အားလုံး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေ၏။
ကန်လန်ယွီမှ
“ဒါ… တကယ်ပဲလား”
ကန်လန်ဝူကျီလည်း သေချာစိုက်ကြည့်နေပြီးမှ ခေါင်းငြိမ့်ပြကာ
“နဂါးမင်းရဲ့ မျိုးဆက်ပဲ”
နှစ်ယောက်သား ငေးကြည့်ရင်း ကြည်နူးနေကြသည်။ သူတို့ ထိုအကြောင်းကို သိထားပြီး ဖြစ်သော်လည်း ကိုယ်တိုင် တွေ့ရသောအခါ သံသယများ လုံးဝ ရှင်းသွားတော့သည်။
ကန်လန်ဝူကျီ သက်ပြင်းချ၍
“အသက်ရှင်နေတာ တော်သေးတာပေါ့”
ကန်လန်ယွီ သူ့ပုခုံးအား လှမ်းပုတ်ပေး၏။
သူ နှစ်ပေါင်းများစွာ မည်သို့ ခံစားခဲ့ရသည်အား အသိဆုံး ဖြစ်ပါသည်။
ကန်လန်ဝူကျီမှာ မျိုးရိုးအရ ခေါင်းဆောင် ဖြစ်လာသော်လည်း နဂါးမင်းကို မယှဉ်နိုင်မှန်း သိပါသည်။
သို့သော် နဂါးမင်းမျိုးဆက် ဥရရှိလာသောကြောင့် မျိုးနွယ်စု၏ မျှော်လင့်ချက် ပေါ်လာသော်လည်း လွန်ခဲ့သော နှစ် (၂၀) က ထိုနဂါးဥ ပျောက်ဆုံးသွားလေသည်။
ထို့ကြောင့် ကန်လန်ဝူကျီ ဒေါသလည်းထွက်၊ အရှက်လည်း ရခဲ့၏။
နဂါးမျိုးနွယ်၏ အပြစ်သားဟုပင် ကိုယ့်ကိုယ်ကိုယ် တွေးနေခဲ့လေသည်။
“နှစ် (၂၀) လုံး ရှာလိုက်ရတာ။ ဒီလို လူ့လောကမှာ ပြန်တွေ့မယ်လို့ မထင်ထားဘူး”
ကန်လန်ဝူကျီ ခေါင်းယမ်းလျက်
“ဒီတစ်ခါ ထပ်မကာကွယ်နိုင်ရင် လုံးဝ အရှုံးသမားပဲ”
“အစ်ကို့အပြစ် မဟုတ်ပါဘူး”
ကန်လန်ဝူကျီ ခဏငြိမ်နေပြီးမှ လီရန့်ကိုကြည့်ကာ
“ကျေးဇူးတင်ပါတယ်”
“ဟင်”
လီရန် မှင်တက်သွားပြီး
“ဘာပြောလိုက်တာလဲ”
မာနကြီး၍ မြင့်မြတ်သော နဂါးတစ်ကောင်မှ ဤပုံစံကို အံ့ဩနေသည်။
နားကြားလွဲတာလား။
“အဟမ်း ကျေးဇူးပဲလို့ ပြောတာ”
ကန်လန်ဝူကျီ နေရခက်စွာဖြင့်
“မင်းက ဒုက္ခတွေပေးပြီး ငါ့ကို အရှက်ရအောင် လုပ်ခဲ့ပေမဲ့ နဂါးမျိုးနွယ်ရဲ့ ကျေးဇူးရှင်ဆိုတာတော့ ဝန်ခံပါတယ်”
နဂါးမင်း ဝိညာဉ်သာမက နဂါးမျိုးဆက်ကိုပါ ကယ်တင်ခဲ့၏။
ထိုကျေးဇူးများမှာ ပင်လယ်ကြီး၊ ကောင်းကင်ကြီးကဲ့သို့ ဆပ်၍ မကုန်နိုင်ပေ။
ကန်လန်ယွီလည်း လီရန့်အား လေးစားစွာ ငေးကြည့်နေမိ၏။
သူ ဘာတွေးနေသည်ကိုတော့ မသိနိုင်ပေ။
လီရန်မှ လက်ယမ်း၍
“အဲ့လောက်လည်း မဟုတ်ပါဘူး။ အားမနာပါနဲ့”
သူရရှိထားသည့် လက်ဆောင်၊ ဆုလာဘ်များနှင့် ယှဉ်ပါက အရေးမကြီးပေ။
သူ လက်ဆောင်အကြောင်း တွေးမိရင်း စနစ်မှ မပြီးပြတ်သေးသော အလုပ်ကို သတိရသွားသည်။
[နောက်ဆုံးအဆင့် လုပ်ဆောင်ရန်: နဂါးမျိုးနွယ်များ စုပေါင်းခြင်း]
