လီရန် လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော လူတစ်ဦးကို တွေ့ရ၏။
“ကန်လန်ယွီလား။ ဘာလို့ ဒီကိုရောက်နေတာလဲ”
ကန်လန်ယွီ လက်လေးနောက်ပစ်လျက် ခပ်တည်တည်ဖြင့်
“ဘာမှမဟုတ်ပါဘူး။ တခြား ဘာမှ လုပ်စရာမရှိလို့ လိုက်လာတာ”
“ဟင်”
လီရန် သူ့ကို မယုံနိုင်စွာ ကြည့်နေသည်။
ကန်လန်ယွီ ဟိုဟိုဒီဒီ ကြည့်၍ နောက်ဆုံး အမှန်အတိုင်း ပြောလေ၏။
“ရှင်က ဒီနေရာနဲ့ မရင်းနှီးဘူးလေ။ အဲ့တော့ လျှောက်သွားရင်း အဖမ်းခံရမှာစိုးလို့”
လီရန်က
“ကန်လန်ဝူကျီတောင် ဘာမှမလုပ်နိုင်တာ။ ဘယ်သူက ခြိမ်းခြောက်နိုင်ဦးမှာလဲ”
သူသည် လက်ရှိတွင် ထူးခြားသော ဖြစ်တည်မှုအနေဖြင့် အစစ်နှင့် ဝိညာဉ် ရောနေပါသည်။ ထို့ကြောင့် ဤလောကမှ စွမ်းအင်များ မသက်ရောက်နိုင်ပါ။
ကန်လန်ယွီ ခေါင်းယမ်း၍
“လူသားမျိုးနွယ်တွေ စပေါ်လာတဲ့အကြောင်း မသိသေးဘူးပဲ”
သူ ခဏရပ်လိုက်ပြီးမှ
“ကျွန်မ ရှင့်ကို ဂရုစိုက်မယ်လို့ နဂါးမင်းကို ကတိပေးထားတယ်။ အဲ့တော့ ရှင် လမ်းပျောက်ရင် အချိန်မရွေး ကယ်နိုင်တာပေါ့”
လီရန် ခဏစဉ်းစားပြီးနောက် သဘောပေါက်လာသည်။
သူ့ခေါင်းဆောင် (၃) ဦးနှင့် နဂါးမင်းတို့ ရင်ဆိုင်ရသည်မှာ အလွန်ခက်ခဲ၏။ ထို့ကြောင့် ဤရက်ပိုင်း၌ စောင့်ရှောက်သူ ရှိနေခြင်းက ပိုကောင်းပါသည်။
“ဒါနဲ့ မင်းခံနိုင်ရည်နဲ့ ဒီလောကကို ဝင်လို့ရရဲ့လား”
ကန်လန်ယွီ ခေါင်းယမ်းကာ
“ကျွန်မခန္ဓာကိုယ်အစစ်ကို မြင်နိုင်တဲ့သူတွေ သိပ်မရှိပါဘူး။ နောက်ပြီး အနောက်မြောက် ကောင်းကင်မှာလည်း ရှုပ်ထွေးနေတော့ ကျွန်မတို့ကို ဂရုစိုက်မှာ မဟုတ်ပါဘူး”
“ကောင်းပါပြီ”
လီရန် ခေါင်းငြိမ့်ပြလိုက်၏။
“သွားကြစို့”
“အင်း”
ကန်လန်ယွီမှာ မျက်လုံးလေးများ တောက်ပ၍ ပျော်ရွှင်စွာ လိုက်သွားလေသည်။
သူတို့ အနောက်မြောက်ဘက်သို့ ဆက်လက် ပျံသန်းရင်း နောက်ဆုံး မြင်ကွင်းပြောင်းကာ တောင်တန်းထူထူ၊ တောအုပ်ထူထူကို တွေ့ရ၏။
“ဒါ မင်းပြောတဲ့ နေရာလား”
“ဟုတ်ပါတယ်”
လီရန် သူပြောသည်ကို နားထောင်ရင်း တည်ဆောက်ပုံအား နားလည်လာ၏။
