“ကြည့် ကြည့် ကြည့် ဒီမှာ ပစ္စည်းကောင်းပဲ ရောင်းတာနော်”
မနီးမဝေးရှိ လူအုပ်ကြီးတစ်ခုထံမှ အသံတစ်ခု ကြားရလေသည်။
လီရန်လည်း စိတ်ဝင်တစား သွားကြည့်လေ၏။
လူအုပ်ကို ဖြတ်၍ အလယ်ထဲ ရောက်သောအခါ လက်ဝါးအရွယ် ဘူးလေးတစ်ခုကို တွေ့ရသည်။
“အဖုံးဖွင့်လိုက်လျှင် ပျော်ရွှင်ရမည်” ဟုလည်း ရေးထား၏။
ဆိုင်ရှင်က
“ဒါ ပိုင်မင်ဟိုင်ကရတဲ့ တည်ငြိမ်ခြင်း အဆီအနှစ် အခွံတွေနော်။ ဒီလောက် အရည်အသွေးဆိုရင် ဝူယူမြို့မှာ လုံးဝ ထပ်တွေ့ရမှာ မဟုတ်ဘူး”
လီရန်မှ
“အဲ့တာ ဘာလဲ”
“စိတ်ငြိမ်ခြင်း အဆီအနှစ်ဆိုတာ သဘာဝ မကောင်းဆိုးဝါးတစ်မျိုးပေါ့။ နေနဲ့ လရဲ့ အဆီအနှစ်ကို စုပ်ယူပြီး အဆင့်တစ်ခု ရောက်ရင် စိတ်ဝိညာဉ်ကျောက်လုပ်ဖို့ အခွင့်အရေး ရပြီ။ ရှားပါး အဆင့်မြင့်တဲ့ အင်မော်တယ် ပစ္စည်းလေ”
တင်းကြပ်စွာ ပိတ်နေသော အခွံကိုကြည့်၍ လီရန်မှ မေးလိုက်၏။
“ဒါဆိုလည်း ပုလဲပဲရောင်းပြီး အခွံဖွင့်ထားပါလား”
ကန်လန်ယွီ ခေါင်းယမ်းလျက်
“ဒါက ထူးခြားတယ်လေ။ စိတ်ဝိညာဉ်ကို ကန့်သတ်ပြီး ကိုယ်တိုင် ဖွင့်ကြည့်ရတာ။ ဖွင့်ပြီးမှ ပုလဲမရှိရင် ကိုယ်နဲ့ မထိုက်တန်လို့ပေါ့။ ဒီလို ပုလဲကျောက် ပေါ်လာနိုင်ခြေက အရမ်းနိမ့်တယ်။ အဲ့တာကြောင့် ရောင်းတဲ့သူတွေကလည်း လောင်းကစား သဘောမျိုး လုပ်ကြတာပေါ့”
“မမြင်ရတာကို ရွေးတာလား”
သူ့အရင်ဘဝက ကျောက်တုံး လောင်းကစားနှင့် တူပါသည်။
ကံကောင်းနိုင်သလို ထင်ရသော်လည်း အလွန် အခွင့်အရေး နည်း၏။ အချို့လည်း ထိုအကြောင်းကို နားလည်၍ စောင့်၍သာ ကြည့်နေသည်။
မုတ်ဆိတ်ရှည်ဖြင့် အဘိုးအိုမှ ကုန်းကာ ပစ္စည်းများကို သေချာ ကြည့်နေသည်။ ထို့နောက် နှာခေါင်း တရှုံ့ရှုံ့ဖြင့် အဖြေရှာနေ၏။
အချိန်ခဏကြာပြီးနောက် ရွှေရောင်ခပ်ဖျော့ဖျော့ အခွံကို ရွေးလိုက်သည်။
“ဒီဟာ”
သူ့ စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း ပစ်ချလိုက်၏။
ဆိုင်ရှင်မှ စိတ်ဝိညာဉ်ကျောက်တုံးများ လှမ်းယူကာ လက်နှင့် ချိန်ဆကြည့်၍ ပြုံးလျက်
“ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”
သူ ဓားတစ်ချောင်းဖြင့် အခွံကိုဟကာ ခွါချလိုက်သည်။
ဂျွတ်!
