“သူကတတိယမြောက်ဉာဏ်ပညာအလင်းတန်းကို ဖြစ်ပေါ်စေတဲ့သူလား” “အဲ့ဒါက ဖျောက်ဖျက်မရနိုင်တဲ့ ကဗျာတစ်ပုဒ်ပဲ” “ဒီကဗျာတစ်ခုတည်းနဲ့တောင် သူကသမိုင်းမှာ နာမည်ကျော်ကြားနိုင်တယ်။ ဒီကဗျာကနောင်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းသွားမှာလို့ ငါပြောရဲတယ် ” ထိုကဗျာသည် သာမာန်လူများကိုပင် စာပေလေ့လာလိုစိတ်တက်ကြွလာစေသည်။ စာပေပညာရှင်များသည် ရူးသွပ်ကုန်ကြလေပြီ။ လူတိုင်း၏သွေးသားထဲတွင် ကွယ်ဝှက်နေသော ရဲစွမ်းသတ္တိများသည် ပင်လယ်လှိုင်းလုံးကြီးများသဖွယ် ထကြွလာကြသည်။ တချို့သောသူများသည် မိုးကောင်းကင်၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။ နန်းတော်ဝယ် ရှေးပညာရှိနှစ်ဉီး၏ပုံရိပ်ယောင်များ ပေါ်လာပုံထောက်လျှင် ထို တတိယမြောက်ဉာဏ်ပညာအလင်းတန်းသည်အလွယ်တကူကွယ်ပျောက်လိမ့်မည်မဟုတ်ချေ။နန်းတော်ပေါ်ဝယ်ဖြာထွက်နေသော အဖြူရောင်အလင်းတန်းသည် မိုးကောင်းကင်ပေါ်မှ အဖြူရောင်နတ်မြင်းပျံ အရှိန်အဟုန်ပြင်းစွာဖြင့် ဆင်းသက်လာသည့်နှယ် မျက်စိကျိန်းဖွယ်လင်းထိန်းနေသည်။ “ပညာရှင်တို့တစ်ခေတ် ပြန်ဖြစ်တော့မှာလား” လူတိုင်းသည် အံ့ဩလွန်းသောကြောင့် နှုတ်ခမ်းများပင်ခြောက်သွေ့လာကြသည်။ ရှေးရာဇဝင်များအရ ဖြစ်ဖို့ရန် သူတော်စင်တို့၏ကောင်းချီးပေးခြင်းကို ခံရသော သူသည်သာလျှင် တတိယမြောက်ဉာဏ်ပညာအလင်းတန်းကိုဖြစ်ပေါ်စေလိမ့်မည်။ ထို့နောက်တတိယမြောက်ဉာဏ်အလင်းတန်းပွင့်သူကို ရှေးပညာရှိတို့က ပုံရိပ်ယောင်ပြကာ ကောင်းချီးပေးလိမ့်မည်။ မြင့်မြတ်သော ကွန်ဖြူးရှပ်ပညာရှင်ကြီးများ ရင်သပ်ရှုမော အံ့ဩနေကြသည်။ “ဒီနေ့ခေတ်ကြီးမှာ အဲ့လိုကောင်းချီးပေးခံရတဲ့ပညာရှင်ဖြစ်ဖို့ လိုအပ်တဲ့ အထောက်အကူတွေကရှိသေးလို့လား” ညီလာခံခန်းမထဲတွင်တော့ ပြင်ပကမ္ဘာတွင် ဘာတွေဖြစ်ပျက်နေသည်ကို မသိကြပေ။ ထိုကဗျာမှ သက်ဆောင်လာသော အံ့ဩဖွယ် ခံစားမှုတွင် သူတို့၏စိတ်အလုံးစုံသည် နစ်ဝင်လျက်ရှိသည်။ သို့သော် ယဲ့နင်ကမူ မျက်ရည်မထွက်ပဲ ငိုချင်းချနေသည်။ စင်စစ်တွင်မှုသည်ယဲ့နင်၏အကြံသည် အလွန်ရိုးရှင်းသည်။ ပထမဦးစွာ သေကြောင်းကြံရန်အတွက် အင်မော်တယ်ဂိုဏ်း၏ဒေါသကိုဆွမည်။ထို့နောက် သူသည် သစ္စာရှိသော