ဖုန်ယူလင်းမှာ ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားလာမိသည်။
သူ့အာရုံ မမှားပါ။
နဂါးမင်း၏ အငွေ့အသက်နှင့် သွေးရနံ့မှာ သူ့သွေးများကိုပါ ဆူပွက်စေလေသည်။
“ဒါ ယူလောင်ဂိုဏ်းဘက်ကပဲ”
ဖုန်ယူလင်း ထိတ်လန့်လျက် အချိန်အတော်ကြာ တွေးနေပြီးမှ စိတ်ဓာတ်များ ခိုင်မာလာသည်။
နဂါးမင်း ပြန်လည် ထွက်ပေါ်လာခြင်းမှာ နှစ်တစ်ထောင်တွင် တစ်ကြိမ်သာ တွေ့ရသော ရှားပါးဖြစ်စဉ် ဖြစ်၏။
သူတို့လို ရှေးရှင်သန်သူများအတွက်လည်း အလှည့်အပြောင်း ဖြစ်နိုင်သည်။ ယခု အခွင့်အရေး ရောက်လာပြီ ဖြစ်၏။
အန္တရာယ်ကို သိလျှင်ပင် ရင်ဆိုင်ရပေမည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦး၏ တာဝန်ဖြစ်လေ၏။
“မုန်တိုင်း ဘယ်လောက်ပြင်းနိုင်မှာလဲ”
ဖုန်ယူလင်း မတ်တပ်ထရပ်၍ တံခါးအပြင်ထွက်ကာ မော့ကြည့်လိုက်သည်။
“…”
ထိုစဉ် စားပွဲထိုးလေးတစ်ဦး အမြန်ပြေးလာပြီး လေးနက်နေသော အခြေအနေအား ဖျက်ဆီးလိုက်သည်။
“အစ်ကို ပိုက်ဆံမရှင်းရသေးဘူးလေ”
“ပိိုက်ဆံလား”
ဖုန်ယူလင်း စွံ့အသွားသည်။
သူ နှစ်ပေါင်းများစွာ ရွှံ့မြေထဲ ပုန်းအောင်းနေခဲ့ရ၍ မည်သည့်ပိုင်ဆိုင်မှုမျှ မရှိပေ။
“အဟမ်း ဘယ်လောက်လဲ”
“ကြက်ကင် (၅) ကောင်၊ ဝက် (၃) ကောင်နဲ့ ကြက်ဆင်ပေါက် (၁၀) ကောင်”
စားပွဲထိုးလေးမှ ပေသီးဖြင့် တဒေါက်ဒေါက်တွက်ပြီးနောက် လက်ဖြန့်ကာ
“ငွေတုံး (၅) တုံရ ကျပါတယ်”
ဖုန်ယူလင်းလည်း စိတ်ဝိညာဉ်ကျောက်တုံးများ ထုတ်၍
“ဒီလောက် ရတယ်မလား”
ထိုအခါ စားပွဲထိုးလေး ခေါင်းယမ်းလျက်
“အားတော့နာပေမဲ့ ဆိုင်မှာ ငွေသားတိုက်ရိုက်ပဲ လက်ခံပါတယ်”
ဖုန်ယူလင်းလည်း
“ဒါပေမဲ့ ကျွန်တော့်မှာ ဒါပဲ ရှိတယ်”
“ပိုက်ဆံ မပါဘူးလား”
စားပွဲထိုးလေး မျက်နှာပျက်သွားကာ
“ငါ့မှာ ပိုက်ဆံတော့ မရှိဘူး။ ဒါပေမဲ့ စားတယ် သောက်တယ် အဲ့လိုလား။ အလကား စားတယ်ကွာ အဲ့လိုလား။ ကျွန်တော်တို့ဆိုင်ကို အလကား လာစားတယ်ပေါ့လေ”
“ဘယ်သူလဲကွ”
ခပ်ထွားထွား အစောင့်များမှ လှမ်းမေးလိုက်သည်။
“ပြဿနာ တက်ပြီ”
ဖုန်ယူလင်း ဘာလုပ်ရမည်မသိ ဖြစ်နေသည်။
“အဟမ်း စာရင်းမှတ်ထားလိုက်လေ။ နောက်တစ်ခါ သေချာပေါက် ပြန်လာခဲ့မယ်”
“နောက်တစ်ခါ လာချင်သေးတယ်လား”
စားပွဲထိုးလေး လှမ်းဆွဲရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်လုံးများ ဝေဝါးလာပြီး သူ သတိပြန်ဝင်လာသောအခါ ထိုလူ ပျောက်သွားပြီးလေပြီ။
