လင်းလန်ယွဲ့ ပါးလေးများ ရဲတွတ်၍
“ဘာ ဘာအချစ်အကြောင်းလဲ။ ကျွန်မတို့ ကျင့်ကြံနေတာပါ”
ချင်းရူယန် နှာခေါင်းရှုံ့လျက်
“အတူ ကျင့်ကြံတယ်လား။ ထျန်းရှုဂိုဏ်းက အဲ့လို ကျင့်စဉ်ရှိတာလည်း မသိပါဘူး”
ယွီကျန်းလီမှာ လက်လေးပိုက်လျက်
“ကျွန်မရောပဲ”
ထိုအခါ လင်းလန်ယွဲ့ လီရန့်ရင်ခွင်ထဲမှ အမြန်ရုန်းထွက်၍ ပျောက်ကွယ်သွားချင်လောက်အောင် ရှက်နေလေသည်။
“အဟမ်း”
လီရန် သက်ပြင်းချ၍
“အမှန်တော့ တကယ်ကျင့်ကြံနေတာပါ။ အခုပဲ အဖွဲ့မှူးလင်း အဆင့်တက်သွားပါပြီ”
“အဆင့်တက်တယ်လား”
မိန်းကလေးနှစ်ဦး မှင်တက်နေကြ၏။
ထိုအခါမှ ဂရုတစိုက် အာရုံခံမိပြီး အရှိန်အဝါ ကျစ်လျစ်၍ ဝိညာဉ်မှ အလင်းရောင်ဖျဖျ တောက်နေသည်။
တကယ် အဆင့်တက်သွားလေပြီ။ နှစ်ယောက်သား မယုံကြည်နိုင် ဖြစ်နေကြ၏။
(၃) ယောက်သားမှာ အဆင့်တူနေရင်းမှ ရုတ်တရက် နာရီဝက်အတွင်း လင်းလန်ယွဲ့ ပြောင်းလဲသွားတော့သည်။
အကြောင်းအရင်းကို တွေ့နေရသော်လည်း မယုံကြည်နိုင်ပေ။
“ဘယ်လိုလုပ်ပြီး”
“ဘာတွေ ဖြစ်ကုန်တာလဲ”
လီရန်က
“အဖွဲ့မှူးလင်းက ကျင့်ကြံမှု ခိုင်မာပြီးသားမို့လို့ နည်းနည်း ထိန်းညှိပေးတာနဲ့ အဆင့်တက်သွားတာပေါ့”
ယွီကျန်းလီ အလွန် အံ့ဩနေမိသည်။ သူနှင့် လင်းလန်ယွဲ့မှာ တရားနည်းကျဂိုဏ်းများထဲ၌ အဆင့်အမြင့်ဆုံး တပည့်များ ဖြစ်ကြပြီး အရည်အချင်းရော၊ အဆင့်ပါ တူညီ၏။
ထို့ကြောင့် အဆင့်တက်ရန် ခက်ခဲကြောင်း ကောင်းစွာ သိလေသည်။
“အဖွဲ့မှူးလင်းက အခွင့်ကောင်း ကြုံသွားလို့လား”
ချင်းရူယန်မှ မေးလိုက်၏။
“ရှင်တို့ ဖက်ပြီး ကျင့်ကြံကြတာလား”
လီရန် ချောင်းဟန့်ကာ
“ဟုတ်ပါတယ်”
ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားမိ၏။
ထို့နောက် ယွီကျန်းလီ သုန်မှုန်စွာဖြင့်
“ချင်းရူယန် ဘာလုပ်နေတာလဲ”
“ရှန့်ကျီလီကို ဖက်တာက အဆင့်တက်ရင် ကျွန်မလည်း စမ်းကြည့်မှာပေါ့”
ချင်းရူယန် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ထို့နောက် သူ လီရန့်ကို ရှက်ရွံ့စွာ ကြည့်လျက်
“ကျွန်မလည်း အဆင့်တက်ခါနီးပြီမို့လို့ ကူပေးပါဦး ရှန့်ကျီလီ”
လီရန် မျက်ခုံးများပွတ်လျက် နေရခက်နေ၏။ အမျိုးသမီး (၃) ယောက်ကြား ရှုပ်ထွေးနေလေပြီ။
