အချိန်အတော်ကြာပြီးနောက် တောက်ပသောအလင်းများ ပြန်ပျောက်သွား၏။ ထိုအခါမှ အထဲမှ ပစ္စည်းကို တွေ့ရလေသည်။
“ဒါက…”
ဆိုင်ရှင်ပင် မျက်လုံးပြူး၍ ကြည့်နေမိသည်။
လက်ဝါးအရွယ် မိန်းကလေးတစ်ဦး အဝတ်ဗလာဖြင့် လှဲနေပြီး ဖြူဖွေးရှည်လျားသော ဆံနွယ်များမှာ အရှက်တရားအတွက် ဖုံးကွယ်ပေးထားသည်။ နူးညံ့သော ပါးလေးများသည် လူသားအတိုင်း ဖြစ်ပြီး မျက်လုံးနက်လေးများက ဟိုဟိုဒီဒီ စူးစမ်းနေသည်။
ပတ်ဝန်းကျင်မှ အကြည့်များကြောင့်လည်း ရှက်နေပုံ ပေါ်သည်။
သူ့ခြေထောက်များသည် အခွံနှင့်တွဲနေပြီး အခွံခွါလိုက်သောကြောင့် နေရခက်နေ၏။
အားလုံးလည်း တိတ်ဆိတ် မှင်တက်နေသည်။
ဆိုင်ရှင်မှ ကြောက်ကြောက်လန့်လန့် အသံဖြင့်
“ဒါ ဒါ စိတ်ဝိညာဉ်ပဲ”
သူ့စကားကြောင့် အားလုံး သတိပြန်ဝင်လာပြီး ဆူညံသွားကြ၏။
“လှလိုက်တာ”
“ဒီလို ကံကောင်းတဲ့သူက နောက်ဆုံးမှာ ပေါ်လာတာလား”
“လုံးဝ လက်မခံနိုင်ဘူး”
“တကယ်ပါပဲ။ တကယ် ရှားပါး အခွင့်အရေးကို”
အချို့မှာ မှင်တက်၍ အချို့လည်း သက်ပြင်းချနေမိသည်။
ဤသို့ ကြည့်ရဆိုးသော အခွံထဲ၌ ရတနာရှိနေမည်ဟု မထင်ထားပေ။
ထိုအရာမှာ အကြိမ်တစ်သောင်းတွင် တစ်ခါ ပေါ်တတ်သော ပစ္စည်း ဖြစ်၏။
ဆိုင်ရှင်ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ရောင်းနေသော်လည်း ထိုအခြေအနေမျိုး ပထမဆုံး ကြုံဖူးခြင်း ဖြစ်ပါသည်။
ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကြားဖူး၏။
သူပင် မထင်ထား၍ ဈေးလျှော့ကာ ရောင်းမိလေသည်။
ခုနက လှောင်ပြောင်ခဲ့သူများလည်း နောင်တရနေကြ၏။
ကန်လန်ယွီပင် အံ့အားသင့်နေသည်။
သူ လီရန့်ကို ငေးကြည့်၍
“ရှင် အစတည်းက သိနေတာလား”
လီရန် ခေါင်းယမ်းကာ
