အလွန်ပြင်းထန်၏။ ယဲ့နင်၏ ထိတ်လန့်ဖွယ်ကောင်းသော စကားများကို ဖော်ပြရန်အလို့ငှာ ပြင်းထန်ပြီး ကြောက်ရွံ့မှုကင်းသည်ဟူသော စကားလုံးမှတစ်ပါး ဖော်ပြရန် စကားလုံးမရှိချေ။ ‘ပြောရဲလိုက်တာ’ တိုင်းပြည်ရေးရာ၊ပြည်သူ့ရေးရာ အမတ်များနှင့် ဘုရင်ခြောက်ပါးအပြင် ကျီမင်းယွဲ့သည်လည်း ခေတ္တခဏမျှ ပြောစရာစကား ပျောက်ဆုံး သွားခဲ့သည်။ “အင်မော်တယ်ဂိုဏ်းက ရက်စက်တယ် ပြီးရင်သူတို့က ကျုပ်တို့လို သာမန်လူတွေကို ခွေးတိရိစ္ဆာန်တွေလို သတ်မှတ်ထားကြတာ” ဟု ယဲ့နင်ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ကျိုးမင်းဆက်၏ တိုင်းပြည်နှင့်ပြည်သူရေးရာ မှူးမတ်များသည် မည်မျှပင် ရာထူးဂုဏ်သိမ်ကြီးမားသူများ ဖြစ်စေကာမူ ပြည်ထောင်၏ပြည်သူပြည်သားများသာဖြစ်သည်။ သို့သော် မည်မျှပင် မြင့်မြတ်သော တော်ဝင်မျိုးနွယ်ဖြစ်စေကာမူ အင်မော်တယ်နှင့် ယှဉ်လျှင် ကောင်းကင်နှင့်မြေကြီးပင်ဖြစ်သည်။ ထို့ပြင် တော်ဝင်မျိုးနွယ်မှူးမတ်တို့သည် အင်မော်တယ်ဂိုဏ်း၏ ကြီးမြတ်မှုနှင့် ဩဇာအာဏာကြီးမားမှုတို့ကို သိကြသည်။ အင်မော်တယ်ဂိုဏ်းသည် ပညာတတ် ဖြစ်ဖြစ် ကုန်သည် ဖြစ်ဖြစ် လယ်သမားဖြစ်ဖြစ် သိုင်းပညာမကျင့်ကြံသော သာမန်လူများနှင့် မတူညီစွာ သီးခြားတည်ရှိနေသည်။ သာမာန်လူများ၏ အသက်သည် အင်မော်တယ်တို့၏ အမြင်တွင် ပုရွတ်ဆိတ် တစ်ကောင်၏ အသက်ထက်ပင် တန်ဖိုးမရှိချေ။ အင်မော်တယ်များ မည်သူကိုပင် သတ်စေကာမူ မည်သူမှ ဂရုစိုက်ကြလိမ့်မည်မဟုတ်ချေ။ သို့သော် အင်မော်တယ်အားလုံးသည် တူညီသော စိတ်ထားရှိကြသည် ဟု သတ်မှတ်၍မရပေ။ ထို့ပြင် ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလမ်းစဉ်ကိုစတင်လိုက်စားသည်နှင့် တစ်ပြိုင်နက် သူတို့၏ဘဝများသည်လည်း ပြောင်းလဲသွားကြသည်။ ထိုသူတို့၏ အမြင်တွင် သာမာန်လူများသည် သူတို့နှင့် တန်းတူရပ်ရန် အဆင့်မရှိဘူး ဟု မြင်ကြသည်။ “အင်မော်တယ်တွေမသေဘူးဆိုရင်၊ သူခိုးတွေက ဘယ်တော့မှ ခိုးတာကိုရပ်မှာမဟုတ်ဘူး” ဟု ယဲ့နင်ပြောခဲ့သည်။ ဘုရင်ခြောက်ပါးသည် စိတ်ရှုပ်ထွေးနေကြသည်။ သူတို့သည် အင်မော်တယ်ဂိုဏ်းကို မှီခိုကာ ဧကရာဇ်ရာထူးကို လုယူရန် ကြိုးစားနေကြသော်လည်း စင်စစ်တွင် သူတို့သည် အင်မော်တယ်ဂိုဏ်း၏ ကျားကွက်ပေါ်မှ ကျားစေ့များသာဖြစ်သည်။ သူတို့ အမိန့်ပေးခဲ့သော၊ဆုံးဖြတ်ချက်ချခဲ့သော