ဝမ်ချီ နိုးထခဲ့ပြီ….. ညီလာခံထဲရှိလူအားလုံးသည် ထိုမြင်ကွင်းကြောင့် အံ့ဩထိတ်လန့်ကုန်ကြသည်။ ကွန်ဖြူးရှပ်ဝါဒနှင့်တာအိုဝါဒ ကြီးစိုးခဲ့သော လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတွင်ပင် စာပေနတ်မင်းကို လှုံဆော်နိုင်သောသူသည် အလွန်ပင်ရှားပါးလှသည်။ကွန်ဖြူးရှပ်နှင့်တာအိုဝါဒ ကျဆုံးပြီးနောက် စာပေနတ်မင်းကို နှိုးထသောဖြစ်စဉ်သည် ရာဇဝင်တစ်ခုသာ ဖြစ်လာခဲ့သည်။မြောက်များစွာသောပညာရှင်များသည် ထိုအရာကို မရှိဟုပင် ယုံကြည်လာကြသည်။ သို့သော် မိုးကောင်းကင်မှ ကျဆင်းလာသော ထိုအဖြူရောင်အလင်းတန်းကို မြင်သောအခါတွင်မူ ထိုကဲ့သို့သန့်ရှင်းစင်ကြယ်သည့်စာပေစွမ်းအင်အလင်းတန်းသည် စာပေနတ်မင်းများကိုဆင့်ခေါ်နိုင်ခြင်းမှတစ်ပါး အခြားသောအရာ မဖြစ်နိုင်ပေ။ “ဒီအရာရှိက တကယ်ကံကောင်းတာပဲ” ညီလာခံထဲတွင်ရှိသောလူတိုင်းသည်ယဲ့နင်အပေါ်အားကျခြင်းနှင့်နောင်တရခြင်းကိုခံစားနေရသည်။ အားကျခြင်းထက် မနာလိုခြင်းဟုဆိုလျှင် ပိုမှန်မည်။ ကွန်ဖြူးရှပ်လမ်းစဉ်ကို ကျင့်ကြံခြင်းသည် အလွန်ပင်ရိုးရှင်းလှသည်။ အချက်နှစ်ချက်ကို လေ့လာရန်သာ လိုအပ်သည်။ ပထမတစ်ခုသည် ကိုယ်ကျင့်တရားဖြစ်သည်။ ယဲ့နင်၏သစ္စာစောင့်သိမှုသည် ပြိုင်ဘက်ကင်းသည်။ သူသည် သေခြင်းတရားကို မျက်တောင်တစ်ခတ်စာပင် မကြောက်ရွံ့ပေ။ သူ၏အမူအကျင့်နှင့်ပတ်သတ်ပြီး လွဲမှားနေသောအရာလည်းမရှိပေ။ ဒုတိယတစ်ခုသည် စာပေစွမ်းရည်ဖြစ်သည်။ယဲ့နင်သည် မြင့်မြတ်သော စာသားများကို မကြာခဏ ရွတ်ဆိုခဲ့သည်။ ထို့ပြင် သူသည် ရာဇဝင်တွင်မည့် ကဗျာတစ်ပုဒ်ကိုပင် လက်တန်းရွတ်နိုင်ခဲ့လေသည်။ “…သေခြင်းတရားထံမှ လွှတ်မြောက်နိုင်သောသူသည် မရှိ၊ သို့သော် အများအကျိုးအတွက် အသက်ပေးဝံ့သူ၏ လွတ်မြောက်မှုကို မည်သူမှီမည်နည်း….”အလွန်ပင် ထက်မြက်လွန်းလှသည်။ ထိုကဲ့သို့သောလူမျိုးကို သာမာန်ပညာရှင်တစ်ယောက်ဟု သတ်မှတ်၍မရချေ။သူသည်ဤပြည်ထောင်တွင် ရှေးပညာရှိကြီးများပင် အသိအမှတ်ပြုရသော၊ အတုမရှိ ရိုးသားသော၊ တိုင်းပြည်သစ္စာစောင့်သိသူဟု သတ်မှတ်လျှင် ပို၍သင့်တော်မည်။ စာပေနတ်မင်းကို ဆင့်ခေါ်ခဲ့သောဖြစ်စဉ်အပြင် နန်းတော်အား ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားသည့် မမြင်ရသော အကာအရံများသည် ပွင့်ခဲ့လေပြီ။ နန်းတော်သည် ပြင်ပလောကတွင်ဖြစ်ပျက်နေသော အခြင်းအရာများကို သိရှိခဲ့လေပြီ။ “နန်းတော်ကြီးတုန်ခါတာတွေ၊ ရှေးပညာရှိတို့ရဲ့ပုံရိပ်ယောင်တွေ၊ မြင့်မြတ်တဲ့ ကဗျာရွတ်ဆိုသံတွေ၊ ပြီးတော့ တတိယမြောက်ဉာဏ်အလင်းတန်း တွေက ရှေးခေတ်တုန်းကတောင် ရှားတယ်လေ” လူအုပ်သည် ဆူညံပွက်လောရိုက်လျက်ရှိသည်။ ယဲ့နင်သည် မှားယွင်းသောခေတ်ကာလ၌မွေးဖွားလာခဲ့သည်မှာ အလွန်ပင် သနားစရာကောင်းလွန်းလှသည်။ သူသာ ကျိုးထိုက်ကျူခေတ်တွင် မွေးဖွားခဲ့လျှင် သူသည် မြင့်မြတ်သောပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မည်။ ‘နစ်နာလိုက်တာ’ သို့သော် မည်သူမျှ မသိသည်က စာပေနတ်မင်းတို့၏ကောင်းချီးပေးမှုကို ခံစားရသော ယဲ့နင်သည် ထိုအချိန်တွင် ကမ္ဘာပျက်နေခြင်းပင်ဖြစ်သည်။ ‘ငါ့ဆီမလာကြနဲ့……’ ယဲ့နင်သည် အသံတိတ်အော်ဟစ်နေမိသည်။ ‘ခင်ဗျားတို့ရူးနေတာလား’ ‘ခင်ဗျားတို့ရူးနေတာလားလို့’ ‘ကျုပ်ရွတ်လိုက်တာ ဒီတိုင်း ကဗျာလေးနှစ်ကြောင်းထဲလေ ဘာတွေကြီးကြီးကျယ်ကျယ်လုပ်နေတာလဲ’ ‘ကဗျာရွတ်တာဘာဆန်းလို့လဲ’ ‘ဘာတွေထူးဆန်းနေလို့လဲလို့’ ‘ဘာလို့ ကျုပ်ကို ကောင်းချီးတွေပေးသနားနေတာလဲ” ယဲ့နင်သည် သူ၏ခန္ဓာကိုယ်ထဲတွင်စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားရသောအခါ အလွန်ပင် ဝမ်းနည်းလာခဲ့သည်။ယဲ့နင်သည် အမှန်တကယ်ပင် သန်မာလာခဲ့ပေသည်။သို့သော် သူသည် ထိုစွမ်းအားများကို အလိုမရှိခဲ့ပေ။အဘယ်ကြောင့်ဆိုသော် သူသည် သေလျှင် ကောင်းကင်ဧကရာဇ်ဖြစ်မည်ဖြစ်သောကြောင့်ပင်။ ‘ကောင်းကင်ဧကရာဇ်တဲ့ကွ’ ‘ဘာမှကြိုးစားစရာမလိုပဲ ကောင်းကင်ဧကရာဇ်ဖြစ်မှာကွ’ယဲ့နင် စကားမပြောနိုင်တော့ပေ။ စာပေနတ်မင်းဝမ်ချီသည် ယဲ့နင်၏ခန္ဓာကိုယ်ထဲသို့ ဉာဏစွမ်းအင်များလောင်းထည့်နေသည်။ ပညာရှိတစ်ယောက်၏အသံသည် သူ၏စိတ်ထဲတွင်ပဲ့တင်ထပ်နေသည်။ ဘုန်း….. ယဲ့နင်၏စိတ်အတွင်းပိုင်းသည် ပရမ်းပတာဖြစ်နေသော်လည်း သူ၏ခန္ဓာကိုယ်ကမူ သိမ်မွေ့နေခဲ့သည်။ သူ၏စိတ်စွမ်းအင်များသည် မထင်မှတ်ထားသောအဆင့်တစ်ခုသို့ရောက်ရှိလေပြီ။ “အောင်မြင်ပြီ” လူစုလူဝေးသည် စိတ်လှုပ်ရှားနေလေသည်။ အသင်သည်ကွန်ဖြူးရှပ်နှင့်တာအိုဝါဒတွင်အောင်မြင်မှုကိုဆွတ်ခူးလိုပါကသတ္တိရှိရပေမည်။အင်မော်တယ်လမ်းစဉ်ကျင့်ကြံသူများတွင် ရွှေသွေးကြောရှိသကဲ့သို့ ကွန်ဖြူးရှပ်ပညာလေ့လာသူများ၏ ပင်မအရင်းအမြစ်သည် ရဲစွမ်းသတ္တိပင်ဖြစ်သည်။သတ္တိရှိလာအောင် ကြိုးစားရသည်မှာ မလွယ်ကူချေ။ ထိုအချက်ကြောင့် ကွန်ဖြူးရှပ်နှင့်တာအိုလမ်းစဉ်သည်အင်မော်တယ်လမ်းစဉ်ထက် ကျင့်ကြံရခက်နေခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အင်မော်တယ်လမ်းစဉ်သည် စွမ်းအားကိုရယူရန်ကြိုးစားခြင်းသာဖြစ်သောကြောင့်ပင်။ ကွန်ဖြူးရှပ်လမ်းစဉ်နှင့်တာအိုလမ်းစဉ်ကမူ အတွင်းပိုင်းတွင် ကိုယ်ကျင့်တရားကို ကျင့်ကြံရပြီး အပြင်ပိုင်းတွင် စာပေစွမ်းအင်ကို ကျင့်ကြံရသောကြောင့်ဖြစ်သည်။စိတ်ကြီးဝင်သောသူသည် ထိုလမ်းစဉ်ကို ကျင့်ကြံ၍မရပေ။ ကြောင်သူတော်သည် ဖြောင့်မတ်မှန်ကန်သောစိတ်ထားကို မကျင့်ကြံနိုင်ပေ။မောက်မာခြင်းသည် လူတစ်ယောက်၏ကိုယ်ကျင့်တရားကို သတ်သေမပြနိုင်ပေ။ စာပေနတ်မင်းဝမ်ချီသည်သူ၏ လုပ်ပိုင်ခွင့်အာဏာကို ယဲ့နင်အားပေးအပ်ခဲ့သည်။ ယဲ့နင်၏ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေသောစာပေစွမ်းအင်များသည်သူနှင့်သက်ဆိုင်သည့်အတိုင်းပင်အလုံးအရင်းဝင်ရောက်လာကြသည်။ထို့ကြောင့်သူ၏စိတ်စွမ်းအင်သည်ပို၍ပင် အစွမ်းထက်လာခဲ့သည်။ ကောင်းကင်၏သားတော်ကိုပင် အံ့ဩအောင်ပြုလုပ်နိုင်သော ဤကဲ့သို့ စွမ်းအင်မျိုးကို ယဲ့နင်သည် အလိုမရှိခဲ့ပေ။ ‘ငါ မလိုချင်ဘူး…မလိုချင်ဘူးလို့..’ ယဲ့နင်သည် သူ၏မျှော်လင့်ချက်များအားလုံးကို ဟဲရွမ် ဆီသို့ ပုံထည့်လိုက်သည်။ “ကျွန်တော့်ရဲ့ သေခြင်းရှင်ခြင်းက ခင်ဗျားပေါ်ပဲမူတည်တော့တယ် အင်မော်တယ် အကြီးအကဲ” ဟဲရွမ်လည်း ထို့သို့ တွေးမိသည်။ “ဒီကောင်က မကောင်းဆိုးဝါးပဲ၊ သူက စာပေနတ်မင်းကို ဆင့်ခေါ်နိုင်ပြီး ဉာဏစွမ်းအင်တွေကို သူ့ခန္ဓာကိုယ်ထဲကို ထည့်နိုင်တယ်။ ဒီအချိန်မှာ သူ့ကိုမသတ်ရင် သူကြီးလာတဲ့အခါ အင်မော်တယ်ဂိုဏ်းရဲ့ပြဿနာဖြစ်လာနိုင်တယ်၊။ ဒါ့ကြောင့် ငါသူ့ကိုသတ်မှဖြစ်မယ်” ဟဲရွမ်သည် ယဲ့နင်ကိုသတ်ဖို့ ဆုံးဖြတ်လိုက်လေပြီ။ မူလက ဟဲရွမ်သည် ယဲ့နင်ကို သတ်ဖို့မရည်ရွယ်ထားသော်လည်း ကြောက်စရာအတွေးတစ်ခုသည် ဟဲရွမ်ခေါင်းထဲသို့ဝင်လာခဲ့သည်။ ‘သူသေရင်သေပါစေ ဒီမကောင်းဆိုးဝါးကောင်ကို သတ်မှကို ဖြစ်မယ်’ . ဟဲရွမ်သည် ဆုံးဖြတ်ချက် ပြတ်သားသော သူဖြစ်သည်။ ဟဲရွမ်သည် မြင်းမြှီးယပ်ကို ရဲဝင့်စွာကိုင်မြှောက်ရင်း ယဲ့နင်ဆီသို့ပြေးဝင်လာသည်။… ထို့နောက် ကြိုးပြတ်နေသော စွန်တစ်ခုကဲ့သို့ နောက်ပြန်လွှင့်ထွက်သွားသည်။ ရှေးပညာရှိတို့ကို လွှမ်းမိုးသော စာပေနတ်မင်းဝမ်ချီ၏စွမ်းအင်ကို အလွယ်တကူဝင်ရောက်ထိုးဖောက်ရန်အလို့ငှာ မဖြစ်နိုင်ချေ။ယနေ့ညီလာခံသည် ရှေးပညာရှိတို့က သူတို့မျိုးဆက်များကို ကူညီပေးခဲ့သောပွဲဟု တင်စား၍ရပေသည်။သူတို့၏စိတ်ဝိညာဉ်ပဲ တည်ရှိခြင်းသည်ပင် သာမာန်လူတစ်ယောက်အတွက် ယှဉ်ပြိုင်ရန်မဖြစ်နိုင်ပေ။ ရှေးပညာရှိတို့ ကူညီထောက်ပံ့ပေးနေသော သူတို့မျိုးဆက်ကို အင်မော်တယ်ဂိုဏ်းချုပ်အကြီးအကဲ ဟဲရွမ်က ခွေးရှူးတစ်ကောင်ကဲ့သို့ တိုက်ခိုက်ရန် ကြိုးစားပါက မည်သည့်ရလဒ်မျိုးရမည် ထင်သနည်း။ပြောစရာပင် မလိုချေ။ ဟဲရွမ်သည် သွေးပွက်ပွက်အန်လျက် နောက်သို့လန်ကျသွားသည်။ ကျောက်စိမ်းလှေကားထက်ဝယ် သူ၏နီရဲသောသွေးများသည် စွန်းထင်းနေခဲ့သည်။ ဟဲရွမ်၏ခန္ဓာကိုယ်သည်ကြမ်းပြင်ပေါ်သို့ရိုက်ချခံလိုက်ရသော အဝတ်စုတ်တစ်ခုကဲ့သို့နန်းတော်၏ထောက်တိုင်ဆီသို့ ပစ်ရိုက်ချခြင်းကို ခံလိုက်ရသည်။ ဟဲရွမ်၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေကာ သူ၏ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ဟဲရွမ်အခြေအနေသည် အဆင်မပြေမှန်းသိသာလွန်းလှသည်။ “သူ……” အံ့ဩလွန်းသောကြောင့် အသက်ရှူမှားနေသောသူမည်မျှပင်ရှိကြောင်းမသိနိုင်ပေ။ ယင်းအခြေအနေသည် အလွန်ပင်ရွှင်ပျဖွယ်ကောင်းလွန်းလှသည်။ သေရမည့်သူသည် ယဲ့နင်ဖြစ်ရမည့်အစား မြင့်မြတ်သောနေရာမှ ဆင်းသက်လာသော အင်မော်တယ်ဂိုဏ်းအကြီးအကဲ ဟဲရွမ်ဖြစ်ခဲ့သည်။ ဟဲရွမ်၏ပုံစံသည် အသက်ရှင်လား မရှင်လားပင် မသိရချေ။ ညီလာခံထဲရှိလူတိုင်းသည် ယဲ့နင်အား သရဲတစ္ဆေအား မြင်လိုက်ရသဖွယ်ကြည့်နေကြသည်။ ‘ဒီအရာရှိလေးက ကြောက်ဖို့ကောင်းလိုက်တာ’ ယဲ့နင်သည် တစ်ချက်လေးမျှပင် မလှုပ်ဘဲ အင်မော်တယ်ဂိုဏ်းအကြီးအကဲ ဟဲရွမ်ကို သေလမ်းသို့ပို့လိုက်သည်။ သို့သော် ယဲ့နင်ကမူ မျက်ရည်မကျပဲငိုချင်းချလိုနေသည်။ စုတ်ပြတ်သတ်နေသော ဟဲရွမ်ကို မြင်သောအခါ ယဲ့နင်သည် ဒေါသထွက်လာခဲ့သည်။ “ခင်ဗျားသေလို့မရဘူး ခင်ဗျားသေသွားရင် ကျုပ်ကို ဘယ်သူလာသတ်တော့မှာလဲ" ယဲ့နင်သည် သူ၏စိတ်ထဲတွင်တွေးနေသောစကားကို ကျယ်လောင်စွာပြောမိသွားသည်။ “ထပြီး ကျုပ်ကိုလာသတ်လေဗျ” ယဲ့နင်သည် ဟန်မဆောင်နိုင်တော့ပေ။ ထိုစကားကို ဟဲရွမ်ကြားသောအခါ သူသည် ပြင်းထန်စွာအစော်ကားမှုကို ခံစားလိုက်ရသည်။ “မင်း..” ဟဲရွမ်သည် လက်မြှောက်ကာ ယဲ့နင်အား လက်ညိုးထိုးလိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့လျက် ကြက်သေသေနေမိသည်။ ‘ဒါက…”
***