“ကံကောင်းသွားလို့ပါ”
“တကယ်လား”
ကန်လန်ယွီ မျက်မှောင်ကြုတ်နေမိ၏။
မည်သူမျှ မလိုချင်သော ပစ္စည်းကို လီရန် ဝယ်လိုက်ပြီး ဤသို့ဖြစ်လာခြင်း ဖြစ်သည်။
သူပင် မတွေ့နိုင်သောကြောင့် ကံတရားဟုသာ သဘောထားလိုက်တော့သည်။
“နဂါးစွမ်းအင်နဲ့ လူသားမို့လို့ပဲလား။ ကံကလည်း အရမ်းကောင်းတာပဲ”
ကန်လန်ယွီ တစ်ယောက်တည်း ရေရွတ်မိ၏။
ထိုစဉ် လီရန်က
“ဒါကို ဘယ်လိုသုံးရမှာလဲ”
“…”
ဒီလောက် ရထားတာတောင် ဘာလုပ်ရမှန်း မသိဘူးလား။
ကန်လန်ယွီ ပတ်ဝန်းကျင်မှ လောဘမျက်လုံးများကို သတိထားမိပြီး ခပ်တိုးတိုးဖြင့်
“ခဏလေး။ ဒီမှာ အကြာကြီး နေလို့ မကောင်းဘူး”
ပိုင်ဆိုင်မှုများကို လူသိလွန်းသည်မှာ မကောင်းပေ။
ထို့အပြင် သူတို့ပုံစံမှာ လူသားများ ဖြစ်နေသည်။ ထို့ကြောင့် လူကြားထဲ၌ ဖုံးကွယ်နေသင့်၏။
ဘေးလူများ တဖြည်းဖြည်း အနားကပ်လာချိန်၌ ကန်လန်ယွီ လီရန့်လက်ကို ဆွဲကာ ရုတ်တရက် ပျောက်သွားတော့သည်။
“ကျစ် ကျစ် ဒါမျိုးကို လွတ်သွားပြီကွာ”
“ဝူယူမြို့မှာ စည်းမျဉ်းတွေသာ မရှိရင် တိုက်ခိုက်လိုက်ပြီ”
“သူတို့ကြည့်ရတာ သိပ်တော့ မရိုးဘူး”
အားလုံး အသီးသီး ပြောဆိုနေကြသည်။
ထိုသို့သော ရတနာ ပျောက်ကွယ်သွား၍ ရင်ထဲတော့ မကောင်းကြ။
ထိုထဲတွင် နားရွက်တစ်ဖက်ရှိ အမျိုးသားမှာ ရုတ်တရက် မျက်လုံးအရောင်လက်၍ လှည့်ပြန်သွားလေသည်။
စုန်းဟီ အဆောက်အအုံ။
ဒုတိယထပ်ရှိ ခမ်းနားသော အခန်းထဲတွင်။
ကန်လန်ယွီ လက်ဖျောက်တီးလိုက်သောအခါ မမြင်ရသော လေထုတစ်ထပ် ကာရံသွားပြီး အာရုံ (၅) ပါးမှ လွတ်မြောက်သွားသည်။
“ထုတ်ကြည့်လိုက်”
“အင်း”
လီရန် ရတနာကို ထုတ်ကြည့်လိုက်သည်။ ပစ္စည်းမှာ အလွန်ဆန်းကြယ်၍ အရောင်များ တောက်နေ၏။
ဘုံး ဘုံး ဘုံး!