ကိစ္စရပ်များတွင် အင်မော်ဂိုဏ်းသည် မည်မျှပါဝင်နေသနည်း။ ဤလောကဝယ် အင်မော်တယ်ဂိုဏ်း မတည်ရှိလျှင် လူသားများကြား ကွာခြားမှုသည် ဤမျှ မြင့်မားမည် မဟုတ်ပေ။ အင်မော်တယ်တို့၏ ကျားစေ့များကဲ့သို့ ကျားကွက်ပေါ်တွင် ကြိုးကိုင် ခြယ်လှယ်ခံမည့် အစား လူသားများ၏ ပြဿနာကို လူသားများသာလျှင် ဖြေရှင်းရမည်။ "အင်မော်တယ်ဂိုဏ်းက ဒီလောကကြီးရဲ့ မငြိမ်မသက်မှုတွေရဲ့ အရင်းအမြစ်ပဲ” ဟု ယဲ့နင် ပြောခဲ့သည်။ ကျီမင်းယွဲ့သည်လည်း ယဲ့နင်ကဲ့သို့ တွေးမိသည်။ ကျီမင်းယွဲ့သည် ကျိုးထိုက်ကျူ၏ မျိုးဆက်တစ်ယောက်ဖြစ်သောကြောင့် ကျိုးပြည်ထောင်၏ သမိုင်းကြောင်းကို သိရှိပြီးဖြစ်သည်။ ကျိုးထိုက်ကျူ၏ လက်ထက်တွင် လူသားများသည် လွတ်လပ်စွာ ပြောဆိုနိုင်ပြီး၊ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ကြသည်။ ထို့ပြင် အင်မော်တယ်ဂိုဏ်းသည် နန်းတော်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပြီး လူသားများအပေါ်မောက်မာစွာဆက်ဆံခွင့်မရှိချေ။ ထိုစဉ်အခါက ကျောင်းတော်ပေါင်းမြောက်များစွာ တည်ရှိပြီး ပြိုင်ပွဲပေါင်းမြောက်မြားစွာ တည်ရှိခဲ့သော်လည်း တရားမျှတသော ယှဉ်ပြိုင်ခြင်းသာ ဖြစ်ခဲ့သည်။ ပညာဓနကြွယ်ဝချမ်းသာသည့် ငြိမ်းချမ်းသော ခေတ်တစ်ခေတ်ဖြစ်ခဲ့သည်။ အင်မော်တယ်ဂိုဏ်းပြန်လည်ဦးမော့လာနိုင်သည့် အချိန်မှစ၍ ဤလောကသည် ကသောင်းကနင်းဖြစ်လာခဲ့သည်။ လူသားတို့သည် အသက်ရှင်ရန်ရုန်းကန်ကြိုးစားရပြီး အင်မော်တယ်တို့သည် မကောင်းမှုပေါင်းမြောက်များစွာကို လုပ်လာကြသည်။ နန်းတော်မှချမှတ်ထားသော ဉပဒေသည်လည်း အသုံးမဝင်သောစာရွက်တစ်ရွက် သာ ဖြစ်လာခဲ့သည်။ အင်မော်တယ်ဂိုဏ်းသည် သူတို့၏ နေ့စဉ်လေ့ကျင့်မှုအတွက်လိုအပ်သည်ဟု ဆိုကာ အခွန်များကို အဆမတန်တိုးကောက်ပြီး နန်းတော်က လုပ်သည်ဟု ပြည်သူများကို ယုံကြည်စေခဲ့သည်။ အဆမန်မြင့်မားသော အခွန်များကြောင့် ပြည်သူများ၏ ဘဝသည်ပို၍ပင် ပင်ပန်းခက်ခဲလာခဲ့သည်။ ဤလောကကြီးဝယ် အင်မော်တယ်ဂိုဏ်းသာ မရှိလျှင် ဤကဲ့သို့ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ယဲ့နင်သည် စကားသုံးခွန်းသာ ပြောခဲ့သော်လည်း ထိုစကားသုံးခွန်းသည် ယနေ့ခေတ် ဖြစ်ပျက်နေသော ပြဿနာများကို ခြုံငုံဖော်ပြသွားခဲ့သည်။ “ဒီလူက သစ္စာရှိပြီး ဖြောင့်မတ်မှန်ကန်ရုံတင်မကဘူး သေခြင်းတရားကိုလည်း