လီရန် နေရခက်စွာ ပြုံးနေမိလေ၏။ သူ့စကားမှာ ဒဲ့ဒိုး ဆန်လွန်းသည်။
သို့သော် သူပြန်မငြင်းနိုင်ပေ။
လောကကြီးတွင် အားလုံး အပေးအယူ၊ အကျိုးအမြတ်များဖြင့် ဖြတ်သန်းနေကြလေသည်
နဂါးမျိုးနွယ်ကဲ့သို့ ခေါင်းမာသော မျိုးနွယ်တော့ ထပ်မရှိနိုင်ပါ။
လီရန့် အမူအရာကြောင့် ကန်လန်ယွီလည်း စကားမှားသွားမှန်း သတိထားမိကာ
“အထင်မလွဲပါနဲ့။ ရှင့်ကို ပြောချင်တာ မဟုတ်ပါဘူး။ ရှင်က တခြားလူသားတွေနဲ့ မတူဘူးလေ”
လီရန် ခေါင်းယမ်းလျက်
“ရပါတယ်။ မင်းပြောတာလည်း မှန်တာပဲ”
“…”
“အချိန်ပြည့်တော့မယ်။ မြန်မြန် ဝင်ရအောင်”
လီရန် ဆက်မတွေးတော့ဘဲ ဂိတ်ပေါက်ကို ဖြတ်လာခဲ့သည်။
ကန်လန်ယွီမှာတော့ အနောက်နား၌ နှုတ်ခမ်းလေး ကိုက်ကာ သူ့ကိုယ်သူ ကျိန်ဆဲလျက် ရှိ၏။
လီရန်သည် သူ့အမြင်တွင် သာမာန်လူများနှင့် တကယ် ကွာခြားပါသည်။
တစ်ခုခုကို အမြဲတွက်ချက်၍ လက်ပေါက်ကပ်သလို ထင်ရသော်လည်း နဂါးမင်းကို ကူညီပေးခဲ့၏။
ဤမျှနှင့်ပင် အလွန် လေးစားစရာ ကောင်းနေလေပြီ။
နောက်ပြီး…
“နဂါးပုံနဲ့လည်း အရမ်းကြည့်ကောင်းတယ်”
ကန်လန်ယွီတွေးရင်း ပါးလေးများ ရဲလာ၏။
သူ့ငွေရောင် အကြေးခွံများမှာ အညစ်အကြေး တစ်စက်မှမရှိဘဲ သန့်စင်လွန်းလှသည်။
“ဘာတွေ တွေးနေတာလဲ။ သွားမယ်လေ”
ရုတ်တရက် အသံတစ်ခုကြားမှ သတိပြန်ဝင်လာ၏။
“လာပါပြီ”
ကန်လန်ယွီ နောက်မှ အမြန်လိုက်သွားရသည်။
ထို့နောက် နှစ်ယောက်သား ဂိတ်ကိုဖြတ်၍ တစ်ဖက်သို့ ရောက်သွားကြသည်။
လီရန် စိတ်ကို ပြင်ဆင်ထားသော်လည်း တွေ့ရသော မြင်ကွင်းကြောင့် မှင်တက်နေမိသည်။
အဆုံးမရှိ ကျယ်ပြန့်သော နယ်မြေတွင် မြို့ကြီး၊ မြို့ငယ်များစွာ ရှိလေ၏။
သူတို့ခြေနင်းရာ တိမ်ဖြူသည် ကျောက်ပြားဖြူအဖြစ် ပြောင်းလဲသွားပြီး လမ်းတစ်လျှောက် ပျံ့နှံ့သွား၏။
တိမ်တိုက်ပေါ်မှ ကောင်းကင်ဘုံနှင့် တူလေသည်။
“ကောင်းကင်မှာ ဒီလိုမြင်ကွင်း ရှိတာလား”
လီရန် သက်ပြင်းလေး ချမိ၏။
မည်သို့သော စွမ်းအင်ဖြင့် ထိန်းချုပ်ထားသနည်း။