လီရန် အခွံကို လက်ညှိုးဖြင့် ခေါက်လိုက်ပြီး မကြာမီ အခွံပွင့်ကာ မျက်လုံးနက်လေးများကို ပြန်တွေ့ရသည်။
လီရန် သေချာ စိုက်ကြည့်နေသောအခါ ဝိညာဉ်ငယ်မှာ မျက်နှာလေးရဲလာပြီး ဆံနွယ်ဖြင့် ဖုံးအုပ်နေလေ၏။
“ဒါ စိတ်ဝိညာဉ်လား”
လီရန် အံ့ဩနေ၏။
အခွံထဲတွင် ဤသို့ ထူးဆန်းသော သတ္တဝါ ရှိနေမည်ဟု မထင်ထားပေ။
“ဒီကျောက်ခွံက သဘာဝအတိုင်း နေနဲ့လရဲ့ စွမ်းအင်ကို ယူပြီး ဖြစ်လာတာလေ။ လုံးဝ အဖိုးတန် ရတနာပေါ့။ တာအို ပေါင်းစပ်မှုများလေ လူသားပုံ တူလေပဲ။ လုံးဝ ပြောင်းလဲနိုင်သွားရင် အခွံထဲက ထွက်ပြီး အင်မော်တယ် ဖြစ်လာလိမ့်မယ်။ တကယ် ကံကောင်းလွန်းပါတယ်”
ကန်လန်ယွီ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။
စိတ်ဝိညာဉ်မှာ အသိစိတ်ရှိနေပြီး ပြီးပြည့်စုံစွာ ဖွံ့ဖြိုးနေသောကြောင့် သာမာန်ရတနာ မဟုတ်ပေ။
လီရန်လည်း မေးစေ့လေး ပွတ်လျက်
“ဒါနဲ့ ဘယ်လိုသုံးရလဲ မပြောရသေးဘူးနော်”
“သုံးလို့ရတာက အများကြီးပဲ”
ကန်လန်ယွီ ဆက်၍
“ကျင့်ကြံမှု ကူညီပေးတာ၊ အန္တရာယ်ရှောင်ဖို့ ရတနာ ရှာဖွေပေးတာ၊ ဆေးဖော်တာ။ အဆင်မပြေရင် စားလိုက်လည်း ရတယ်”
လီရန် လန့်သွား၏။
“စားလို့ ရတာလား”
“ဒါပေါ့”
“ဒါ နတ်သုဒ္ဓါပဲလေ။ အဲ့တာ စားလို့ရတာပေါ့။ ရှင့် တာအိုစွမ်းအင် ပိုတိုးတက်လာနိုင်တယ်။ ဒါပေမဲ့ ဆေးဖော်တာလောက်တော့ မဟုတ်ဘူးပေါ့”
ကန်လန်ယွီ သေချာရှင်းပြနေ၏။
ထိုအခါ ဝိညာဉ်လေးသည် နားလည်နေသယောင်ဖြင့် ဒူလေးဖက်ကာ မျက်ရည်ဝဲနေတော့သည်။
လီရန်ကတော့ မျက်မှောင်ကြုတ်ကာ တွေးတောနေ၏။
သူ ထိုလူသားပုံအား ဆွဲကြိုးအဖြစ် ဆွဲထားရန် အကြံရလေသည်။
ထိုစဉ် ဝိညာဉ်လေးလည်း မျက်ရည်များ သုတ်၍ ခဏစဉ်းစားပြီးနောက် ပါးစပ်ဟကာ ပုလဲလုံးတစ်လုံး ထုတ်၍ လီရန့်အား ပေးလိုက်သည်။
“ကျောက်ပုလဲပဲ”
ကန်လန်ယွီ အံ့ဩလျက်
“ဒါ ဝိညာဉ်ရဲ့ တာအိုပဲ။ မြန်မြန် ယူလိုက်”
လီရန်က
“မင်းပုံစံက သူလန့်နေပြီ”
ကန်လန်ယွီလည်း ပြုံးလျက်
“လန့်အောင် လုပ်ထားလို့ ဒါပေးတာပေါ့။ သူ့ပုံစံက ထူးဆန်းတယ်လေ”
ဝိညာဉ်ကို စားနိုင်သော်လည်း အမှန်ပင် အကျိုးမရှိပေ။
သူ့တာအိုပုလဲလုံးသည်သာ ပိုအစွမ်းထက်၏။
လီရန် ပုလဲလုံးအား လှမ်းယူလိုက်သောအခါ ရေငွေ့ကဲ့သို့ ဖြစ်ပြီး သူ့အသားအရည်ထဲ စိမ့်ဝင်သွားလေ၏။
ဘုံး!
နားထဲတွင် ပေါက်ကွဲသံကဲ့သို့ ကြားရပြီး အသိဉာဏ်များ တိုးဝင်လာသည်။
သူ မျက်လုံးကို တင်းကြပ်စွာ မှိတ်ထားသော်လည်း တာအိုစွမ်းအင်များကို မြင်နေရလေ၏။
***