အထက်လောကမှာ ကျယ်ပြန့်၍ ကြီးမားလွန်းပြီး မျိုးနွယ်စုများစွာလည်း ရှိပါသည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာတည်းက လူသားမျိုးနွယ်များ တဖြည်းဖြည်း အင်အားကြီးလာပြီး အထူးသဖြင့် နဂါးမင်း ကျဆုံးပြီးနောက် နတ်ဆိုးမျိုးနွယ်များ ပျောက်ကွယ်မတတ် ဖြစ်ခဲ့သည်။
“ဒါဆို ယောက်ကျူနဲ့ ဘာလို့ မပူးပေါင်းတာလဲ”
“မကောင်းဆိုးဝါးမျိုးနွယ်တွေသာ ရှိရင် လူသားတွေ အဲ့လောက် အင်အား မကြီးနိုင်ဘူးမလား”
ကန်လန်ယွီ မျက်မှောင်ကြုတ်လျက်
“ကျွန်မတို့က နဂါးမျိုးနွယ်လေ။ ဒီလိုဟာတွေတော့ နားမလည်ဘူး”
“…”
ဤသည်မှာ လူသားနှင့် နဂါးမျိုးနွယ်ကြား တွေးခေါ်မှု ကွာခြားခြင်း ဖြစ်လေသည်။
“ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲလေ။ အသက်ရှင်ဖို့အတွက် ရုန်းနေချိန် အရှုံးသမားကို ဘယ်သူက ဂရုစိုက်မှာလဲ”
လီရန် ခေါင်းယမ်းလိုက်၏။
“ပေါင်းစည်းတယ်လား”
ကန်လန်ယွီ နားမလည်ပေ။
“ထားပါတော့။ ပြောလည်း သိမှာ မဟုတ်ဘူး”
နဂါးမျိုးနွယ်များ အနေဖြင့် ထိုသို့ ခက်ခဲမှုများကို နားလည်မည် မဟုတ်ပါ။
ကန်လန်ယွီ မေးစေ့လေး ပွတ်လျက်
“ကျွန်မ နားမလည်လည်း ရှင်ရှိနေတာပဲ။ ရပါတယ်”
လီရန် ခဏမှင်တက်သွားသည်။
ကန်လန်ယွီက
“လီရန် ရှင် ကျွန်မတို့ရဲ့ စစ်ရေးအကြံပေး ဖြစ်နိုင်တာပဲ”
လီရန် မျက်မှောင်ကြုတ်ကာ
“မင်းတို့လူသားတွေနဲ့ ဖြေရှင်းဖို့ ကူညီခိုင်းတာလား”
ကန်လန်ယွီ ပြုံးလျက်
“ရှင့်အခြေအနေကို အဆင့်မြင့် နတ်ဘုရားတွေက လွှတ်ထားမှာ မဟုတ်ဘူး။ နောက်ပြီး ကံကြမ္မာကောင်းရော၊ နဂါးမင်းကို ခန္ဓာကိုယ်ထဲ ထည့်တာရောဆို ကျွန်မတို့က မဟာမိတ်တွေပေါ့”
လီရန် အံ့ဩစွာ ကြည့်၍
“ငါ့ကို ဒီမှာ စောင့်မှာလား”
ကန်လန်ယွီမှ
“ရန်သူရဲ့ ရန်သူက မိတ်ဆွေဆို။ ကျွန်မ နားလည်တာ မှားလို့လား”
လီရန် ဘာပြောရမည်မသိ ဖြစ်နေသည်။
နဂါးမလေးမှာ စကားအလွန်တတ်လေသည်။
“အင်းပါ။ ထားပါတော့လေ…”
လီရန် ဆက်မပြောတော့ပေ။
ကန်လန်ယွီလည်း မြေခွေးမလေးကဲ့သို့ ပြုံးနေ၏။
နှစ်ဦးသား စကားတပြောပြောဖြင့် နောက်ဆုံး ပန်းတိုင်သို့ ရောက်လာကြသည်။
ထိုနေရာတွင် မြေထုမှာ ခြောက်သွေ့ပြီး လေများ ပြင်းထန်စွာ တိုက်ခတ်၍ တိမ်နက်များကလည်း နေရောင်ကို ဝါးမျိုထားလေသည်။
