အင်မော်တယ်ဂိုဏ်းသည် ပြည်သူ့တရားရုံးများကို ဖျက်သိမ်းခဲ့ပြီး ကွန်ဖြူးရှပ်ဂုရုကြီးများကိုလည်း ဖမ်းဆီးခဲ့သည်။ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒကို ဖိနှိပ်ခဲ့ကြသည်။ ထို့ကြောင့် မထင်ပေါ်သော ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် လက်လျှော့လာကြကာ ထိုအချိန်မှစ၍ ကွန်ဖြူးရှပ်လမ်းစဉ်နှင့် တာအိုလမ်းစဉ် လိုက်စားသူသူပမာဏသည် တရှိန်ထိုး ကျဆင်းလာခဲ့သည်။ သို့သော် ယနေ့ခေတ် မဟာကျိုးပြည်ထောင်သည် ပြည်ထောင်အုပ်ချုပ်ဖို့ရန် ပညာရှိအမတ်များကို မှီခိုနေဆဲဖြစ်သောကြောင့် ကွန်ဖြူးရှပ် ပညာရှင်များသည် နန်းတော်တွင် မြင့်မားသော ရာထူးနေရာများကို ရရှိနေကြဆဲဖြစ်သည်။ သို့သော်လည်းပဲ လက်ရှိကွန်ဖြူးရှပ် ပညာရှင်များနှင့် ယခင်က ကွန်ဖြုးရှပ်ပညာရှင်များသည် ပြည်သူလူထုထံမှ အသိအမှတ်မပြုခံရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်သည်။ ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒသည် သေဆုံးသွားပြီဟုပင် တချို့က ပြောစမှတ်ပြုကြသည်။ ထိုအခြင်းအရာသည် အလွန်ပင် ဝမ်းနည်းဖို့ကောင်းလွန်းသည်။ ကွန်ဖြူးရှပ်ဝါဒ၏ ကျောထောက်နောက်ခံသည်လည်း ပျက်စီးခဲ့လေပြီ။ ထို့ပြင် အရည်အချင်းရှိသော ပညာရှင်များကို မမွေးထုတ်နိုင်ခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယနေ့ နန်းမြို့တော်ဝယ် လူများစုဝေးကာ ဆူညံပွက်လောရိုက်နေကြသည်။ အဘယ်ကြောင့်နည်း… ယခုအချိန်တွင် နန်းမြို့တော်တစ်ခုလုံးကို ကိုင်လှုပ်နိုင်သော ပညာရှိစကားကိုပြောဆိုသည့်လူ ထွက်ပေါ်လာခဲ့သည်။ ပညာရှိအလင်းအားဖွင့်ပေးနိုင်သောသူ ထွက်ပေါ်လာခဲ့သည်။ “ဘယ်လိုလူကများ ဒီလို မြင့်မြတ်တဲ့ပညာရှိစကားတွေ ပြောဆိုပါလိမ့်” ပို၍လေ့လာလေ၊ ပို၍ဉာဏ်ပညာကြီးမားလေ ဖြစ်သောကြောင့် စာပေပညာရပ်များကို ယနေ့ထိတိုင် လေ့လာလိုက်စားသူများ ရှိနေဆဲပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒသည် ထင်ပေါ်ကျော်ကြားခဲ့ဖူးသည်။ ထို့ကြောင့် ယဲ့နင်ပြောသော စကားလုံးများသည် ထိပ်လန့်အံ့ဩဖွယ်ကောင်းသော်လည်း ယနေ့ခေတ်တွင် အကျိုးမရှိပေ။ ယခုအချိန်တွင် ထို ကွန်ဖြူးရှပ်ဝါဒီနှင့် တာအိုဝါဒီများသည် အရေးတယူလုပ်ခြင်းမခံရသည်မှာ နှစ်ထောင်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ထိုကဲ့သို့ အကြွင်းမဲ့မြင့်မြတ်သော စကားလုံးများအား ဖွင့်ဟပြောဆိုရဲသောသူ ရှိနေဆဲပင်လော။ ‘အံ့ဩဖို့ကောင်းလိုက်လေခြင်း….’ “ကြည့်ကြစမ်း…ကြည့်ကြစမ်း…ဟိုမှာ ပညာရှိတွေကို ကောင်းကင်က အသိအမှတ်ပြုတဲ့ အလင်းတန်းမဟုတ်လား။ ဒါပေမယ့် နန်းတော်ကြီးကတော့ တိတ်ဆိတ်နေတုန်းပဲ၊ အဲ့ဆိုကောင်းကင်က အသိအမှတ်ပြုတဲ့စကားကို ပြောတဲ့သူက နန်းတော်ထဲကသူပေါ့…” “နန်းတော်ထဲက ဆိုပေမယ့်..ဘယ်သူလဲ” “ဒီနေ့နန်းတော်မှာ အရေးကြီးတဲ့ညီလာခံရှိတယ်ဆို၊ ငါကြားတာ အင်မော်တယ်တွေက ခုနှစ်ခုမြောက်ပြည်ထောင် တည်ထောင်မလို့ ဧကရာဇ်ကို တွန်းအားပေးမှာဆို၊ အဲ့ဆိုရင်….” “ရှူး…တိုးတိုးနေ..အင်မော်တယ်တွေအကြောင်းလျှောက်ပြောမနေနဲ့” ပညာတတ်များသည် တုံးအသောသူများမဟုတ်သောကြောင့် ခေတ္တခဏမျှ သုံးသပ်ရုံဖြင့် အမှန်တရားကို ခန့်မှန်းလာနိုင်ကြသည်။ သို့သော် သူတို့သည် အမှန်တရားကို မထုတ်ဖော်ဝံ့ကြပေ။ ယနေ့ခေတ် ကွန်ဖြူးရှပ် ပညာရှင်များသည် ကျောထောက်နောက်ခံမရှိသောကြောင့် အင်မော်တယ်များအား အံတုကာ အမှန်တရားကို ဖွင့်ဟမပြောနိုင်ကြပေ။ နောက်ကွယ်တွင် တိတ်တခိုးပြောရန်သတ္တိပင်မရှိကြပေ။ ဤလောကကြီးသည် အမှန်တရားကို ထုတ်ဖော်ကြားဖို့ရန် ရဲစွမ်းသတ္တိများ နှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။ “ဝမ်းနည်းဖို့ကောင်းလိုက်တာ” သိမ်မွေ့သော နှလုံးသားပိုင်ရှင် ပညာရှိတို့သည် အမှန်တရားကို ထုတ်ဖော်မပြောကြားနိုင်သောကြောင့် ဝမ်းနည်းမှုကို ခါးသီးစွာခံစားနေရသည်။ ထိုအခိုက်အတန့်တွင် မျက်စိကျိန်းဖွယ် အလင်းတိုင်ကြီး နှစ်တိုင်သည် ကောင်းကင်ယံသို့ ထိုးဖောက် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံသို့ ထိုးဖောက်သွားသော ထိုအဖြူရောင် အလင်းတိုင်ကြီးများသည် လင်းလက်တောက်ပလွန်းလှသည်။ ထို့နောက် လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော အသံကြီးသည် ထွက်ပေါ်လာခဲ့သည်။ ဘုန်း….. အားလုံး၏ စိတ်ထဲတွင် ဘဝင်ခိုက်စေသော စာပေရွတ်ဖတ်သံများ ပဲ့တင်ထပ်လာသည်။ “ထုံးတမ်းစဉ်လာများအား ဆန်းဆစ်လိုက်နာခြင်းသည် တန်ဖိုးဖြစ်၏။ ပထမဧကရာဇ်၏ လမ်းစဉ်ကဲ့သို့ပင်။ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အလှတရားသည် လှပ၏။ ကျင့်ဝတ်များမရှိလျှင် အသိနှင့် အရှိအား ဝေဖန်ပိုင်းခြားရန် မဖြစ်နိုင်” ဤသည်မှာ ရှေးဟောင်းစကားများပင်တည်း။ “ငါ၊သူတပါး၊ ယောက်ျား၊ မိန်းမ၊ မည်သူပင်ဖြစ်စေ..