ရွှံ့မြေနီနယ်။
ကန်လန်ယွီမှာ မြစ်ကမ်းပါးတွင် ရပ်၍ သွေးမြစ်ကြီးကို စိတ်ထွေပြားစွာ ငေးကြည့်နေသည်။
ထိုစဉ် အနောက်နားမှ ခြေသံကြားရပြီး သူ လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် ပုဂ္ဂိုလ်တစ်ဦး ဖြည်းဖြည်းချင်း လျှောက်လာသည်အား တွေ့ရလေသည်။
“ခေါင်းဆောင်”
ကန်လန်ဝူကျီ သူ့အနား ရောက်လာပြီး
“ဒီမှာ တစ်နေကုန်ရပ်နေတာ သွေးမြစ်က ဘာစိတ်ဝင်စားစရာ ရှိလို့လဲ”
ကန်လန်ယွီ စိတ်ပြန်ထိန်းလိုက်ပြီး ခေါင်းယမ်းလျက်
“ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ မျိုးနွယ်စုတွေကို စီစဉ်ပြီးပြီလား”
နဂါးမင်းကိစ္စ ရှင်းပြီးသော်လည်း ရွှံ့မြေနီနယ်မှာ မအေးချမ်းသေးပေ။
နဂါးမင်း ကျဆုံးပြီးနောက် နဂါးမျိုးနွယ်များ အားလုံး လက်စားချေရန် စိုင်းပြင်းနေကြသည်။
ခေါင်းဆောင်တစ်ဦး ဖြစ်သော ကန်လန်ဝူကျီမှာ တည်ငြိမ်စေရန် ကြိုးစားလျက် ရှိသော်လည်း နဂါးမျိုးနွယ်များ ဒေါသကို မထိန်းချုပ်နိုင်ပေ။
ဤသို့ဖြင့် နဂါးမင်းဝိညာဉ် ပြန်ပေါ်လာသောအခါတွင်လည်း ပို၍ စိတ်လှုပ်ရှား တက်ကြွလာလေသည်။
ကန်လန်ဝူကျီ နဖူးကိုဖိ၍
“လေမျိုးနွယ်နဲ့ ရွှီမျိုးနွယ်ကတော့ အချိန်တစ်ခုအထိ ငြိမ်နေလိမ့်မယ်။ ဒါပေမဲ့ တခြားမျိုးနွယ်စုတွေက… ဟင်း”
နဂါးများမှာ သဘာဝအရ အလွန်ဒေါသကြီးတတ်ကြသည်။ ထို့ကြောင့် သွေးကြွေးကို လွယ်လွယ် မမေ့ဖျောက်နိုင်ပေ။
ကန်လန်ဝူကျီပင် စိတ်မထိန်းနိုင် ဖြစ်ရ၏။ သို့သော် ခေါင်းဆောင်ဖြစ်နေ၍ အတော် ကြိုးစားနေရပါသည်။
“နဂါးမင်းဝိညာဉ် ရှိနေပြီဆိုတော့ ထင်သလောက်တော့ ဆိုးတော့မှာ မဟုတ်ပါဘူး”
ကန်လန်ယွီမှ ပြောလိုက်သည်။
“အဲ့လို ထင်ရတာပဲ”
ကန်လန်ဝူကျီ ပြုံးလျက်
“အခု အဲ့ဒီမျှော်လင့်ချက်တွေအားလုံး လီရန့်ပေါ်ပဲ မူတည်တော့တယ်”
ကန်လန်ဝူကျီ လူသားမျိုးနွယ်များအကြောင်း တွေးမိလျှင်တော့ စိတ်မသက်မသာ ဖြစ်မိ၏။
မျိုးနွယ်နှစ်ခုမှာ အစပိုင်းတွင် ရန်သူများ ဖြစ်ခဲ့ကြသော်လည်း ယခုတော့ လီရန်သည် နဂါးမျိုးနွယ်၏ အရေးကြီးပုဂ္ဂိုလ် ဖြစ်လာပြီး နဂါးမင်း ကိုယ်တိုင်ပင် သူ့ကမ္ဘာငယ်ထဲ၌ နေနေရသည်။
ထိုနေ့က အရှက်ရမှုကိုတော့ ပြန်မတွေးချင်တော့ပေ။
ထိုနာမည် ကြားသောအခါ ကန်လန်ယွီ ခပ်တိုးတိုးဖြင့်
“သူ ဘယ်တော့မှ ပြန်လာမလဲ မသိဘူးနော်”
ကန်လန်ဝူကျီ ခဏစဉ်းစားကာ
“အရင်တွေ ပြောဖူးတာအရတော့ နှစ်ရက်ပြည့်သွားပြီ။ သူ ငါတို့ကို မေ့နေပြီလား မသိပါဘူး”