ပတ်ဝန်းကျင်သည် အေးစိမ့်၍ အလွန် တိတ်ဆိတ်နေ၏။ ဖြတ်သွား ဖြတ်လာ အချို့မှာလည်း အသက်မရှိသကဲ့သို့ လစ်ဟာနေလေသည်။
“ဒါ အနောက်မြောက် နယ်မြေလေ”
လီရန် မျက်မှောင်ကြုတ်နေလေသည်။
ထိုမြင်ကွင်းနှင့် လူသားမျိုးနွယ်ကို ဆက်စပ်ရန် ခဲယဉ်း၏။
“တခြားကောင်းကင် နယ်မြေနဲ့ယှဉ်ရင် အနောက်မြောက်ပိုင်းက ခေါင်တယ်။ ရှေးရိုးလည်း စွဲတယ်”
လီရန် နားလည်သွား၏။
စိတ်ဝိညာဉ်ချီ ကြွယ်ဝ၍ တာအို အဆင့်မြင့်သော်လည်း အားနည်းချက်များ ရှိနေပါသေးသည်။
သူတို့ တိမ်မည်းများကို ကျော်ဖြတ်လာပြီးသောအခါ ရုတ်တရက် ပြန်လည် ကြည်လင်သွား၏။
တိမ်ပင်လယ်ကြား၌ နေရောင် တောက်ပလျက် ရွှေရောင်အလင်းများ လွှမ်မိုးနေသည်။ တိမ်မည်း တစ်လွှာတည်းဖြင့် ကမ္ဘာနှစ်ခုကို ခြားထားလေ၏။
ရှေ့နားတွင် ဂိတ်တစ်ခုရှိပြီး ကောင်းကင်နန်းတော် ဝင်ပေါက် ဖြစ်သည်။
သူတို့ အနားကပ်လာသောအခါ ခမ်းနား ဆန်းကြယ်သော ပုံရိပ်များကို မျက်စိမခွါနိုင်အောင် တွေ့ရလေသည်။
အပေါ်တွင် ငွေရောင်စာသားဖြင့် ရေးထိုးထားသည်များ ရှိ၏။
ထိုစဉ် လူအချို့ လျှပ်စီးကဲ့သို့ ဖြတ်ခနဲ ရောက်လာကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ ရွှေရောင် ချပ်ဝတ်အား ဝတ်ဆင်ထားပြီး မျက်လုံးများ နက်ရှိုင်း၍ အသံမှာ ဩဇာကြီးလေသည်။
“ငါက ကောင်းထျန်းယူပဲ။ ဖြတ်သန်းခွင့် ပါမှ ဝင်လို့ ရမယ်။ မဟုတ်ရင် မြန်မြန် သွားတော့”
တစ်ခုခု မကျေနပ်သည်နှင့် ပြဿနာရှာမည့်ပုံပင်။
ဖြတ်သန်းခွင့်လား။
လီရန် စိတ်ထဲမှ လှမ်းပြောလိုက်သည်။
“မင်းမှာ ဖြတ်သန်းခွင့် ပါလား”
“ဟင့်အင်း”
“ဒါဆို ငါတို့…”
“ရပါတယ်။ ကျွန်မမှာ ပိုက်ဆံရှိတယ်”
လီရန် အံ့ဩနေစဉ် ကန်လန်ယွီ ထူးဆန်းသော ကျောက်တုံးများ ထုတ်၍ လှမ်းပေးလိုက်သည်။
“ဒီလောက်ဆို ရပြီလား”
“ဥက္ကာခဲလား”
ထိုလူ အသက်ရှူရန်ပင် မေ့ကာ ငေးကြည့်နေသည်။
ထို့နောက် ချောင်းဟန့်၍
“အဟမ်း။ နောက်ဆို သတိထားနော်။ တခြားသူတွေက ငါ့လို ပြောရလွယ်မှာ မဟုတ်ဘူး”
ထို့နောက် ဖယ်ပေးလိုက်လေသည်။
လီရန် စိတ်ဝင်တစားဖြင့်
“မင်းက တော်သားပဲ။ ပထမဆုံး လာတာ မဟုတ်ဘူး ထင်တယ်”
“လူသားတွေက ပိုက်ဆံမက်တာ ပုံမှန်ပဲလေ။ နဂါးမင်း သင်ပေးထားတာ”
***