ဟဲရွမ် သေဆုံးခဲ့လေပြီလား။ ဟဲရွမ်၏ သေဆုံးမှုအတွက် ယဲ့နင်သည် အပြည့်အဝ တာဝန်ယူရပေလိမ့်မည်။ သို့သော် ယဲ့နင်သည် တာဝန်မယူချင်ပေ။ယဲ့နင်သည် အဆုံးမသတ်နိုင်သောဝမ်းနည်းမှုကြီးကို ခံစားနေရသည်။ ယဲ့နင် လုပ်နိုင်စွမ်းရှိပါက သူသည် ဟဲရွမ်ကို အော်ဟစ်ထိုးကြိတ်ကာ မေးချင်မိသည်။ ‘အခုချက်ချင်းထလာပြီး ကျုပ်ကို လာသတ်စမ်းပါ’ သို့သော် ထိုအရာက မဖြစ်နိုင်ပေ။သေသည့်သူက သေလေပြီ။ ထိုသို့လုပ်လျှင် သူကိုသူ ယောက်ျားတစ်ယောက်ဟု ခေါ်၍မရတော့ချေ။ ထို့ကြောင့် ယဲ့နင်သည် စိတ်ရှုပ်ထွေးစွာရပ်နေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ “သေရတာ အဲ့လောက် မလွယ်ကူဘူး ထင်ပါရဲ့” ယဲ့နင်သည် မသေရသည့်အတွက် ဝမ်းနည်းပူဆွေးနေစဉ် အခြားသူများသည် ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့ထိတ်လန့်ရသည့် အကြောင်းမှာ ဟဲရွမ်သေဆုံးမှုကြောင့်ပင်ဖြစ်သည်။ဟဲရွမ်သေခဲ့လေပြီ။ အင်မော်တယ် အကြီးအကဲ ဂိုဏ်းချုပ် ဟဲရွမ်သည် ညီလာခံခန်းမ၌ သေခဲ့လေပြီ။ “ကြီးမြတ်လိုက်တာ” အင်မော်တယ်ဂိုဏ်း လက်စားချေလိမ့်မည်ကို လူတိုင်း သိလိုက်လေပြီ။ “သခင်လေးယဲ့ ကို ငါကိုယ်တော် တကယ်လေးစားမိတယ်” ချောင်းမန်သည် တစ်ခုခုပြောလိုသော်လည်း ပြောရန်စကားပျောက်ရှနေသောကြောင့် မည်သည့်စကားမျှ မပြောဘဲ လက်ပိုက်လျက် လှည့်ပြန်သွားလေသည်။သူသည် လက်ရှိအခြေအနေ၌ မည့်သည့်စကားလုံးကို ရွေးချယ်ကာ ပြောရမည်ကို မသိချေ။ အသင်သည် သာမာန်ခေတ်သစ် လူတစ်ယောက်သာဖြစ်ပါက “ဟာ ဘရို မိုက်လိုက်တာဗျာ၊ ဘရိုက အင်မော်တယ်ကို ဒီတိုင်းလေး သတ်လိုက်တာပဲ” ဟု ပြောပေလိမ့်မည်။ကျန်ရှိသော ဘုရင်များသည် ယဲ့နင်ကို စိတ်ရှုပ်ထွေးစွာကြည့်လျက် အသီးသီး လှည့်ပြန်သွားကြလေသည်။ ‘သူတော့သေပြီ’ ယဲ့နင်သည် ထူးချွန်ထက်မြက်သူ တစ်ယောက်ဖြစ်သည့်အပြင် ဟဲရွမ်ကို သတ်ခဲ့သောကြောင့် အင်မော်တယ်ဂိုဏ်းသည် သူ့အားလွှတ်ပေးလိမ့်မည် မဟုတ်ချေ။ အသင်သည် ဉီးနှောက်ရှိသူတစ်ယောက်ဖြစ်ပါက ယဲ့နင်နှင့်ပတ်သက်လို့မဖြစ်ချေ။ ကျန်ရှိသော တိုင်းပြည်ရေးရာနှင့် ပြည့်သူ့ရေးရာ အမတ်များသည်လည်း ဖိအားများစွာဝင်လာသည်။ ကျီမင်းယွဲ့သည် ညီလာခံကို ရုတ်သိမ်းကြောင်း မကြေငြာသရွေ့ သူတို့သည်လည်း