အသံလေးတစ်ခု ထွက်လာပြီး အခွံပွင့်သွား၏။
“ဘာကြီးလဲ”
ဘေးမှ လူများ စိတ်ဝင်တစားဖြင့် အတင်းတိုးဝှေ့ ကြည့်နေကြသည်။ ထိုအခါ အခွံ၏အလယ်၌ ဖြူဖွေးနေသော ကျောက်လုံးလေးတစ်ခု ဝဲနေသည်ကို တွေ့ရလေ၏။
“တကယ် ရှိတာပဲ”
လူအုပ်ထဲမှ ဆူညံသံများ ထွက်လာသည်။
ကျောက်မှာ သေးသော်လည်း စိတ်ဝိညာဉ်ပုလဲ ဖြစ်ပါသည်။ အလွန်ရှားပါး၍ အဆင့်မြင့်၏။
ထိုအခါ မုတ်ဆိတ်အမျိုးသားသည် အလွန်ဝမ်းသာ ပျော်ရွှင်လျက် ပုလဲလုံးအား ထုတ်ကာ အခွံကို လွှင့်ပစ်လိုက်သည်။ ထို့နောက် အားကျနေသော အကြည့်များကို မျက်ကွယ်ပြု၍ လှည့်ထွက်ခဲ့တော့သည်။
သူ ထွက်သွားပြီးသောအခါ အားကျနေသောသူများထံမှ အသံများ ထွက်လာ၏။
“ကျွန်တော် တစ်ခု ဝယ်မယ်”
“ကျွန်တော်ရောပဲ”
“ဒါ ငါ ယူမှာနော်။ ဘယ်သူမှ လုဖို့ မတွေးနဲ့”
စင်ပေါ်မှ အခွံများ ချက်ချင်း ရောင်းထွက်ကာ ဆိုင်ရှင်လည်း ပြုံးပျော်နေ၏။
ထိုလူအုပ်ကိုကြည့်၍ ကန်လန်ယွီ ခေါင်းယမ်းကာ
“အဲ့လိုမျိုး လွယ်လွယ် ရနိုင်လို့လား”
ထင်သည့်အတိုင်းပင်။
အခြားဝယ်ယူသူများ ဘာမှ မတွေ့ကြရပေ။ အခွံခွါလိုက်သည်နှင့် စိတ်ဝိညာဉ်ချီအနည်းငယ်သာ ထွက်လာပြီး လေထဲ၌ ပျောက်ကွယ်သွား၏။
မျှော်လင့်ချက်ကြီးလေ စိတ်ပိုပျက်ရလေ ဖြစ်ပါသည်။ အချို့မှာ ဆိုင်ရှင်အား မကျေမနပ် သွားပြောရန် ပြင်နေစဉ် ဆိုင်ရှင်လည်း စင်များ၊ စာတန်းများ သိမ်း၍
“ဝယ်ပြီးရင် သွားတော့နော်။ ပြန်လဲလို့လည်း မရဘူး။ ပြန်လည်း မအမ်းဘူး။ ဒီလောက်လေးနဲ့ အာမခံ လိုချင်တာလား”
သူ့စကားကြောင့် မည်သူမျှ မငြင်းနိုင်တော့ပေ။
လောင်းကစားမှာ ကံကြမ္မာပေါ်သာ မူတည်လေသည်။
“ပထမဆုံးဝယ်တဲ့သူက အဲ့လို ချက်ချင်း ရသွားမယ်လို့ မထင်ထားဘူး”
ကန်လန်ယွီ ပြုံး၍ ပြောလိုက်သည်။
ထိုစဉ် လီရန်က
“မလိုပါဘူး။ နောက်တစ်ခု ရှိမယ်မလား”