ကန်လန်ယွီက
“ဒါက အဆင့်မြင့်လူသားနဲ့ တော်ဝင်အိမ်တော်တွေ နေတဲ့ ကောင်းထျန်းယူပဲ။ သာမာန်လူတွေ ဝင်ချင်ရင် ရှင်းရာရဲ့ ဖြတ်သန်းခွင့် ပါရမယ်”
လီရန် ခေါင်းယမ်းလိုက်မိသည်။
တိမ်မည်းများ ခြားနားရုံဖြင့် ကမ္ဘာနှစ်ခုမှာ အလွန် ကွာလွန်းသည်။
“နေပါဦး။ ရှင်းရာလို့ ပြောလိုက်တာလား”
လီရန် မျက်မှောင်ကြုတ်သွား၏။
သူ ကြားဖူးသလောက် ခေါင်းဆောင်လန်ထံမှ ပတ်သက်မှု ရှိပါသည်။
“ဘာလို့လဲ။ ရှင် ရှင်းရာကို မြင်ဖူးတာလား”
လီရန် သတိပြန်ဝင်လာပြီး
“အင်း ကျွန်တော့် ခေါင်းဆောင်နဲ့ တိုက်ခိုက်ဖူးတယ်။ အဲ့တော့ သေချာပေါက် စောင့်ကြည့်နေဦးမှာပဲ”
ထိုရှင်းရာမှာ ကြောက်စရာ မလိုသော်လည်း ကျန်ထျန်းအထိ သိသွားပါက…
လောကနှစ်ခုကြား ပြဿနာမှာ မဖြေရှင်းနိုင်ဘဲ အနှေးနှင့်အမြန် ပေါက်ကွဲလာမည် ဖြစ်၏။
အချိန်တော့ မကျသေးပေ။
ကန်လန်ယွီ မျက်မှောင်ကြုတ်ကာ
“အဲ့တာဆို သတ်ပစ်ရမှာပေါ့”
လီရန် ခေါင်းယမ်း၍
“အခြေအနေ အရင်ကြည့်တာပေါ့။ အဲ့အထိ မရောက်တာလည်း ဖြစ်နိုင်တယ်”
အထက်လောကမှာ လက်လွတ်စပယ် မပြုလုပ်နိုင်ဘဲ ဂရုတစိုက် တွေးရပေမည်။
တစ်ဖက်မှာ သူ နဂါးစွမ်းအင် စုပ်ယူနိုင်သည်ကို မသိသေးပေ။
“သွားရအောင်။ ကောင်းထျန်းယူက ဘာတွေ ထူးခြားနေလဲ ကြည့်ကြတာပေါ့”
“ဟုတ်”
နှစ်ယောက်သား အနီးဆုံးမြို့၌ ဆင်းသက်လိုက်ကြသည်။
ပူပန်ခြင်းကင်းသည့်မြို့။
နှစ်ယောက်သား မြို့ထဲတွင် လျှောက်သွားနေကြ၏။
လီရန် အစက သူတို့ကို သတိထားမိနေမည်အား စိုးရိမ်ခဲ့သော်လည်း ယခုတော့ တွေးပူမိခြင်းသာ ဖြစ်လေသည်။
မြို့ထဲတွင် ယာဉ်များ၊ လူများ ရှုပ်ထွေး၍ သားကောင် စီးသွားသည့် ကျင့်ကြံသူများ၊ အစိမ်းရောင် အသားအရည်ရှိ ဂြိုဟ်သားများနှင့် ပုံစံထူးဆန်းသော မျိုးနွယ်များပါ ရှိလေသည်။
ပြောရလျှင် သူတို့လည်း သာမာန်ပုံပင် ဖြစ်၏။
လီရန်က
“ဒါ လူသားမျိုးနွယ်တွေနေတာ သေချာလား”
လူသားပုံစံဟူ၍ သိပ်မတွေ့ရပေ။