ညီလာခံခန်းမထဲမှ မထွက်ခွာဝံ့ကြပေ။ထို့ကြောင့် လက်ရှိအခြေအနေတွင် လူအများစု၏အတွေးမှာ ယဲ့နင်နှင့် တတ်နိုင်သမျှ ဝေးဝေးနေရန်ဖြစ်သည်။ ယဲ့နင်၏ ဉာဏ်ပညာနှင့်ရဲစွမ်းသတ္တိရှိမှုသည် သူတို့အား အရှက်ရစေပြီး သူတို့၏ဇာတိသွေးကို အနည်းငယ်မျှ ဆူပွက်အောင်လုပ်နိုင်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် သူတို့သည် စိတ်အေးအေးထားရန်လိုအပ်လေသည်။ စိတ်ငြိမ်ငြိမ်ထားပြီးနောက် သူတို့သည် ဖြစ်လာမည့် ကောင်းကျိုးနှင့်ဆိုးကျိုးကိုသုံးသပ်ကြလေသည်။ သူတို့အားလုံးထဲတွင် မည်သူမျှ ယဲ့နင်ကို မကယ်တင်နိုင်ကြပေ။ ယဲ့မျိုးနွယ် အရာရှိငယ်သည် သေဆုံးခြင်းကို မကြောက်ရွံ့ပေ။ သူ့တွင် ရှေးဟောင်းပညာရှိကြီးများကဲ့သို့ ရဲရင့်သော စိတ်ဓာတ်ရှိသည်။ သူတို့သည် ယဲ့နင်ကို လေးစားသော်လည်း ယဲ့နင်နှင့်အတူ သေလိုစိတ်ရှိသည်ဟု မဆိုလိုပေ။ လူအနည်းငယ်သာလျှင် ယဲ့နင်၏အပြုအမူကြောင့်သွေးကြွလာကြပြီး ယဲ့နင်နှင့်အတူ အသက်စွန့်လိုစိတ်ရှိကြလေသည်။ “မစိုးရိမ်နဲ့ ယဲ့နင် မင်းနဲ့အတူ ငါကိုယ်တော်ရှိနေတယ် အင်မော်တယ်တွေမင်းကို အလွတ်တကူသတ်လို့မရစေရဘူး” ကျီမင်းယွဲ့သည်လည်း ခေါင်းခဲနေလေသည်။ သူသည် ယဲ့နင်ကို ကာကွယ်ပေးလိုရုံသာဖြစ်ပြီး ဘယ်သောအခါမှ ဟဲရွမ်အား သတ်ရန် အတွေးမရှိခဲ့ပေ။ ဟဲရွမ်သေသွားသောကြောင့် အခြေအေနေများသည် အနည်းငယ်မျှ ထိန်းချုပ်ရခက်နေခဲ့သည်။ ထို့ကြောင့် ကျီမင်းယွဲ့တွင် တာဝန်ရှိလေသည်။ ယဲ့နင်သည် သူကာကွယ်လိုသော အရာရှိဖြစ်သောကြောင့် သူသည် ယဲ့နင်ကို အဆုံးထိတိုင် ကာကွယ်နိုင်ရမည်။ “ဧကရာဇ်ကျွန်တော်မျိုးကို လျစ်လျူရှုလည်းရပါတယ်” ယဲ့နင်သည် စိတ်ထဲတွင်ဒေါသကြောင့်လောင်ကျွမ်းနေလေပြီ။ ‘ယီးကတိတွေလာပေးနေတာလား၊ ခင်ဗျားက ကျွန်တော့်ကိုကယ်ချင်တယ်၊ ရူးနေတာလား’ “ဟင့်အင်း၊ မင်းက ဘာနဲ့မှလဲလှယ်လို့မရတဲ့ ရှေးပညာရှိတွေရဲ့ကောင်းချီးပေးမှုကို ခံစားရတဲ့ပြည်ထောင်ရဲ့ပညာရှင်ပဲ၊ မင်းကငါ့အတွက် အသက်စွန့်ဖို့ ဆန္ဒရှိတဲ့အတွက် ငါလည်းမင်းကိုအသက်ပေးပြီးကာကွယ်ပေးမယ်..” ကျီမင်းယွဲ့သည် နွေးထွေးစွာပြုံးလိုက်သည်။ “…” ယဲ့နင်သည် ပြောရန်စကားပျောက်ရှသွားခဲ့သည်။ ဘာမှ မပြောနိုင်တော့သောကြောင့် နားထင်ကိုပွတ်ပြီး ညီလာခံထဲမှ တိတ်ဆိတ်စွာထွက်လာခဲ့သည်။ ယနေ့တွင် ကိစ္စများစွာဖြစ်ပျက်ခဲ့သော်လည်း သူသည် အဘယ်ကြောင့် ယခုအချိန်ထိ မသေရသည်ကို စဉ်းစား၍မရပေ။ ‘ဘယ့်သူအပြစ်လဲ’ သူထွက်သွားသည်နှင့် တစ်ပြိုင်နက် ညီလာခံသည်လည်း သဘာဝကျကျ လူစုကွဲသွားလေသည်။ ယနေ့တွင် ကိစ္စများစွာဖြစ်ပျက်ခဲ့သောကြောင့် လူတိုင်းသည် တိတ်ဆိတ်စွာထွက်သွားလိုကြသည်။ ယဲ့နင် ညီလာခံခန်းမမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လျိုချင်းသည် သူ့နားသို့ကပ် လာခဲ့သည်။ လျိုချင်းသည် အနီရောင်သန်းနေသောမျက်နှာဖြင့် ယဲ့နင်အား ကြည်ညိုစွာကြည့်နေသည်။ “သခင်လေးယဲ့” လျိုချင်းသည် နှုတ်ရွှင်သူတစ်ဉီး မဟုတ်သောကြောင့် ယဲ့နင်ဘေးတွင် တိတ်ဆိတ်လျက် ရွှင်လန်းတက်ကြွစွာလိုက်ပါလာခဲ့သည်။ သူသည် ယဲ့နင်ကို သူရဲကောင်းတစ်ယောက်ဟုပင် ယုံကြည်နေမိသည်။ ‘သခင်လေးယဲ့က တကယ်သူရဲကောင်းအစစ်ပဲ…’ ‘ငါဘာလို့ အရင်က သတိမထားမိပါလိမ့်’ ‘ရှေးလူကြီးတွေပြောတာမှန်တယ် ရွှေကအမြဲတောက်ပနေမှာပဲ’ ‘သခင်လေးယဲ့က တကယ့်ကို ရွှေအစစ်ပဲ ဒီနေ့ သူတအားတောက်ပတယ်’ “ငါ့ကိုတိတ်ဆိတ်နေရာတစ်ခုရှာပေး၊ ငါတစ်ယောက်တည်းခဏလောက်နေချင်တယ်” ယဲ့နင်သည် လျိုချင်း၏မဆုံးမသတ်နိုင်သော ရင်တွင်းချီးကျူးမှုများကို နှောက်ယှက်လိုက်သည်။ “ဟုတ်ကဲ့ပါ” လျိုချင်းသည် ချက်ချင်းပင် နာခံလိုက်သည်။ နန်းတော်သည် အလွန်ပင်ကျယ်ဝန်းသောကြာင့် တချို့နေရာများသည် တိတ်ဆိတ်သည်။လျိုချင်းသည် ယဲ့နင်ကို ဘေးတွင်ရှိသောနန်းဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ယဲ့နင်အထဲသို့ဝင်သွားသောအခါ သူသည် အပြင်တွင်စောင့်လျက် ကျန်ခဲ့သည်။ထိုအရာသည် သူရဲကောင်းတစ်ယောက်အတွက် သာမာန်လူလုပ်နိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ ယဲ့နင်သည် နန်းဆောင်ထဲတွင် သုံးနာရီကျော်မျှ နေခဲ့သည်။အချိန်တစ်ဝက်သည် သူ၏ခန္ဓာကိုယ်၏ထူးခြားလာမှုကို သုံးသပ်နေသည်၊ပထမဦးစွာ သူ၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသော စာပေနတ်မင်း၏စွမ်းအင်သည် သူ့ကို အမှန်တကယ်ပင် စွမ်းအားကြီးစေသည်။အားနည်းသော ပညာရှင်တစ်ယောက်သည် ရုတ်ချည်းသန်မာလာခဲ့သည်။ အကယ်၍ တော်ဝင်တရားရုံးသည် ဖိနှိပ်ခြင်းမခံရလျှင်၊ တာအိုကျင့်စဉ်နှင့်ကွန်ဖြူးရှပ်ကျင့်စဉ်များ ထွန်းကားခဲ့လျှင်၊ ယဲ့နင်သည် ယခုထက်ပင် ပို၍ခွန်အားကြီးနိုင်သည်။ ပိုနေသောစွမ်းအင်သည် ကွယ်ပျောက်ခဲ့ခြင်းမဟုတ်ဘဲ ယဲ့နင်၏ခန္ဓာကိုယ်ထဲတွင် စုဝေးနေခဲ့ခြင်းဖြစ်သည်။ အနာဂတ်တွင် ထိုစွမ်းအင်သည် အသုံးဝင်လာနိုင်ချေရှိသည်။ သို့သော် ယဲ့နင်အတွက်မူ ထိုစွမ်းအင်သည် အကျဉ်းထောင်ကြီးတစ်ခုသာဖြစ်သည်။ ဖြစ်နိုင်လျှင်ယဲ့နင်သည် ထိုစွမ်းအင်များကို စွန့်လွှတ်ပစ်လိုသည်။ သို့သော်ထိုအရာသည် မဖြစ်နိုင်ပေ။ ထို့ကြောင့်သူသည် ဝမ်းနည်းနေခြင်းဖြစ်သည်။ “အခုဆို ငါ့သေဖို့ ပိုခက်သွားပြီ” သူသည် သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။ နောက်အချိန်တစ်ဝက်တွင် ယဲ့နင်သည် တွေးတောလျက် အချိန်ကုန်ဆုံးနေမိသည်။ ယဲ့နင်သည် သူ အဘယ်ကြောင့် မသေရသည်ကို သိရှိရန် အခြေအနေတစ်ရပ်လုံးကို ခြုံငုံသုံးသပ်နေမိသည်။ ‘သောက်ကြောက်မှူးမတ်တွေကလည်း အသုံးမဝင်ဘူး’ ‘ချောင်းမန်ကိုပဲ ထူးဆန်းလို့ဆိုပြီး အပြစ်တင်ရမလား’ ‘ကျီမင်းယွဲ့ကိုပဲ ဝင်ရှုပ်လို့ အပြစ်တင်ရမှာလား’ ‘ဟဲရွမ်ကိုပဲ အသုံးမကျလို့ အပြစ်တင်ရမှာလား’ အပြစ်တင်လိုလျှင် အကုန်လုံးသည် အပြစ်တင်သင့်သည့် သူများသာဖြစ်သည်။ သို့သော် ယဲ့နင်မသေရခြင်းသည် သူတို့နှင့်လည်း သက်ဆိုင်သည့်ပုံမပေါ်ပေ။ “ငါ့ကိုငါပဲ အပြစ်တင်ရမှာလား” ယဲ့နင်သည် ခေါင်းခါလိုက်သည်။ နောက်ဆုံးတွင် ယဲ့နင်သည် သူအဘယ်ကြောင့်မသေရသည်ကို စဉ်းစားမိလေသည်။ ‘အချိန်မတန်သေးလို့ပါ’ ‘ငါသူတို့အကြောင်းကိုလည်း သေချာမသိဘဲနဲ့ ဒီလို ဝင်ပြီးနှောက်ယှက်ရင် သေမယ်ထင်မိတာ ငါ့ကိုယ်ငါ တော်တော်အထင်ကြီးမိတာပဲ’ ‘ကံဆိုးလို့ မသေတာပဲနေမှာပါ’ ‘ဒါပေမယ့် ကံက အမြဲတမ်းဆိုးနေမှာတော့ မဟုတ်ပါဘူးနော်’ ‘သေချင်တာက တကယ်လည်း အဲ့လောက်မခက်လောက်ပါဘူး’ “မွေးဖွားခြင်းက အဆုံးမသတ်နိုင်သလို သေဆုံးခြင်းကလည်း အဆုံးမသတ်နိုင်ပါဘူးလေ” ယဲ့နင်သည် အသက်ပြင်းစွာရှုရှိုက်လိုက်သည်။ နန်းဆောင်၏တံခါးဝတွင် လျိုချင်းသည် သုံးနာရီကျော်ခန့်စောင့်ဆိုင်းနေခဲ့သည်။ သုံးနာရီလုံး မတ်တပ်ရပ်နေခဲ့သောကြောင့် သူသည် အလွန်ပင်ပင်ပန်းနေပြီဖြစ်သည်။ သို့သော် သူသည် အံကြိတ်လျက်တောင့်ခံနေခဲ့သည်။ သူ၏မျက်နှာသည် တွန့်ဆုတ်ခြင်းကင်းမဲ့လျက် ဂုဏ်ယူမှုများသာ ပြည့်နှက်နေသည်။ “ခင်ဗျားတစ်ချိန်လုံးရပ်နေတာလား” ယဲ့နင်သည် ခေတ်သစ်လူငယ်တစ်ဦးဖြစ်သောကြောင့် လျိုချင်းသည် သူ့အားယခုကဲ့သို့မတ်တပ်ရပ်ကာစောင့်နေသည်ကို မြင်သောအခါ တန်ဖိုးထားခံရသည်ဟု ခံစားလိုက်ရသည်။ “ကျွန်တော်မျိုးလို မိန်းမစိုးတစ်ယောက်အနေနဲ့ သခင်လေးယဲ့လို သူရဲကောင်းကို အခုလိုစောင့်နေရတာနဲ့တင် ဂုဏ်ယူဖို့ကောင်းနေပါပြီဗျာ” လျိုချင်းသည် ပြုံးရွှင်နေခဲ့သည်။ ယဲ့နင်သည် လျိုချင်း၏ ပုခုံးကို ပုတ်လိုက်သည်။ စိတ်ထဲတွင်တော့ သက်ပြင်းချနေခဲ့သည်။ ‘ငါသူရဲကောင်းမဖြစ်ချင်ဘူး’ သို့သော် ယဲ့နင် ထိုစကားကို မပြောခဲ့ပေ။ ယဲ့နင်က နန်းတော်ဂိတ်ဝအထိ လျိုချင်းနောက်သို့လိုက်လာခဲ့သည်။ အရာရှိများသည်နောက်ကျသည်အထိ နန်းတော်ထဲတွင် နေခွင့်မရှိပေ။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ ယဲ့နင်သည်လည်း နန်းတော်ထဲတွင် နေလိုစိတ်မရှိပေ။ “သခင်လေးယဲ့ ဂရုတစိုက်သွားပါ” လျိုချင်းသည် ဂုဏ်ယူစွာဖြင့် ဦးညွှတ်လိုက်သည်။ ယဲ့နင်သည် လျိုချင်း လက်ဝှေ့ယမ်းပြလိုက်ကာ နန်းတော်ဂိတ်ဝမှ ထွက်လာခဲ့သည်။ သူမသိခဲ့သည်မှာ နန်းတော်ဂိတ်စောင့်သည် သူ့အား ကြည်ညိုသောမျက်ဝန်းများဖြင့် ကြည့်နေခြင်းပင်ဖြစ်သည်။ နန်းတော်မှထွက်လာပြီး ခြေလှမ်းပေါင်းမြောက်များစွာလျှောက်လာခဲ့ပြီးနောက် ယဲ့နင်သည် ကြက်သေသေသွားခဲ့သည်။နန်းတော်အပြင်ဘက်တွင် မြောက်များစွာသော စာပေပညာရှင်များ စုဝေးနေလိမ့်မည်ဟု သူမထင်ထားမိပေ။ လှမ်းမျှော်ကြည့်လျှင် သူသည် ထိုလူအုပ်ကြီး၏ အဆုံးကိုပင် မမြင်နိုင်ပေ။ ပညာရှင်များသည် ယဲ့နင်ကို မြင်သောအခါ သူတို့၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်တောက်ပလျက် ယဲ့နင်အား ဉီးညွှတ်ကြသည်။ “အင်မော်တယ်ဂိုဏ်းကို ဆုံးမခဲ့ပြီး ဧကရာဇ်အတွက် အသက်စွန့်ရဲတဲ့ အလွန်မြင့်မြတ်လှပါသော သခင်ယဲ့..” “သခင်ယဲ့…” “သခင်ယဲ့…” ကွန်ဖြူးရှပ်ပညာရှင်များ၏ အသံသည် ဆူနာမီလှိုင်းလုံးကြီးများသဖွယ် ရှေ့သို့တိုးဝှေ့လာကြသည်။ ထိုအချိန်တွင် ယဲ့နင်သည် သူ၏စိတ်ကို တစ်စုံတစ်ခုက ပိတ်ဆို့ထားသည့်နှယ် ကြောင်အကာ မတ်တပ်ရပ်နေခဲ့သည်။
***