လီရန် ထောင့်နားရှိ အခွံရှိရာဘက် လက်ညှိုးထိုးပြလိုက်သည်။
မျက်နှာပြင်မှာ မာ၍ ကြမ်းတမ်းပြီး ရွှံ့စက်များ ဖုံးနေ၏။
“ကြည့်ရဆိုးလိုက်တာ”
ကန်လန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
သေချာမကြည့်လျှင် ကျောက်တုံးကြီးနှင့်ပင် တူ၏။ အမြင်မလှသဖြင့် ရောင်းမထွက်သလို ဖြစ်သည်။
“နောက်ဆုံး နည်းနည်းပဲ ကျန်တော့တယ်နော်။ လိုချင်ရင် တွေဝေမနေနဲ့”
ဆိုင်ရှင် မည်မျှအော်အော် မည်သူမှ မလှုပ်လာပေ။
လီရန် ငေးကြည့်နေရင်းမှ ရုတ်တရက် နဂါးမင်း၏ အသံကို ကြားရသည်။
“အဲ့တာ ကောင်းတယ်”
လီရန် ခဏမှင်တက်နေလေ၏။
နဂါးမင်း ပထမဆုံး စ၍စကားပြောခြင်း ဖြစ်ပါသည်။
“ကောင်းတယ်လား။ အဲ့ထဲမှာ စိတ်ဝိညာဉ်ပုလဲ ရှိတာလား”
“ပြီးရင် သိရမှာပေါ့။ အရင်သာ ဝယ်လိုက်။ နောက်မှပြော”
သူ့အသံမှာ ယုံကြည်ချက်အပြည့်ဖြင့် တည်ငြိမ်နေသည်။
ဆိုင်ရှင်မှာ မရောင်းရတော့ဟု အထင်ဖြင့် ပစ္စည်း သိမ်းရန် ပြင်နေစဉ် လူချောလေးတစ်ဦး ရောက်လာ၏။
“ကျွန်တော် ဝယ်ပါမယ်”
ထိုအခါ ဆိုင်ရှင်ကြီး ပြုံးရွှင်သွားကာ
“သခင်လေးက အမြင်ရှိလိုက်တာ”
ဘေးမှလူများမှာတော့ လှောင်ရယ်နေကြ၏။
“အခုထိ လက်မလျှော့ချင်ကြသေးဘူးပဲ”
“ပုံစံလည်း မလှတာကို။ ဒီအမှိုက်ကြီး ဘာလို့ ဝယ်တာလဲ”
“အကျန်ကြိုက်တာ ထင်တယ်”
“ဟင်းဟင်း”
လီရန်ကတော့ ဂရုမစိုက်ဘဲ တည်ငြိမ်စွာဖြင့်
“ပိုက်ဆံပေးပါဦး။ နည်းနည်း ချေးချင်လို့”
ကန်လန်ယွီ ဘာမှမမေးဘဲ စိတ်ဝိညာဉ် ကျောက်တုံးများ ထုတ်ပေးလိုက်သည်။
ဆိုင်ရှင်မှ ပျော်ရွှင်စွာ လှမ်းယူပြီးနောက်
“အခု ခင်ဗျား ပိုင်ပါပြီ။ ကံကောင်းပါစေဗျာ”
လီရန် အခွံကိုယူ၍ လူအများရှေ့၌ပင် ဖွင့်လိုက်သည်။
နဂါးမင်းပြောသလိုဆို အထဲတွင် ရတနာ ရှိနေမည် ဖြစ်၏။
ထိုစဉ် အခွံမှာ ရုတ်တရက် တုန်ရီလာပြီး အထဲမှ ရောင်ခြည်များ မျက်စိစူးသည်အထိ ထွက်လာလေသည်။
***