[ရှေးရှင်သန်သူများအား ရွှံ့မြေနီနယ် ပြန်ပို့ပေးပါ။ ပြီးမြောက်မှုအဆင့်သည် ပြန်ပို့သည့် အရေအတွက်ပေါ် မူတည်၏။]
သူ နဂါးသရဖူရပြီးနောက် အဆင့် (၃) ဆင့်ဖြင့် တာဝန်များ လုပ်ဆောင်ရပြီး ယခု နောက်ဆုံးအဆင့်သာ ကျန်ပါသည်။
ထိုအဆင့်မှာ အခက်ဆုံးလည်း ဖြစ်၏။
လူ့လောကကို အလွှာအထပ်ထပ် ပိတ်ဆီးထားပြီး အထက်လောကမှ နေ့ရောညပါ စောင့်ကြည့်နေပါသည်။
သူ ဤသို့ ဆမ်ဆာရာလောက ရောက်ရှိနိုင်ခြင်းမှာ အလွန်ဆန်းကြယ်သော ဖြစ်ရပ် ဖြစ်၏။
“ဒီကိစ္စက အကြာကြီး စူးစမ်းဆွေးနွေးရဦးမှာ။ ရွှံ့မြေနီနယ်က နဂါးတွေကိုတော့ အားကိုးလို့ မရဘူး”
လီရန် တစ်ယောက်တည်း တွေးနေ၏။
ထိုကိစ္စမှာ လတ်တလော အရေးမကြီးပေ။ ယခု အချိန် အကန့်အသတ်ရှိသောကြောင့် ခေါင်းဆောင် ခိုင်းသည်အား ပြုလုပ်ရဦးမည်။
“ကျွန်တော် အခုလာတာက အကူအညီတောင်းစရာလေး ရှိလို့ပါ”
“ဘာများလဲ”
ကန်လန်ဝူကျီမှ မေးလိုက်၏။
“ဒီလောကကနေ အထက်လောကကို တိုက်ရိုက် သွားကြည့်ချင်တာပါ”
ကန်လန်ဝူကျီ ခေါင်းငြိမ့်ကာ
“ဒါက ဘာမှမဟုတ်ပါဘူး။ လိုက်ခဲ့လေ”
(၃) ယောက်သား သွေးမြစ်မှ အရှေ့ယွန်းယွန်းသိူ့ ထွက်ခွါခဲ့ကြသည်။
လမ်းတွင် နဂါးမျိုးနွယ်များ တွေ့သောအခါ စိတ်လှုပ်ရှားလျက်
“သခင်လေးလီ”
“သခင်လေးလီ ရောက်နေတယ်”
အားလုံး တက်ကြွစွာ နှုတ်ဆက်ကြ၏။
လီရန်တစ်ယောက် အကြိမ်များစွာ ဖြတ်သန်းပြီးနောက် နဂါးမျိုးနွယ်၏ လေးစားခြင်းကို ရခဲ့လေပြီ။
သူသည် လူသားတစ်ဦး ဖြစ်သော်လည်း နဂါးအရှိန်အဝါ ရှိပြီး နဂါးအစစ်ကဲ့သို့လည်း ချောမော ခန့်ညား၏။
ထိုနေ့က ခမ်းနားသော ပုံရိပ်မှာ နဂါးမလေးများအတွက် ရင်ခုန်စဟာ ဖြစ်လေသည်။
ကန်လန်ယွီကတော့ မျက်မှောင်ကြုတ်လျက် မကျေမနပ်ဖြင့်
“ဟွန့် မိန်းမတွေများ…”
ထိုစဉ် ကန်လန်ဝူကျီ တစ်ခုတွေးမိကာ
“ဒါနဲ့ အဲ့ဒီနဂါးဥကို ဘယ်လိုရခဲ့တာလဲ”
နဂါးဥ ထူးဆန်းစွာ ပျောက်ဆုံးခြင်းသည် သူ့အတွက် အရှက်ရစရာဖြစ်၏။
“ကျင့်ကြံသူ တစ်ယောက်ဆီကပါ”
ကန်လန်ဝူကျီ မျက်မှောင်ကြုတ်၍
“သာမာန် အဆင့်နိမ့်ကျင့်ကြံသူက နဂါးဥခိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ကူညီတဲ့သူ ရှိရမယ်”
ချန်ယွန်းတာအိုသည် လူ့လောကတွင် အင်အားကြီးသော်လည်း အထက်လောကနှင့် မယှဉ်နိုင်ပေ။
နဂါးဥခိုးရန် မဆိုထားနှင့်။ ရွှံ့မြေနီနယ်ကိုပင် ခြေမချနိုင်ပါ။
ကူညီသည့် အင်အားကြီး မရှိဘဲ တစ်ဦးတည်း မည်သို့မျှ မရနိုင်ပေ။
လီရန်က
“ချန်ယွန်းတာအိုဆိုတဲ့သူ နောက်ကွယ်မှာ ယုံးယဲ့ရှိတယ်တဲ့။ ခင်ဗျား ကြားဖူးလား”