အရာရှိတစ်ယောက်ကဲ့သို့ မြင့်မြတ်စွာ သေဆုံးမည်ဟု ကြံရွယ်ထားသည်။ သို့သော် ယဲ့နင်သည် ရှေးဟောင်းကဗျာများ၏ စွမ်အားကို အထင်သေးမိသွားသည်။ထိုကဗျာ၏ အစွမ်းကို ယဲ့နင် အထင်သေးမိသည်မှာ သဘာဝကျပေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့မတိုင်ခင်အထိ သူသည် သာမာန်လခစားဝန်ထမ်းတစ်ယောက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းမွန်မြင့်မြတ်သော ကဗျာတစ်ပုဒ်ကို ရှေးလူကြီးများ မည်မျှထိတ်လန့်မည်ကို တွေးဖို့ရန်မှာ ယဲ့နင်အတွက် ခက်ခဲလွန်းလှသည်။ ထို့ပြင် သူသည် ဤကမ္ဘာက သာမာန်ကမ္ဘာမဟုတ်သည်ကိုမေ့သွားခဲ့သည်။ ဤကမ္ဘာသည် အင်မော်တယ်၊ မကောင်းဆိုးဝါးမိစ္ဆာများနှင့် သာမာန်ထက်ထူးခြားသောလူသားများနေထိုင်သည် ထူးခြားဆန်းပြားသော ကမ္ဘာဖြစ်သည်။ မူလယဲ့နင်သည် အလယ်အလတ်အဆင့် စာပေပညာရှင်ဖြစ်စေကာမူ သူသည် ကွန်ဖြူးရှပ်ဝါဒကို လေ့လာလိုက်စားနေသည့် စာသင်သားတစ်ယောက်ဖြစ်နေဆဲပင်ဖြစ်သည်။ မူလယဲ့နင်သည် ကွန်ဖြူးရှပ်ဝါဒကို လေ့လာလိုက်စားသူတစ်ဉီးဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် စာပေစွမ်းအင်များစီးဆင်းနေလိမ့်မည်။ ယဲ့နင် ကဗျာကို ရွတ်သည်ဖြစ်စေ မရွတ်သည်ဖြစ်စေ ထိုကဗျာသည် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသော စာပေစွမ်းအင်များကို နှိုးထစေလိမ့်မည်။ သဘာဝအားဖြင့် ယဲ့နင်တွင် ကျင့်ကြံခြင်းစွမ်းအင်များ အမြောက်အများမရှိသောကြောင့် ကျင့်ကြံခြင်းစွမ်းအင်များနှိုးထာသည်မှာ မဖြစ်နိုင်ပေ။သို့သော် ယဲ့နင်သည် တာအိုဝါဒများ စီးဆင်းနေသာ ကဗျာကို ရွတ်ခဲ့သောကြောင့် ထိုကဗျာစာသားတွင်ပါရှိသော ကောင်းကင်နှင့်မြေကြီးစွမ်းအင်များသည် တစုတစည်းတည်းစုဝေးကုန်ကြကာ ဉာဏစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်မှ လင်းလက်သောမြစ်တစ်စင်းသဖွယ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုအခြင်းအရာသည် မပြင်းထန်သေးပေ။အမှန်စင်စစ်ပြင်းထန်သောအရာသည် ထိုကဗျာစာသားများနှင့် ကမ္ဘာများကြားတွင်လှည့်လည်နေသော အမှန်တရားသည် လှိုင်းလုံးသဖွယ် ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ အမှန်တရားဆိုသည်မှာမည့်သည့်အရာဖြစ်သနည်း။အမှန်တရားသည်ကောင်းကင်နှင့်မြေကြီးအလယ်တွင်တည်ရှိသောဖြောင့်မတ်မှန်ကန်ခြင်းပင်ဖြစ်သည်။ ကိုယ်ကျင့်တရားသန့်စင်သောသူသည်သာလျှင် ထိုအမှန်တရားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။ နန်းတော်သည် အင်မော်တယ်တို့၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည့် အချိန်မှစ၍ ဖြောင့်မတ်မှန်ကန်သောလူများသည် လျော့နည်းလာခဲ့သည်။ အတိတ်တွင် ထင်ရှားခဲ့သော ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒသည် ဆုတ်ယုတ်ကာလသို့ ရောက်ရှိခဲ့လေပြီ။ ယခင်တုန်းက ထင်ပေါ်ကျော်ကြားသော အရာရှိများနှင့် စစ်သူကြီးများသည် မည်မျှပင် နန်းတော်ကို သစ္စာစောင့်သိကြောင်း မည်သူသိမည်နည်း။ယနေ့ခေတ်တွင်မူ အရာရှိများနှင့်စစ်သူကြီးတို့၏ ဖြောင့်မတ်မှန်ကုန်မှုများသည် ပျောက်ကွယ်သွားခဲ့လေပြီ။ သူ၏ကမ္ဘာဟောင်းတွင် ထိုကဗျာကိုရေးသားခဲ့သော ဝမ်ထင်းရှောင်သည်တရားမျှတမှုစိတ်အပြည့်ဖြင့်ရေးသားခဲ့ခြင်းဖြစ်သည်။ ဖြောင့်မတ်မှန်ကန်သောစိတ်ထားမရှိသူတစ်ယောက်သည် ထိုကဲ့သို့သော ကဗျာကို ရေးဖို့ရန်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ထိုကဗျာထဲတွင် နစ်ဝင်နေသော ဉာဏစွမ်းအင်များသည် ကမ္ဘာ၏နေရာအနှံ့အပြားတွင် ပဲ့တင်သံထပ်သွားနိုင်ခြင်းဖြစ်သည်။ ယခုတွင် ထိုစာပေစွမ်းအင်သည် ယဲ့နင် ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။ “မကောင်းတော့ဘူး” ယဲ့နင်သည် လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး ရှုပ်ထွေးနေဆဲဖြစ်နေသော်လည်း သူ၏ခန္ဓာကိုယ် ထဲ စီးဝင်လာသော ဉာဏစွမ်းအင်များကို ခံစားမိပေသည်။ယဲ့နင်၏ ခန္ဓာကိုယ် အတွင်းပိုင်းသည် မနက်ခင်း နေရောင်ခြည်ကဲ့သို့ နွေးထွေးနေသည်။သူ၏ ခန္ဓာကိုယ်ထဲတွင် ရှင်းပြ၍မရသော တွန်းအားတစ်ခုရှိနေသည်။ “ငါအခု ငါ့ကိုယ်ငါ ကာကွယ်နိုင်သွားတာလား”ယဲ့နင် တုန်လှုပ်ခြောက်ခြားသွားသည်။ အစောကတည်းက သေသင့်သော သူသည် အကြောင်းအမျိုးမျိုးကြောင့် ယခုထိ အသက်ရှင်နေဆဲပင်ဖြစ်သည်။ ထို့ပြင် မတော်တဆ တစ်ခု ထပ်မံဖြစ်ပွားခဲ့ပုံပေါ်သည်။ ‘မဖြစ်ဘူး...’ ‘ငါဒီနေ့ သေမှဖြစ်မယ်’ ယဲ့နင်သည် သွေးရောင်ကဲ့သို့ နီရဲတောက်သောမျက်လုံးများဖြင့်အံကြိတ်နေသည်။ “ကျုပ်ကို မြန်မြန်သတ်လိုက်စမ်းပါ” ယဲ့နင်သည် ဟဲရွမ် သူ့အား သတ်တော့မည်အထင်ဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ယဲ့နင်၏ခန္ဓာကိုယ်သည် ယခင်နှင့်မတူတော့ပေ။ “ကျုပ်ကို မြန်မြန်သတ်စမ်းပါ” ဟု ယဲ့နင်ပြောလိုက်သောအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိသော ဖြောင့်မတ်မှန်ကန်မှုများသည် ပေါက်ကွဲထွက်လာကာ သူပြောလိုက်သော စကားတိုင်းသည် မိုးချုန်းသံကဲ့သို့ မြည်ဟည်းနေသည်။မိုးချုန်းသံကဲ့သို့ ကျယ်လောင်လှသော ယဲ့နင်၏အသံသည် သူ၏သွေးနီရောင်မျက်လုံးများနှင့်ရန်မူသော အမူအရာဖြင့်ပေါင်းလိုက်သောအခါတွင် ဟဲရွမ်သည် တုန်လှုပ်သွားခဲ့သည်။ ဟဲရွမ်ရီသည် ထိတ်လန့်စွာဖြင့် နောက်ဘက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ “ဒါက ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ” ဟဲရွမ်သည် ရေခဲတမျှ အေးစက်သွားသည်။ ယဲ့နင်သည် မူလအခြေအနေအတိုင်းပင် တည်ရှိနေဆဲဖြစ်သော်လည်း သူ၏ကိုယ်ယောင်ကိုယ်ဝါမှာမူ အခြားလူတစ်ယောက်နှယ်ပြောင်းလဲသွားခဲ့သည်။ယဲ့နင်၏ခန္ဓာကိုယ်သည် တစ်မူထူးခြားသော အရောင်အဝါတို့ဖြင့်တောက်ပနေသည်။ထိုအရောင်အဝါသည် ကောင်းကင်ထက်ဝယ် ထွန်းလင်းတောက်ပနေသော သူရိန်နေမင်းကြီးကဲ့သို့ အားမာန်တက်ကြွနေကာ ညကောင်းကင်ယံကို အလင်းရောင်ပေးနေသော လရောင်ကဲ့သို့ အေးချမ်းလှသည်။ ‘ဒါ..ဒါက ဟောင်ရန်ရဲ့ဖြောင့်မတ်မှန်ကန်ခြင်းပဲ’ “ဘုရားရေ၊ သူတကယ်ကြီး ဖြောင့်မတ်မှန်ကန်ခြင်းရဲ့ သမာဓိလမ်းစဉ်ကို ကျင့်ကြံနိုင်သွားတာလား” “မြင့်မြတ်တဲ့ကွန်ဖြူးရှပ်ပညာရှင်ကြီးတွေပဲ သမာဓိလမ်းစဉ်ကို ကျင့်ကြံနိုင်တာ” “သူကတော့ အတော်ဆုံးပညာရှင်တောင်မဟုတ်သေးဘူး သမာဓိလမ်းစဉ်ကို ကျင့်ကြံနိုင်သွားပြီ” “ဒီလမ်းစဉ်ကို တကယ်စစ်မှန်ရိုးသားပြီး မှန်ကန်ဖြောင့်မတ်တဲ့သူတွေပဲကျင့်နိုင်တာ” “အခုကစပြီး သရဲတစ္ဆေတွေကို ဖယ်ရှားဖို့လွယ်ကူသွားပြီ မကောင်းဆိုးဝါးဝိညာဉ်တွေလည်း အနားမကပ်နိုင်တော့ဘူး” တော်ဝင်မျိုးနွယ် တိုင်းပြည်ရေးရာနှင့် ပြည်သူ့ရေးရာအရာရှိများသည် ရူးသွပ်ကုန်ကြလေပြီ။ ‘အံ့ဩဖို့ကောင်းလိုက်တာ’ ယနေ့ခေတ်တွင် ထိုကဲ့သို့မြင်ကွင်းမျိုးကို သူတို့၏ မျက်စိရှေ့မှောက်တွင် တွေ့မြင်ရသည်မှာ အလွန်ပင် အံ့ဩမှင်သက်ဖွယ်ကောင်းလွန်းလှသည်။ “မဟာကျိုးပြည်ထောင်ရဲ့နတ်မင်းက ကောင်းချီးပေးတာလား။ မြင့်မြတ်တဲ့ပညာရှင်က ကျွန်တော်မျိုးတို့ကို ကယ်တင်ဖို့ကောင်းကင်က ဆင်းသက်လာတာများလား” ကျီမင်းယွဲ့၏တောက်ပသောမျက်ဝန်းများသည် ယဲ့နင်ဆီမှ မခွာနိုင်သည့်နှယ် စိုက်ကြည့်နေသည်။ “နောက်ဆုတ်လို့မရတော့ဘူး…” အခြားတစ်ဖက်တွင်မူ ဟဲရွမ်၏သူငယ်အိမ်သည် အပ်တစ်ချောင်း၏ထိပ်အရွယ်ထိကျုံ့သွားခဲ့သည်။ ဟဲရွမ်သည် ခြေတစ်လှမ်းနောက်ဆုတ်ခဲ့သောကြောင့် သိက္ခာကျသည်မကျသည်ကို တွေးရန်အလို့ငှာ အချိန်မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယဲ့နင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အငွေ့အသက်ကို ခံစားရသောကြောင့်ဖြစ်သည်။ “ဒီကောင်က မကောင်းဆိုးဝါးပဲ” တော်ဝင်တရားရုံးတော်သည် အင်မော်တယ်ဂိုဏ်း၏လက်အောက်တွင် ရှိနေခဲ့သောကြောင့် ယနေ့တွင် ကွန်ဖြူးရှပ်လောကသည် အဆုံးသတ်ပြီဟု ဟဲရွမ်ထင်ခဲ့သော်လည်း ယဲ့နင်သည် မြင့်မြတ်သောသမာဓိလမ်းစဉ်ကို ကျင့်ကြံနိုင်ခဲ့သည်။ ‘ဒါက အဆင်ကောပြေသေးရဲ့လား’ ‘ဒီကောင့်ကို ဒီတိုင်းထားခဲ့မယ်ဆိုရင် ပြဿနာတက်လာလိမ့်မယ်’ ‘သူ့ကို အပြတ်ရှင်းမှဖြစ်မယ်’ လက်ရှိအချိန်တွင် ယဲ့နင်ကို သတ်ခြင်းသည် ဟဲရွမ်၏တာဝန်နှင့် မသက်ဆိုင်ပေ။ အင်မော်တယ်ဂိုဏ်းတွင် ပြဿနာမစခင်အမြစ်မှရှင်း ဟူသော စည်းကမ်းတစ်ခုရှိသောကြောင့်ဖြစ်သည်။ ခုနှစ်ခုမြောက်ပြည်ထောင် တည်ထောင်နိုင်ခြင်းမနိုင်ခြင်းသည် လက်ရှိတွင် အရေးမကြီးပေ။ အရေးကြီးဆုံးအရာမှာ ယဲ့နင်ကို ဤနေ့တွင်ပင် အပြတ်ရှင်းမှဖြစ်မည်ပင် ဖြစ်သည်။ ‘အသေအကြေတိုက်ရမယ်ဆိုရင်တောင်မှ ဒီမကောင်းဆိုးဝါးကို သူသတ်မှဖြစ်မယ်’ သို့သော် ထိုအချိန်တွင် မိုးကောင်းကင်မှ တတိယမြောက် အဖြူရောင်ရောင်ခြည်တန်းသည် နန်းတော်၏အမိုးအကာ အဆင့်ဆင့်ကို ဖြတ်သန်းကာ ယဲ့နင်ထံသို့ တည့်တည့်ဝင်လာခဲ့သည်။ စာပေနတ်မင်း ဝမ်ချီ၏လုပ်ပိုင်ခွင့်ကို ယဲ့နင်သည် နှိုးထနိုင်ခဲ့လေပြီ။
***