လူကောင်းတစ်ယောက်သည် လူကောင်းတစ်ယောက်ပင်ဖြစ်၏” ဤသည်မှာ မှန်ကန်ခြင်းပင်တည်း။ “ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ မည်သူဖြစ်ဖြစ်စေ လူကောင်းတစ်ယောက်သည် အသင့်ကို တိုးတက်စေလိမ့်မည်၊ အသင့်အတွက် ကောင်းတာတွေယူဆောင်လာပေးလိမ့်မည်” ဤသည်မှာပြောင်းလဲခြင်းပင်တည်း။ “သိရှိဖို့ရန် သင်ယူရမည်။ သင်ယူခြင်းမှ သိရှိလာလိမ့်မည်။ အရာရာကိုသိရှိလာလျှင် စိတ်ရောကိုယ်ပါ လေ့လာခြင်းတွင် မြှပ်နှံရမည်။ ထို့မှသာ မှန်ကန်သော စိတ်ထားကို မွေးမြူနိုင်မည်…” ဤသည်မှာ ကျင့်ကြံခြင်းပင်တည်း။ စာပေဖတ်ရှုသံများသည် ရှေးယခင်ကတည်းကပင် တည်ရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဖုန်မှုန့်များနှယ် ပျောက်ကွယ်သွားခဲ့သည်။ ပညာရှင်များ ဝမ်းနည်းသည်မှာ မဆန်းကြယ်ပေ။ စာပေကို ကျွမ်းကျင်စွာတတ်မြောက်ပါက စီးပွားရေးနှင့်နိုင်ငံရေးကို ခြယ်လှယ်နိုင်ခဲ့သော လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်ကို ပြန်ရောက်သွားသည့်နှယ် ခံစားရသောကြောင့် ပညာရှင်တို့၏ မျက်နှာထက်ဝယ် မျက်ရည်များသည် ကျဆင်းလာကြသည်။၊ သို့သော် သူတို့၏မျက်ရည်များသည် ကောင်းကင်၌ထွန်းလင်းတောက်ပနေသော အလင်းတိုင်နှစ်ခုကို ကြည့်ရှုခြင်းအား ရပ်တန့်နိုင်ခြင်းမရှိပေ။ ထိုတောက်ပသော အလင်းတန်းထဲ၌ စာပေကျမ်းလိပ်များကိုကိုင်ဆောင်ထားသော အသက်အလယ်အလတ် နှင့် အသက်ကြီးသော လူပုံစံ မြင့်မြတ်သောရုပ်ထုနှစ်ခု တည်ရှိနေသည်။ “ဟိုမှာ ရှေးပညာရှိတွေ” ထိုမြင်ကွင်းသည် စာပေပညာရှင်တို့ကို ရူးသွပ်စေခဲ့သည်။ ထိုအခိုက်အတန့်၌ နန်းမြို့တော်တစ်ခုလုံးသည် ထိုအလင်းတန်းအား ရှိခိုးဉီးချကြသည်။ ‘အဲ့ဒါ ရှေးပညာရှိတွေပဲ’ ‘သူတို့တကယ်ကိုယ်ထင်ပြခဲ့ပြီ’ ‘အဲ့ဆို ပညာရှင်တွေခေတ်ပြန်ရောက်တော့မှာပေါ့’ ‘ဒါသာအိမ်မက်ဆိုရင် တစ်သက်လုံး အိမ်မက်ပဲမက်ချင်တော့တယ်’ ရှေးပညာရှိတို့၏ကိုယ်ထင်ပြမှုသည် ဤလောကဝယ် မှင်တံနှင့်မှင်တို့၏ မွှေးပျံ့လန်းဆန်းမှုကို ပြန်လည်ထင်ဟပ်လာစေသည်။ မြောက်များစွာသော စာပေပညာရှင်များသည် အနှောင့်အယှက် အန္တရာယ်များကို ကျော်လွှားရန်အလို့ငှာ စိတ်အားထက်သန်လာကြသည်။ ကြီးမားသောတိုးတက်မှုပင်ဖြစ်သည်။ “အရင်ဆုံး ရှေးကဗျာရွတ်သံပေါ်ပေါက်လာတယ် ပြီးတော့ ရှေးပညာရှိတွေက ကိုယ်ထင်ပြတယ် ဒါတွေက မြင့်မြတ်တဲ့ကွန်ဖြူးရှပ်ပညာရှင်မွေးဖွားလာခြင်း မဟုတ်လား” အသက်အရွယ်ကြီးမြင့်နေပြီဖြစ်သော အဖြူရောင်မုတ်ဆိတ်မွှေးနှင့်ပညာရှင်တစ်ယောက်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့်တောက်ပနေသည်။ ဟုန်း… ထိုအချိန်၌ တတိယအလင်းတန်းသည် ထပ်မံပေါ်ပေါက်လာခဲ့သည်။ နန်းမြို့တော်၏ ကျောက်စိမ်းနန်းဆောင်တို့သည် တုန်ခါလာကြသည်။တုန်ခါသံသည် ဤကမ္ဘာနှင့်မသက်ဆိုင်သည့်နှယ် လှပသောတေးသံသာကို တီးခတ်နေသည့်နှယ်ချိုသာလွန်းလှသည်။ “ဒါက ကျင်း ရှန့်ယွီကျန်း၊ တတိယမြောက်ဉာဏ်ပညာအလင်းတန်းပဲ” ပညာရှင်တို့သည် ရူးသွပ်ကုန်ကြလေပြီ။ “တကယ်ကြီး ရှေးစာပေခေတ်ကို ပြန်ရောက်တော့မှာလား” “နှစ်ထောင်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ သူတော်စင်က ကမ္ဘာကြီးကို ကယ်တင်ဖို့ရောက်လာတာလား” တတိယမြောက်ဉာဏ်ပညာအလင်းတန်းပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် နန်းမြို့တော်ကြီးသည် စတင်တုန်ခါလာခဲ့သည်။ စာပေကျမ်းများကိုင်ဆောင်ထားသော ခါးကိုင်းနေသည့်အဘိုးအိုပုံစံရှိသော ရှေးပညာရှိပုံရိပ်ယောင်သည် နန်းတော်သို့မျက်နှာမူလျက် ကဗျာတစ်ခုကိုရွတ်ဆိုနေသည်။ “သေခြင်းတရားထံမှ လွှတ်မြောက်နိုင်သောသူသည် မရှိ” အခြားတစ်ဖက်တွင်မူ ခါးမတ်နေသော အသက်အလယ်အလတ်အရွယ်ပုံစံ ရှေးပညာရှိ ပုံရိပ်ယောင်သည် တည်ငြိမ်သောဟန်အမူအရာဖြင့် ကဗျာတစ်ခုကိုရေရွတ်လိုက်သည်။ သူ၏အသံသည် စမ်းရေကဲ့သို့ ကြည်လင်ကာ ဓားကဲ့သို့ပြတ်သားလှသည်။ “အများအကျိုးအတွက် အသက်ပေးဝံ့သောသူ၏ လွတ်မြောက်မှုကို မည်သူမှီမည်နည်း….” လူအားလုံးသည် ထိုပုံရိပ်ယောင်နှစ်ခုကို သိကြသည်။ ပထမကဗျာအား ရွတ်သူသည် ကျိုးထိုက်ကျူ၏လက်ဝဲအမတ်ကြီးဖြစ်ပြီး ဒုတိယတစ်ကြောင်းအားပြောသောသူသည် ကျိုးထိုက်ကျူ၏လက်ယာအမတ်ကြီးဖြစ်သည်။ ထိုသူနှစ်ယောက်သည် ထင်ပေါ်ကျော်ကြားသော ကွန်ဖြူးရှပ်ပညာရှင်များဖြစ်ကြသည်။ သူတို့သည် ကျိုးထိုက်ကျူနှင့်အတူ တာအိုဧကရာဇ်နိုင်ငံတော်ကို တည်ထောင်ခဲ့သူတို့ဖြစ်သည်။ ထို့ပြင် သူတို့နှစ်ယောက်သည် ကောင်းမှုကုသိုလ်ပေါင်းမြောက်များစွာ လုပ်ခဲ့သောကြောင့် သေဆုံးပြီးနောက် လူအများ၏ အထွတ်အမြတ်ထားအပ်သောပုဂ္ဂိုလ်များဖြစ်လာကြသည်။ အထွတ်အမြတ်ထားအပ်သောပုဂ္ဂိုလ်များဖြစ်သည့် ထိုသူတို့နှစ်ယောက်၏ရုပ်ထုကို ကွန်ဖြူးရှပ်ဘုရားကျောင်းတွင် ထုဆစ်ထားသည်။ ယနေ့တွင် သူတို့သည် နှိုးထလာကြလေပြီ။ ကဗျာတစ်ပုဒ်သည် သူတို့အားနှိုးထစေခဲ့သည်။ “…သေခြင်းတရားထံမှ လွှတ်မြောက်နိုင်သောသူသည် မရှိ” “အများအကျိုးအတွက် အသက်ပေးဝံ့သောသူ၏ လွတ်မြောက်မှုကို မည်သူမှီမည်နည်း….” ပညာရှင်များသည် ရူးသွပ်သောလူများကဲ့သို့ အော်ဟစ်နေကြသည်။ မိုးကောင်းကင်ကြီးပြိုကျခြင်းသည်ပင် ထိုစာသားထဲမှ သတ္တိအား ကြောက်ရွံ့အောင်မလုပ်နိုင်ခဲ့ပေ။
***