“တကယ်ပါပဲ”
နောက်နှစ်ရက်အထိ လီရန် ရုန်းမထွက်နိုင်တော့ပေ။ (၃) ယောက်သားမှာ အချင်းချင်း ပြိုင်ဆိုင်၍ အတူကျင့်ကြံရန် ကြိုးစားကြ၏။ သို့သော် ကျင့်စဉ်များမှာ မတူကြပေ။ တစ်ဦးမှာ သန့်စင်သော တာအို၊ နောက်တစ်ဦးမှာ သိုင်းပညာနှင့် အခြားတစ်ဦးမှာ နတ်ဆိုးကျင့်စဉ်တို့ ဖြစ်၏။
လီရန် ခေါင်းနားပမ်းများ ကြီးလာမိသည်။
“ဓားကို ကြည့်ပါဦး”
ယွီကျန်းလီ လေထဲတွင် ပျံသန်းရင်း လက်ထဲမှ ဓားမှာ တုန်ရီလျက် မိုးကြိုးများထွက်နေသည်။ ထိုမိုးကြိုးကို လီရန် လက်ချောင်းလေးဖြင့် ထိန်းချုပ်ထားလေ၏။
ထို့နောက် ဓားချီစွမ်းအင်များပါ ထွက်လာသည်။
ယွီကျန်းလီလည်း လှိုင်းကဲ့သို့ ဓားချီများကို အမြန်ရှောင်လိုက်ရ၏။
ထို့နောက် သူ့ဓားရှည်မှာ ပိုက်ကွန်အကာအကွယ် ဖြစ်သွားပြီး ဓားချီများကို ဖမ်းထားလိုက်ကာ ငွေရောင်လှိုင်းများ ပျောက်ကွယ်သွားတော့သည်။
လီရန်လည်း ရုတ်တရက် ပျောက်ကွယ်ပြီးနောက် ယွီကျန်းလီအနောက်မှ ပြန်ပေါ်လာပြီး ပြုံးလျက်
“အဖွဲ့မှူးယွီ ခံလိုက်ရပြီ”
“ထပ်လာကြည့်ပါ”
ယွီကျန်းလီ မကျေမနပ် ပြောလေ၏။
“နေဦး။ ကျွန်မအလှည့်လေ”
တစ်ဖက်မှ ချင်းရူယန် ပြေးလာသည်။
“ရှင်တို့ကျတော့ ဓားသိုင်းကို တစ်နာရီတောင် ကျင့်ကြံကြပြီး ကျွန်မကို ဒီလောက်တောင် အချိန်မပေးချင်ဘူးလား”
လင်းလန်ယွဲ့ မျက်မှောင်ကြုတ်ကာ
“ရှင်တ်ု့ မနက်က ကျင့်ကြံပြီးပြီလေ။ အခု ကျွန်မအလှည့်ပေါ့”
“…”
လီရန်ကတော့ မှင်တက်နေလေ၏။
ထိုစဉ် တပည့်တစ်ဦး ရောက်လာပြီး
“ရှန့်ကျီလီ ခေါင်းဆောင် ရှာနေပါတယ်”
“ကောင်းပြီလေ။ အခု လာခဲ့မယ်လို့”
ပတ်ဝန်းကျင်မှာ အလွန်ရှုပ်ထွေးနေ၍ လီရန် ထွက်ပေါက်ရသကဲ့သို့ ပျော်သွားသည်။
လီရန် ထိုအခန်းသို့ ရောက်သောအခါ ချူလင်းချွမ်၊ လန်ဝူယန်နှင့် ရီချင်းလန်တို့အားလုံး ရှိနေကြသည်။
ဘေးတွင် ကန်လန်ချူရွှယ်လည်း မျက်နှာငယ်ဖြင့် ကြည့်နေ၏။
လီရန် ဝင်လာမှ အနည်းငယ် စိတ်သက်သာရာ ရသွားပုံ ပေါ်သည်။
“ရန် ရောက်လာပြီပဲ”
လန်ဝူယန်က
“မင်း ဆမ်ဆာရာလောကကို သွားခဲ့တာ (၂၄) နာရီကျော်ပြီမလား။ အခု ထပ်သွားရတော့မှာ မဟုတ်ဘူးလား”
လီရန် ခေါင်းငြိမ့်ပြ၍
“အရင်အတွေ့အကြုံတွေအရတော့ ဟုတ်ပါတယ်”