မကြောက်ရွံ့တဲ့အပြင် စူးရှထက်မြက်တဲ့ အမြင်လည်းရှိတယ်။ တစ်ချက်လေးကြည့်ရုံနဲ့ ဒီလောကကြီးရဲ့မကောင်းမှုတွေကို မြင်နေပြီ။ သူကတကယ့်ကို လူတော်လူကောင်းတွေရဲ့မျိုးဆက်ပဲ။ ကျိုးထိုက်ကျူခေတ်မှာဆိုရင် ဒီလူက တကယ်ကောင်းစားမှာ” “ဒါပေမယ့် သူက ခေတ်မှားပြီးမွေးလာခဲ့တယ်” “သူဒီစကားတွေပြောလိုက်တုန်းက အင်မော်တယ်ဂိုဏ်းချုပ်ကတော့ ကိုယ့်ခြေထောက်ကိုယ်ပြန်နင်းမိလို့ တော်တော်ဒေါသထွက်နေလောက်တယ်” လူစုလူဝေးသည် ဆူညံပွက်လောရိုက်နေသည်။ သူတို့သည် သူတို့၏ဘဝတွင် လူတစ်ယောက်ကို ဤမျှထိ မလေးစားဖူးခဲ့ပေ။ ‘အသင်က ဒီလို စကားမျိုးကို ပြောရဲမှတော့ ငါကိုယ်တော်ကဘာကို ကြောက်နေရဦးမှာလဲ’ ကျီမင်းယွဲ့ တွေးနေသည်။ အမှန်တရားကို မထုတ်ဖော်ဝံ့ခြင်းသည် မိုက်မဲခြင်းမဟုတ်။ အလယ်အလတ်လမ်းစဉ်သည်သာလျှင် အသက်ပေါင်းမြောက်မြားစွာကို ကယ်တင်နိုင်မည်ဟု ယူဆခဲ့သောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ မျက်မမြင်ကဲ့သို့ မည်သည့်အရာကိုမှ မသိမမြင် ဟန်ဆောင်ခြင်းသည် အရာရာကို သိခြင်းထက် ပိုမို ကောင်းမွန်တတ်သည်။ သို့သော် ဤလောကကြီးဝယ် ထူထပ်သောမြူခိုးကြား၌ ပေါ်လာတတ်သော မီးအိမ်လေးကဲ့သို့ အမှောင်ယံကြားက ပိုးစုန်းကြူးလေးနှယ် သေမည်ကိုမကြောက် အမှန်တရားကို ထုတ်ဖော်ဝံ့သော သူသည် ရှိစမြဲပင် ဖြစ်သည်။ အမှားရှိလျှင် အမှန်သည်လည်း ရှိစမြဲပင် ဖြစ်သည်။ ထိုသို့ ဖြောင့်မတ်မှန်ကန်သောသူများသည် အသေစောကြသည်။ သေဆုံးခြင်းသည် သူရဲကောင်းဖြစ်ခြင်း၏ လမ်းစဖြစ်သည်။ “ရာရာစစ” ဟဲရွမ်၏ မုတ်ဆိတ်သည် တွန့်လိမ်ကောက်ကွေးနေသည်။ ယဲ့နင်သည် ဤမျှအထိ အတင့်ရဲလိမ့်မည်ဟု သူမထင်မိပေ။ ‘မင်းဘာသာ စစ်ဘက်နဲ့ အရာရှိဘက်က မှူးမတ်တွေကို စော်ကားချင်စော်ကား ဘုရင်ခြောက်ယောက် ကို စော်ကားလည်း ငါ စိတ်မဝင်စားဘူး ဒါပေမယ့် မင်းက ငါ ဟဲရွမ်ကို စော်ကားရဲတယ်’ ယဲ့နင်၏စကားများကို ထောက်ခံနေသော ညီလာခံထဲရှိ အသံများသည် ဟဲရွမ်၏ ဒေါသမီးကို လောင်စာဆီ လောင်းပေးနေသည်။ ‘အင်မော်တယ်တစ်ယောက်က လူသားတွေကို ကြင်နာရမယ်ဟုတ်လား’ ဟဲရွမ်၏အမြင်တွင် အင်မော်တယ်တစ်ယောက်ကလူသားတစ်ယောက်ကိုသတ်ခြင်းသည်ပုရွတ်ဆိတ်တစ်ကောင်ကို နင်းချေလိုက်သည်နှင့် ဆင်တူသည်။ ‘ပုရွတ်ဆိတ်သေတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ’ ‘အခွန်ကောက်တယ်ဆိုတာကလည်း လုပ်သင့်လို့လုပ်တာလေ၊ မင်းတို့ လူသားတွေသာ ငါတို့လို အင်မော်တယ်တွေနဲ့ ပူးပေါင်းခွင့်ရလို့ ပျော်သင့်တာ’ ‘ဒီကမ္ဘာကြီး ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး’ ‘အင်မော်တယ်တွေ ထိပ်ဆုံးမှာ ရှိနေသရွေ့ ကမ္ဘာကြီးက အေးချမ်းသာယာနေမှာပဲ’ “ရဲတင်းလိုက်တဲ့ကောင် ငါမင်းကို သတ်မယ်” ဟဲရွမ်သည် သူ၏မြင်းမြှီးယပ်ကို ယဲ့နင်ဆီသို့ ချိန်ရွယ်လိုက်သည်။ အေးစက်သော မိုးပြာရောင်အလင်းတန်းသည် ယဲ့နင်၏လည်ပင်းသို့ ကြောက်မက်ဖွယ် ဉီးတည်နေသည်။ ‘အဲ့လိုရိုက်ချက်နဲ့ဆို သူသေမှာ’ ဟဲရွမ်သည် ယဲ့နင်၏သွေးဖြင့် အင်မော်တယ်ဂိုဏ်း၏မြင့်မြတ်မှုကို ပြသလိမ့်မည်။ “လာစမ်းပါ ကျုပ်ကို လာသတ်လိုက်စမ်းပါ” ယဲ့နင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ ‘နောက်ဆုံးတော့ ငါသေတော့မယ်’ ‘ဒီအင်မော်တယ်တွေက အသုံးဝင်သားပဲ’ ‘ဒီတစ်ခေါက်တော့ ငါသေတော့မယ်ကွ သတ်လိုက်စမ်းပါ… မြန်မြန်အဆုံးသတ်လိုက်စမ်းပါ’ ‘ကျုပ် ကောင်းကင်ဧကရာဇ်ဖြစ်ရင်၊ ခင်ဗျားကို မမေ့မလျော့ပဲ ကျေးဇူးဆပ်ပါ့မယ်’ ယဲ့နင်၏ နှလုံးသားသည် ဟဲရွမ်အား ချစ်ခင်မှုများဖြင့် ပြည့်နှက်နေသည်။ ‘လာစမ်းပါ ခင်ဗျားရဲ့ ရက်စက်တဲ့နည်းလမ်းတွေ သုံးပြီးသတ်လိုက်စမ်းပါ ကျုပ်ကို တစ်စက်မှသနားစရာမလိုဘူး’ “အတင့်ရဲလိုက်တာ၊ ငါကိုယ်တော်က ယဲ့နင်ကို အထိအခိုက်ခံမယ်ထင်နေတာလား” အေးစက်သောစကားတစ်ခွန်းသည် ညီလာခံထဲ၌ဟိန်းထွက်လာခဲ့သည်။ ထိုသူမှာ ကျီမင်းယွဲ့ပင်ဖြစ်သည်။ ကျီမင်းယွဲ့သည် ရွှေရောင်ဆီမီးခွက်ကို ကိုင်ဆောင်လျက် ရှေ့သို့ တိုးလာသည်။ မီးစာမရှိသော မီးခွက်သည် အဖြူရောင် မီးတောက် ဖြင့် လောင်ကျွမ်းနေသည်။ ကျီမင်းယွဲ့သည် မီးခွက်ကို အနည်းငယ် မြှင့်တင်လိုက်သော အခါ အဖြူရောင် မီးတောက်သည် ခမ်းနားစွာ လင်းဖြာထွက်သွားသည်။ ထိုအလင်းသည်ယဲ့နင်၏ဘေးနားသို့ရောက်ရှိလာကြပြီးဟဲရွမ်၏အေးစက်သောအပြာရောင်ရိုက်ချက်ကို ဖျက်စီးလိုက်လေသည်။ “ဟင်…တော်ဝင်ရှေးဟောင်မှော်ရတနာလား..” လူအားလုံးသည် ထိတ်လန့်သွားသည်။ ထိုတော်ဝင်လက်နက်များသည် ကျိုးထိုက်ကျူလက်ထက်က သုံးခဲ့သော လက်နက်များဖြစ်သည်။ ကျိုးထိုက်ကျူ၏စိတ်စွမ်းအင်ကြောင့် သူသုံးစွဲလိုက်သော အရာအာလုံးတွင် သူ၏စွမ်းအားကြီးသော အသက်စွမ်းအင်တို့သည် ကပ်ငြိနေကြသည်။ သို့သော် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် ဤတော်ဝင်လက်နက်တို့၌ကပ်ငြိနေသော ကျိုးထိုက်ကျူ၏အသက်စွမ်းအင်တို့ ကင်းမဲ့လာကြသည်။ အင်မော်တယ်ဂိုဏ်းသည် တော်ဝင်နန်းတော်ကို ကျော်လွှားဖို့ရန်အလို့ငှာ တော်ဝင်မိသားစုအား တော်ဝင်လက်နက်ပေါင်းမြောက်များစွာကို သူတို့ဆီသို့ အပ်နှံရန် ဖိအားပေးခဲ့သည်။ ထို့ကြောင့် လူအများစုသည် ဧကရာဇ်၏လက်ထဲတွင် တော်ဝင်လက်နက်များ မကျန်တော့ဘူးဟု ယူဆကြသည်။ မထင်မှတ်ထားစွာဖြင့် ဧကရာဇ်၏လက်ထဲတွင် ကျန်ရှိနေသေးသည်။ တော်ဝင်လက်နက်များသည် အကျပ်အတည်းအချိန်တွင် ကျီမင်းယွဲ့၏အသက်ကို ကယ်တင်နိုင်ရန် သိမ်းဆည်းထားသော ဝှက်ဖဲဖြစ်သည်။ ကျီမင်းယွဲ့သည် ထိုလက်နက်ကို နှစ်ပေါင်းများစွာကြာသည်အထိ သိမ်းဆည်းထားခဲ့သည်။ သို့သော် သူသည် ထိုလက်နက်ကို ယဲ့နင်အား ကာကွယ်ဖို့ရန် ထုတ်သုံးခဲ့သည်။ ‘ဒါက မင်းပေးဆပ်တာနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး’ လူတိုင်းသည် ကျီမင်းယွဲ့ကို နားလည်ကြသည် အဘယ့်ကြောင့်ဆိုသော် ယဲ့နင်သည် ဧကရာဇ်၏တော်ဝင်လက်နက်ဖြင့် ကာကွယ်ပေးရန်ထိုက်တန်သောကြောင့်ဖြစ်သည်။ “ဒီနေ့မှာ ငါကိုယ်တော်နဲ့ ယဲ့နင်အပါအဝင် မင်းမှူးမတ်ပေါင်းမြောက်များစွာဟာ အင်မော်တယ်ဂိုဏ်းရဲ့ စော်ကားမှုကို ခံခဲ့ရတယ် အဲ့ဒါကြောင့် မင်းတို့ ယဲ့နင်ကို သတ်ချင်ရင် ငါကိုယ်တော်ကို အရင်သတ်မှပဲရမယ်” ထိုစကားများပြောနေသော ကျီမင်းယွဲ့၏မျက်လုံးများသည် ပကတိတည်ငြိမ်နေခဲ့သည်။ ‘မောင်မင်းဟာ ငါကိုယ်တော်ကို ပေးဆပ်တဲ့အတွက် ငါကိုယ်တော်သည်လည်း မောင်မင်းကို ကာကွယ်ပေးမယ်’ ထိုမြင်ကွင်းသည် လူတိုင်း၏ရင်ကို အရှိုက်ထိစေခဲ့သည်။ ဧကရာဇ်နှင့် မှူးမတ်များ ဤကဲ့သို့ စည်းလုံးညီညွတ်ခြင်းသည် နောင်မျိုးဆက်များလိုက်နာအပ်သော စံပြပုံစံတစ်ခုဖြစ်လာလိမ့်မည်။ သို့သော် အကာအကွယ်ခံရသော ယဲ့နင်သည် ပါးဖြတ်ရိုက်ခံရသလို ခံစားနေရသည်။ လူယုံတစ်ယောက်ထံမှ နောက်ကျောဓားထိုးခံလိုက်ရသလို ခံစားနေရသကဲ့သို့သူသည် ကျီမင်းယွဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ ‘ပြောသင့်လား မပြောသင့်လား မသိပေမယ့် ကျွန်တော့်မှာ ဧကရာဇ်အတွက် စကားတစ်ခွန်းရှိတယ်’ ‘ကျွန်တော်ကျေးဇူးကို ဧကရာဇ်က ဒီလိုဆပ်လိုက်တာလား’ ယဲ့နင် ကြေကွဲလွန်း၍ မျက်ရည်များပင် ဝိုင်းနေမိသည်။
***