ယဲ့နင် နန်းတော်ထဲတွင် ရှိစဉ်က ခဏလေးဟု ထင်ခဲ့သော အချိန်သည် နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သောအရာများကို နေပြည်တော်တစ်ခွင်လုံး၌ သတင်းပျံ့နှံ့ရန် အလို့ငှာ လုံလောက်ဟန်ရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် နန်းတော်ဝယ် ရှေးပညာရှိတို့၏ ပုံရိပ် နှင့် ဉာဏအလင်းတန်းများပေါ်ပေါက်ခဲ့သည်မှာ အမှန်တကယ်ပင် ကြီးမားသောကိစ္စရပ်များပင်ဖြစ်သည်။ မြောက်များစွာသောလူများ၏အာရုံသည် နန်းတော်သို့ရောက်ရှိနေကြသည်။ သိချင်စိတ်ပြင်းထန်နေပြီဖြစ်သည်။ယခုတွင် သူတို့သည်သိရှိခဲ့ပြီဖြစ်သည်။ ထိုသူသည် ယဲ့နင်ပင်ဖြစ်သည်။ ရာထူးနိမ့်သော အရာရှိငယ်သည် အရေးအကြီးဆုံးအချိန်တွင် ကျောက်စိမ်းတံဆိပ်တုံးကို အပ်နှံမည့်အစား ဧကရာဇ်ရှေ့ဝယ်မားမားရပ်ကာ သေလမ်းကိုသာလျှင်ရွေးချယ်ခဲ့သည်။ ထိုအရာရှိငယ်သည် သေရမည်ကို မကြောက်ပေ။ သူ၏မျက်လုံးထဲတွင် တော်ဝင်မျိုးနွယ်ဝင် အမတ်များ သည် တိရိစ္ဆာန်ချီးထက်ပင် အဆင့်မရှိပေ။ ထို့အပြင် ထိုလူငယ်သည် အင်မော်တယ်ဂိုဏ်းကို ဒေါသကြီးစွာ ဆဲရေးပြစ်တင်ခဲ့လေသည်။ ‘ဒါက ဘယ်လိုတောင်မြင့်မြတ်တဲ့ လုပ်ရပ်လဲ’ ထိုကဲ့သို့ ဖြစ်ရပ်များရှားပါးခဲ့သည်မှာ နှစ်ပေါင်းထောင်ချီခဲ့လေပြီ။ ထိုသို့သော လူငယ်မျိုးကို သမိုင်းမှတ်တမ်းများထဲတွင် အမြင့်မြတ်ဆုံးပညာရှိတစ်ယောက်နှယ် မှတ်တမ်းတင်ထားသင့်သည်။ ယနေ့ခေတ်သည် ကွန်ဖြူးရှပ်ဝါဒကျဆုံးသောခေတ်ဖြစ်သည်။ကွန်ဖြူးရှပ်ဝါဒ ကျဆုံးလေ ကျဆုံးလေ အတိတ်က ခမ်းနားထည်ဝါခဲ့သောသမိုင်းကြောင်းဖြစ်ရပ်များကိုပြန်လည် တမ်းတလေဖြစ်ပြီး ပညာရှိသူရဲကောင်းအသစ်များလည်းဆက်လက်ပေါ်ထွန်းမလာတော့ပေ။ ယဲ့နင်ပေါ်ပေါက်လာမှုသည် မြောက်များစွာသောလူများ၏စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။၊ ‘ဒါကမှ ရှေးပညာရှင်တွေရဲ့ မျိုးဆက်ကွ’ နန်းမြို့တော်တွင်ရှိသော ပညာရှင်အများစုသည် ယဲ့နင်၏မြင့်မြတ်သောလုပ်ရပ်ကြောင့်စုဝေးလာကြသည်။ သူတို့သည် ယဲ့နင်ကို အမျိုးအမျိုးအဖုံဖုံသော နည်းလမ်းများဖြင့် ချီးကျုးလိုကြသည်၊။ ခေတ်နှစ်ခေတ်တွင်ရှင်သန်ခဲ့သော ယဲ့နင်သည် ယနေ့ကဲ့သို့ဖြစ်ရပ်မျိုးကို သူ၏ဘဝတစ်လျှောက်လုံးတွင် မမြင်ဖူးခဲ့ပေ။လူအုပ်ကြီးသည် သူအားကြည်ညိုစွာကြည့်ကာ ချီးမွမ်းနေကြသည်။ထိုလူအုပ်ကြီး၏ မျက်လုံးထဲတွင် ကြည်ညိုလေးစားများထင်ဟပ်နေသည်ကို မည်သူမဆို မြင်တွေ့နိုင်ပေသည်။ထိုကဲ့သို့သော အကြည့်များသည် ယဲ့နင်ကို နေမထိထိုင်မသာဖြစ်စေသည်။ ထိုအကြည့်များသည် ယဲ့နင်ကို ခေတ္တခဏမျှ ကြက်သေသေစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယဲ့နင်သည် ထိုသူတို့ ထင်ထားသည့်အကျင့်နှင့် လူတစ်ယောက်မဟုတ်သောကြောင့်ဖြစ်သည်။ ပေးဆပ်လိုသောစိတ်၊ သေခြင်းတရားကိုမကြောက်ရွံ့ခြင်း၊ အမှန်တရားအတွက်ရပ်တည်ရဲသောသတ္တိ နှင့် ဧကရာဇ်အပေါ်သစ္စာစောင့်သိသောစိတ်များသည် ပညာရှိတစ်ယောက်တွင်ရှိသင့်သော အရည်အချင်းများဖြစ်သည်။ သို့သော် ယဲ့နင်သည် ထိုကဲ့သို့ မဟုတ်သည်ကို သူကိုယ်တိုင်သာလျှင်သိသည်။ ယဲ့နင်၏ မူလရည်ရွယ်ချက်သည် သူကိုယ်တိုင်၏အကျိုးအတွက်သာဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်လာခဲ့သည်မှာလည်း တိုက်ဆိုင်မှုနှင့်အထင်လွဲမှားမှုများကြောင့်သာဖြစ်သည်။ “ငါသူတို့ကို မျှော်လင့်ချက်တွေ ပေးမိပြီထင်တယ်” ယဲ့နင်သည် တိုးညှင်းစွာသက်ပြင်းချလိုက်သည်။ ယဲ့နင်သည် ထိုအချိန်ခဏလေး၌ ဤထူးဆန်းသော ကမ္ဘာဝယ် ရှင်သန်ခြင်းတစ်ခုကို ခံစားလိုက်ရသည်။ ဤကမ္ဘာတွင်ရှိသော လူများသည် ဂိမ်းထဲတွင်တွေ့ရသော သက်မဲ့လူသားများမဟုတ်ချေ။ ၎င်းတို့တွင် ခံစားတတ်သော နှလုံးသား၊ ဖြစ်မြောက်လိုသောအိပ်မက်တို့ရှိကြသည်။မူလကမ္ဘာတွင်နေထိုင်သော လူများကဲ့သို့ သူတို့တွင်လည်း အိပ်မက်များ၊ ရည်မှန်းချက်များရှိကြသည်။သူတို့သည် ယဲ့နင်အား ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ကြည့်နေကြသည်။ ‘ငါက သူရဲကောင်းမဟုတ်ဘူး၊ ငါကဒီတိုင်းသာမာန်လူတစ်ယောက်ပဲ၊ ငါ မင်းတို့အတွက် ဘာမှမလုပ်ပေးနိုင်ဘူး’ ယဲ့နင်သည် အချိန်အတော်ကြာသည် အထိ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင် သူကိုယ်သူ လက်ခံလာနိုင်ခဲ့သည်။ ယဲ့နင်သည် ဤကမ္ဘာရှိလူသားများအား မျှော်လင့်ချက်ပေးရသည်ကို အမှန်တကယ်ပင် ပျော်ရွှင်မိသည်။ သို့သော် သူ၏ မူလရည်ရွယ်ချက်မှာမူ မပြောင်းလဲသွားပေ။ ထိုရည်ရွယ်ချက်သည် သေဆုံးပြီးနောက် ကောင်းကင်ဧကရာဇ်တစ်ယောက်ဖြစ်လိုသည့် ရိုးရှင်းသော ရည်ရွယ်ချက်လေးပင်ဖြစ်သည်။ လူအုပ်ကြီးသည် ယဲ့နင်ရှေ့ဆက်တိုးရန်အလို့ငှာ လမ်းဖယ်ပေးကြသည်။ လူအုပ်ကြီး၏ရှေ့တွင် ယဲ့နင်သည်ရှေ့သို့ တဖြည်းဖြည်း လမ်းလျှောက်နေခဲ့သည်။ --- “သခင်လေးယဲ့က တစ်ညတည်းနဲ့ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်သွားပြီ၊ ဘယ်နှနှစ်ကြာကြာ သူ့နာမည်က ရာဇဝင်ထဲကနေ ဘယ်တော့မှပျောက်မှာ မဟုတ်ဘူး” ထိုည၌ နန်းတွင်းဝယ် အနည်းငယ်မျှ အိုမင်းရင့်ရော်သောအသံတစ်သံထွက်လာခဲ့သည်။ “သူယူဆောင်လာခဲ့တဲ့ဂုဏ်ကျက်သရေတွေက အကျိုးမရှိတာတော့ ဝမ်းနည်းစရာပဲကွယ်၊ သူ့ကို အင်မော်တယ်တွေ ရန်ပြုမှာ စိုးရိမ်မိတယ်” ကျီမင်းယွဲ့၏အသံသည်လည်း ထွက်ပေါ်လာခဲ့သည်။ မိန်းမစိုး လျိုချင်းသည် ယခုအချိန်တွင် ဤနေရာ၌ရှိပါက သူသည် အလွန်အမင်းပင်ဒေါသထွက်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျီမင်းယွဲ့နှင့် မျက်နှာချင်းဆိုင်ထိုင်နေသော အဘိုးကြီးသည် သစ္စာဖောက်အဖွဲ့၏ခေါင်းဆောင် လက်ဝဲအမတ်ကြီးလျိုရှမ်ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဘိုးကြီးသည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး အရှက်မဲ့လွန်းလှသည်။ သူသည် ငွေရရန်အလို့ငှာ ဧကရာဇ်ကိုလိမ်ကာ လူကောင်းများနှင့် သစ္စာရှိသော သူများကို သတ်ခဲ့သည်။ သူသည် ယုတ်မာရက်စက်သော သစ္စာဖောက်ပင်ဖြစ်သည်။ ပြည်ထောင်ကို ဖိနှိပ်ချုပ်ချယ်သူများသည် ထိုလူကဲ့သို့ မကောင်းဆိုးဝါးများပင်ဖြစ်သည်။ လူအများစု၏အမြင်တွင်လျှိုရှမ်သည် မကောင်းဆိုးဝါးပင်ဖြစ်သည်။ လျိုချင်းသည် လျိုရှမ်က သစ္စာဖောက်မှုကို ကျူးလွန်ထားသောကြောင့် လူတိုင်းက သူ့ကိုအပြစ်ပေးလိမ့်မည်ဟု ယုံကြည်ထားသည်။ ယနေ့တွင် ဧကရာဇ်သည် ပြည်ထောင်ခြောက်ခု၏ဘုရင်များနှင့် အင်မော်တယ်ထံမှ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်။ အလွန်ပင် အန္တရာယ်များသော အခြေအနေပင်ဖြစ်သည်။ ထို့ပြင် သစ္စာဖောက်လျိုရှမ်သည် တခြားသစ္စာဖောက်အဖွဲ့များနှင့်ပူးပေါင်းကာ ညီလာခံကိုပင် မလာခဲ့ပေ။ ‘ဒါကဘာလဲ’ ‘ဒါကကိုယ်လွှတ်ရုန်းတာပဲ’ ‘အဲ့လိုလူမျိုးက တစ်ရက်ကို မိုးကြိုးငါးကြိမ်လောက်အပစ်ခံသင့်တယ်မလား’ ‘ဒါပေမယ့် သူက အခုဧကရာဇ်ရှေ့မှာ အေးဆေးပဲထိုင်နေတယ်’ထိုသို့အတွေးများမဆုံးနိုင်အောင်ဖြစ်သွားပေလိမ့်မည်။ သို့သော် ကျီမင်းယွဲ့မျက်နှာတွင်လည်း ထိုအဘိုးကြီးအား အပြစ်တင်သည့် အရိပ်အယောင်ပင်မရှိချေ။ “ဒီအဘိုးကြီးစိုးရိမ်နေတာ အဲ့ဒါပဲ၊ အခုဆိုကြည့်လေ အင်မော်တယ်ဂိုဏ်းသာ ကျဆုံးသွားမယ် ငါကတော့ ကျဆုံးမှာ မဟုတ်ဘူး။ သစ္စာရှိတဲ့အမတ်တွေအကုန်လုံးလည်း ပစ်မှတ်ထားခံရတော့မယ်၊ မင်းအသက်ရှင်ချင်ရင် တစ်ခုခုတော့လုပ်ရတော့မယ်မလား၊ မင်း ဒီအဘိုးကြီးလိုနေသင့်တယ်၊ ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်ပြီး သစ္စာဖောက်လိုဟန်ဆောင်သင့်တယ်” လျိုရှမ်၏အသံထဲတွင် စိတ်ဓာတ်ကျမှုများပါဝင်နေသည်။ ယနေ့တွင် ယဲ့နင်သည် မြောက်များစွာသောလူများထံမှ ချီကျူးမှုကို ခံစားခံရပြီး နှစ်ပေါင်းများစွာကြာမှပေါ်ပေါက်လာသည့် သူရဲကောင်းဟုပင် သတ်မှတ်ခံခဲ့ရသည်။ ထို့ကြောင့် လျိုရှမ်သည် မြောက်များစွာသော လူများထံမှ ဝေဖန်ပုတ်ခတ်ခြင်းကိုလည်း ခံစားရသည်။ တချို့သောသူများက ပြောကြသည် လျိုရှမ်သည် ယဲ့နင်လောက်ပင်မကောင်းဟုပြောကြသည်။ ‘သူဘယ်လိုလုပ်ဝမ်းမနည်းပဲနေမလဲ’ “လျိုရှမ် မစိုးရိမ်ပါနဲ့ ငါကိုယ်တော် လူတစ်ယောက်ယောက်ကို ကောလာဟလကိုရပ်ဖို့ လွှတ်လိုက်ပါ့မယ်” ကျီမင်းယွဲ့သည် အပြစ်ရှိသလိုခံစားနေရသည်။ လျိုရှမ်သည် ယခင်ဧကရာဇ်၏အယုံကြည်ရဆုံးသူဖြစ်သည်။ ထို့ပြင် သူသည် သစ္စာစောင့်သိပြီးမှန်ကန်ဖြောင့်မတ်သော သူတစ်ဉီးဖြစ်သည်။ အမှန်တရားအတွက် သူသည် သူ၏မျက်နှာကိုအိုးမဲသုတ်ကာ သစ္စာဖောက်တစ်ယောက်ကဲ့သို့ဟန်ဆောင်ပြီး နောက်ကွယ်တွင် ဧကရာဇ်အကျိုးကိုထမ်းရွက်နေခဲ့သည်။ “ငါ ငါလုပ်ခဲ့တဲ့အရာအတွက် အပြစ်ရှိတယ်လို့ မခံစားရဘူး လျိုရှမ်တစ်ယောက်တည်းပဲ ငါ့ကို အပြစ်ရှိတယ်လို့ ခံစားရစေတာ” “ငါ လျိုရှမ်အတွက် ဒီသတင်းတွေကို ချက်ချင်းရှင်းပေးမှဖြစ်မယ်” ကျီမင်းယွဲ့သည် မျက်ရည်များ ကျဆင်းလာခဲ့သည်။ တခြားသူ၏အမြင်တွင် လျိုရှမ်သည် သစ္စာရှိသောသူများနှင့်လူကောင်းများကို ဒုက္ခပေးသည့် စက်ဆုက်ရွံ့ရှာဖွယ်ကောင်းသော လောဘကြီးသည့် သစ္စာဖောက်တစ်ယောက်ဖြစ်သည်။ သို့သော် ကျီမင်းယွဲ့၏မျက်လုံးထဲတွင်မူ လျိုရှမ်သည် အရှက်ခွဲခံရခြင်းကို သည်းခံပြီး အမှောင်ထဲတွင် ကွယ်ဝှက်ကာ သူ့အားထောက်ပံ့နေသောသူဖြစ်သည်။ လျိုရှမ်သာမရှိလျှင် သူသည် ယခုအချိန်ထိ အသက်ရှင်လိမ့်မည် မဟုတ်ချေ
***