့နိုင်သည် အထိပင်ဖြစ်သည်။ “သနားစရာဖို့ကောင်းလိုက်တာ ဘာပဲဖြစ်ဖြစ် သာမာန်လူတစ်ယောက်က အင်မော်ဂိုဏ်းကို ဘယ်လိုလို့ ဆန့်ကျင်နိုင်မှာလဲ” “ဘုရင်ခြောက်ပါးကို စော်ကားရင်တောင်မှ အသက်ရှင်နိုင်သေးတယ်။ အင်မော်တယ်ဂိုဏ်းကို စော်ကားရင်တော့ သေမှာ သေချာတယ်” “အင်မော်တယ်ဂိုဏ်းက ကြီးကျယ်ခမ်းနားတယ်၊ မစော်ကားနဲ့” ညီလာခံထဲတွင်ရှိသောလူအားလုံးသည် အလွန်စိတ်ရှုပ်ထွေးခဲ့သည်။ ၎င်းတို့သည် ယခင်က ယဲ့နင်ကို ဆန့်ကျင်ခဲ့ကြသော်လည်း သူသေတော့မည်ကို သိလိုက်ရသောအခါတွင်မူ ဝမ်းနည်းလာကြသည်။ ဤလောကဝယ် စစ်မှန်သော သူရဲကောင်း အနည်းငယ်မျှသာ ရှိပါသည်။ “ဟားဟား” မမျှော်လင့်ဘဲ အင်မော်တယ်ဂိုဏ်း၏ဖိအားကိုရင်ဆိုင်နေရသော ယဲ့နင် သည် ကြောက်ရွံ့ခြင်းမရှိရုံသာမက ပို၍ပင် စိတ်လှုပ်ရှားနေပုံရသည်။ “အင်မော်တယ်ဂိုဏ်းဟာ ရက်စက်ကြမ်းကြုတ်ပြီး သာမာန်လူတွေကို ခွေးတွေဝက်တွေတွေလို့ သတ်မှတ်ထားကြတာ။” “အင်မော်တယ်တွေမသေဘူးဆိုရင်၊ သူခိုးတွေကလည်း ဘယ်တော့မှ ခိုးတာကိုရပ်မှာမဟုတ်ဘူး” "အင်မော်တယ်ဂိုဏ်းက ဒီကမ္ဘာကြီး မငြိမ်မသက်မှုတွေရဲ့ အရင်းအမြစ်ပဲ။ ခင်ဗျားနဲ့ သစ္စာဖောက် ၀န်ကြီးတွေနဲ့ သူခိုးတွေ အားလုံးက ဧကရာဇ်ကိုလည်း သတ်ချင်သေးတယ် ပြီးရင် ခင်ဗျားတို့က ဒါကို တရားဝင် ပါတယ်လို့ တင်ပြချင်ကြသေးတယ်ပေါ့။" ယဲ့နင်၏ အသံသည် သိပ်မကျယ်လောင်လှသော်လည်း သူပြောလိုက်သည့် စကားလုံးအားလုံးသည် မဟာပထဝီမြေကြီးကို တုန်ခါစေခဲ့သည်။
***