“လူသားဂိုဏ်းတွေက နက်ရှိုင်းတဲ့နေရာမှာ ရှိတာ။ လူတိုင်း မတွေ့ရဘူး။ အဲ့တော့ တချို့လည်း မတတ်နိုင်ဘဲ တခြားမျိုးနွယ်ရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံရတယ်။ တချို့လည်း လူသားနဲ့ နတ်ဆိုးတွေရဲ့ မျိုးဆက်တွေလည်း ရှိတယ်”
လီရန် စိတ်ဝင်တစား နားထောင်ရင်း
“အဲ့လိုမျိုး ပေါင်းစပ်လို့ ရတာလား”
မတူညီသော မျိုးနွယ်စုများ ပေါင်းရန်မှာ ခက်ခဲ၏။
“မကောင်းဆိုးဝါးက အများကြီး ရှိတယ်လေ။ လူသားနဲ့ နီးစပ်တာမျိုးပေါ့။ ဒါပေမဲ့ နောက်ပိုင်း လူမဟုတ်၊ မကောင်းဆိုးဝါးမဟုတ် ဖြစ်သွားတာပဲ”
ကန်လန်ယွီ မျက်မှောင်ကြုတ်နေသည်။ ထိုသွေးနှောများကို ရွံတတ်ကြလေသည်။
“ကောင်းထျန်းယူမှာ အဲ့လို တစ်ဝက်တွေက နာမည်မကြီးဘူးလေ”
လီရန် တစ်ခုခု တွေးမိကာ
“ဒါဆို ကျွန်တော်ကရော ဘာလဲ။ လူတစ်ဝက် နဂါးတစ်ဝက်လား”
သူသည် လူသားစစ်စစ် ဖြစ်သော်လည်း နဂါးအစစ် စွမ်းအင်ကို ရရှိ၍ နဂါးပုံစံပင် ပြောင်းနိုင်လေသည်။ နဂါးမနှင့်ပင် လက်ထပ်ကာ ဘိုးဘေးများ ထောက်ခံချက် ရထား၏။
“နဂါးချီက အသန့်စင်ဆုံး ဆိုတော့ အင်အားအကြီးဆုံး နဂါးကို မွေးနိုင်မှာပေါ့”
“ဘယ်လို”
လီရန် ကြက်သီးထသွား၏။
ကန်လန်ချူရွှယ်နှင့် ခေါင်းဆောင်များကြား ဗျာများနေသည့်အထဲ နောက်ထပ် ရရှိလျှင်…
“အဟမ်း ပိုပို ဝေးလာပြီပဲ”
လီရန် ခေါင်းယမ်း၍ စကားလမ်းကြောင်း လွှဲလိုက်သည်။
ကန်လန်ယွီမှာ နှုတ်ခမ်းလေးကိုက်လျက်
“အားလုံးအဆင်ပြေပေမဲ့ ကိုက်ညီပါ့မလား…။ အို ဘာတွေ တွေးနေတာလဲ”
သူ မျက်နှာလေး ရဲသွားသည်။
လီရန်ကတော့ သူ့အတွေးများကို မသိပေ။
ထို့နောက် မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။
“ဒီမှာနေရတာ ကြာလှချည်လား”
အမွှေးတိုင် (၃) ချောင်း ကုန်ချိန်ခန့်တွင် သူ ပြန်နေရလေပြီ။
သို့သော် ယခု တစ်နာရီနီးပါးအထိ ပြန်ရမည့် အရိပ်အယောင် မတွေ့ပေ။
“ဟိုဘက်က ထွက်လာလို့လား”
လီရန် တစ်ယောက်တည်း တွေးနေ၏။
ထိုစဉ် အသံတစ်ခု ကြားရပြီး လန့်သွားလေသည်။
***