“ယုံးယဲ့လား”
ကန်လန်ဝူကျီ ခဏစဉ်းစား၍ ခေါင်းယမ်းကာ
“အဲ့နာမည်တော့ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ စုံစမ်းခိုင်းထားလိုက်မယ်လေ။ မကြာခင် သိရမှာပါ”
“ကောင်းပါပြီ”
“ရောက်ပြီ…”
ကန်လန်ယွီ အသံကြောင့် (၃) ယောက်သား တုံ့ခနဲ ရပ်သွားကြ၏။
လီရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရွှံ့နီများ ဝိုင်းနေသော မြေကွက်လပ်ကို တွေ့ရလေသည်။
ကန်လန်ဝူကျီ လေထဲကို ဖျတ်ခနဲ ထိလိုက်သောအခါ လေထုလှုပ်ရှား၍ ဝဲကတော့နီကြီး တဖြည်းဖြည်း ပေါ်လာ၏။
“နဂါးမင်း မဆုံးခင်က အင်အားကြီးနဲ့ ပိတ်ထားတာလေ။ ဒါပေမဲ့ အပြင်လောကနဲ့ ထွက်ပေါက်ကတော့ ဆက်ထားသေးတယ်။ အပြင်ထွက်ပြီး အနောက်မြောက်ဘက် ဆက်သွားရင် ယူထျန်းကို ရောက်ပြီ။ ပြန်လာချင်ရင် ဒီအကြေးခွံလေးကို ထိလိုက်။ ခင်ဗျားနေရာကို ကျွန်တော် ချက်ချင်း အာရုံခံနိုင်တယ်”
ကန်လန်ဝူကျီမှ နဂါးအကြေးခွံနက်အား ပေးရင်း ပြောလိုက်သည်။
လီရန်လည်း အကြေးခွံကိုယူ၍ မုန်တိုင်းဝဲကတော့ထဲ ဝင်သွားတော့သည်။
လီရန် ပျောက်ကွယ်သွားသောအခါ ကန်လန်ဝူကျီ လက်ပိုက်လျက်
“ဒီလောက် ပြန်ပေးလို့တော့ ရတယ်မလား”
သို့သော် လေထုမှာ တိတ်ဆိတ်နေ၏။
“ယွီလေး”
သူ လှည့်ကြည့်လိုက်သောအခါ အနောက်တွင် မည်သူမျှ မရှိပေ။
ကန်လန်ယွီ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
“ထူးဆန်းလိုက်တာ။ ခုနလေးတင် ရှိနေတာကို”
ကန်လန်ဝူကျီ ခေါင်းကုတ်လျက် အံ့ဩနေ၏။
…
မှောင်မိုက်သော လမ်းကြောင်းတစ်လျှောက် အချိန်တစ်ခု ဖြတ်ပြီးသောအခါ လီရန့်မျက်လုံးရှေ့၌ အလင်းရောင်ကို ပြန်တွေ့လာသည်။
ထို့နောက် ဖြတ်ခနဲ မြင်ကွင်းပြောင်းကာ တောင်ထိပ်တစ်ခုပေါ် ရပ်၍ ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူများကို ကြည့်လျက် လတ်ဆတ်သော လေကို ခံစားနိုင်လေသည်။
စိတ်ဝိညာဉ်စွမ်းအင်များလည်း ကြွယ်ဝလွန်း၏။
“ဒါက အထက်လောကလား”
သူ အထက်လောကတွင် လွတ်လပ်စွာ သွားလာနိုင်လေပြီ။
“အခု ဘယ်သူက ဘယ်သူ့ကို စောင့်ကြည့်တာလဲ ဟားဟား”
လီရန် နှာခေါင်းရှုံ့၍ ပြောလိုက်၏။
“ဒါပေမဲ့ အရေးကြီးတာကို ရှာရဦးမယ်လေ…”
အနောက်မှ ရင်းနှီးနေသောအသံကို ကြားလိုက်၏။
“ဘယ်သူလဲ”
လီရန် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အဖြူရောင် ဝတ်စုံဖြင့် မိန်းကလေးကို တွေ့ရလေသည်။
“ကန်လန်ယွီ”
***