“မမေ့လောက်ပါဘူး”
ကန်လန်ယွီ ခေါင်းယမ်းလျက်
“သူက အဲ့လိုလူမျိုး မဟုတ်ဘူး”
ကန်လန်ဝူကျီ မျက်မှောင်ကြုတ်ကာ
“မင်းက သူ့အကြောင်း တော်တော် သိနေတဲ့ပုံပဲ”
ကန်လန်ယွီ မျက်နှာလေး ရဲသွားပြီး
“အဟမ်း လီရန်သာ မယုံရရင် နဂါးမင်းကရော ယုံပါ့မလား။ နဂါးမင်း အမြင်ကို သံသယ မဖြစ်သင့်ဘူးလေ”
ကန်လန်ဝူကျီက
“ဟုတ်ပါပြီ။ ဒါပေမဲ့ လူသားတွေဆိုတာ အမြဲ ဉာဏ်နီဉာဏ်နက် ရှိကြတယ်။ သတိထားတာ မမှားဘူး”
ကန်လန်ယွီ ခပ်တိုးတိုးဖြင့်
“ဒါတော့ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းနေတာပဲ”
ကန်လန်ဝူကျီ ပြန်ပြောရန် ပြင်နေစဉ် ရုတ်တရက် တစ်ခုခုကို ခံစားမိပြီး ကောင်းကင်သို့ မော့ကြည့်မိ၏။
ထိုအခါ တောက်ပလင်းလက်နေသော လူတစ်ယောက် ဆင်းသက်လာလေသည်။
“လီရန်လား”
နှစ်ယောက်သား လန့်သွားမိ၏။
“လီရန် လာတွေ့တာလား”
လီရန် မြေပြင်ပေါ် ဆင်းသက်ပြီးနောက်
“မတွေ့တာ ကြာပြီနော် အစ်ကိုဝူကျီ”
ကန်လန်ဝူကျီ ထိုအခါမှ သတိဝင်လာပြီး
“ဝူကျီပဲ ခေါ်ပါ”
လီရန် ခေါင်းငြိမ့်ပြ၍
“ကောင်းပါပြီ အစ်ကိုဝူကျီ”
ကန်လန်ဝူကျီ မသိချင်ယောင်သာ ဆောင်ထားတော့၏။
“ရောက်လာပြီလား”
ကန်လန်ယွီ သူ့ကို ငေးကြည့်ကာ မေးလိုက်သည်။
လီရန်က
“နောက် (၂) ရက်နေရင် လာခဲ့မယ်လို့ ကတိပေးထားတာပဲ။ ကျွန်တော် ကတိမဖျက်တတ်ပါဘူး”
ကန်လန်ယွီ မျက်နှာလေး ရဲသွားသည်။
အရင်တစ်ခါ လီရန် မပြန်ခင်က ထိုစကား ပြောခဲ့သော်လည်း တကယ် စိတ်ထဲထည့်၍ မှတ်ထားမည်ဟု မထင်ခဲ့ပေ။
ထို့ကြောင့် ရင်ထဲတွင် ကျေနပ်သွားမိ၏။
ကန်လန်ဝူကျီကတော့ မျက်မှောင်ကြုတ်၍ ကြည့်နေလေသည်။
ငါ့ညီမက အမြဲ အေးစက်စက်နဲ့ ဘယ်သူ့မှ ကြည့်မရခဲ့တာကို။ အခုမှ ဘာလို့ ဒီရုပ် ဖြစ်နေတာလဲ။
ထူးဆန်းလိုက်တာ။
“လီရန် နဂါးမင်းရော အဆင်ပြေလား”
ကန်လန်ဝူကျီမှ မေးလိုက်သည်။
ကန်လန်ယွီလည်း ထိုအခါမှ သတိရသွား၏။
လီရန် သူ့ဗိုက်အောက်နားကို လက်ညှိုးထိုးကာ
“အဆင်ပြေပါတယ်။ အခု အိပ်နေတယ်”
နှစ်ယောက်သား ထိုအခါမှ စိတ်သက်သာရာ ရသွားသည်။
ထိုစဉ် ကန်လန်ယွီ တစ်ခုခုကို သတိရကာ
“နဂါးမင်း သူ့သမီးနဲ့ တွေ့ပြီးပြီလား”
“တွေ့ပြီးပါပြီ”
သူပြောရင်း ရွှေရောင်အကြေးခွံလေးအား ထုတ်ပြလိုက်၏။
ထိုအကြေးခွံမှာ တုန်ရီလျက် စိတ်ဝိညာဉ်စွမ်းအင်များ ထွက်နေသည်။
နဂါးသွေးအငွေ့အသက်ကို မှတ်မိနေသကဲ့သို့ပင်။
နဂါးမင်း၏ မျိုးဆက်မှာ တကယ် အသက်ရှင်နေပါသည်။
***