“ဒါဆို အခု စမ်းကြည့်”
လန်ဝူယန် လက်မြှောက်လိုက်ပြီး ကန်လန်ချူရွှယ်နှင့် လီရန်တို့ကို အကာအကွယ်တစ်ခုဖြင့် ဖုံးကွယ်ထားလိုက်သည်။
အသင့်ပြင်ပြီးနောက် လန်ဝူယန်က
“ရန် ဒီတစ်ခါ သွားရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပဲ။ မင်း ဘေးကင်းကင်းနဲ့ တခြားကမ္ဘာကို စူးစမ်းရမှာပေါ့”
လီရန်သည် ရွှံ့မြေနီနယ်၌သာ နေနိုင်ခြင်းလား။ အခြားကမ္ဘာ ထပ်ပြောင်းနိုင်သလား။
“ကောင်းပါပြီ”
လီရန် ခေါင်းငြိမ့်ပြလိုက်၏။
ကန်လန်ချူရွှယ် အဝတ်တစ်ဝက်လျှောချ၍ ထိုင်နေသည်။
လီရန်လည်း နဂါးကွက်ပေါ်သို့ လက်ချောင်းများ တင်ပြီးနောက်…
ဟင်း~
လေထဲ၌ အသံတစ်ခုထွက်လာပြီး ရွှေရောင်တစ်ချက် လက်ကာ နဂါးမန္တန်အသံများ ကြားရသည်။
“တကယ်ပဲ နဂါးမင်းဝိညာဉ်လား”
ချူလင်းချွမ် မျက်မှောင်ကြုတ်နေ၏။
လီရန် မျက်လုံးများ မှိတ်ထားသည်ကိုကြည့်၍ ရီချင်းလန် စိုးရိမ်သွားသည်။
“အဆင်ပြေရဲ့လား။ ဒါပေမဲ့ သူက ဒီမှာပဲ ရှိသေးတယ်လေ”
“နဂါးမင်း ပြောတာ တကယ်မှန်တာပဲ။ ရန်က သာမာန် ဖြစ်တည်မှု မဟုတ်ဘူး”
လန်ဝူယန်လည်း ဂရုတစိုက် ကြည့်နေ၏။
လီရန့်အခြေအနေမှာ ထူးဆန်းလွန်းသည်။ ဤနေရာ၌ ထိုင်နေသော်လည်း ရှိနေပုံ မပေါ်ပေ။
ကမ္ဘာနဲ့ ဆမ်ဆာရာကြားက အက်ကွဲကြောင်းကြောင့်လား။
မည်မျှကြီးမားသော အင်အားဖြစ်ပါစေ။ သူ့အတွက် မထိခိုက်ပါ။
ဟုန်လင်းမြို့။
ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ဖုန်ယူလင်းတစ်ယောက် စားသောက်ဆိုင် ပြတင်းပေါက်ဘေးတွင် ထိုင်၍ ကောင်းကင်ပြာကို ငေးကြည့်ကာ သက်ပြင်းချမိသည်။
သူ မြောက်ပိုင်းတွင် (၂) ရက်ကြာ နေထိုင်ခဲ့သော်လည်း သတင်း အနည်းငယ်သာ ရလေ၏။
ထိုနေရာနှင့် အနီးဆုံးမှာ ယူလောင်ဂိုဏ်း ဖြစ်လေသည်။
ယူလောင်ဂိုဏ်းမှာ ရန်မစသင့်သော ဂိုဏ်းတစ်ခု ဖြစ်ပြီး နံပါတ်တစ် နတ်ဆိုးဂိုဏ်းဖြစ်ကာ အလွန် အင်အားကြီးလွန်းလေသည်။ ခေါင်းဆောင် လန်ဝူယန်မှာလည်း ရက်စက်သည်ဟု အလွန်နာမည်ကြီး၏။
အရင်တစ်ခါ ခံစားမိသော အရှိန်အဝါမှာ ထိုပုဂ္ဂိုလ် ဖြစ်နိုင်သည်။ သူတွေးရင်း ကြက်သီးထမိလေသည်။
ထို့နောက် ရုတ်တရက် တုန်တက်သွားပြီး
“ဘိုးဘေးရဲ့ အငွေ့အသက်ပဲ။ နဂါးမင်းလား”
***